← Chapters

အခန်း (၃၁၉-၃၂၀)

Vol. 13 Ch. 319-320

အခန်း (၃၁၉-၃၂၀)

Vol. 13 Ch. 319-320

အခန်း(၃၁၉) ကလေးရဲ့အသက်က စူစူလေးပေါ်မှာ မူတည်နေတယ် (၃)

အိမ်ပြန်လမ်းမှာ ဝမ်ချင်း စဉ်းစားခဲ့သည့် စကားလုံးတိုင်း နှုတ်ခမ်းဝကို ရောက်သောအခါ ပျောက်ကွယ်သွားခဲ့ပါသည်။

ဝမ်ချင်းက အဘွားချင်းကို လှည့်ကြည့်လိုက်၏။ အဘွားချင်းက ဒီတိုင်း စောင့်ကြည့်နေပြီး ဝမ်ချင်းကိုယ်စား ကူပြောပေးဖို့ အစီအစဉ်ရှိပုံမပေါ်ပါ။

ထို့နောက် ယောက်ျားဖြစ်သူကို ဝမ်ချင်း လှည့်ကြည့်လိုက်သည်။ ချင်းရှင်းကျစ်က သူမကို အားပေးသော အကြည့်ဖြင့် ကြည့်နေပါသည်။

သို့သော် ဝမ်ချင်း တွန့်ဆုတ်နေဆဲဖြစ်သည်။

ချင်းယုကျီးက စိတ်မရှည်တော့ဘဲ ထပြောလိုက်ပါသည်။ “အမေ လမ်းမှာ စဉ်းစားလာပြီးသား မဟုတ်ဘူးလား။ ပြောစရာ ရှိတာ ပြောလိုက်စမ်းပါ! ဒေါ်လေးက အရမ်းသဘောကောင်းပါတယ်!”

“ငါ… ငါသိပါတယ်”။ ဝမ်ချင်းက စူစူလေးကို မော့ကြည့်လိုက်ပြီး အက်ကွဲသော လေသံဖြင့် ပြောလိုက်သည်။ “စူစူလေး… ငါတောင်းဆိုစရာရှိလို့”

“ဘာလဲ”။ စူစူလေးက ပြန်မေးလိုက်သည်။

“ငါ့… ငါ့ကို ဆေးကုပေးဖို့ ဆရာကြီးရှုယီကို ပြောပေးပါလား။ အရင်တုန်းက နင့်အပေါ်မှာ ငါမကောင်းခဲ့တာ သိပါတယ်။ မကောင်းတာတွေလည်း ပြောခဲ့ဖူးတယ်…”

ဝမ်ချင်း၏ အသံ ဖြည်းဖြည်းချင်း တိုးညှင်းသွားသည်။

“ဟုတ်ပြီ”။ စူစူလေးက တွန့်ဆုတ်မှုမရှိဘဲ လက်ခံလိုက်ပါသည်။

“ဘာပြောတယ်”။ ဝမ်ချင်းက ရုတ်တရက် မယုံကြည်နိုင်သော မျက်လုံးများဖြင့် စူစူလေးကို မော့ကြည့်လိုက်သည်။ သူမ နားကြားမှားသွားတာလားဟုပင် တွေးမိသွား၏။

“ဟုတ်ပြီလို့။ ယောက်မကို ကုပေးမယ်!”။ စူစူလေးက ထပ်ပြောလိုက်သည်။

တွန့်ဆုတ်မှုမရှိဘဲ ပြတ်သားလိုက်တာ…။

ဝမ်ချင်း ကြက်သေသေသွားပါသည်။

ဒီအတိုင်းပဲလား…။ သူမရဲ့ တောင်းဆိုချက်ကို ဒီလို အလွယ်တကူပဲ လက်ခံလိုက်တာလား…။

“စူစူလေး… ယောက်မကို စိတ်မဆိုးဘူးလား”။ ဝမ်ချင်းက ထပ်မေးလိုက်သည်။

“ယောက်မကို သဘောမကျပေမယ့် ဒီတူသေးသေးလေးက ချင်းမိသားစုဝင်လေ! သမီးက သူ့ဒေါ်လေးပဲ!”။

စူစူလေးရဲ့ လက်ညှိုးသေးသေးလေးက ဝမ်ချင်း၏ ဗိုက်ကို ညွှန်ပြလိုက်ပါသည်။

သူမရဲ့ ကလေးဆန်သော အသံလေးက ဝမ်ချင်း၏ နှလုံးသားကို လာရိုက်ခတ်သည်။

စူစူလေး၏ တဲ့တိုးဆန်သော အဖြေကြောင့် အရင်တုန်းက ဝမ်ချင်းရဲ့ သဘောထားသေးသိမ်မှုတွေကို ပိုမို ထင်ရှားသွားစေပြီး ဝမ်ချင်း အလွန်အရှက်ရမိပါသည်။

