အခန်း (၃၂၁-၃၂၂)
Vol. 13 Ch. 321-322
အခန်း(၃၂၁) ချင်းယုကျိုး ရှက်သွားပြီ (၁)
“ကြောင်စုတ်လေး။ မင်းသခင်က ငါ့ဖင်ကို ရိုက်သွားတယ်။ မင်းက သစ်ပင်ပေါ်က ခုန်ချပြီး ငါ့ကို လန့်အောင် လုပ်တယ်။ တကယ်ဆိုးတဲ့ သခင်နဲ့ကြောင်ပဲ!”။ ချင်းယုကျိုးက စိတ်ရှုပ်စွာ ပြောလိုက်သည်။
ပါးစပ်က ပွစိပွစိပြောနေသော်လည်း သူ့လက်က ဟူကျစ်၏ မေးကို ပွတ်သပ်ပေးနေပါသည်။ မတတ်နိုင်ပေ။ ဒီကြောင်စုတ်လေးက ချစ်ဖို့ကောင်းလွန်းတာကြောင့် ဖြစ်သည်။
မေးအပွတ်ခံရသဖြင့် ဟူကျစ်လည်း ဇိမ်ကျသွားပြီး ခေါင်းမော့ပေးလိုက်ပါသည်။
ဟူကျစ်၏ လိမ္မာသော အပြုအမူကို မြင်ပြီးနောက် ချင်းယုကျိုး သူ့ကို ပွေ့ချီလိုက်ပြီး ရင်ခွင်ထဲမှာ ထည့်ကာ သူ့အမွေးနူးနူးညံ့ညံ့လေးများကို ပွတ်သပ်ပေးလိုက်ပါသည်။
“ကြောင်စုတ်လေး။ မင်းလည်း တော်တော် အားနေတဲ့ပုံပဲ။ အခုတော့ ငါတို့နှစ်ကောင်ပဲ အိမ်မှာ အလုပ်မရှိ အကိုင်မရှိ ဖြစ်နေတာပေါ့”။ ချင်းယုကျိုးက ပြောလိုက်သည်။
“မြောင်~”
“အရင် အချိန်ဇယားတွေ ပြည့်နေတုန်းကတော့ ငါပင်ပန်းပြီး အနားယူချင်တယ်လို့ ညည်းမိတယ်။ အခု အိမ်မှာ တကယ် အနားယူရတဲ့အခါကျတော့ အလုပ်ကို သတိရပြန်ကော။ လူတွေက အမြဲတမ်း အဲ့လိုပဲနော်”
ချင်းယုကျိုး တစ်ယောက်တည်း စကားပြောလိုက်ပါသည်။
“မြောင်~” ဟူကျစ်က သက်တောင့်သက်သာရှိစွာဖြင့် ဗိုက်လှန်ပြလိုက်သည်။
“ကြောင်ဖြစ်ရတာ ကောင်းတယ်နော်။ ဒီလိုအေးအေးလူလူ နေနိုင်တာ ငါအားကျတယ်။ အမြဲတမ်း နေစရာ စားစရာအတွက် စိတ်ပူစရာမလိုဘူး။ အလုပ်လုပ်စရာလည်း မလိုဘူး။ ဝေဖန်ခံရမှာလည်း ကြောက်စရာ မလိုဘူး”။ ချင်းယုကျိုးက ရယ်မောကာ ပြောလိုက်ပါသည်။
“မြောင်~”
“ငါသရုပ်ဆောင်တာမကောင်းဘူးလို့ တချို့က ပြောကြတယ်။ တချို့ကျတော့ ငါသီချင်းဆိုတာ မကောင်းဘူးတဲ့။ ပြီးတော့ ရုပ်ချောပြီး ဘာမှအသုံးမကျတဲ့ကောင်လို့ ပြောတဲ့လူတွေက ရှိသေးတယ်။ အခု ငါ့ကိုယ်ကျင့်သိက္ခာကိုပါ အားလုံး မေးခွန်းထုတ်နေကြပြီ”။ ချင်းယုကျိုးက မဲ့ပြုံးပြုံးလျက် ပြောလိုက်ပါသည်။
တခြားသူတွေကို ချင်းယုကျိုး ပြောမပြနိုင်သည့် ကိစ္စတွေ အများကြီးရှိသည်။ သို့သော် လူစကားနားမလည်သည့် ကြောင်တစ်ကောင်ကို အထိန်းအကွပ်မဲ့စွာ သူရင်ဖွင့်မိပါသည်။
