ထိပ်တိုက်ရင်ဆိုင်ပြီ
Vol. 89 Ch. 885
"ကောင်းကင်မြို့တော် ကုန်သွယ်ရေးဇုန်နဲ့မနီးမဝေး ချမ်းသာတဲ့ရပ်ကွက်ထဲက နေရာတနေရာ ကျုပ် လိုချင်တယ်နောက်ပြီးတော့ ကျုပ်အတွက် အစားအသောက်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပေးမယ့်လူတယောက်လည်းလို လိုလိမ့်မယ်"
ဆက်သွယ်ရေးရုံးထဲသို့ ရောက်သည်နှင့် စုချန်းက ပြောလိုက်၏။
"အလိုရှိတဲ့အတိုင်း ရစေရမယ်"
ထိုလူက တရိုတသေပင် ပြန်ဖြေလိုက်သည်။
"တခြားရော ဘာတွေများ တောင်းဆိုစရာ ရှိပါသလဲ"
"အခုတော့ မရှိသေးဘူး လောလောဆယ် ကျုပ် ရှာခိုင်းထားတာတွေ အရင်ရှာပေးပါ ပြီးတော့ ဖြစ်နိုင်ရင် ယာယီနေထိုင်ဖို့ အခန်းတစ်ခန်းလောက် လိုချင်တယ် ကျုပ် အဲဒီအခန်းထဲမှာ စောင့်နေမယ်...အော် ဒါနဲ့ မူလသလင်းတွေ များနိုင်သမျှ များများလိုချင်တယ် ငွေအတွက်ကတော့ ကျုပ်ဆီမှာပါလာတဲ့ မူလကိရိယာထဲက တချို့ကို ရောင်းပြီးသုံးလိုက်ပေါ့"
စုချန်းက အထက်ပါအတိုင်းပြောရင်း သူ့လက်စွပ်ထဲမှ မူလကိရိယာအများအပြားကို ထုတ်ယူလိုက်၏။ မူကိရိယာများကိုကြည့်ရင်း ထိုလူ တအံ့တဩဖြစ်သွား၏။
"အဆင့်လေး မူကိရိယာတွေပါလားခင်ဗျားမှာ ဒီထက် အဆင့်နိမ့်တဲ့ဟာတွေ မရှိတော့ဘူးလား ဒီအဆင့်လေးလက်နက်တွေကိုသာ စျေးကွက်ထဲချရောင်းလိုက်ရင် လူတော်တော်များများ အာရုံစိုက်တာကို ခံရလိမ့်မယ် နောက်ပြီးတော့ လက်နက်တွေကလဲ အများကြီးပဲ..."
စုချန်း ပြန်ဖြေလိုက်သည်။
"ကျုပ်ဆီမှာ ရှိသမျှထဲမှာ အဆင့်လေးက အနိမ့်ဆုံးပဲဗျ"
ထို့နောက် ထိုလူက စုချန်းကို အခန်းတခန်းဆီ ခေါ်သွားပြီး မူလကိရိယာများကို ယူကာ အလောတကြီးနှင့် ထွက်သွားလေသည်။
သို့သော် သူ အခန်းပြင်မရောက်ခင်မှာပင် စုချန်းက ရုတ်တရက် လှမ်းခေါ်လိုက်၏။
"ဟုတ်သားပဲ ကျုပ်ပြောဖို့မေ့သွားတယ် ငါးနည်းနည်းပါးပါးလဲလိုချင်တယ် ဝယ်ပေးနိုင်လား"
"ငါး ဟုတ်လား"
ထိုလူ တအံ့တဩ ဖြစ်သွားပြန်သည်။
"ဟုတ်တယ် အသက်ရှင်ပြီး ကျန်းမာနေတဲ့ငါးတွေ ဖြစ်ရမယ်"
စုချန်း ခပ်ယဲ့ယဲ့ပြုံးရင်း ပြောလိုက်၏။
ထိုလူ နဝေတိမ်တောင်နှင့် ခေါင်းညိတ်ပြလိုက်လေသည်။
အခန်းထဲတွင် သူတစ်ယောက်တည်းသာ ကျန်တော့သည်နှင့် စုချန်းက မူလအရိုးတောင်ဝှေးကို ထုတ်ပြီး လက်ရှိအခြေအနေကို ခန့်မှန်းကြည့်လိုက်၏။
