← Chapters

အရှုံးပေးဖို့ တန်းစီကြမယ်

Vol. 2 Ch. 22

အရှုံးပေးဖို့ တန်းစီကြမယ်

Vol. 2 Ch. 22

ထိုသို့ ကြားလိုက်ရပြန် သဖြင့် အန်လင်းမှာ ရူးသွပ်သွားလု မတတ်ပင်။ ဘယ်လို ကံဆိုးခြင်းတွေ ဝန်းရံနေရတာတုန်း...

“အား...” အန်လင်းက လက်သီးဖြင့် နောက်ပြန် ထိုးလိုက်သည်။

“အကိုကြီး အန်လင်း... ကျွန်တော့်ကို ချမ်းသာပေးပါဗျာ...”

အန်လင်းလက်သီးမှ ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိသဖြင့် ထိုလူသည် ကြောက်လွန်းသဖြင့် ဒူးပင် တုန်နေတော့သည်။

ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသဖြင့် အန်လင်းလက်သီးက ရပ်တန့် သွားပြီးနောက် သူ့မျက်နှာတွင် အံ့အားသင့်သည့် အမူအရာ ပေါ်ထွက်လာသည်။ “လျှိုတပေါင် လား...”

လူသစ်သည် ဝဖိုင့်ဖိုင့်ဖြစ်ကာ သူ့ပုံစံသည် အန္တရာယ်ကင်းသည့် သွင်ပြင်မှာ ရှိသည်။ ယခုအခါတွင်တော့ သူ့မျက်နှာတွင် စိတ်အား ထက်သန်သည့် အမူအရာဖြင့် အန်လင်းအား ကြည့်လာသည်။

ထိုလူသည် လျှိုတပေါင်မှလွဲ အခြားမရှိ။ ရန်အနည်းငယ် ဖြစ်ပြီးသည့်နောက် အန်လင်း၏ ချစ်သူငယ်ချင်းကြီး ဖြစ်လာခဲ့သူ ဖြစ်သည်။

ကောင်းကင်တွင်တော့ မြေကမ္ဘာ အင်တော်တယ် ယွဲ့ရင်သည် စာအုပ်ကြီး တစ်အုပ်ပေါ်တွင် ထိုင်လျက်ရှိသည်။ သူမ လက်များသည် လျင်မြန်စွာ ရွေ့လျားနေကြပြီး မှတ်စု စာအုပ်ထဲတွင် အချက်အလက်များကို မှတ်တမ်း တင်နေလျက် ရှိသည်။

လီကျန်းယန်__

တိုက်ခိုက်နိုင်စွမ်း : ၁၂၀

ရမှတ် : ၄၀

မှတ်ချက် : အန်လင်းအား ရှုံးနိမ့်ခဲ့။

အန်လင်း__

တိုက်ခိုက်နိုင်စွမ်း : ၁၀၀

ရမှတ် : ၂၈

အန်လင်း၏ အချက်အလက်များကို မှတ်တမ်းတင် နေစဉ်တွင် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး အပြုံးနုနု တစ်ခု ဖြစ်ပေါ်လာသည်။

“ဟဟ... ဒီကလေးက မမျှော်လင့်ဘဲ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်... တန်ပြန် တိုက်ခိုက်ဖို့တောင် အကွက် ချလိုက်သေးတယ်...”

သူမက အတွေးထဲ နစ်မျောနေပုံရပြီး သူမ၏ အနီရောင် မျက်မှန်ကိုင်းကို ပြန်လည် ထိန်းညှိလိုက်ပြီးနောက် ခြေထောက်များကို လှုပ်ယမ်းနေသည်။

“မှတ်မိပြီ... ကျောင်းစာရင်း သွင်းတုန်းက အဲဒီ ကောင်လေးက တာအိုခန္ဓာ ဗလာအဆင့်ပဲ ရှိသေးတာ မဟုတ်လား...”

“ဘယ်လိုပဲဖြစ်ဖြစ် အခုနက တိုက်ခိုက်နေတုန်း သူထုတ်လွှတ်လိုက်တဲ့ အငွေ့အသက်က တာအိုခန္ဓာ အဆင့် ၇ ရောက်နေပြီလို့ ပြောနေတယ်လေ...”

“ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ တိုးတက်နှုန်းလဲ... ဖြတ်လမ်းနည်းတွေများ သုံးထားတာလား...”

ထိုအချိန်မှာပင် ရုတ်တရက် ဆိုသလို လျှိုတပေါင်သည် အန်လင်း အနောက်၌ ပေါ်လာခဲ့သည်။ လျှိုတပေါင် နောက်တွင်တော့ မြောက်များလှစွာသော ကျောင်းသား အုပ်လိုက်ကြီး ဖြစ်သည်။

“ဟဟ... အဲဒီ ကျောင်းသားတွေကလည်း အန်လင်းကို ပြဿနာရှာဖို့ ရောက်လာကြတာ များလား... အန်လင်းမှာ ပြဿနာတွေကို ဆွဲဆောင်နိုင်တဲ့ ကိုယ်ခန္ဓာ ရှိနေတာများလား...”

မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် ထိုစိတ်ဝင်စားဖွယ် မြင်ကွင်းကို ပြုံးလျက်နှင့် ကြည့်နေပြီး ချက်ချင်းဆိုသလိုပင် သူမ အမြင်အာရုံကို အန်လင်းဆီသို့ ဦးတည် ထားလိုက်သည်။

လျှိုတပေါင်၏ နောက်တွင် ရင်းနှီးခြင်း မရှိသည့် ကျောင်းသား အဖွဲ့လိုက်ကို မြင်ရသည့်အခါ အန်လင်း မျက်ဝန်းများသည် တဆတ်ဆတ် တုန်လှုပ်လာတော့သည်။

“မင်းက ဘာလို့ ဒီမှာရှိနေတာလဲ... ငါနဲ့ တိုက်ခိုက် ချင်တာတော့ မဖြစ်နိုင်ဘူး... ဟုတ်တယ်မလား...” အန်လင်းက မေးလိုက်သည်။

လျှိုတပေါင်က သူ့လက်များကို အားတက်သရော ဝှေ့ယမ်းလိုက်ပြီး “ငါ အဲဒီလို မလုပ်ရဲပါဘူး... အကိုကြီးအန်ရဲ့ ကျွမ်းကျင်မှုတွေက တုနှိုင်း မဲ့လွန်းပါတယ်... ငါက အကိုကြီးနဲ့ တိုက်ခိုက်မယ် ဆိုရင်တောင် နိုင်ဖို့ အလားအလာ မရှိပါဘူး...”

သူပြောနေသည်မှာ အမှန်တရားသာ။ သူရောက်လာခဲ့သည့် အချိန်တွင် အန်လင်းက လီကျန်းယန်အား လက်သီး တစ်ချက်တည်းဖြင့် အနိုင်ယူ လိုက်သည်ကို တွေ့လိုက်ရသည်။

အင်မော်တယ် မန္တန်များ ရင်ဆိုင်မိချိန်တွင် လျှိုတပေါင်မှာ အံ့အား သင့်လွန်းသဖြင့် မူးဝေသွားခဲ့ရသည်။ သူက မည်မျှပင် ယုံကြည်ချက် ရှိနေပါစေ အန်လင်းအား စိန်ခေါ် တိုက်ခိုက်ရဲတော့မည် မဟုတ်ပါ။

“လူတွေက အချိန်တိုလေး အတွင်းမှာကို ပြောင်းလဲသွားပြီး အသစ်တဖန် ပြောင်းလဲ လာတတ်ကြတယ်...” လျှိုတပေါင်က ခေါင်းခါကာ သက်ပြင်း ချလိုက်မိသည်။

အန်လင်းက ရုတ်တရက်ကြီး အလွန်သန်မာကာ ခွန်အား ကြီးလာသည့်အတွက် လျှိုတပေါင်သည် အလွန် အံ့အားသင့်ပြီး မနာလိုဖြစ်မိသည်။ သူက အန်လင်းသာ ဖြစ်လိုက်ပါတော့ဟု ဆုတောင်းမိသည် အထိပင်။