“မြောင်~”
ချင်းယုကျီးက ဟူကျစ်၏ ဗိုက်ကလေးကို ပွတ်သပ်ပေးလိုက်သည်။
“တကယ်တော့ မင်းကော မင်းသခင်ကော ချစ်ဖို့ကောင်းပါတယ်။ မင်းက ကြောင်တွေထဲမှာ အချောဆုံး။ မင်းသခင်က ငါမြင်ဖူးသမျှ ကလေးတွေထဲမှာ ချစ်ဖို့အကောင်းဆုံး။ သူသာ ငါ့တူမလေးဆိုရင် နှစ်ယောက်စလုံးကို ကြေမွသွားအောင် ဖက်နမ်းပစ်မှာ။ ဒါပေမယ့် မင်းသခင်က ငါ့ဒေါ်လေးဖြစ်နေတော့ ကိုယ့်အဒေါ်ကိုယ် နမ်းတာ သိပ်အဆင်မပြေဘူး။ ပြီးတော့ မင်းသခင်လေးက အားလည်း တော်တော်သန်မယ့်ပုံပဲ။ ငါသူ့ကို ဘယ်လိုမှ မနိုင်ဘူး”။
“မြောင်~”
ဟူကျစ်က သူ့လက်ကလေးနဲ့ ချင်းယုကျိုး၏ လက်ကို ပုတ်ပေးလိုက်ပါသည်။ ချင်းယုကျိုးကို နှစ်သိမ့်ပေးနေတာလားဆိုတာ မသဲကွဲပါ။
ချင်းယုကျိုးလည်း သာမန်ကြောင်တစ်ကောင်၏ လုပ်ရပ်ဟု ထင်ကာ သိပ်အရေးမစိုက်ခဲ့ပါ။
“မင်းသခင်က ငါ့ဖင်ကို ရိုက်ပေမယ့် ငါစိတ်မဆိုးပါဘူး။ ဒါပေမယ့် နောက်တစ်ခါ စိတ်ဆိုးရင်တော့ တခြားနည်းလမ်းနဲ့ အပြစ်ပေးဖို့ မျှော်လင့်တယ်။ ဖင်ကို အရိုက်ခံရတာက မသက်သာဘူး။ အခုချိန်ထိ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ ငါ့အသက်အရွယ်ကြီးနဲ့ ဒီလိုဖြစ်တာ မသင့်တော်ဘူးလေ”။ ချင်းယုကျိုး သက်ပြင်းချလိုက်ပါသည်။
“မြောင်~”
ဟူကျစ်က သူ့ရဲ့ ပန်းရောင်လျှာသေးသေးလေးကို ထုတ်ကာ ချင်းယုကျိုး၏ လက်ကို လျက်ပေးလိုက်ပါသည်။
“ကြောင်စုတ်လေး။ မင်းကို ချော့ရတာလွယ်လိုက်တာ။ မင်းသခင်လည်း မင်းလိုပဲဆို ဘယ်လောက် ကောင်းလိုက်မလဲ။ အဲ့တာဆို ငါ့ကို တစ်ချိန်လုံး စိတ်ဆိုးနေတော့မှာ မဟုတ်ဘူး”။ ချင်းယုကျိုး ပြောလိုက်ပါသည်။
လွန်ခဲ့သည့် ၂ ရက်လုံးလုံး သူနဲ့ ဆုံလိုက်တိုင်း စူစူလေးရဲ့ မကျေနပ်သည့် မျက်နှာလေးကို ချင်းယုကျိုး သေချာ မြင်နိုင်ပါသည်။
သူ့ကို စိတ်ဆိုးနေဆဲဖြစ်မှန်း သိသာသည်။
ချင်းယုကျိုးက စူစူလေး၏ ဒေါသမျက်နှာလေးကို ပြန်မြင်ယောင်နေစဉ် သူ့ခေါင်းပေါ်မှ စူစူလေး၏ အသံထွက်ပေါ်လာသည်။
“ငါခွင့်လွှတ်ပါတယ်”
… … …
အခန်း(၃၂၂) ချင်းယုကျိုး ရှက်သွားပြီ (၂)
ချင်းယုကျိုး ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ သစ်ကိုင်းတစ်ကိုင်းပေါ်မှာ တွဲလောင်းခိုနေသည့် စူစူလေးအား မြင်လိုက်ရပါသည်။
