အခန်း (၃၀၁-၃၀၂)
Vol. 13 Ch. 301-302
အခန်း(၃၀၁) ချစ်စရာကြောင်ပေါက်လေးက သူများကို တိုက်ခိုက်ပါ့မလား (၁)
ချင်းယုဟွိုင်းက စူစူလေးကို ချီလိုက်ပြီး သိမ်မွေ့စွာ မေးလိုက်ပါသည်။ “ဒီကို ဘယ်လိုရောက်လာတာလဲ”
“ဟူကျစ် ထွက်ပြေးသွားလို့လေ!”။ စူစူလေးက သူမ ရင်ခွင်ထဲက ဟူကျစ်ကို လက်ညှိုးထိုးပြပြီး အမြန် ရှင်းပြလိုက်သည်။
သူမ မလိမ္မာတာ မဟုတ်ပါ။ ဟူကျစ်ကြောင့် ဖြစ်သည်။ သူမက အလွန် လိမ္မာပါသည်။
ချင်းရှင်းကျစ်က ရှုထျန်းဖေးတို့ နှစ်ယောက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပုံကို နည်းနည်းလေးမှ ဂရုဏာမသက်ဘဲ ပြောလိုက်ပါသည်။ “ဘော့စ်ရှုနဲ့ ဘော့စ်ကျန်းတို့ ဘယ်လိုဖြစ်တာလဲ။ ဒီလို မြေတွင်းထဲ ဘာဝင်လုပ်နေကြတာလဲ”
အသက်ဘေးမှ သီသီလေး လွတ်လာသည့် ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့ ချင်းရှင်းကျစ်ကို ရန်လိုစွာ စိုက်ကြည့်လိုက်ကြသည်။
ကျန်းကျန့်မင်က ဒေါသတကြီး ပြောလိုက်၏။ “ခင်ဗျားကများ ကျုပ်တို့ကို လာလှောင်ရဲသေးတယ်ပေါ့။ အဲ့ဒီ သောက်ကလေးနဲ့ သူ့ကြောင်ကြောင့် ဒီလိုဖြစ်ရတာ! အဲ့ဒီကြောင်စုတ်က သူများကို တိုက်ခိုက်တယ်! အခုချက်ချင်း အဲ့ကြောင်ကို သတ်ပြစ်ရမယ်!”
ကြောင်ကြောင့် ဒီလိုဖြစ်ရတာ?
ထိုစကားကို ကြားသောအခါ စူစူလေးနဲ့ ဟူကျစ်တို့ကို အားလုံး ဝိုင်းကြည့်လိုက်ကြသည်။
ဟူကျစ်က အလွန်သေးငယ်လွန်းသဖြင့် နို့မပျက်သေးသော ကြောင်ပေါက်လေးဟုပင် ထင်ရသည်။
ဒီကြောင်ပေါက်လေးက ဒီလိုဒဏ်ရာတွေ ရအောင် တကယ်လုပ်နိုင်လို့လား။
အားလုံး ယုံရခက်ခဲနေပါသည်။
ချင်းယုဟွိုင်းက စူစူလေးကို ငုံ့ကြည့်လိုက်သည်။ စူစူလေးက ဘာသံမှမထွက်ဘဲ ချင်းယုဟွိုင်း ရင်ခွင်ထဲမှာ တိတ်ဆိတ်နေပါသည်။
ဟူကျစ်ကလည်း စူစူလေး ရင်ခွင်ထဲမှာ ဝင်ပုန်းနေပြီး မျက်နှာတောင် မပြရဲပါ။
ဘာလို့လဲဆိုတော့… သူတို့လက်ချက်ကိုး…။