မူလအရိုးတောင်ဝှေးသည် စုချန်း၏အကြီးမားဆုံး ဝှက်ဖဲဟု ဆိုနိုင်သည်။ ဤတောင်ဝှေးကို အားကိုးပြီး မတော်တဆမှုနှင့်အန္တရာယ်များစွာကို စုချန်း ရှောင်ရှားနိုင်ခဲ့သည်မဟုတ်ပါလား။
မူလအရိုးတောင်ဝှေး၏ သဘောသဘာဝအရ ခန့်မှန်းချင်သည့်ဖြစ်ရပ်တွင် အရေးကြီးပုဂ္ဂိုလ်တယောက်ပါဝင်နေခဲ့လျင် ယဇ်ပူဇော်ရမည့်ကုန်ကျစရိတ်မှာ အဆမတန်မြင့်တက်လာတတ်၏။ သို့သော် စုချန်းက ကိုယ့်ကိုယ်ကို ခန့်မှန်းလျင်တော့ ကုန်ကျစရိတ်က နည်းပါးတတ်လေသည်။ သို့ဆိုလျင်အနာဂတ်ကို ကြည့်ပြီး လက်ရှိအကြပ်အတည်းကနေ ကူညီပေးနိုင်မည့်အဖြေချို့ကို စုချန်း မည်သည့်အတွက် မရှာကြည့်သင့်သနည်း။
ထို့နောက် စုချန်းက သူ့ပထမဆုံးမေးခွန်းကို တောင်ဝှေးအား မေးမြန်းလိုက်သည်။
"မနက်ဖြန်မနက်စာ ဘာစားရမလဲ"
ရိုးရှင်းသောမေးခွန်းကို မူလအရိုးတောင်ဝှေးကလည်း ရိုးရိုးရှင်းရှင်းပင် အဖြေကို ပြန်ပေးလိုက်သည်။
ထိုအဖြေမှာ လူပျံတော်များ၏ တမူထူးအစားအစာဖြစ်သည့် "ကြည်လင်ဆန်ပြုတ်ကို စားရမည်" ဟူ၍ ဖြစ်လေသည်။ ထိုအဖြေကိုကြားလိုက်ရမှ စုချန်း၏ မျက်နှာအမူအရာမှာ အတော်အသင့် ပြေလျော့သွား၏။
သူ မနက်ဖြန်မနက် စားရမည့်အစားအသောက်မှာ ကြည်လင်ဆန်ပြုတ်ဖြစ်နေ၍ ယခုအချိန်မှစပြီး မနက်ဖြန်မနက်အထိ မည်သည့်အန္တရာယ်မျိုးမှ ကြုံတွေ့အုံးမည်မဟုတ်ကြောင်း ညွှန်ပြနေပေသည်။
ဤသည်မှာ တိုက်ရိုက်မေးခွန်းတွေကို ကျော်လွှားပြီး အသုံးတည့်သော အဖြေများ ရရှိရန် စုချန်း သုံးလေ့သုံးထရှိသည့် လှည့်ကွက်ပင် ဖြစ်သည်။ ဖြစ်ရပ်ကြီးများကို ခန့်မှန်းဖို့ရန်မှာ ခက်ခဲသော်ငြား သူ့ကိုယ်သူ ခန့်မှန်းရန်မှာ များစွာပို၍ လွယ်ကူသည် မဟုတ်ပါလား။
မနက်စာအကြောင်းမေးလိုက်သည့်မေးခွန်းသည်ပင် ပြီးပြည့်စုံသော ဥပမာတခုဟု ဆိုနိုင်၏။
သူ နောက်တနေ့မနက်စာအကြောင်း ရိုးရိုးရှင်းရှင်း မေးလိုက်ခြင်းမျှသာ ဖြစ်သည်။ သို့သော် အခြေအနေမတူလျင် မနက်စာမှာလည်း မတူနိုင်၍ အနာဂတ်တွင် ဘာတွေဖြစ်လာနိုင်မည်ကို အကြမ်းအားဖြင့် သူ ခန့်မှန်းနိုင်လာ၏။
"မွေးထားတဲ့ငါးတွေ ဘယ်တော့သေမလဲ"
စုချန်း နောက်တကြိမ် မေးလိုက်ပြန်သည်။
ယဇ်ပလ္လင်မျက်နှာပြင်ပေါ်တွင် ပုံရိပ်များ ပေါ်ပေါက်လာ၏။ ထိုပုံရိပ်များအရ ယနေ့မှစပြီး သုံးရက်မြောက်နေ့ နေ့လည်ခင်းတွင် ငါးများ သေသွားမည်ကို စုချန်း သိလိုက်ရသည်။
