အခန်း (၃၂၃-၃၂၅)
Vol. 13 Ch. 323-325
အခန်း(၃၂၃) ချင်းယုကျိုး ရှက်သွားပြီ (၃)
နောက်တစ်ဖက်နဲ့ ရိုက်ခဲ့တာများလား။
“ဟိုဘက်လက်ကို ပြစမ်း”။ ချင်းယုကျိုး ပြောလိုက်သည်။
စူစူလေးက အူတူတူဖြင့် တခြားလက်တစ်ဖက်ကို ချင်းယုကျိုးအား ပြလိုက်ပါသည်။
ဒီဘက်မှာလည်း ဒဏ်ရာမရှိဘူး!
ထူးဆန်းလိုက်တာ…။
“ဘာတွေရှာနေတာလဲ”။ စူစူလေးက မေးသည်။
“နင့်လက်လေ…။ ငါ့တင်ပါးကို ရိုက်ထားတာ အခုထိ နာနေတုန်းပဲ။ နင့်လက်ကျတော့ ဘာလို့ ဘာမှ မဖြစ်တာလဲ”။
“ငါက သန်မာပြီး နင်က စပျော့ကြီးမို့လို့ပေါ့!”။ စူစူလေးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
“ငါကဘာ…” ချင်းယုကျိုး ဆွံ့အသွားသည်။ “စပျော့ကြီးဆိုတဲ့ စကား ဘယ်က တတ်လာတာလဲ”
စူစူလေးက နူးညံ့ပြီး ချစ်ဖို့ကောင်းသည်။ သူမ နှုတ်မှ ထွက်လာသည့်‘စပျော့ကြီး’ဆိုသည့် စကားလုံးနဲ့ မလိုက်ဖက်လှပါ။
“တူလေးဆီက ကြားဖူးတာ! သူဂိမ်းဆော့ရင် ခဏခဏပြောတယ်။ အဲ့တာ အစွမ်းအစမရှိတဲ့လူတွေကို ခေါ်တာတဲ့”။ စူစူလေးက ပြန်ဖြေလိုက်ပါသည်။
ယုကျီးအကြောင်း ပြောတော့မှ ခုတလော ယုကျီး အများကြီး ပြောင်းလဲသွားတာကို ချင်းယုကျိုး သတိထားမိပါသည်။ အရင်ကထက် အများကြီး လိမ္မာလာသည်ဟု ဆိုနိုင်သည်။
“နောက်ဆို အဲ့ဒီ ‘စပျော့ကြီး’ဆိုတဲ့ စကား ထပ်မသုံးနဲ့နော်”။ ချင်းယုကျိုး ခေတ္တစဉ်းစားလိုက်ပြီး စူစူလေးကို ဆုံးမလိုက်ပါသည်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ နင်သုံးဖို့ မသင့်တော်တဲ့ စကားလုံးမို့လို့ပေါ့”
“ဘာလို့”။
ကလေးအများစုလိုပဲ တစ်ခုခုနားမလည်သည့်အခါ စူစူလေးက ‘ဘာလို့လဲ’ဟုသာ ဆက်တိုက် မေးနေတတ်သည်။
ချင်းယုကျိုး စဉ်းစားလိုက်ပြီး စူစူလေး နားလည်နိုင်မည့် ပုံစံဖြင့် ရှင်းပြလိုက်ပါသည်။ “ဘာလို့လဲဆိုတော့ အဲ့စကားက မယဉ်ကျေးဘူးလေ။ နင့်ရဲ့ သန်မာပြီး အစွမ်းအစရှိတဲ့ အရှိန်အဝါနဲ့ မလိုက်ဖက်လို့”
“ဪ ဟုတ်ပြီ ဟုတ်ပြီ”။ သူမရဲ့ အရှိန်အဝါကို ထိန်းသိမ်းဖို့အတွက် သဘောတူလိုက်ပါသည်။
ဒီကလေးမလေးက သူ့အရှိန်အဝါကို တကယ် အလေးထားတာကိုး…
“လာ အပြင်သွားကြစို့”။ စူစူလေးက ချင်းယုကျိုးအား ရုတ်တရက် ပြောလိုက်သည်။
“အပြင်သွားမယ် ဟုတ်လား။ ဘယ်ကိုတုန်း”။ ချင်းယုကျိုးက မေးသည်။
“တူချောလေးဆီ သွားမယ်လေ!”။ စူစူလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“တူချောလေး ဟုတ်လား။ ယုချဲကို ပြောတာလား”
“ဟုတ်တယ်!”