ပန်းရောင် အားကစားဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ချစ်စရာ Ponytails လေး နှစ်ဖက်နဲ့ စူစူလေးတစ်ယောက် သစ်ကိုင်းမှာ တွဲလောင်းခိုရင် ရှေ့လွှဲလိုက် နောက်လွှဲလိုက် လုပ်နေပါသည်။
“အပေါ်ကို ဘယ်လိုရောက်သွားတာလဲ!”။ ချင်းယုကျိုး တုန်လှုပ်စွာ မေးလိုက်သည်။
“ဒီပေါ် ရောက်နေတာ ကြာလှပြီ”။ စူစူလေးက သစ်ကိုင်းကို တွဲလွဲခိုနေတာရပ်တန့်လိုက်ပြီး သစ်ကိုင်းပေါ် တက်ထိုင်နေလိုက်ပါသည်။
သူမရဲ့ ခြေထောက်လေးနှစ်ဖက်ကို ရှေ့လွှဲလိုက် နောက်လွှဲလိုက်လုပ်နေသည်။ သူမ ပုံစံက သစ်ပင်ကြီး တစ်ပင်ပေါ်မှာ တက်ထိုင်နေတာနဲ့ မတူဘဲ သာမန် ခုံလေးတစ်ခုံပေါ်မှာ ထိုင်နေသလိုမျိုး လွယ်ကူလွန်းပါသည်။
“နင်… နင့်ကြောင်ကို ငါပြောတဲ့စကားတွေအကုန် ကြားသွားလား”
“အွန်း အကုန်ကြားလိုက်တယ်”။ စူစူလေး ခေါင်းငြိမ့်လိုက်ပြီး စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်ပါသည်။
အကုန်… ကြားလိုက်တယ်တဲ့။
ဒါဆို သူမအပေါ်ထားတဲ့ သဘောထားတွေကိုလည်း ကြားသွားတာလား။
ချင်းယုကျိုး မျက်နှာ ချက်ချင်း နီရဲသွားပါသည်။
နောက်ကွယ်မှာ ထိုစကားလုံးတွေကို ပြောရတာ ကိစ္စမရှိသော်လည်း ကာယကံရှင် ခေါင်းပေါ်တည့်တည့်မှာ ရောက်နေတာကတော့ အဆင်မပြေပါ။
ချင်းယုကျိုး ရှက်နေစဉ် စူစူလေး သစ်ပင်ပေါ်မှ ခုန်ချလိုက်သည်။
“ဟဲ့!”။ ချင်းယုကျိုး ထပ်မံ ထိတ်လန့်သွားပြန်သည်။ သူမျက်လုံးပြူးနေစဉ် စူစူလေးကတော့ မြေကြီးပေါ် ဘေးကင်းစွာ ပြန်ရောက်နေပါပြီ။
စူစူလေး ဘာမှမဖြစ်မှန်း ၃ ခါလောက် စစ်ဆေးပြီး သေချာမှ ချင်းယုကျိုး သက်ပြင်းချနိုင်သည်။
ဒီကလေးမလေးက တစ်ခုခုတော့ တစ်ခုခုပဲ!
ချင်းယုကျိုး အသက်ဝဝ ရှူလျက် ပြောလိုက်သည်။ “အကုန်ကြားပြီးပြီဆိုတော့ နင်ကြားလိုက်တဲ့အတိုင်းပဲ။ ငါနင့်ကို တောင်းပန်ပါတယ်”
“ခွင့်လွှတ်ပါတယ်! နင့်ဖင်လေး နာနေသေးလား။ ငါစစ်ကြည့်မယ်!’
စူစူလေးက ရှေ့တိုးလာပြီး ချင်းယုကျိုး၏ ဘောင်းဘီကို ဆွဲချွတ်ဖို့ ပြင်နေသည်။
ချင်းယုကျိုးက သူ့တင်ပါးကိုသူ အမြန်ကာကွယ်လိုက်ပါသည်။ “မလိုဘူး မလိုဘူး။ မကြည့်ပါနဲ့။ ပြန်ကောင်းတော့မှာ!”