"သုံးရက် တကယ်ပဲ သုံးရက်တဲ့လား"
စုချန်း မျက်မှောင်ကုတ်သွား၏။
ငါးများသေကုန်ခြင်းသည် ပြဿနာရောက်လာတော့မည်ကို ညွှန်ပြနေခြင်းဖြစ်ပြီး ငါးအားလုံးသေသွားခြင်းကတော့ သူ့သရုပ်မှန် ဖော်ထုတ်ခံလိုက်ရပြီဟု ဆိုလိုပေသည်။ သူ့သရုပ်မှန် ပေါ်သွားသည့်အချိန်မှသာ ငါးများကို သတ်ပစ်ရန် စုချန်း ကြိုတင်ဆုံးဖြတ်ထားသည် မဟုတ်ပါလား။
မည်သို့ဆိုစေ သုံးရက်ဟူသော အချိန်သည် စုချန်းကို အတော်လေးအံ့အားသင့်စေ၏။
ခီလစ်ဒါသည် သူ့တည်နေရာကို ရှာဖွေနိုင်၏။ သို့ဆိုလျင် ခီလစ်ဒါ ဘာကိုစောင့်နေခဲ့လေသနည်း။
စုချန်း၏ နည်းလမ်းအရ အလွန်ရိုးရှင်းသောအဖြေများကိုသာ ရရှိနိုင်သည်ဖြစ်ရာ အချက်အလက်အသေးစိတ်ကို တိတိကျကျ ဖော်ထုတ်ရန်မှာ မည်သို့မှ မဖြစ်နိုင်။
ထို့ကြောင့် စုချန်းအနေနှင့် ခီလစ်ဒါ ဘယ်ခြေလှမ်းလှမ်းနေမှန်း မသိနိုင်သလို ခီလစ်ဒါ၏ နောက်ကွယ်မှ ညဏ်ကြီးရှင် မည်သူမည်ဝါမှန်းလဲ မသိနိုင်ပဲ ဖြစ်နေတော့သည်။
ပဟေဋိများအားလုံးကို ဆက်စပ်ပေးနေသည့် ပြဿနာတစုံတရာကတော့ သေချာပေါက်ရှိနေခဲ့လေပြီ။
"ပိုပြီးရှုပ်ထွေးတဲ့ မေးခွန်းတွေ မေးရတော့မယ်ထင်တယ်"
စုချန်း သက်ပြင်းတချက်ချရင်း ရေရွတ်လိုက်၏။
ဤအတိုင်းဆိုလျင် သူသိလိုနေသည့်အချက်အလက်မှာ များပြားလွန်း၍ အဖြေမှာလဲ များစွာ ရှုပ်ထွေးနေပေလိမ့်မည်။
တကယ်တော့ ထာဝရနေမင်းနန်းတော်မှ စကားဝိုင်းနှင့် ကျူးမျိုးနွယ်စု သေဘေးကြုံရတော့မည်ကို စုချန်း မသိ။ သို့သော် တစုံတခု မှားယွင်းနေပြီဖြစ်ကြောင်းကိုတော့ သူ သေချာပေါက်ခံစားမိနေ၏။
"တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ ဒီအတိုင်းဆိုရင် ရန်သူဟာ ငါထင်ထားတာထက် ပိုပြီးသန်မာနေတဲ့သဘောပဲ ဒါ ခီလစ်ဒါ မဖြစ်နိုင်ဘူး အိပ်မက်ကြာပန်းသရဖူလဲ မဖြစ်နိုင်တော့ဘူး ဒါဆိုဘယ်သူကျန်သေးလဲ ကောင်းကင်နိုင်ငံတော်ရဲ့ဘုရင်ကြီးထာဝရညပဲ ကျန်တော့တာပေါ့"
စုချန်း အထက်ပါအတိုင်း တီးတိုးရေရွတ်လိုက်၏။
ထာဝရညအနေနှင့် စုချန်းကို အဓိကသံသယတရားခံအဖြစ် သတ်မှတ်ထားပြီးလေပြီ။ ထိုနည်းတူစွာ စုချန်းကလည်း သူ့အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဘယ်ကလာသည်ကို စတင်သိမြင်စပြုလာလေပြီ။