ထိုနာမည်ပြောင်က ချင်းယုချဲနဲ့ တကယ်လိုက်ဖက်ပါသည်။ ချင်းယုချဲမှာ မိန်းကလေးရှုံးလောက်သည့် မျက်နှာလှလှပပ တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။
“တခြားသူကို လိုက်ပို့ခိုင်းလို့မရဘူးလား”။ ချင်းယုကျိုး အပြင်မထွက်ချင်ပါ။
“ဘယ်သူမှ မအားဘူး”
“မအားဘူးဟုတ်လား။ အိမ်မှာ လူတွေ အများကြီးရှိတာကို တစ်ယောက်မှ မအားကြတာလား”
ပြောပြောဆိုဆိုနဲ့ ချင်းယုကျိုး စိတ်ထဲမှာ မိသားစုဝင်တွေကို ရေတွက်ကြည့်လိုက်သည်။
သူ့အဒေါ်က နာမကျန်းသဖြင့် ဦးလေးက စောင့်ကြည့်ပေးနေရသည်။ ဦးလေးနဲ့ အဒေါ်ဖြစ်သူတို့ မအားတော့သဖြင့် သူ့အဘိုးနဲ့ အဘွားတို့က ကုမ္ပဏီကိစ္စတွေ ဝင်ကူရသည်။ ဝမ်းကွဲအစ်ကို ယုဟွိုင်းကတော့ အမြဲလိုလို အလုပ်များနေတတ်သူ ဖြစ်သည်။ ယုကျီးကလည်း ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်ရင်း စာကြည့်နေရသည်။ ယုချဲက ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေသည်။
ထိုအခါမှ အိမ်ကလူတွေအကုန်လုံး အလုပ်များနေကြမှန်း ချင်းယုကျိုး လက်ခံနိုင်ပါသည်။ သူတစ်ယောက်တည်း အားလပ်နေတာဖြစ်သည်။
ချင်းယုကျိုး စူစူလေးကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက် အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ကြပါသည်။
“ဒီနေ့သွားမှ ဖြစ်မှာလား။ ငါအပြင်မထွက်ချင်ဘူး”။ ချင်းယုကျိုးက ပြောသည်။
“ဘာလို့ အပြင်မထွက်ချင်တာလဲ။ စိတ်ညစ်နေလို့လား”။ စူစူလေးက မေးလိုက်ပါသည်။
ချင်းယုကျိုးတစ်ယောက်တည်း ဟူကျစ်ကို ရင်ဖွင့်နေသည့် စကားတွေအကုန် စူစူလေး ကြားပါသည်။
သူ့ပုံစံက သိပ်ပျော်နေပုံ မပေါ်ပါ။ ဒီလိုသာဆို ပိုပြီးတောင် အပြင်ထွက်သင့်သေးသည်။
ချင်းယုကျိုး ဘာမှမပြောနိုင်ခဲ့ပေ။
“စိတ်မညစ်ပါနဲ့။ ငါရှိတယ်။ ငါက နင့်ဒေါ်လေး။ နင့်ကို ကာကွယ်ပေးမယ် တူလေး!”။ စူစူလေးက သူမရင်ဘတ်ကို သူမ ပုတ်ပြလိုက်ပြီး ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောလိုက်သည်။
သူမတူလေးက တောင်းပန်ပြီးသွားပြီ ဖြစ်သဖြင့် သူမလည်း ခွင့်လွှတ်ပါသည်။ အခု သူမ တူလေးကို ကာကွယ်ပေးဖို့ အချိန်ကျပြီ။
ချင်းယုကျိုး ခေါင်းခါလိုက်ပါသည်။ “နင်နားမလည်ပါဘူး”
ဒီကလေးမလေးရဲ့ တွေးခေါ်ပုံက ရိုးရှင်းလွန်းပါသည်။ အနုပညာလောက,က ဘယ်လောက် ရှုပ်ထွေးသလဲဆိုတာ သူမ နားလည်မှာမဟုတ်ပါ။ လူ့ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက ဘယ်လောက် ရှုပ်ထွေးသလဲဆိုတာကိုလည်း သူမ နားလည်မှာ မဟုတ်ပေ။
“အဲ့တာဆို နင်ကော နားလည်လို့လား”။ စူစူလေး မေးလိုက်သည်။
“ငါ… ငါလည်း နားမလည်တော့ဘူး”