ဝမ်ချင်းတစ်ယောက်တည်း မဟုတ်ဘဲ ကျန်မိသားစုဝင်တွေ အားလုံးလည်း စူစူလေးရဲ့ စကားကြောင့် အံ့အားသင့်သွားကြသည်။

စူစူလေးက တဲ့တိုးဆန်ပြီး ဖြူစင် ချစ်ဖို့ကောင်းသော ကလေးလေးဖြစ်မှန်း အားလုံးသိကြသည်။

သို့သော်လည်း သူမရဲ့ ပြတ်သားသော ခံယူချက်ကို ကြားလိုက်ရပြီဂနောက် ချင်းရှင်းကျစ်၊ ချင်းယုဟွိုင်းနဲ့ တခြားသူတွေအားလုံး နှလုံးသားတွေ တင်းကျပ်သွားသလို ခံစားလိုက်ရသည်။

အထူးသဖြင့် ချင်းရှင်းကျစ်က ငိုတောင် ငိုချင်သွားပါသည်။

လိမ္မာပြီး သိတတ်လိုက်တဲ့ ညီမလေး!

စူစူလေးကို ညီမလေးအဖြစ်ရထားတာ သူတကယ်ကံကောင်းတာပဲ!

စူစူလေးက အဘိုးယန်ကို မော့ကြည့်ကာ ခေါ်လိုက်သည်။ “ဦးလေး ပိုင်ဟူကျစ်…”

“စူစူလေး သဘောပါပဲ”။ စူစူလေး ဘာမှမပြောနိုင်ခင် အဘိုးယန်က အပြုံးဖြင့် သဘောတူလိုက်ပါသည်။

ထို့နောက် အဘိုးယန်က ဝမ်ချင်းနဲ့ ချင်းရှင်းကျစ်တို့အား ပြောလိုက်သည်။ “စူစူလေးရဲ့ ဆန္ဒကြောင့် မင်းတို့ကို ကုသပေးဖို့ ငါသဘောတူတာနော်”

ထင်ထားသည့်အတိုင်းပဲ စူစူလေးက လက်ခံလျှင် ဆရာကြီးရှုယီလည်း အလွယ်တကူ သဘောတူပါသည်။

စူစူလေးနဲ့ ဆရာကြီးရှုယီကြားထဲ ဘာတွေဖြစ်ခဲ့သလဲ ဘယ်သူမှ မသိနိုင်သော်လည်း စူစူလေးတောင်းဆိုမှသာ တခြားသူတွေကို ကုသပေးမည်ဟူသော သူ့ခံယူချက်ကို ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပါသည်။

“ကျေးဇူးတင်ပါတယ် ဆရာကြီးရှုယီ! ကျေးဇူးတင်ပါတယ်ဗျာ”။ ချင်းရှင်းကျစ်က အရင်ဆုံး ဆရာကြီးရှုယီအား ကျေးဇူးတင်လိုက်ပါသည်။

“ကျေးဇူးတင်မစောနဲ့။ ပြီးတော့ အပျော်လည်း မလွန်ကြနဲ့ဦး။ ငါအပျောက်ကုသပေးနိုင်မယ်လို့ အာမမခံဘူး။ ဒါပေမယ့် မင်းတို့ စွန့်စားရဲရင် ငါ့နည်းနဲ့ငါ ကုပေးမယ်”

“စွန့်စားရဲပါတယ် စွန့်စားရဲပါတယ်!”။ ချင်းရှင်းကျစ်က ခေါင်းငြိမ့်လိုက်ပါသည်။

သူတို့ အားလုံး တိုင်ပင်ပြီးသားဖြစ်၏။ ဆရာကြီးရှုယီသာ ကုသပေးလျှင် ကလေးကို ကယ်တင်နိုင်ချေရှိသည်။ မဟုတ်ပါက သူတို့ဆီ ဝင်ရောက်လာတာ မကြာသေးသည့် ဒီအသက်လေးတစ်ချောင်း ပြန်လည်ထွက်ခွာသွားရလိမ့်မည်။

ဆရာကြီးရှုယီကို ကျေးဇူးတင်ပြီးနောက် ချင်းရှင်းကျစ်က စူစူလေးကို ပွေ့ချီလိုက်ပါသည်။ နူးညံ့ပျော့ပြောင်းသော့ သူ့ညီမလေးကို ကြည့်ရင်း ချင်းရှင်းကျစ် ရင်ထဲ နွေးထွေးမှုများဖြင့် ပြည့်နှက်သွားသည်။ “ကျေးဇူးတင်ပါတယ် ညီမလေး”

ချင်းရှင်းကျစ် မျက်လုံးတွေ နီမြန်းနေတာကို မြင်သဖြင့် စူစူလေး လက်ထုတ်ကာ သူ့ပါးတွေကို သုတ်ပေးလိုက်ပါသည်။ “အစ်ကိုကြီး မငိုပါနဲ့။ သမီးရှိတယ်! သမီး ကာကွယ်ပေးမယ်!”