သူကို ခြိမ်းခြောက်နေသောအရာ ဘာမှန်း စုချန်း အတိအကျ မသိ။ သို့သော် ထိုခြိမ်းခြောက်မှု၏ ရင်းမြစ် ဘာဆိုသည်ကိုတော့ စုချန်း သိသွားပြီဖြစ်သည်။ မည်သို့ဆိုစေ ထာဝရည၏ အရည်အချင်းကိုတော့ စုချန်း အသိအမှတ်ပြုရပေလိမ့်မည်။
"သုံးရက်... သုံးရက်ပြီးရက် ဘာဖြစ်လာမှာလဲ ဘာလို့ အဲဒီအချိန်အထိ စောင့်နေရတာလဲ"
ဤတချက်ကိုတော့ စုချန်း မည်သို့မှ နားမလည်နိုင်ပဲ ဖြစ်နေ၏။
သုံးရက်နောက်ပိုင်း ဘာတွေဖြစ်လာမည်ကို ခန့်မှန်းကြည့်ရန် စုချန်း ကြိုးစားကြည့်သေး၏။ သို့သော် မည်သည့်အဖြေမှ ထွက်မလာချေ။
"ဒါဆို သုံးရက်မြောက်နေ့နောက်ပိုင်းမှာ အခြေအနေတွေက ရုတ်တရက်ပြောင်းလဲသွားတော့မှာပေါ့ ဟုတ်လား...မူလအရိုးတောင်ဝှေးတောင် ဘာတွေဖြစ်လာမလဲဆိုတာကို မခန့်မှန်းနိုင်တော့ဘူးပေါ့လေ"
အခြေအနေနှင့် ကြုံတွေ့နေရသည့် အခက်အခဲကို စုချန်း နားလည်လာခဲ့လေပြီ။
သို့သော် ထိိုသို့နားလည်လာလေလေ စုချန်း၏ တိုက်ပွဲဝင်စိတ်ဓာတ်က ပို၍ ပြင်းပြလာလေလေပင်။
ဤသို့သော စိတ်လှုပ်ရှားမှုမျိုးကို သူ မခံစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ ထို့ကြောင့် ဤအခွင့်အရေးကို သူ မည်သို့မှ လက်လွှတ်မခံနိုင်။
စိတ်ဝိညာဥ်သလင်းသည် အပြင်းအထန် အလုပ်လုပ်နေ၏။ စက္ကန့်ပိုင်းအတွင်း ဖြစ်နိုင်ခြေများစွာ တဖွားဖွား ပေါ်ပေါက်လာပြီး ထိုဖြစ်နိုင်ခြေမများမှာလည်း မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားကြ၏။
သူ့အနေနှင့် မည်သည့်ဖြစ်နိုင်ခြေကို စဉ်းစားစေကာမူ မူလအရိုးတောင်ဝှေးမှ ထွက်ပေါ်လာသည့် ပုံရိပ်မှာ ရှင်းလင်းပြတ်သားခြင်းမရှိ။ တနည်းအားဖြင့် စုချန်းသည် ပြဿနာ၏ အရင်းအမြစ်ကို ရှာမတွေ့သေးချေ။
"ငါ ဘာတွေများလွဲချော်နေသလဲ"
စုချန်း ပြဿနာကို အထပ်ထပ်အခါခါ ပြန်လည်ဆန်းစစ်မိပြန်၏။
သူသာ ထာဝရညဆိုလျင် မည်သည့်အစီအမံမျိုးကို ချမှတ်ထားမည်နည်း။
ဤသို့နှင့် စုချန်းသည် သူ့ကိုယ်သူ ထာဝရညနေရာတွင်ထားပြီး အပြင်းအထန် ဆက်လက်ကြံဆနေပြန်၏။ နောက်ဆုံးတွင်တော့ စိတ်ကူးစိတ်သန်းတခု သူ့စိတ်ထဲတွင် ဘွားခနဲ ပေါ်ပေါက်လာတော့သည်။
"ဖြစ်နိုင်ပါ့မလား"
စုချန်း အကြီးအကျယ် အံ့သြသွားပြီး ဝုန်းခနဲ ထရပ်လိုက်သည်။ ထို့နောက် သူ မူလအရိုးတောင်ဝှေးကို အလျင်အမြန်ပင် အသက်သွင်းလိုက်၏။ ဤတကြိမ်မေးခွန်းကတော့ အောက်ပါအတိုင်း ဖြစ်လေသည်။