“အဲ့တာဆို ငါနားမလည်ဘူးဆိုတာ နင်ဘယ်လို ပြောနိုင်တာလဲ”။ စူစူလေးက မေးလိုက်၏။
အဲ…
ချင်းယုကျိုး ထပ်ပြီး ဆွံ့အသွားခဲ့ရပြန်သည်။
… … …
အခန်း(၃၂၄) ချင်းယုကျိုး တကျော့ပြန်လာဖို့ လမ်းစ (၁)
ချင်းယုကျိုး ပြောစရာ စကားလုံး ပျောက်ဆုံးသွားသည်။
ဒီကလေးမလေးက ငယ်ရွယ်သော်လည်း စကားအလွန်တတ်သည်။ အမြဲတမ်း လူကြီးတွေကို ထင်မထားသည့် စကားလုံးများနဲ့ ဆွံ့အသွားအောင် လုပ်တတ်သည်။
အချိန်အတန်ကြာအောင် စဉ်းစားပြီးနောက် ချင်းယုကျိုး လိုက်လျောလိုက်ပါသည်။ “ပြီးရော။ ငါလိုက်ခဲ့မယ်”
ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာနေရင်လည်း ခြံထဲ နေပူစာလှုံဖို့ကလွဲပြီး တခြား ဘာလုပ်ရမလဲ မသိပါ။
ချင်းယုကျိုးက အဘွားချင်းထံ မက်ဆေ့ပို့ကာ အကြောင်းကြားလိုက်သည်။ အဘွားချင်းက ခွင့်ပြုမှ ကားဂိုထောင်ထဲက ကားတစ်စီး သွားထုတ်လိုက်ပါသည်။
ကားထဲမဝင်ခင် ချင်းယုကျိုး နူးညံ့ပျော့အိသော ကူရှင်တစ်ခုကို ဒရိုင်ဘာခုံပေါ်မှာ တင်ခုလိုက်ပါသည်။
ဘယ်လောက်ပဲ နူးညံ့ပါစေ သူ ထိုင်လိုက်သည့်အခါမှာ အသက်ရှူသံတွေပြင်းထန်ပြီး မျက်နှာကြီးလည်း ရှုံ့မဲ့သွားရသည်။
“ဘာဖြစ်လို့လဲ”။ စူစူလေးက ကားနောက်ခန်းထဲရှိ ကလေးထိုင်ခုံမှာ ထိုင်ရင်း မေးလိုက်သည်။
“ဘာမှမဖြစ်ဘူး”။ ချင်းယုကျိုး တွန့်လိမ်နေသော ပါးစပ်ဖြင့် ပြန်ဖြေလိုက်ပါသည်။
ဘာဖြစ်ရမှာလဲ! ငါ့တင်ပါးကို နင်ရိုက်ထားလို့ ဖြစ်နေတာပေါ့!
ချင်းယုချဲတို့ ဆိုင်တည်ရှိသည့် လမ်းထဲသို့ စူစူလေးကို ချင်းယုကျိုး ကားမောင်းလိုက်ပို့လိုက်သည်။
ကားပါကင်မှာ ကားရပ်ပြီးနောက် သူ့မျက်နှာ လူမြင်မည် စိုးသဖြင့် ချင်းယုကျိုး ဦးထုပ်တစ်လုံးကို နိမ့်နိမ့်ဆောင်းလိုက်ပါသည်။
အနည်းငယ် လမ်းလျှောက်ပြီးနောက် ချင်းယုချဲတို့ဆိုင်ကို သူတို့ ရောက်လာကြပါပြီ။ ချင်းယုချဲ၏ ဆိုင်ကို ရိုးရှင်းပြီး သစ်လွင်သော ပုံစံအဖြစ် ပြန်လည် ပြုပြင်ထားပြီဖြစ်သည်။
ဆိုင်ကို မဖွင့်ရသေးပါ။ ထို့ကြောင့် စူစူလေးနဲ့ ချင်းယုကျိုးတို့ ဝင်လာသည့်အခါ ချင်းယုချဲက ပြန်လွှတ်ခဲ့ပါသည်။
“အခုမှ ပြင်ဆင်နေတုန်းပဲရှိတဲ့ ဆိုင်ဆီ စူစူလေးကို ခေါ်မလာနဲ့လေ”။ ချင်းယုချဲက လေးလေးနက်နက် ပြောလိုက်ပါသည်။
“သူမင်းကို တွေ့ချင်လို့တဲ့”။ ချင်းယုကျိုး ပြောပြောဆိုဆိုနဲ့ စူစူလေးကို ချင်းယုချဲလက်ထဲ အမြန်လွှဲပေးလိုက်သည်။
အခုချိန်မှာတော့ စူစူလေးကို သူများလက်ထဲ အလောတကြီး လွှဲပြောင်းပေးဖို့ စိတ်အားထက်သန်နေသည့် ချင်းယုကျိုးတစ်ယောက် တစ်ချိန်ကျလျှင် စူစူလေးကို သူများလက်ထဲမှ အတင်းပြန်လုရမည်ဟု တွေးမိလိမ့်မှာ မဟုတ်ချေ။
“တူချောလေးကို သတိရနေတာ!”