ချင်းရှင်းကျစ်က သူ့ညီမလေးနဲ့ သူ့ညီမလေးရဲ့ကြောင်လေးကို ဒီလို မဟုတ်မမှတ်စွပ်စွဲတာမျိုး လက်မခံနိုင်ဘဲ ဒေါသတကြီး ပြန်ပြောလိုက်သည်။ “ခင်ဗျားတို့ ဘာတွေလာပြောနေတာလဲ။ ကျုပ်ညီမလေးနဲ့ သူ့ကြောင်လေးက ခင်ဗျားတို့ကို ဒီလိုဖြစ်အောင် လုပ်နိုင်တယ်ပေါ့။ ယောက်ျားကြီးတွေဖြစ်ပြီး အရှက်မရှိကြဘူးလား”
“ဘယ်သူက အရှက်မရှိတာလဲ။ ခင်ဗျားမျက်လုံးနဲ့ သေချာမြင်အောင်ကြည့်စမ်းပါ ချင်းရှင်းကျစ်။ ဘော့စ်ရှုကိုယ်ပေါ်က ဒဏ်ရာတော်တော်များများက အဲ့သောက်ကြောင်ရဲ့ လက်ချက်ပဲ!”။ ကျန်းကျန့်မင်က ဒေါသတကြီး ပြောလိုက်ပါသည်။
သနားစရာ ရှုထျန်းဖေးတစ်ယောက် ဝက်ခေါင်းလို မျက်နှာတစ်ခုလုံး ဖောင်းကားယောင်ကိုင်းနေပြီး စကားပြောဖို့တောင် ခက်ခဲနေသဖြင့် မကျေနပ်သော အကြည့်များဖြင့်သာ ကြည့်နေနိုင်တော့သည်။
“ငါတို့ကို လာမစွပ်စွဲနဲ့နော်! မင်းတို့ဖာသာ မြေတွင်းထဲပြုတ်ကျပြီး ဒဏ်ရာရတာ မင်းတို့ကိစ္စပဲ! ငါတို့ကို လာမလွှဲချနဲ့!”။ ချင်းရှင်းကျစ်က စူစူလေးနဲ့ ဟူကျစ်တို့ကို ကာကွယ်ပေးလိုက်ပါသည်။
“သေချာကြည့်စမ်းပါ။ ဘော့စ်ရှုရဲ့ မျက်နှာပေါ်က ဒဏ်ရာတွေက ပြုတ်ကျလို့ ရတဲ့ဒဏ်ရာနဲ့ တူနေလို့လား။ မြေတွင်းထဲ ပြုတ်ကျပြီး ဒီလိုဒဏ်ရာ ရသွားတဲ့လူမျိုး ခင်ဗျား မြင်ဖူးလို့လား”။ ကျန်းကျန့်မင် ဒေါသထွက်သွာသည်။
“အဲ့တာက…”။ ချင်းရှင်းကျစ်လည်း ရှုထျန်းဖေး၏ ဖူးယောင်နေသော မျက်နှာကို ကြည့်ရင်း အမြင့်မှ ပြုတ်ကျပြီး ရသည့် ဒဏ်ရာ မဟုတ်လောက်ဟု တွေးမိသွားသည်။
သာမန်လူတစ်ယောက် အမြင့်မှ ပြုတ်ကျပြီး ဒီလိုဒဏ်ရာမျိုး မရနိုင်ပါ။
သေချာစဉ်းစားပြီးနောက် ချင်းရှင်းကျစ် ပြန်ချေပလိုက်သည်။ “ကျုပ်က ဘယ်လိုသိမှာလဲ။ ခင်ဗျားတို့ နှစ်ယောက် မကောင်းတာတွေ လုပ်လွန်းလို့ ကံခေပြီး ပြုတ်ကျတုန်းက မျက်နှာနဲ့တည့်တည့်ကျလို့နေမှာပေါ့။ ဘယ်ပြောလို့ရမလဲ”
ဘယ်လိုပဲဖြစ်ဖြစ် သူ့ညီမလေးနဲ့ ဟူကျစ်တို့ကြောင့်ဖြစ်တာ မဟုတ်လျှင် အဆင်ပြေပါသည်။
ကျန်းကျန့်မင် ကျိန်ဆဲလိုက်၏။ “ဘာကို မျက်နှာနဲ့ကျရမှာလဲ။ အဲ့ဒီကြောင်စုတ် သောင်းကျန်းသွားတာလို့! အဲ့ဒီ သောက်ကျင့်မကောင်းတဲ့ ကြောင်က လူတွေကို တိုက်ခိုက်နေတယ်! ဥပဒေအတိုင်းဆို အဲ့ဒီကြောင်ကို သတ်ပြစ်မှ ရမယ်!”