လျှိုတပေါင်က သူနှင့် တိုက်ခိုက်ဖို့ရာ ရောက်ရှိလာခြင်း မဟုတ်ကြောင်း ကြားလိုက်ရသည့် အတွက် အန်လင်းက စိတ်သက်သာရာ ရသည့်အနေဖြင့် တိတ်တဆိတ် သက်ပြင်း ရှိုက်မိသည်။

ထိုအချိန်မှာပင် စနစ်မှ အသံ ထွက်ပေါ်လာပြီး အသိပေးချက် တစ်ခု ပေါ်လာခဲ့သည်။

“ဂုဏ်ယူပါတယ်... သင်သည် တာအိုခန္ဓာ အဆင့် ၈နှင့် အထက်ရှိသည့် ရန်သူ တစ်ယောက်အား အောင်မြင်စွာ အနိုင်ရယူ နိုင်ခဲ့ပါသည်... ထို့ကြောင့် သင်သည် တာအိုခန္ဓာ အဆင့် ၈သို့ အဆင့်မြှင့်တင်ပြီး ဖြစ်သည်...”

ထိုအချိန်မှာပင် အန်လင်းက သူ့စွမ်းအားများသည် ရုတ်တရက် တိုးမြှင့်လာကြောင်း ခံစားမိလိုက်သည်။ သူ့အရိုးများနှင့် ကြွက်သား များသည်လည်း ပိုမို သန့်စင်ကာ သန်မာလာကြသည်။

သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်နေသဖြင့် သူ့အလွန်တရာ ရွှင်မြူးနေပြီး မြောက်များစွာသော အတွေးများသည့် သူ့စိတ်ထဲ ပေါ်လာတော့သည်။

စနစ်သည် အန်လင်းက ပြိုင်ဘက်အား “တစ်ချက်ထိုး” ရုံနှင့် အနိုင်ရရှိခြင်းကို အသိအမှတ် ပြုသည်က ဝမ်းမြောက်ဖွယ် သတင်းဖြစ်သည်။ (Last Hit ကို တစ်ချက်ထိုးလို့ သုံးလိုက်ပါတယ်... တစ်ဖက်လူ ဒဏ်ရာရနေချိန် မှာ အနိုင် ယူလိုက်တာကို ဆိုလိုခြင်းပါ)

နောက်များမှာလည်း ထို “တစ်ချက်ထိုး” အကွက်ကို အသုံးပြုရမည်။

ငါက သေချာပေါက်ကို “တစ်ချက်ထိုးဘုရင်” ဖြစ်လာရမယ်...

အန်လင်းက တစ်ချက်ထိုး အကွက်ကို အသုံးပြုရန် အလွန်တရာ စိတ်အားထက်သန် နေရခြင်းမှာ အဆင့်မြှင့်တင်ရန် သတ်မှတ်ချက်သည် အောက်ပါအတိုင်း ပြောင်းလဲ သွားသောကြောင့် ဖြစ်သည်။

“တာအိုခန္ဓာ နဝမအဆင့် သတ်မှတ်ချက် တာအိုခန္ဓာ အဆင့် ၉နှင့် အထက်ရှိသည့် ရန်သူ ၁၀ယောက်အား အနိုင်ယူပါ...”

ယခင်ကဆိုလျှင် အန်လင်းအတွက် တာအိုခန္ဓာ အဆင့် ၉ နှင့် အထက်ရှိ ရန်သူ ဆယ်ယောက်အား အနိုင်ယူရန်မှာ မဖြစ်နိုင်သည့် တာဝန်တစ်ခု ဖြစ်သည်။ ယခုတွင်တော့ မတူတော့ပေ။ အခွင့်အရေး ရှိလာပြီဖြစ်သည်။

သူတို့ကို ရင်ဆိုင် မတိုက်ခိုက်နိုင်ပါက သူ့အနေဖြင့် တစ်ချက်ထိုး အကွက်ကို အသုံးပြုနိုင်သည် မဟုတ်ပါလား။

အန်လင်း၏ အတွေးများက ယောက်ယက်ခပ် နေချိန်တွင် လျှိုတပေါင်က စကားပြောလာ ပြန်သည်။

“အကိုကြီးအန်... အကိုကြီးရဲ့ ကြီးမားတဲ့ အစွမ်းကို မြင်ပြီးတော့ ငါက တစ်ခုလောက် တောင်းဆိုချင်လို့ပါ...”