စူစူလေးက ချင်းယုချဲ၏ လည်ပင်းကို သိုင်းဖက်လိုက်ပါသည်။ ထို့နောက် သူ့ကို အာဘွားအကြီးကြီး ပေးလိုက်သည်။
စူစူလေးထံမှ ဒီလို စိတ်အားထက်သန်မှုမျိုးကို ချင်းမိသားစုထဲက တခြားညီအစ်ကိုတွေ ဘယ်သူမှ မခံစားရဖူးပါ။
အတည်ငြိမ်ဆုံး ညီအစ်ကိုတွေထဲက တစ်ယောက်ဖြစ်သည့် ချင်းယုချဲကတော့ သူ့ကို စူစူလေး ဘာကြောင့် ဒီလောက် ဦးစားပေးနေသလဲဆိုတာ မသိပါ။
နူးနူးညံ့ညံ့ပါးလေးတစ်ဖက်က သူ့ပါးကို လာကပ်သဖြင့် ချင်းယုချဲ နှလုံးသားတစ်ခုလုံး အရည်ပျော်သွားရသည်။
“အင်း…”။ ချင်းယုချဲ တိုးညှင်းစွာ ပြန်ပြောလိုက်သည်။ တခြား ဘာပြောရမှန်း မသိပါ။
“မြောင်~”။ စူစူလေး၏ ရင်ခွင်ထဲမှ ဟူကျစ်လည်း ထွက်လာပြီး ချင်းယုချဲအား နှုတ်ဆက်လိုက်ပါသည်။
သူလည်း လိုက်လာတယ်~
ချင်းယုချဲက ဟူကျစ်၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ပြောလိုက်သည်။ “တစ်နေရာရာမှာ သွားထိုင်ပြီး တစ်ခုခု သောက်ကြစို့”
ပြင်ဆင်နေဆဲ သူ့ဆိုင်ထဲကို စူစူလေးအား ချင်းယုချဲ မဝင်စေချင်ပါ။ သို့သော် သူ့ဆိုင်ရှေ့မှာ ဒီတိုင်း မတ်တပ်ရပ်ခိုင်းထားလို့လည်း မဖြစ်ပေ။
“အိုကေ”။ ချင်းယုကျိုးလည်း လက်ခံပါသည်။ လမ်းဘေးမှာ ဒီတိုင်း မတ်တပ်ရပ်နေလျှင် လူမိနိုင်ချေ ပိုများသည်။
သူတို့ ၃ ယောက် လမ်းမကြီးတစ်လျှောက် အတူတူ လမ်းလျှောက်လာကြသည်။
လမ်းမဘေးရှိ ဆိုင်တစ်ဆိုင်က ဆိုင်းဘုတ်အသစ်ကြီးတစ်ခု တပ်ဆင်နေသည့် ပုံစံပင်။ အလုပ်သမားများစွာ လှေကားတွေနဲ့ တက်လိုက်ဆင်းလိုက် အလုပ်ရှုပ်နေကြပါသည်။
ထိုစဉ် ရုတ်တရက်ဆိုသလို ဆိုင်းဘုတ်ကြီး တုန်ခါသွားပြီး မိုးချုန်းသံတမျှ ကျယ်လောင်သည့် အသံကြီးနဲ့ ပြုတ်ကျလာခဲ့သည်။
ပြုတ်ကျလာသည့် နေရာက ချင်းယုချဲ၊ ချင်းယုကျိုးနဲ့ စူစူလေးတို့ အပေါ်တည့်တည့်ကိုဖြစ်သည်။
အန္တရာယ်ကြုံလာရသည့် စက္ကန့်ပိုင်းအတွင်း ချင်းယုချဲနဲ့ ချင်းယုကျိုးတို့နှစ်ယောက် စူစူလေးကို ကာကွယ်ပေးလိုက်ကြသည်။