သူနဲ့ ဘော့စ်ရှုတို့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်ရုံနဲ့တင် ထိုသားရဲကောင်ကို အကြိမ် ၁၀၀ လောက် သတ်ပြစ်ဖို့ လုံလောက်ပါသည်။
အသတ်ခံရမည်ဟု ကြားလိုက်ရသဖြင့် စူစူလေး ရင်ခွင်ထဲက ဟူကျစ် သနားစရာကောင်းစွာ ညည်းတွားလိုက်လေသည်။
“ကျုပ်ပြောတာ မှားသွားရင်တော့ တောင်းပန်ပါတယ်။ ဒါပေမယ့် အဲ့ဒါ ကြောင်ကြောင့် ရတဲ့ ဒဏ်ရာနဲ့ မတူဘူး။ ဒီကလူတွေထဲမှာ အိမ်မှာ ကြောင်မွေးထားတဲ့လူတွေလည်း ရှိမှာပေါ့။ ကြောင်အကုတ်ခံရဖူးတဲ့ လူတွေလည်း ရှိလိမ့်မယ်။ သူတို့ကို မေးကြည့်လိုက်ရင် ဒါကြောင်တစ်ကောင်ကြောင့် ဖြစ်တဲ့ ဒဏ်ရာတွေ မဟုတ်ဘူးဆိုတာ သက်သေခံပေးနိုင်တယ်”။ ချင်းယုဟွိုင်းက ဝင်ပြောလိုက်သည်။
ချင်းယုဟွိုင်းက သူ့အဖေလောက် ပြတ်ပြတ်သားသား ဝင်မပြောပါ။ စူစူလေးဘက်မှာ မရှိလို့ မဟုတ်ဘဲ စူစူလေးနဲ့ ဟူကျစ်တို့ရဲ့ ခွန်အားကို ထည့်တွက်ကြည့်ခြင်းအားဖြင့် ကျန်းကျန့်မင်ပြောတာ အနည်းငယ် ဖြစ်နိုင်ချေ ရှိနေတာကြောင့် ဖြစ်ပါသည်။
… … …
အခန်း(၃၀၂) ချစ်စရာကြောင်ပေါက်လေးက သူများကို တိုက်ခိုက်ပါ့မလား (၂)
လူအတော်များများက အိမ်မှာကြောင်မွေးထားသလို ကြောင်ကုတ်တာလည်း ခံရဖူးသည်။ ထို့ကြောင့် ချင်းယုဟွိုင်း၏ အဆိုကို ထောက်ခံပေးကြပါသည်။
“အမှန်ပဲ။ ကျွန်တော့်အိမ်မှာ ကြောင် ၂ ကောင်မွေးထားတယ်။ အကုတ်လည်းခံရဖူးတယ်။ သူတို့က လက်သည်းနဲ့ ကုတ်ကြတာ။ ဒါပေမယ့် ဘော့စ်ရှုမျက်နှာပေါ်က ဒဏ်ရာတွေက လက်သည်းဒဏ်ရာတွေနဲ့ မတူဘူးနော်”
“ဟုတ်တယ်။ ကြောင်ကုတ်တဲ့ ဒဏ်ရာက ဒီလိုပုံစံမဟုတ်ဘူး။ ကြောင်တစ်ကောင်ကြောင့် ဒီလို ဒဏ်ရာတွေ ဖြစ်နိုင်တယ်ဆိုတာ စိတ်ကောင်ကူးကြည့်လို့ မရဘူး”
“ဘော့စ်ရှုမျက်နှာပေါ်မှာ ကြောင်လက်သည်းရာတွေနဲ့ ပြည့်နေရင်တော့ ကျွန်တော် ယုံမိလိမ့်မယ်။ ဒါပေမယ့်… အခုတော့ တကယ် မယုံနိုင်ဘူး”
“…”
ကျန်းကျန့်မင် ဆွံ့အသွားသည်။
ရှုထျန်းဖေး၏ ဖူးယောင်နေသော မျက်နှာကိုသာ ကြောင်စီစီ စိုက်ကြည့်နေမိသည်။
ဒီဒဏ်ရာတွေက တကယ်ပဲ သာမန်ကြောင်တစ်ကောင်ကြောင့် ရထားတာနဲ့ မတူပါ။