"ကျူးရှန်းယောင်ကို ဘယ်နှစ်ရက်နေရင် တွေ့ရမလဲ ဘယ်နေရာမှာလဲ"
ယဇ်ပလ္လင်မျက်နှာပြင်ပေါ်တွင် အလွန်ကြီးမားသော လွန်းပျံယာဥ်တစင်း ပေါ်လာ၏။ ကျူးရှန်းယောင်သည် ယာဥ်ထိပ်တွင်ရပ်လျက် အဝေးကို ငေးကြည့်နေလေသည်။
သူမ ဘယ်နေရာတွင် ရှိနေမှန်း မသိသာသည့်တိုင် နေရောင်ခြည်ကိုကြည့်ရင်း သူမတို့၏ယာဥ် ဘယ်ကိုဦးတည်နေမှန်း ရှင်းရှင်းလင်းလင်းပင် သိသာနေ၏။ သူမ ကောင်းကင်မြို့တော်ဆီသို့ ဦးတည်နေခဲ့လေပြီ။
"သေစမ်း ဒုက္ခပဲ"
စုချန်း အကြီးအကျယ် တုန်လှုပ်သွား၏။ ထို့နောက် သူ ပိတ်လော့နှင့် ချက်ချင်း ဆက်သွယ်လိုက်လေသည်။
"ပိတ်လော့ ခင်ဗျား ကျူးရှန်းယောင်နဲ့ အဆက်အသွယ်ရနိုင်မလား"
"နည်းနည်းတော့ ခက်ခဲလိမ့်မယ်သခင် ကျုပ်က သခင်နဲ့ပဲ တိုက်ရိုက်ဆက်သွယ်နိုင်တာ"
ပိတ်လော့က ပြန်ဖြေလိုက်သည်။
"သူနဲ့ အဆက်အသွယ်ရဖို့ နည်းလမ်းရှာပါ သူတို့ ကောင်းကင်မြို့တော်ကို ဘယ်နည်းနဲ့မှ ရောက်မလာစေနဲ့"
"ဟင် သူ ကောင်းကင်မြို့တော်ကို သွားနေတယ်ပေါ့ အခုလား"
ပိတ်လော့ကိုယ်တိုင်လည်း အံ့ဩသွားလေသည်။
"ဒါ မတော်တဆလား ဒါမှမဟုတ် တခြားအကြောင်းပြချက်များ ရှိနေမလား သခင်"
"ကျုပ်မသိဘူး"
စုချန်း ခေါင်းခါရင်း ပြောလိုက်၏။
"အခုချိန်မှာ ကျုပ် ဘာမှအတည်မပြုနိုင်သေးဘူး ဒါပေမယ့် သူ အကြောင်းပြချက်မရှိဘဲ ဒီကိုရောက်လာမှာမဟုတ်တာတော့ သိပ်သေချာတယ်... ထာဝရည ခင်ဗျား တယ်လဲသတ္တိကောင်းတာပဲကိုး"
"ဒီလိုဆိုရင်တော့ သူနဲ့အဆက်အသွယ်လုပ်ဖို့ဆိုတာ အရမ်းနောက်ကျနေလောက်ပြီသခင်"
ပိတ်လော့က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
စုချန်း ငြိမ်သက်သွား၏။
တကယ်တော့ ကောင်းကင်မြို့တော်နှင့် လျောင်ယဲ့နိုင်ငံကြား ပုံသေအကွာအဝေးတခုစီတိုင်းတွင် သတင်းပေးစခန်းများအသီးသီး ချထား၏။ ဤနည်းအားဖြင့် သတင်းအချက်အလက်များကို အပြန်အလှန် အလွန်မြန်ဆန်စွာ ပို့ဆောင်နိုင်၏။ သို့သော် ဤစနစ်မှာ ကုန်ကျစရိတ်ကြီးမြင့်လှပေရာ မကြာခန အသုံးပြုလေ့မရှိ။ စုချန်းကိုယ်တိုင်လည်း ဤစနစ်ကို အသုံးမပြုနိုင်ခြင်းမရှိချေ။
တကယ်တော့ စုချန်းတယောက် ကျူးရှန်းယောင်နှင့် အဆက်အသွယ်လုပ်နိုင်သည့်အချိန်တွင် ကျူးရှန်းယောင်ကား ခရီးစနှင့်နေလောက်ပေပြီ။