စူစူလေးကို ကြားထဲမှာထားကာ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဖက်ထားလိုက်ပြီး စူစူလေး အန္တရာယ်မဖြစ်အောင် ကာပေးဖို့ ကြိုးစားခဲ့ကြပါသည်။
လမ်းမပေါ်မှ အော်သံတွေ အများကြီး ထွက်ပေါ်လာသည်။
ချင်းယုချဲ၊ ချင်းယုကျိုးနဲ့ စူစူလေးတို့အပေါ် ဆိုင်းဘုတ်ကြီး ပြုတ်ကျတော့မည်ဟု အားလုံး ထင်နေကြစဉ် ဆိုင်းဘုတ်ကြီးမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
စူစူလေးတို့ခေါင်းပေါ် ၅၀ စင်တီမီတာ အကွာခန့်မှာ ရပ်တန့်သွားခြင်း ဖြစ်လေသည်။ မြေပေါ် ဆက်မကျဘဲ လေထဲမှာသာ ယိမ်းထိုးနေလေသည်။
… … …
အခန်း(၃၂၅) ချင်းယုကျိုး တကျော့ပြန်လာဖို့ လမ်းစ (၂)
ဆိုင်းဘုတ်ကြီးက မီးကြိုးများနဲ့ ငြိသွားခြင်း ဖြစ်သည်။ မီးကြိုးများ၏ အရှည်ကလည်း ကွက်တိဖြစ်သွားသည်။ အလွန် ကံကောင်းသည်ဟု ဆိုရမည်။
မီးကြိုးတွေသာ မရှိလျှင် သူတို့ ၃ ယောက်စလုံး မသေရင်တောင် ဒဏ်ရာကြီးကြီးမားမား ရသွားကြလိမ့်မည်။
ချင်းယုချဲနဲ့ ချင်းယုကျိုးတို့နှစ်ယောက် အသိစိတ်ပြန်ကပ်သောအခါ စူစူလေးနဲ့ ဟူကျစ်တို့ကို သယ်ပြီး ဆိုင်းဘုတ်ကြီးရဲ့ အဝေးသို့ ထွက်ပြေးသွားကြသည်။
တုန်လှုပ်နေဆဲဖြစ်သော်လည်း ချင်းယုချဲက စူစူလေး၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး အားပေးလိုက်ပါသည်။ “မကြောက်နဲ့နော်”
စူစူလေး အကြောက်လွန်ပြီး အိပ်မက်ဆိုးတွေ မက်သွားမှာကို သူစိတ်ပူမိပါသည်။
စူစူလေး၏ မျက်နှာက အလွန်တည်ငြိမ်နေလေသည်။ “မကြောက်ပါဘူး”
စူစူလေး၏ မျက်နှာကို ကြည့်ရင်း ချင်းယုကျိုး ဝင်ပြောလိုက်သည်။ “ကလေးမ အဲ့တာ ဘယ်လောက် အန္တရာယ်များလဲဆိုတာကော သိရဲ့လား”
“အန္တရာယ် မများပါဘူူး”
သူမက အလွန်ကံကောင်းသူဖြစ်သည်။
ဆိုင်းဘုတ်ကြီးက သူမအပေါ် ပြုတ်ကျလာပါ့မလား။ မဖြစ်နိုင်တာတွေ!
ချင်းယုကျိုးက ရယ်မောလိုက်ပြီး စူစူလေး၏ ဆံပင်လေးကို ပွတ်သပ်ပေးလိုက်ပါသည်။ “နင့်ကိုတော့ ဘယ်လိုပြောရမလဲ မသိတော့ဘူး”
“သတ္တိရှိတယ်မလား ဟင်း!”