“ဟမ်... ပြောလေ... ဘာများလဲ...”

အန်လင်းက အနည်းငယ် သိချင်သွားသည်။ ကန့်သတ်မဲ့ ပြိုင်ပွဲတွင် အဖွဲ့ဖွဲ့ခြင်းကို တားမြစ်ထားသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူက ဘယ်လို အကူအညီမျိုး ပေးနိုင်မည်နည်း။

“အာ... ဒီလိုပါ...” လျှိုတပေါင်က လည်ချောင်းရှင်းက လေးလေးနက်နက် ပြောလာသည်။ “အကိုကြီးအန်က ငါ့ကို အနိုင်ယူစေ ချင်ပါတယ်...”

အန်လင်း : “…”

အဲဒီတော့... နောက်ဆုံးတော့လည်း ငါက တိုက်ခိုက် ရမတဲ့လား...

လျှိုတပေါင်က သူရဲကောင်း တစ်ယောက်ကဲ့သို့ သေဆုံးဖို့ရာ အသင့်ဖြစ်နေပုံ ပေါ်သည်။ “လူတွေက ဟိုးအရင် အချိန်ကတည်းက ဘာလို့ မသေကြလဲ သိလား... ညီအကို တစ်ယောက်ရဲ့ လက်ထဲမှာ သေရတာက ဘဝကြီးကို အဆုံးသတ်ဖို့အတွက် ဂုဏ်ယူဖွယ် ကောင်းတဲ့ အတွက်ကြောင့်ပဲ...”

အန်လင်း၏ နှုတ်ခမ်းထောင့်များက တွန့်ကွေး သွားပြီးနောက် လျှိုတပေါင်၏ ရည်ရွယ်ချက်ကို နားလည်သွားပြီ ဖြစ်သည်။ “ရှုံးနိမ့်ခြင်း သက်သေခံ ကတ်ပြား အသက်မဝင်မချင်း မင်းက ငါ့ကို ရိုက်စေချင်တယ်... အဲဒါဆိုရင် ဒီကြောက်မက်ဖွယ် နေရာကနေ လွတ်မြောက်သွားမယ်... အဲလိုလား...”

“အိုး... ဘုရားသခင်... မင်းက ငါ့အကြံတွေကို သိရင်တောင်မှပဲ ထုတ်မပြော သင့်ဘူးလေကွာ...” လျှိုတပေါင်က ညည်းညူ လိုက်သည်။ “ငါ့လို အဆင့်မျိုးနဲ့ ဒီနေရာကို ရောက်လာရတာ ငါက လက်ဝှေ့ လေ့ကျင့်တဲ့ အိတ်သာသာပဲကွ...”

ထိုသို့ ပြောပြီးသည်နှင့် လျှိုတပေါင်သည် သူ့အနောက်ရှိ လူအုပ်ကို ကြည့်လိုက်သည်။

“လူတစ်ယောက်က အရမ်း အားနည်း နေမယ်ဆိုရင် တခြား သူတစ်ယောက်ရဲ့ ရှုံးနိမ့်ခြင်း သက်သေခံ ကတ်ပြားကို အသက်သွင်းဖို့ရာ မဖြစ်နိုင်ဘူးကွ... အဲဒါကြောင့် သန်မာတဲ့ ကျောင်းသားတွေရဲ့ တိုက်ခိုက်မှုတွေက ပိုပိုပြီး ကြမ်းတမ်းလာပြီး ငါတို့ကို တစ်ချက် ကလေးနဲ့တောင် လွင့်ထွက် သွားစေနိုင်တယ်... အဲဒါဆိုရင် အိပ်ရာကနေ တစ်လခွဲလောက် ထနိုင်တော့မှာ မဟုတ်ဘူး ငါ့ကောင်ရေ...”

