အခန်း (၃၁၇-၃၁၈)
Vol. 13 Ch. 317-318
အခန်း(၃၁၇) ကလေးရဲ့ အသက်က စူစူလေးအပေါ် မူတည်နေတယ် (၁)
ဒီအသက်အရွယ်ရောက်မှ ကိုယ်ဝန်လွယ်ရတာကို လက်ခံနိုင်ခါစရှိသေးသည်။ ကံကြမ္မာက သူမကို ထပ်မံ ထိုးနှက်လိုက်ပြန်ပါပြီ။
သူမ စိတ်ခံစားချက်များက တက်လိုက်ကျလိုက်နဲ့ မတည်မငြိမ်ဖြစ်နေရသည်။ ထို့ကြောင့် ဝမ်ချင်း စိတ်ဓာတ်ကျကာ ဝမ်းနည်းသွားခဲ့ပါသည်။
ချင်းရှင်းကျစ်လည်း ရင်ကွဲရပြီး သူမကို ဆက်လက်နှစ်သိမ့်ပေးနေသည်။ “အာ့ချင်း မငိုပါနဲ့။ ဘာမှမဖြစ်ဘူး။ ဒီကလေး ဘယ်တုန်းကမှ ရောက်မလာခဲ့သလိုပဲ သဘောထားကြတာပေါ့။ ဘာမှမဖြစ်ပါဘူး”
“ယောက်ျား… ယောက်ျား ကျွန်မတို့ ဘာလုပ်ကြမလဲ။ ဒီကလေးရဲ့ ဖြစ်တည်မှုကို ကျွန်မ လက်ခံလိုက်ခါမှ ဘာလို့ ချက်ချင်း ဆုံးရှုံးရတော့မှာလဲ…”
ဝမ်ချင်းက ချင်းရှင်းကျစ်ကို အားပြုရင်း ရှိုက်ကြီးတငင်ငိုကြွေးနေသည်။
ကံတရားက ဘာကြောင့် သူမကို ဒီလောက်ရက်စက်ရတာလဲ။ မျှော်လင့်မထားတဲ့ ကလေးတစ်ယောက် ပေးပြီးမှ ဘာကြောင့် ချက်ချင်း ပြန်ယူသွားရတာလဲ။
“အာ့ချင်း မငိုပါနဲ့။ ဒီကလေးက ကိုယ်တို့နဲ့ ကံမပါတာလို့ပဲ မှတ်ယူလိုက်ပါ”။ ချင်းရှင်းကျစ်လည်း မျက်လုံးတွေ နီမြန်းနေပါသည်။
လင်မယားနှစ်ယောက် ငိုကြွေးနေတာကို မြင်သောအခါ ဆရာဝန်က အကြံပေးလိုက်ပါသည်။ “ဆရာကြီးရှုယီက ခင်ဗျားတို့ မိသားစုနဲ့ ရင်းနှီးတယ်ဆို။ သူ့ကို အကူအညီတောင်းကြည့်ပါလား”
ဆရာကြီးရှုယီက သူတို့ ဆေးရုံကြီးမှာ ဆရာဝန်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ အခုချိန်ထိတောင် သူတို့ဆေးရုံကြီးက ဆရာကြီးရှုယီ၏ ရုံးခန်းကို ပုံစံမပျက်အောင် ထိန်းသိမ်းထားပါသည်။ ဆရာကြီးရှုယီ၏ ဆေးပညာစွမ်းရည်ကို အားလုံးက လေးစားကြသည်။
“အဲ့တာ ဘာကိုဆိုလိုတာလဲ”။ ချင်းရှင်းကျစ်က ဆရာဝန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“အနောက်တိုင်း ဆေးပညာအရတော့ သောက်ဆေးဖြစ်ဖြစ် ခွဲစိတ်မှုခံယူတာဖြစ်ဖြစ် ဗိုက်ထဲက ကလေးကို ထိခိုက်မှာ သေချာတယ်။ ဒါပေမယ့် တရုတ်တိုင်းရင်းဆေးပညာနဲ့ဆိုရင်တော့ ကလေးကို မထိခိုက်စေဘဲ သခင်မချင်းရဲ့ ဗိုက်ထဲက အကျိတ်ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်း ရှိကောင်းရှိမှာပေါ့”
ဆရာဝန်၏ အကြံပြုချက်ကြောင့် ချင်းရှင်းကျစ် မြွေဆိပ်မိချိန် ဖြေဆေးတွေ့လိုက်သလို မျှော်လင့်ချက် ပြန်လည် ပြည့်ဝသွားသည်။
ဟုတ်သားပဲ၊ ဆရာကြီးရှုယီကို ဘယ်လိုတောင် မေ့သွားရတာလဲ!