ထိုအချက်ကို တွေးမိသည်နှင့် စုချန်း အတွေးကမ္ဘာထဲ နစ်မြုပ်သွားလေသည်။ အတန်ကြာသော် သူ စိတ်ပူလာပြန်၏။
"မဖြစ်ဘူး ကျုပ် ခုချက်ချင်းထွက်သွားပြီး ကျူးရှန်းယောင်ကို ကယ်ရမယ်"
သို့သော် သူ့ခေါင်းထဲသို့ အတွေးတခု ဝင်လာပြန်၏။
"တကယ်လို့ သူတို့ ကျုပ်ကို မျက်ခြည်မပြတ်စောင့်ကြည့်နေရင် ဘယ်လိုလုပ်မလဲ ကျုပ် ဒီက ထွက်သွားတာနဲ့ ထာဝရည သေချာပေါက် သိသွားလိမ့်မယ် အဲဒါဆို သူ ကျူးရှန်းယောင်ကို အချိန်စောပြီးဒုက္ခပေးလာနိုင်တယ်"
ထိုစဥ် ပိတ်လော့က ဝင်ရောက်နှစ်သိမ့်လိုက်ပြန်သည်။
"သခင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး စဥ်းစားပါ ခုချိန်ထိ သခင် ဘယ်သူဘယ်ဝါမှန်း သူတို့မသိသေးဘူး ကြည့်ရသလောက် သူတို့ သွေးတိုးစမ်းနေတာ ဖြစ်ဖို့များတယ်"
ပိတ်လော့၏ စကားကိုကြားလိုက်တော့မှ စုချန်း အသိပြန်ဝင်လာ၏။ သူ့မျက်လုံးအစုံမှာလဲ လင်းလက်သွားလေသည်။
"ဒီတော့ ခင်ဗျား ဆိုလိုတာက... ထာဝရညဟာ ငါးထွက်လာအောင် ရေပက်ကြည့်နေတဲ့သဘောပဲပေါ့"
"ကျုပ်က ကျူးချန်းဟွမ်နဲ့ အဆက်အသွယ်ရဖို့ ကြိုးစားမယ် နည်းလမ်းရှာပြီး သူတို့ကို ကယ်တင်ပေးမယ် ဒါပေမယ့် သခင့်အနေနဲ့လဲ အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားမှရမယ် ပြီးရင် ဒီအခြေအနေကို ဖြေရှင်းဖို့ တခြားနည်းလမ်းတခုကိုပါ စဉ်းစားထားသင့်ပြီ"
"အခြေအနေကို ဖြေရှင်းဖို့ တခြားနည်းလမ်းတခု... ဟုတ်လား"
စိတ်ဝိညာဥ်သလင်းသည် ဖြစ်နိုင်ခြေများစွာကို ဆက်လက်တွက်ထုတ်နေ၏။
အကယ်၍ သာမန်အခြေအနေသာဆိုလျင် စုချန်းအနေနှင့် ဤအခြေအနေအတွက် အဖြေတခုခုရှာဖွေရန် အတော်ကြီးကို ခက်ခဲပေလ်ိမ့်မည်။
ကံကောင်းသည်မှာ လက်ရှိအခြေအနေသည် သာမာန်မဟုတ်။
အဆိပ်တထောင်ဖားကြီးကား တရွေ့ရွေ့ နီးကပ်လာခဲ့ပေပြီ။ မူလကမ္ဘာပေါ်ရှိ အင်အားအကြီးဆုံးသောမြို့ပင်လျှင် ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်နှင့် ရင်ဆိုင်ရတော့မည်ဆိုလျင် အလောတကြီး ဖြစ်နေရပေလိမ့်မည်။
ဤသည်မှာ သူ့အတွက် အခွင့်အရေးတရပ်ပေတည်း။
"ကောင်းပြီလေ ထာဝရည ကျုပ်တို့ ဘယ်သူက ပိုတော်သလဲဆိုတာ ကြည့်ကြတာပေါ့"
စုချန်း၏ အသံမှာ ကြောက်စရာကောင်းလောက်အောင် အေးစက်တင်းမာနေ၏။