“အခုတော့ ကံကောင်းလွန်းလို့ အကိုအန်နဲ့ ကြုံတွေ့ရတယ် မဟုတ်လား...”

“အဲဒါကြောင့် မင်းရဲ့ ခွန်အားကို ထိန်းချုပ်ပြီး ငါတို့ရဲ့ ရွှေရောင် အကာအကွယ် အသက်ဝင်လာအောင် ရိုက်နှက်ပေးလို့ ရမလားလို့ မေးရတာပါ...”

လျှို့တပေါင်က အန်လင်း လက်များကို ဆွဲကာ သူ့ရှေ့တွင် ဒူးထောက်တော့ မတတ်ပင်။ သူ့မျက်နှာတွင် အသနားခံသည့် အမူအရာ ပေါ်နေသည်။

အန်လင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ထိုအဖွဲ့အား မည်သို့ ရင်ဆိုင်ရမည်ကို မသိနိုင်အောင် ဖြစ်နေတော့သည်။

အရှုံးပေးဖို့ အတွက် တန်းစီကြခြင်း... ဒီလက်ဆောင်ကို လက်ခံရမလား... လက်မခံရဘူးလားပဲ...

တိုက်ပွဲကွင်းပြင်၏ အပြင်ဘက်တွင် ရှိနေသည့် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည်လည်း ထိုအဓိပ္ပာယ် မရှိသည့် အဖြစ်အပျက်ကို မျက်မြင် တွေ့နေရသည်။

သူမ အောက်တွင်တော့ ကျောင်းသားများက အန်လင်းနှင့် တိုက်ခိုက်ဖို့ရာအတွက် စီတန်းနေကြသည်။ ထို့နောက်တွင် တစ်ချက်တည်းနှင့်ပင် သူတို့အားလုံးက အရှုံးပေးလိုက်ရသည်။

“ပထမနှစ်... တန်းခွဲ ၁၀၀... လျှိုတပေါင်... ကျောင်းသား အန်လင်း... သင်ပြပေးပါဦး...” လျှိုတပေါင်က ထိုသို့ အော်ဟစ်ပြီး အန်လင်းဆီသို့ ပြေးဝင်သွားသည်။

ထို့နောက်တွင်တော့ ဆယ်ပုံတစ်ပုံသော စွမ်းအားသာရှိသည့် အန်လင်း၏ တောင်ခွင်း လက်သီးကြောင့် ပျံတက် သွားတော့သည်။

ကြီးမားသည့် အားဖြင့် ရိုက်ခတ်ခြင်း ခံရသည်ကြောင့် လျှိုတပေါင်က မြေပေါ်တွင် တုန်ယင်ကာ လဲလျောင်းနှင့်ပင် သွေးများ အန်နေရသည်။ ထို့နောက်တွင် ချက်ချင်း ဆိုသလို ရှုံးနိမ့်ခြင်း သက်သေခံကတ်ပြား အသက်ဝင်လာ တော့သည်။

ရွှေရောင် အကာအကွယ်၏ အလယ်တွင်တော့ လျှိုတပေါင်သည် အန်လင်းအား ကျေးဇူးတင်စွာဖြင့် ကြည့်ကာ သူ့မျက်နှာတွင် ပျော်ရွှင်သည့် အမူအရာများ ပေါ်ထွက် လာသည်။

“ပထမနှစ်... တန်းခွဲ ၁၀၀... လီယွမ်ချင်... ကျောင်းသား အန်လင်း... သင်ပြပေးပါဦးး...”

လီယွမ်ချင်သည်လည်း အန်လင်း၏ လက်သီး တစ်ချက်ဖြင့် ပျံဝဲ တက်သွားသည်။ ရွှေရောင် အကာအကွယ်ထဲမှနေ အန်လင်းအား ပျော်ရွှင် ဝမ်းမြောက်စွာ ကြည့်လိုက်သည်။

“ပထမနှစ်... တန်းခွဲ ၉၉... စုန့်ကျင်းဝူ... ကျောင်းသားအန်လင်း... သင်ပြပေးပါဦး...”