အနောက်တိုင်း ဆေးပညာနဲ့ မကယ်နိုင်ရင် ဆရာကြီးရှုယီ ကယ်တင်နိုင်လောက်မှာပေါ့!
သို့သော်လည်း ချင်းရှင်းကျစ်၏ မျက်နှာပေါ်က ပျော်ရွှင်မှုများ ကြာကြာမခံလိုက်ပါ။
ဆရာဝန်ထင်နေသလို ဆရာကြီးရှုယီက သူတို့ မိသားစုနဲ့ ရင်းနှီးတာမဟုတ်ပေ။ စူစူလေး တစ်ယောက်တည်းနဲ့သာ ရင်းနှီးတာဖြစ်သည်။
တကယ်တော့ ဆရာကြီးရှုယီက သူတို့အိမ်မှာ လာနေနေတာတောင် သူတို့မိသားစုနဲ့ မပတ်သတ်သလောက် ရှိသည်။ အဘိုးချင်း၊ အဘွားချင်းနဲ့ စူစူလေးတို့ကိုသာ တစ်ခါတလေ စကားပြောတတ်ပါသည်။
မိသားစုညစာအတူတူစားရင်တောင် ဆရာကြီးရှုယီ မပါတတ်ပါ။
ဆရာကြီးရှုယီက သူတို့ ဧည့်သည်ဖြစ်သည်ဟု ပြောလို့မရဘဲ သူတို့အိမ်က အခန်းပိုမှာ လာငှားနေသည့် အိမ်ငှားတစ်ယောက်လို ဖြစ်နေသည်။
ထို့အပြင် စူစူလေး တောင်းဆိုမှသာ လူနာတွေကို ကုသပေးမည်ဟု ဆရာကြီးရှုယီက ပြတ်ပြတ်သားသား ပြောထားပြီးသား ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဝမ်ချင်းနဲ့ စူစူလေးတို့ ဆက်ဆံရေးက သိပ်ပြီး အဆင်မပြေခဲ့ပါ။ ဝမ်ချင်းက စူစူလေးကို မကောင်းပြောခဲ့တာတောင် ရှိသေးသည်။
ထိုကဲ့သို့ ကလေးဆန်သည့် လုပ်ရပ်တွေကို ဝမ်ချင်း မလုပ်တော့ဘူးဟု ဆိုသော်လည်း ထို့နောက်ပိုင်း စူစူလေးနဲ့ သိပ်ပြီး မပတ်သတ်ခဲ့ပါ။ အရင်လို သူစိမ်းဆန်နေဆဲဖြစ်သည်။
ဝမ်ချင်းကိုယ်တိုင်လည်း ပြဿနာကို နားလည်သွားကာ ကြက်သေသေသွားပါသည်။
ဂျူတီကျဆရာဝန် ထွက်သွားပြီးနောက် လူနာခန်းထဲ တိတ်ဆိတ်သွားခဲ့သည်။
ဝမ်ချင်းက ချင်းရှင်းကျစ်၏ လက်ကို ကိုင်လျက် ပျော့ပြောင်းစွာ မေးလိုက်သည်။ “ယောက်ျား… ကျွန်မ စူစူလေးကို အကူအညီတောင်းလို့ ရပါမ့လား”
ချင်းရှင်းကျစ် ဘယ်လိုပြန်ဖြေရမလဲ မသိပါ။ သူ့ရင်ထဲမှာလည်း ပဋိပက္ခဖြစ်နေသည်။ စူစူလေးက ငယ်သေးသော်လည်း ချစ်ခြင်း၊ မုန်းခြင်းကို ကျိန်းသေပေါက် ခံစားနိုင်သူဖြစ်သည်။
သူမအပေါ် တစ်စုံတစ်ယောက်က သဘောကောင်းလျှင် သူမ ပြန်ပြီး သဘောကောင်းတတ်သည်။ မဟုတ်ပါက သူမ ပြန်တိုက်ခိုက်တတ်သည်။
သူမကို လျစ်လျူရှုထားသူတွေကိုတော့ စူစူလေး လှည့်တောင် မကြည့်ပါ။
သူ့ညီမလေးရဲ့ သဘောထားက ဘယ်လိုဖြစ်မလဲဆိုတာ ချင်းရှင်းကျစ်လည်း မပြောနိုင်ပါ။
ထိုစဉ် ဝမ်ချင်းက အဘွားချင်းဘက်သို့လှည့်လိုက်ပြီး တောင်းတောင်းပန်ပန်မျက်လုံးများဖြင့် ခေါ်လိုက်သည်။ “အမေ…”
… … …
အခန်း(၃၁၈) ကလေးရဲ့ အသက်က စူစူလေးအပေါ် မူတည်နေတယ် (၂)