… … …

အခန်း(၃၂၀) တူလေး မဟုတ်ဘူး တူမလေး ဖြစ်သင့်တာ

စူစူလေးက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးကာ ကတိပေးလိုက်ပါသည်။

ကလေးဆန်သော်လည်း အင်အားတွေ အပြည့်ပါသည့် အသံလေးဖြစ်သည်။

ချင်းရှင်းကျစ်က ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပါပြီ အစ်ကိုကြီး မငိုတော့ဘူးနော်”

ဝမ်ချင်းလည်း မတ်တပ်ရပ်ကာ တစ်ခုခု ပြောဖို့ ကြံလိုက်သည်။ သို့သော် သူမ တွန့်ဆုတ်သွားရပါသည်။

သူမပခုံးကို အနောက်မှ ချင်းယုဟွိုင်းပုတ်ပေးလိုက်မှ ဝမ်ချင်း ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်။

“စူစူလေး… ကျေး… ကျေးဇူးတင်ပါတယ်…”။ ဝမ်ချင်း နောက်ဆုံးတော့ စူစူလေးကို ကျေးဇူးတင်နိုင်ခဲ့သည်။

“ရပါတယ်! ငါ့တူသေးသေးလေး အပြင်ထွက်လာပြီး ငါနဲ့လိမ်လိမ်မာမာ ကစားရမယ်နော်”။

စူစူလေးက ဝမ်ချင်း၏ ဗိုက်ကိုကြည့်ကာ အထဲက ကလေးလေးကို ရွှင်မြူးစွာ ပြောလိုက်သည်။

စူစူလေး၏ ပွင့်လင်းသော အပြုအမူကြောင့် ဝမ်ချင်း ထပ်ပြီး ရှက်ရွံ့သွားခဲ့ရသည်။

ထို့နောက် ဆရာကြီးရှုယီအား ဝမ်ချင်း ကျေးဇူးတင်လိုက်ပါသည်။ “ဆရာကြီးရှုယီ ကျေးဇူးတင်ပါတယ်။ အခုချိန်ကစပြီး ကျွန်မတို့ကြောင့် ပင်ပန်းရဦးမယ်”

ဆရာကြီးရှုယီက ဘာမှပြန်မပြောဘဲ မျက်စသာ ပစ်လိုက်ပါသည်။

သူက စူစူလေးလို ချော့ရလွယ်မှာ မဟုတ်ဘူး! ဟင်း!

ဝမ်ချင်း အနည်းငယ် အနေခက်သွားသော်လည်း သည်းခံလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် သူမကို ဆေးကုပေးဖို့ သဘောတူလိုက်တာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပါပြီ။ ဒီ့ထက်ပိုပြီး မတောင်းဆိုနိုင်တော့ပါ…။

ထိုစဉ် ချင်းယုကျီးလည်း မတ်တပ်ရပ်လိုက်ပြီး ဂျယ်လီထက် ပိုပျော့ပြောင်းသော စူစူလေး၏ ပါးလေးအား ဖျစ်ညှစ်လိုက်ပါသည်။ “ဒေါ်လေးစူစူ တော်လိုက်တာ!”

“ဒေါ်လေးက အရင်ကတည်းက တော်ပြီးသား! အမြဲတမ်း တော်နေမှာ!”။ စူစူလေးက ခေါင်းမော့ရင်ကော့ကာ ဂုဏ်ယူဝံ့ကြွားမှုအပြည့်ဖြင့် ပြောလိုက်သည်။

ဒါပေါ့ သူမက တော်တာပေါ့!

“ဒါပေါ့ ဒါပေါ့။ ငါတို့ စူစူလေးက အတော်ဆုံးပဲ!”။ ချင်းယုကျီးလည်း ရယ်ရယ်မောမောဖြင့် ထောက်ခံလိုက်ပါသည်။ “ဒါပေမယ့် နင်ပြောလိုက်တဲ့ စကားတစ်ခု ပြင်ဖို့တော့ လိုနေတယ်”

“ဘာကိုလဲ”

“ငါ့အမေဗိုက်ထဲက ကလေးလေးက တူလေး မဖြစ်သင့်ဘူး။ တူမလေး ဖြစ်သင့်တာ”။ ချင်းယုကျီးက အမှန် ပြင်ပေးလိုက်သည်။

အခုလောလောဆယ် ယောက်ျားလေးလား မိန်းကလေးလား သိဖို့ ခက်ခဲသော်လည်း မိန်းကလေးဖြစ်ပါစေဟု ချင်းယုကျီး မျှော်လင့်မိပါသည်။