ဒါပေမယ့် အဲ့ဒီကြောင်စုတ်က သာမန်ကြောင်မှ မဟုတ်တာ! သာမန်ကြောင်တွေက ဒီလောက် အန္တရာယ်များလို့လား။
“ဒီကြောင်က သာမန်ကြောင်တွေနဲ့ မတူဘူး! အရမ်းရိုင်းပြီး ကြမ်းတမ်းတယ်! သူ့ကြောင့် ရတဲ့ဒဏ်ရာတွေကလည်း သာမန်ကြောင်နဲ့ မတူဘူး!”။ ကျန်းကျန့်မင်က ဆက်ရှင်းပြဖို့ ကြိုးစားပါသေးသည်။
အရမ်းကြမ်းတယ်ဟုတ်လား။ ဒီကြောင်ကလေ?။
စူစူလေး ပိုက်ထားသည့် ဟူကျစ်ထံ အားလုံးအကြည့်တွေ ပြန်ရောက်လာသည်။
“မြောင်~”
ဟူကျစ်က ခေါင်းလေး မော့လျက် ညင်ညင်သာသာ အသံထွက်လိုက်ပြီး စူစူလေးရဲ့ ရင်ဘတ်ကို ခေါင်းဖြင့် ဆက်ပွတ်နေပါသည်။ လျှာလေးထုတ်လျက် စူစူလေး၏ လက်ကိုတောင် ဖွဖွလေး လျက်နေသေးသည်။ ထို့နောက် သူ့မျက်နှာသူ လက်သည်းသေးသေးလေးများဖြင့် အယားပြေ ကုတ်လိုက်ပါသည်။
ဒီမြင်ကွင်းကို မြင်ပြီး အားလုံးရဲ့ ခေါင်းထဲမှာ အတွေးတစ်ခုသာ ရှိသည်။
ချစ်ဖို့ကောင်းလိုက်တာ! နှာခေါင်းသွေးလျှံရလောက်အောင် ချစ်ဖို့ကောင်းလွန်းတယ်! ကျန်းကျန့်မင် မဖြစ်နိုင်တာကြီးကို လာလိမ်နေတာလား!
ကျန်းကျန့်မင်ကို လူတွေ မယုံသင်္ကာဖြင့် ဝိုင်းကြည့်ကုန်ကြသည်။ ဟူကျစ်ကြောင့် ကျန်းကျန့်မင်တစ်ယောက် နားရွက်မှ မီးခိုးများ ထွက်နေပါပြီ။
ဒီကြောင်စုတ်ကတော့! အခုမှ သူမဟုတ်သလို လာဟန်ဆောင်နေတယ်! ခုနတုန်းက သူနဲ့ ဘော့စ်ရှုတို့ကို တိုက်ခိုက်တုန်းကကျတော့ မကောင်းဆိုးဝါးတစ်ကောင်လိုပဲ! အခုတော့ ချစ်စရာကောင်းပြီး အားနည်းချင်ယောင် လာဆောင်နေတယ်! ဒေါသထွက်စရာ ပိုကောင်းတာက တခြားသူတွေကလည်း ဒီကြောင်စုတ်ကို အပြစ်ကင်းတယ်လို့ ယုံကြည်နေတာပဲ!
ပုံမှန်ဆို ကျန်းကျန့်မင် အဓိပ္ပာယ်မရှိသည့် စကားတွေ၊ တရားလွန် အလိမ်အညာတွေကို ပြောဆိုရင်တောင် ယုံကြည်သည့် လူတွေ ရှိကြသည်။ သို့သော်လည်း ဒီနေ့တော့ အမှန်တရားတွေ ပြောပြနေတာတောင် ဘယ်သူမှ မယုံကြည်ကြတော့ပါ။
မဟုတ်ဘူး! သူတို့ဒဏ်ရာတွေက ဒီကြောင်စုတ်ရဲ့ လက်ချက်ပဲ! သူနဲ့ ဘော့စ်ရှုတို့ ဒီလိုအခြေအနေရောက်တာ ဒီကြောင်စုတ်ကြောင့် ဖြစ်မှန်း သက်သေပြမှဖြစ်မယ်!