အဘွားချင်းက တိုးညှင်းစွာ သက်ပြင်းချလိုက်ပါသည်။ “ဆရာကြီးရှုယီက ဘယ်လိုလဲဆိုတာ နင်တို့လည်း သိရဲ့သားနဲ့။ ငါ့ကို အကူအညီလာတောင်းလို့ ဘာမှထူးမှာမဟုတ်ဘူး။ ငါတို့ အဖိုးတန်လေးကို သွားပြောမှပဲ ရလိမ့်မယ်။ ငါတို့ အဖိုးတန်လေး သဘောတူမလား မတူဘူးလားဆိုတာကတော့ နင့်အပေါ်မှာပဲ မူတည်နေတယ်”
ချွေးမဖြစ်သူက ဒီကလေးကို တကယ်မွေးချင်လျှင် စူစူလေးရဲ့ ခွင့်လွှတ်မှုကို တစ်နည်းမဟုတ်တစ်နည်းနဲ့ တောင်းခံရမည်။ ဒါမှ ဆရာကြီးရှုယီက ကုသပေးဖို့ သဘောတူမှာဖြစ်သည်။
တခြား ဘယ်သူမှ မကယ်နိုင်တော့ပါ။
--- --- ---
စူစူလေးက အိမ်မှာ အဘိုးယန်နဲ့ ဆေးပင်တွေ အခြောက်ကူလှမ်းပေးနေပါသည်။
အဘိုးယန်က မြို့ပြမှာ ယာယီလာနေရသော်လည်း နေထိုင်သည့်ပုံစံ မပြောင်းသေးပါ။
ကံကောင်းစွာဖြင့် ချင်းအိမ်တော်၏ ခြံဝန်းကြီးက ကျယ်သဖြင့် ဆေးပင်တွေစိုက်ပြီး အခြောက်ခံဖို့ လွယ်ကူနေပါသည်။
အရင်တုန်းကလည်း အဘိုးယန်ကို စူစူလေး ဒီအလုပ်တွေ ကူလုပ်ပေးဖူးသည်။
ဒီဆေးပင်တွေကို ဘာအတွက်သုံးတာလဲဆိုတာ စူစူလေး မသိသော်လည်း ဦးလေးပိုင်ဟူကျစ်က အသက်ကြီးနေပြီ ဖြစ်သဖြင့် ဒီလိုပင်ပင်ပန်းပန်းအလုပ်တွေ လုပ်ဖို့ မသင့်တော်ပါ။ ထို့ကြောင့် ဦးလေးပိုင်ဟူကျစ် မပင်ပန်းအောင် သန်မာထွားကြိုင်းသည့် သူမက ဝင်ရောက် ကူညီပေးနေခြင်း ဖြစ်ပါသည်။
“စူစူလေးရဲ့ ယောက်မအကြီးဆုံးကို ကယ်နိုင်မယ်ထင်လား”။ ဆေးပင်တွေ အခြောက်လှမ်းနေရင်း အဘိုးယန်က စူစူလေးအား မသိမသာ မေးလိုက်သည်။
“ဦးလေးပိုင်ဟူကျစ်ကလည်း သမီးက ဆရာဝန်မှမဟုတ်တာ။ ဘယ်လိုလုပ်သိမှာလဲ”။
ဦးလေးပိုင်ဟူကျစ်ကတော့ တုံးနေပြန်ပါပြီ။ သူမ နားမလည်တဲ့ မေးခွန်းတွေ မေးနေပြန်ပြီ။
“ဟုတ်ပါတယ် ဟုတ်ပါတယ်။ ငါတို့ စူစူလေးက ဆရာဝန်မဟုတ်ဘူး။ ဒီတိုင်း မေးကြည့်တာပါ။ စူစူလေး ထင်တာ ပြောကြည့်”
“မသိဘူး…။ သမီး တူသေးသေးလေး တစ်ယောက် ရတော့မလို့၊ ဒါပေမယ့် သူထွက်မလာနိုင်ဘူး ဖြစ်နေတယ် ထင်တယ်”
စူစူလေးလည်း ဇဝေဇဝါဖြစ်မိသည်။
သူမရဲ့ တူသေးသေးလေးကို သူမ မြင်ခဲ့ပါသည်။ သို့သော် တူသေးသေးလေးကို အနက်ရောင် အငွေ့များက ဖုံးလွှမ်းထားသည်။
“ဘာလို့ ထွက်လာလို့ မရဘူးလို့ ထင်တာလဲ”။ အဘိုးယန်က ဆက်မေး၏။
“ဘာလို့လဲဆိုတော့… မကောင်းတဲ့ အနက်ရောင် အငွေ့ကြီးတွေ ရှိနေလို့”။ စူစူလေး ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားတော့ အဘိုးယန် သိသိသာသာ ရပ်တန့်သွားခဲ့သည်။
အဘိုးယန်က စူစူလေးအား လေးလေးနက်နက် ကြည့်လျက် မေးလိုက်၏။ “စူစူလေး။ အဲ့ဒီ တူသေးသေးလေးကို ထွက်လာစေချင်လား”