“ဟုတ်တယ် ဟုတ်တယ်။ တူမလေး ဖြစ်ရမှာ!”။ ချင်းရှင်းကျစ်ကလည်း သံယောင်လိုက်ကာ ဝင်ထောက်ခံ၏။

ဒီကိစ္စမှာတော့ သားအဖနှစ်ယောက် သဘောထားချင်း တူညီပါသည်။ သူတို့နှစ်ယောက်တင်မကဘဲ တစ်မိသားစုလုံး ထောက်ခံကြသည်။

အစတုန်းက ချင်းမိသားစုမှာ သမီးမိန်းကလေးမရှိသဖြင့် အားလုံး သမီးမိန်းကလေးတစ်ယောက်ကို တောင့်တခဲ့ကြသည်။ ထို့နောက် စူစူလေး မွေးလာသောအခါ အားလုံး သမီးမိန်းကလေး ထပ်လိုချင်စိတ်များ ပိုမိုပြင်းပြသွားခဲ့ကြ၏။

မိန်းကလေးတွေက ချစ်ဖို့အရမ်းကောင်းတယ်! အရမ်းလိမ္မာတယ်! အိမ်ထဲက ဆန်ကုန်မြေလေးကောင်တွေ အကုန်လုံး ပေါင်းလိုက်ရင်တောင် မမှီနိုင်ဘူး!

“ဒါပေမယ့် သူက တူလေးလေ…”။ စူစူလေး ပြောလိုက်သည်။

“မဟုတ်ဘူး။ မိန်းကလေးလို့ ပြောရမယ်။ မိန်းကလေးလို့ အားလုံးယုံကြည်ရင် ဘယ်ပြောလို့ရမလဲ တကယ် မိန်းကလေး မွေးလာချင်မွေးလာမှာပေါ့!”။ ချင်းယုကျီးက ပြောသည်။

“ဟုတ်ပါပြီ”

စူစူလေးက သူမတူလေးရဲ့ စကားကို သိပ်နားမလည်ပါ။ သို့သော်လည်း တူလေးနဲ့ဖက်ပြီး စကားမများချင်ပါ။

သူမက ရင့်ကျက်ပြီး သဘောကောင်းသည့် ဒေါ်လေးဖြစ်သည်။ ဒီလို အသေးအဖွဲကိစ္စလေးအတွက် တူလေးနဲ့ ရန်မဖြစ်ချင်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် သူမ မြင်လိုက်တာကတော့ တကယ်ပဲ တူသေးသေးလေးဖြစ်ပြီး အလွန်ချစ်ဖို့ကောင်းပါသည်။

--- --- ---

တင်ပါးတွေ ဖူးယောင်နေသဖြင့် ဒီရက်ပိုင်းထဲ ချင်းယုကျိုး ဘယ်မှ မသွားနိုင်ပါ။ သူ့အခန်းနဲ့ ခြံဝန်းထဲကိုသာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရသည်။

သို့သော် အေးဂျင့်ထံမှ ဖုန်းတွေ ဆက်တိုက်ဝင်နေသဖြင့် သူစိတ်ဖိစီးနေတာကို အထောက်အကူ မဖြစ်စေပါ။

ချင်းယုကျိုး စိတ်တွေ အလွန်ရှုပ်ထွေးလာသဖြင့် ခြံထဲက သစ်ပင်ကြီးတစ်ပင်အောက်မှာ မတ်တပ်ရပ်ရင်း အတွေးထဲ နစ်မျောနေခဲ့သည်။

သူစိတ်ကူးယဉ်နေစဉ် သူ့ခေါင်းပေါ်ရှိ သစ်ပင်ကြီးပေါ်မှ ကြောင်တစ်ကောင် ပြုတ်ကျလာပြီး သူ့ပခုံးပေါ် လာတင်နေလေသည်။

“ဘာလဲဟ!”။ ချင်းယုကျိုး လန့်ဖျပ်သွားပြီး ထခုန်လိုက်မိကာ သူ့ပခုံးပေါ်က သတ္တဝါကို ရိုက်ချလိုက်ပါသည်။

“မြောင်~”

ဘာလဲဟ… ဒီကြောင်ကိုး!

ဒီကြောင်ကို သူမြင်ဖူးသည်။ ထိုကလေးမလေးနားမှာ အမြဲလိုလို ရှိနေတတ်သည့် ကြောင်ဖြူလေး ဖြစ်သည်။

သူ့သခင်လိုပဲ အကောင်သေးသေး ဖြူဖွေးပြီး မျက်လုံးတွေကလည်း ကျောက်မျက်ရတနာလို တောက်ပနေသည်။

… … …

All Chapters