သူမအောက် မြေပြင်ပေါ်ရှိ ဖြစ်ရပ်ကြောင့် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် ရယ်ရမလို ငိုရမလို ဖြစ်ကာ သူမနဖူးကိုသာ ရိုက်မိတော့သည်။

အန်လင်း၏ ရမှတ်များကို မတိုးမြှင့်ခင် သူမ ခေတ္တမျှ တုံ့ဆိုင်း နေမိသည်။

အန်လင်းက ကျောင်းသား တစ်ယောက်ကို အနိုင်ရတိုင်း ရမှတ် ၅မှတ် တိုးလာသည်။ တကယ်တော့ အားနည်းသည့် သူပင်လျှင် လူသား အရင်းအမြစ်ဖြစ်ပြီး ထည့်သွင်း ရေတွက်ကြရသည် မဟုတ်ပါလား။

နောက်ဆုံးတွင် အန်လင်းက နောက်ဆုံး ကျောင်းသားကို အနိုင်ရရှိပြီးသည့်အခါ သူ့အချက်အလက်များမှာ__

တိုက်ခိုက်နိုင်စွမ်း _ ၁၀၀

ရမှတ် _ ၁၀၈

တိုက်ခိုက်နိုင်စွမ်းနှင့် ရမှတ်တို့သည် အင်မော်တယ် အဆင့်ဇယား အသစ်ပြန်လည် ရေးဆွဲရာတွင် အခြေခံအကျဆုံး အချက်များ ဖြစ်သည်။

အန်လင်း၏ ရမှတ်သည် တိုးတက် လာခဲ့ပေမဲ့လည်း တိုက်ခိုက်နိုင်စွမ်းမှာ ပြောင်းလဲခြင်း မရှိသေးပေ။ လျှိုတပေါင်နှင့် အရှုံးပေးရန် တန်းစီခဲ့ကြသည့် ကျောင်းသားအဖွဲ့ကို ကျေးဇူးတင်ရမည်သာ။

“ကျောင်းသား အန်လင်းက တကယ်ကို ကံကောင်းလွန်းတယ်... ဒါပေမဲ့လည်း သူရှေ့ဆက် လျှောက်မယ် ဆိုရင်တော့...”

မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် အန်လင်းအား မျှော်လင့်တကြီးဖြင့် စောင့်ကြည့်လျက် ရှိသည်။

ကျောင်းသားများစွာကို အနိုင်ယူပြီးသည့် နောက်တွင် သူ့စွမ်းအင် တော်တော်များများကို အသုံးပြုလိုက်ပြီး ဖြစ်သည်။

အန်လင်းက အနီးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး နေရာတစ်ခု ရှာဖွေကာ အနားယူပြီး အားအင်ဖြည့်တင်းဖို့ရန် ကြံစည် လိုက်သည်။

အဝေးကို ကြည့်လိုက်သည့် အခါတွင် သူ့ရှေ့တည့်တည့်၌ စိမ်းလန်းနေသည့် တောင်တစ်လုံးကို တွေ့လိုက်ရသည်။

ဒီနေရာသည် ဘာမှမရှိသည့် ကုန်းမြေဖြစ်သည့် အတွက်ကြောင့် အစားအစာ ရရှိနိုင်သည့် နယ်မြေကို ဖြတ်သန်း သွားနိုင်ရန်မှာ အတော်လေး ကြုံတောင့်ကြုံခဲ ဖြစ်သည်။ တောင်ထွတ်တစ်ထောင် တောအုပ်တွင် အရှားပါးဆုံးအရာမှာ ရေနှင့် အစာရေစာ ဖြစ်သည်။

ထိုတောင်ကုန်းလေးကို မြင်လိုက်ရသည့်အခါ အန်လင်းအတွက် အစာရေစာ ပြဿနာသည် ဖြေရှင်းပြီးသား ဖြစ်သွားပြီ ဖြစ်သည်။

ထို့ကြောင့် သူက စိတ်လှုပ်ရှားစွာဖြင့် ထိုတောင်ကုန်းလေးဆီသို့ လမ်းလျှောက် သွားတော့သည်။

**

All Chapters