စူစူလေး ချက်ချင်း ပြန်မဖြေပါ။ သို့သော် အချိန်အကြာကြီး သေချာ စဉ်းစားခဲ့သည်။
သူမရဲ့ ယောက်မအကြီးဆုံးက သူမကို သဘောမကျပါ။ ထို့ကြောင့် စူစူလေးကလည်း ယောက်မအကြီးဆုံးကို သဘောမကျပါ။
သို့သော် သူမရဲ့ တူသေးသေးလေးကတော့ ချစ်ဖို့ကောင်းမည့်ပုံစံပင်။
လက်ရှိတူတွေက အကြီးကြီးတွေဖြစ်နေပြီဖြစ်သဖြင့် ချစ်ဖို့သိပ်မကောင်းပါ။
သူမနဲ့အတူတူ ကစားနိုင်မယ့် တူသေးသေးလေးသာရှိရင်…။
စူစူလေး အာရုံထဲ လူသေးသေးလေးတစ်ယောက် လက်မစုပ်လျက် သွားရည်တွေကျပြီး လေးဖက်ထောက်ကာ လျှောက်သွားနေမည့် မြင်ကွင်းလေးတစ်ခု ပေါ်လာပါသည်။
စိတ်ဝင်စားဖို့ကောင်းမယ့်ပုံပဲ!
“တူသေးသေးလေးက ချစ်ဖို့ကောင်းတယ်။ သူ့ကို ထွက်လာစေချင်တယ်”။ စူစူလေး အဖြေပေးလိုက်သည်။
“အဲ့တာဆို အဲ့ဒီအမှောင်ငွေ့တွေကို ပျောက်သွားအောင် စူစူလေး လုပ်ပေးရလိမ့်မယ်…”။ အဘိုးယန်က ပြောလိုက်၏။
“ဘယ်လို ပျောက်သွားအောင် လုပ်ရမှာလဲ”။ စူစူလေး နားမလည်စွာ မေးလိုက်သည်။
“အဲ့တာတော့ ကိုယ့်ဖာသာကိုယ် စဉ်းစားရလိမ့်မယ်။ စူစူလေးပဲ မြင်ရတဲ့အရာကို စူစူလေးပဲ ဖြေရှင်းနိုင်လိမ့်မယ်”။ အဘိုးယန်က ပြော၏။
“ဪ…”။ စူစူလေးက နားလည်သလိုလိုနှင့် ခေါင်းငြိမ့်လိုက်ပါသည်။
အဖြူရောင်နဲ့ အနက်ရောင် အငွေ့တွေက လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေပြီး သူမတို့လို ပိုင်ကျဲသားရဲတွေပဲ မြင်နိုင်သည့် အရာဖြစ်သည်ဟု ထိုနတ်ယုတ်မာက ပြောခဲ့သည်။
သို့သော်လည်း ထိုအခိုးငွေ့တွေ ပျောက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ နတ်ယုတ်မာက သင်မပေးလိုက်ပေ။ သူမက တုံးအသဖြင့် ဘဝအတွေ့အကြုံလိုအပ်နေသည်ဟုသာ ပြောခဲ့သည်။
ထိုနတ်ယုတ်မာအကြောင်း စဉ်းစားပြီး စူစူလေး ဒေါသထွက်လာပြန်ပါသည်။
သို့သော် သူမကို စိတ်ရှုပ်အောင် လုပ်သည့် တခြားသူတွေလိုမဟုတ်ဘဲ ထိုနတ်ယုတ်မာကို စူစူလေး သွားထိုးလို့ မရပါ။ သူမ လုပ်နိုင်တာဆိုလို့ စက်ဝိုင်းလေးဆွဲပြီး ကျိန်ဆဲဖို့သာဖြစ်သည်။
အဘိုးယန်နဲ့အတူတူ ဆေးပင်တွေအခြောက်လှမ်းပြီးနောက် စူစူလေး အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ ထိုအခါ ဧည့်ခန်းထဲမှာ လူတွေအများကြီးရှိနေတာကို မြင်လိုက်ရသည်။
ဝမ်ချင်း ဆေးရုံမှ ပြန်ရောက်လာပြီဖြစ်သည်။ သူမနဲ့အတူ လိုက်သွားသည့်လူအားလုံးလည်း ပြန်ရောက်နေကာ အခုလက်ရှိ အားလုံး ဧည့်ခန်းထဲမှာ ထိုင်နေကြပါသည်။
ဝမ်ချင်း၏ မျက်လုံးများက အိမ်ထဲဝင်လာသော အဘိုးယန်နဲ့ စူစူလေးတို့ထံ ရောက်ရှိသွားသည်။
… … …