စူစူလေးရဲ့ မျက်နှာပေါ်မှာ ဂုဏ်ယူဝံ့ကြွားမှုနဲ့ မာနတွေကို ချင်းယုကျိုး မြင်နိုင်ပါသည်။
အလွန်ချစ်ဖို့ကောင်းသည့် မျက်နှာလေးဆိုတာ သေချာသော်လည်း တစ်ခါတစ်ရံ ယုံကြည်ချက်ပြည့်ဝမှု၊ ဂုဏ်ယူဝံ့ကြွားမှုတွေကို မြင်နိုင်သည်။ ကမ္ဘာပေါ်က ဘယ်အရာကိုဖြစ်ဖြစ် မကြောက်တတ်သော မျက်နှာမျိုးဖြစ်သည်။
ချင်းယုကျိုး အားရပါးရ ရယ်မောလိုက်ပါသည်။ “နွားပေါက်ကတော့ ကျားကို ဘယ်ကြောက်တတ်ပါ့မလဲ”
သို့သော်လည်း ဒါကောင်းသည့်အရာဖြစ်သည်။ စူစူလေး အကြောက်လွန်သွားမှာထက် အများကြီး ပိုကောင်းပါသည်။
သူမသာ အကြောက်လွန်ပြီး ငိုသွားလျှင် ဘယ်လိုချော့ရမလဲ ချင်းယုကျိုးသိမှာ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူ့မှာ ကလေးထိန်းဖူးသည့် အတွေ့အကြုံမရှိပါ။
အန္တရာယ်ကြုံလိုက်ရချိန် ချင်းယုကျိုးတစ်ယောက် ဦးထုပ်ကျွတ်သွားတာကို သတိမထားမိလိုက်ချေ။ ချင်းယုကျိုး၏ ခေါင်းပေါ်ကို ဟူကျစ်တက်နေပါသည်။
ပါပါရာဇီတစ်ယောက်က ခပ်လှမ်းလှမ်းမှ သူတို့ ဓာတ်ပုံတွေကို အားရပါးရရိုက်နေမှန်း ချင်းယုချဲကော ချင်းယုကျိုးကော မသိကြပါ။
ထို့နောက် ချင်းယုကျိုးနဲ့ ချင်းယုချဲတို့ စူစူလေးနဲ့အတူ ဆက်လျှောက်လည်ခဲ့ပြီး စားလိုက်သောက်လိုက် ရှော့ပင်ထွက်လိုက်နဲ့ အချိန်ကုန်ဆုံးခဲ့ကြသည်။
ညီအစ်ကိုနှစ်ယောက်စလုံးမှာ စုထားသည့် ငွေတွေ အများကြီး ရှိပါသည်။ ချင်းယုကျိုးလည်း အနုပညာအလုပ်တွေ လုပ်တုန်းက စုထားသည့် ငွေတွေရှိသည်။ သူက ငွေအသုံးကြမ်းသူ မဟုတ်သဖြင့် စုငွေတွေ အများကြီး ကျန်နေပါသေးသည်။
ချင်းယုချဲက အိမ်မှာနေပြီး အပြင်သိပ်မထွက်ဘူးဟု ထင်ရသော်လည်း ဆုတွေအများကြီး ရဖူးပြီး တစ်ခါတလေ သူ့ကို သီးသန့်ဖိတ်ကြားသည့် အလုပ်တွေကြောင့် ဝင်ငွေရှိခဲ့ပါသည်။ ဥပမာအားဖြင့် အကျော်အမော်ကြီးများ၏ Private ညစာစားပွဲတွေမှာ လာရောက် ချက်ပြုတ်ပေးရတာမျိုးဖြစ်သည်။
ဆုတွေအများကြီး ပိုင်ဆိုင်ထားသည့် ထိပ်တန်း စားဖိုမှူးတစ်ယောက်ဖြစ်တာကြောင့် ချင်းယုချဲကို ဖိတ်ကြားဖို့ဆို တော်ရုံငွေနဲ့ မရပါ။ ထို့အပြင် ချင်းယုချဲကလည်း ငွေသုံးနည်းသူဖြစ်သည်။
သို့သော် မိသားစုနဲ့ ပတ်သတ်လာရင်တော့ ညီအစ်ကိုတွေက အလွန်ရက်ရောပါသည်။ စူစူလေးက မိသားစု၏ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သဖြင့် လိုချင်တာ ဘာမဆို ပိုင်ဆိုင်ပြီး ပြည့်ပြည့်စုံစုံနဲ့ ကြီးပြင်းလာသင့်သည်။