ကျန်းကျန့်မင်က ဆက်ပြောသည်။ “ဒါဆို ကျုပ်တို့ ကိုယ်ပေါ်က အနံ့တွေကိုကော ဘယ်လိုရှင်းမလဲ။ ဘော့စ်ရှုနဲ့ ကျုပ်ကိုယ်ပေါ်မှာ အဲ့ဒီကြောင်စုတ်ရဲ့ သေးနံ့တွေ ဒီလောက် နံဟောင်နေတာ! ကြောင်သေးနံ့က အရမ်း ပြင်းတယ်နော်! ဒါခိုင်လုံတဲ့ သက်သေပဲ”
သူတို့နှစ်ယောက်ကို တွင်းထဲမှ လာထုတ်ပေးသည့် အလုပ်သမားတွေလည်း အနံ့ဆိုးတစ်ခုကို ရခဲ့ပါသည်။ သို့သော် ကျန်းကျန့်မင်ကိုယ်တိုင် ထုတ်ပြောမှ ကြောင်သေးနံ့ဖြစ်မှန်း သိလိုက်ရသည်။
သို့သော် တကယ် ကြောင်သေးနံ့ဟုတ်ရဲ့လား ဆိုတာကိုတော့ ရာနှုန်းပြည့် အတည်မပြုနိုင်သေးပါ။ ကျန်းကျန့်မင်က ချင်းမိသားစုရဲ့ သခင်မလေးနဲ့ သူမကြောင်လေးကို စွပ်စွဲဖို့ တစ်ချိန်လုံး ကြိုးစားနေတာကိုး။
“ဘာသေးနံ့လဲ။ အနံ့ပြင်းတယ်ဆိုရင်တောင် ဟူကျစ်ရဲ့ သေးလို့ အတပ်ပြောလို့မရဘူး! ခင်ဗျားတို့ နှစ်ယောက် တွင်းထဲမှာ ညစ်ပတ်တာ တစ်ခုခု နင်းမိလို့နေမှာပေါ့!”။ ချင်းရှင်းကျစ်က ယုံလည်း မယုံကြည်နိုင်သလို လက်လည်း မခံနိုင်ပါ။
သူ့ညီမလေးရဲ့ ကြောင်က သူ့ညီမလေးလိုပဲ နူးညံ့ပြီး ချစ်ဖို့ကောင်းသည်။ သူများကို အနိုင်ကျင့်ပါ့မလား။
ထို့အပြင် ရှုထျန်းဖေးက ကြမ်းကြုတ်သူဖြစ်သည်။ ကြောင်ပေါက်လေး မပြောနဲ့ ဝံပုလွေကြီးတစ်ကောင်ကိုတောင် ယှဉ်နိုင်စွမ်းရှိလောက်သည်။
ဒါကို သူ့ညီမလေးရဲ့ကြောင်က သူ့ကို အနိုင်ကျင့်တယ်လို့ လာပြောနေတယ်ပေါ့။ အဓိပ္ပာယ်မရှိတာ!
“ခင်ဗျားကြောင် သေးပေါက်သွားတာလို့ ပြောနေတယ်! ဒါကြောင်သေးဗျ! ပြီးတော့ ခင်ဗျားတို့ကြောင်အပြင် ဒီနားမှာ ဘယ်တိရိစ္ဆာန်တွေ့မိလို့လဲ”။ ကျန်းကျန့်မင် အလွန်ဒေါသထွက်လွန်းသဖြင့် မျက်နှာတွေနီ၊ နားတွေ ပူနေပါပြီ။
“ခင်ဗျားတို့သေးလည်း ဖြစ်နိုင်တာပဲ”။ ချင်းယုဟွိုင်းက သွေးအေးစွာ ဝင်ပြောလိုက်ပါသည်။
… … …