သူက နာမည်သိပ်မရှိသော်လည်း ဆယ်လီတစ်ယောက် ဖြစ်သည်။
ဘောင်းဘီသာ ဆွဲချွတ်ခံလိုက်ရရင် ဘယ်လို အသက်ဆက်ရှင်ရတော့မလဲ။
“ဟုတ်ပြီ”။ စူစူလေးကပြောလိုက်သည်။ “အဲ့တာဆို ငါ့ကိုချီ!”
“ဘာ”
ချင်းယုကျိုး နားကြားမှားသွားသည်ဟု ထင်မိသည်။
ဒီကလေးမလေး သူ့ကို ချီခိုင်းနေတာလား။
“ငါနင့်ကို ခွင့်လွှတ်ပြီးပြီလေ။ အဲ့တာကြောင့် ချီခွင့်ပေးမယ်”။ စူစူလေးက ထပ်ပြောလိုက်သည်။
သူက လေးလေးနက်နက် တောင်းပန်ထားမှတော့လည်း သူမက သဘောထားကြီးပေးပြီး ချီခွင့်ပေးရမှာပေါ့။
ထိုသို့ပြောပြီးနောက် စူစူလေးက လက်နှစ်ဖက်ကို ဆန့်တန်းကာ အချီခံရဖို့ အသင့်ဖြစ်နေပါပြီ။
“နင်…”။ ချင်းယုကျိုး ဘာပြောရမှန်း မသိတော့ပေ။
စူစူလေးရဲ့ မျက်နှာထားနဲ့ လေသံတို့ကြောင့် အချီခံချင်နေသည့် ကလေးတစ်ယောက်နဲ့မတူဘဲ ဧကရာဇ်မိဖုရားကြီးက ငယ်ကျွန်ကြီးတစ်ယောက်ကို အမိန့်ပေးနေသလို ဖြစ်နေသည်။
ခေတ္တစဉ်းစားပြီးနောက် စူစူလေးကို ချင်းယုကျိုး ပွေ့ချီလိုက်ပါသည်။
သူ့တင်ပါးက နာကျင်နေသော်လည်း လက်တွေက အကောင်းတိုင်းရှိသေးသည်။ ဒီလို ကလေးလေး တစ်ယောက်ကို ပွေ့ချီရတာ ပြဿနာမရှိပေ။
ကလေးမလေးရဲ့ ဖြူဖွေးနူးညံ့သော မျက်နှာလေးကို အနီးကပ်မြင်လိုက်ရသောအခါ ချင်းယုကျိုး ရီဝေသွားခဲ့သည်။
ဒီကလေးမလေး ဘာလို့ ဒီလောက် သန်မာနေရတာလဲ။
ထို့နောက် စူစူလေးရဲ့ လက်သေးသေးလေးကို ချင်းယုကျိုး ကိုင်ပြီး သေချာ ဆန်းစစ်ကြည့်လိုက်၏။ လက်ဖဝါးလေးက အတော်သေးငယ်ပြီး သူ့လက်ဖဝါးရဲ့ တစ်ဝက်လောက်တောင် မရှိပေ။
အသားအရည်ကလည်း အလွန် ပျော့အိလွန်းပြီး ဂျုံလို ကိုင်ညှစ်လို့ကောင်းသည်။
ကလေးမလေးတစ်ယောက်ရဲ့ လက်ကို ချင်းယုကျိုး ညှစ်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။ တခြား ကလေးမလေးတွေရဲ့ လက်တွေလည်း ဒီလိုကိုင်လို့ကောင်းပါ့မလားဟု ချင်းယုကျိုး တွေးမိ၏။
ထိုလက်နုနုလေးများကို ကြည့်ရင်း ချင်းယုကျိုး ဇဝေဇဝါပိုဖြစ်သွားခဲ့သည်။
အဲ့ဒီနေ့ညက သူ့တင်ပါးကို ရိုက်သွားတာ ဒီလက်လေးတွေ ဟုတ်မှဟုတ်ရဲ့လား။
ခွန်အားတစ်ခုအသုံးချရင် နှစ်ဖက်စလုံးအပေါ် သက်ရောက်မှုရှိတယ်လို့ ပြောကြတယ် မဟုတ်ဘူးလား။ ဒီလက်သေးသေးလေးနဲ့ သူ့တင်ပါးကို ရိုက်သွားတာဆိုရင် သူ့တင်ပါးကျတော့ ရက်နဲ့ချီ ဖူးယောင်နေပြီး ဒီလက်ကလေးကျတော့ ဘာကြောင့် အကောင်းတိုင်း ရှိနေရတာလဲ။
… … …