ရှော့ပင်းမောထဲ တစ်ပတ်လောက် ပတ်ပြီးနောက် ချင်းယုချဲနဲ့ ချင်းယုကျိုးတို့ ညီအစ်ကိုနှစ်ယောက် စက္ကူအိတ် အလုံး ၂၀ ကျော်လောက်ကို သယ်ထားရပါပြီ။
စူစူလေးက ဘာမှမတောင်းဆိုသော်လည်း ချင်းယုချဲနဲ့ ချင်းယုကျိုးတို့က စူစူလေးအတွက် သင့်တော်မည့် ပစ္စည်းလေးများကို မြင်ပြီး ဝယ်ပေးထားခြင်းဖြစ်သည်။
စူစူလေးက သူမကိုယ်သူမ ဆင်းရဲသည်ဟု ထင်နေပြီး သူတို့ကို ပိုက်ဆံမသုံးခိုင်းချင်ပါ။ သို့သော်လည်း နှစ်ယောက်စလုံးက သူမကို တွေ့တာဝယ်ပေးဖို့ စိတ်အားထက်သန်နေကြသည်။
ဂါဝန်လှလှလေးများ၊ ဖိနပ်လှလှလေးများ၊ လက်ဝတ်ရတနာလေးများ၊ အရုပ်လေးများ စသည်ဖြင့်…။ စူစူလေး ဒါတွေကို တကယ်ဝတ်ပါ့မလားဆိုတာတောင် ထည့်မတွက်ကြပါ။
ဟူကျစ်ကလည်း မျက်နှာမငယ်ရပေ။ တိရိစ္ဆာန်အသုံးအဆောင် ပစ္စည်းများ၊ ကြောင်စာဘူးများ၊ ဇိမ်ကျကျ အိပ်နိုင်မည့် အိပ်ရာလေးတောင် ပါသေးသည်။ သယ်ဖို့ခက်ခဲသည့် ပစ္စည်းတွေကို ဆိုင်ဝန်ထမ်းတွေက အိမ်အရောက် ပို့ဆောင်ပေးပါလိမ်ိ့မည်။
စူစူလေး ပင်ပန်းသွားသောအခါ ချင်းယုချဲက ဆိုင်ကို ပြန်သွားပြီး ချင်းယုကျိုးက စူစူလေးကို ခေါ်ပြီး ချင်းအိမ်တော်သို့ ပြန်လာခဲ့ပါသည်။
အိမ်ပြန်ရောက်မှ သူ့ဖုန်း ဘက်ထရီကုန်နေမှန်း ချင်းယုကျိုး သတိထားမိသည်။
အိပ်ခန်းထဲကို ဝင်လာပြီး ဖုန်းအားသွင်းလျက် ပါဝါပြန်ဖွင့်လိုက်သည်။ ပါဝါဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် အသိပေးချက် မက်ဆေ့များ စုပြုံတက်လာခဲ့ပါသည်။
မဖတ်ရသေးသော မက်ဆေ့များနဲ့၊ Missed Call များစွာလည်း ပါဝင်သေးသည်။
ချင်းယုကျိုး သက်ပြင်းချလိုက်၏။ စိတ်ထဲကလည်း သတင်းဆိုးတွေ ထပ်ကြားရတော့မည်ဟု ယုံကြည်သွားသည်။
မက်ဆေ့တွေကို ဖတ်ကြည့်ဖို့ တွန့်ဆုတ်နေသော်လည်း ဒီတိုင်းထားလို့ မဖြစ်မှန်း သူနားလည်ပါသည်။
ပြဿနာတွေက ဖြစ်ပြီးသွားပြီဖြစ်သဖြင့် ရင်ဆိုင်ဖို့သာ ရှိတော့သည်။
ကံကောင်းစွာဖြင့် ဒီနေ့ သူအနည်းငယ် ပျော်ခဲ့ရပါသည်။ နေ့လယ်ခင်းတုန်းက ချင်းယုချဲ၊ စူစူလေး၊ ဟူကျစ်တို့နဲ့ လျှောက်လည်ခဲ့ရသဖြင့် သူစိတ်အနည်းငယ် ရွှင်နေသည်။
အဆိုးဆုံးကို မျှော်လင့်လျက် ချင်းယုကျိုး မက်ဆေ့တွေကို ဖွင့်ဖတ်ကြည့်လိုက်သည်။
… … …