← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 13 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 13 Ch. 303-304

အခန်း(၃၀၃) ချစ်စရာကြောင်ပေါက်လေးက သူများကို တိုက်ခိုက်ပါ့မလား (၃)

“မင်းဘာတွေ လာပြောနေတာလဲကွ”။ ကျန်းကျန့်မင် ဒေါသကြောင့် မျက်နှာ အကျည်းတန်သွားသည်။

ရှုထျန်းဖေးလည်း အလွန်ဒေါသထွက်နေပါသည်။ သူ့ဒေါသက ကျန်းကျန့်မင်ထက် ပိုသည်။

သို့သော် သူစကားမပြောနိုင်သဖြင့် မြေကြီးကို လက်သီးဖြင့် ထိုးရင်းသာ ဒေါသကို ဖြေဖျောက်နိုင်သည်။

“ကျုပ်က ဖြစ်နိုင်တာကို ပြောနေတာ။ မြေတွင်းထဲ ပြုတ်ကျသွားတော့ အကြောက်လွန်ပြီး သေးပေါက်ချလိုက်မိတာလည်း ဖြစ်နိုင်တာပဲ”။ ချင်းယုဟွိုင်းက ရှင်းပြလိုက်သည်။ “ပြီးတော့ ခင်ဗျားတို့ အဝတ်အစားတွေပေါ်က သေးကွက်တွေကို ကြည့်ခြင်းအားဖြင့် ကြောင်လေးတစ်ကောင်ပေါက်မယ့် ပမာဏမျိုး မဟုတ်ဘဲ လူကြီးတစ်ယောက်က ပေါက်မယ့် ပမာဏမျိုးနဲ့ ပိုတူနေတယ်”

ထိုအကြောင်းပြချက်က အတော်လေး ယုံကြည်ချင်စရာကောင်းပြီး ဘေးလူတွေလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်ကုန်ကြသည်။

ဟုတ်တာပေါ့။ သေးပမာဏက ကြောင်ပေါက်လေးလက်ချက်လို့ ပြောဖို့အတွက် များလွန်းနေတယ်။

ကျန်းကျန့်မင် ကြက်သေသေသွားရပြန်သည်။

ဒီကြောင်သေးသေးလေးက ဘာကြောင့် ဒီလောက် သေးတွေ အများကြီး ပေါက်နိုင်သလဲဆိုတာ သူလည်း နားမလည်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ထိုကြောင်က သာမန်ကြောင် မဟုတ်ပါ။ ထိုတစ်ချက်တော့ သိသာ ထင်ရှားသည်။

ကျန်းကျန့်မင် မကျေနပ်ပေ။ သူနဲ့ ဘော့စ်ရှုတို့ ဒဏ်ရာတွေက ထိုကြောင်စုတ်ရဲ့လက်ချက်ဖြစ်သည်ဟု တစ်နည်းမဟုတ် တစ်နည်း သက်သေပြရမှ ဖြစ်မည်။

“မင်းတို့က ဝန်မခံချင်ကြဘူးပေါ့ ချင်းယုဟွိုင်းနဲ့ ချင်းရှင်းကျစ်။ ဒါဆိုလည်း လုံခြုံရေး ကင်မရာတွေကို စစ်ကြည့်ကြတာပေါ့! သတ္ထုတွင်းမှာ လုံခြုံရေး ကင်မရာတွေနဲ့ ပြည့်နေတာမဟုတ်ဘူးလား။ ဗီဒီယိုမှတ်တမ်းကို အခုချက်ချင်း ထုတ်ပြ! အဲ့ဒီ ကြောင်စုတ်လက်ချက် ဟုတ်မဟုတ် ကြည့်ကြသေးတာပေါ့!”။ ကျန်းကျန့်မင် ဒေါသတကြီး စိန်ခေါ်လိုက်ပါသည်။

သူတို့ ချင်းမိသားစုကို ဘာမှမလုပ်နိုင်ရင်တောင် ထိုကြောင်စုတ်ကို တစ်ခုခုလုပ်ရမှဖြစ်မည်။

ထိုသို့ပြောပြီးနောက် ကျန်းကျန့်မင်က သတ္ထုတွင်းရှိ အလုပ်သမားများကို လှည့်ပြောလိုက်သည်။ “မြန်မြန်လုပ်ကြလေ! ငါအခုချက်ချင်း လုံခြုံရေး မှတ်တမ်းကို မြင်ချင်တယ်!”

အလုပ်သမားတွေလည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကုန်ကြပြီး ကျန်းကျန့်မင်၏ တောင်းဆိုချက်ကို လိုက်လျောသင့် မလိုက်လျောသင့် ဝေခွဲရခက်ကုန်ပါသည်။

ခေတ္တစဉ်းစားပြီးနောက် တာဝန်ရှိသူ မန်နေဂျာလီက ဝင်ပြောလိုက်သည်။ “ခင်ဗျားတို့ ဒဏ်ရာတွေက မသေးဘူးနော်။ လူနာတင်ကား အရင်ခေါ်ပေးရမလား”

“လုံခြုံရေးမှတ်တမ်းတွေ အရင်မြင်ချင်တယ်လို့! ကျုပ်တို့ အချိန်ဆွဲလိုက်ရင် တစ်ယောက်ယောက်က မှတ်တမ်းတွေကို ဖျက်ဆီးသွားနိုင်တယ်!”။ ကျန်းကျန့်မင်က ဆိုသည်။

“ဟုတ်ပါပြီ။ ဒါဆိုလည်း သွားကြည့်ကြတာပေါ့”။ မန်နေဂျာလီက သဘောတူလိုက်ပါသည်။

ကြောင်တစ်ကောင်ကြောင့် ဒီလိုတကယ်ဖြစ်တာဆိုလျှင် တရားဥပဒေအရ ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့ တောင်းဆိုတာ ဖြစ်သင့်ပါသည်။

ထို့အပြင် ဒီနေ့ ဘာတွေဖြစ်သွားသလဲဆိုတာ မန်နေဂျာလီ သိချင်နေသည်။ ဒီနေ့ကျမှ ဘာကြောင့် တွင်းနက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာတာလဲ သူ သိချင်နေပါသည်။

အရင်တစ်ခေါက် မြေပြိုတုန်းက သတ္ထုတွင်းထဲမှာဖြစ်သည်။

မန်နေဂျာလီက လူနာထမ်းစင်နှစ်ခု ယူလာခိုင်းလိုက်ပြီး ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့ကို တင်ကာ လုံခြုံရေးအခန်းထဲ သယ်သွားကြပါသည်။

မန်နေဂျာလီ၏ တောင်းဆိုမှုဖြင့် လုံခြုံရေးဝန်ထမ်းများက သက်ဆိုင်ရာ လုံခြုံရေးဗီဒီယိုကို ဖွင့်ပြလိုက်သည်။

ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့ ရောက်လာပြီးနောက်ပိုင်း ဘာတွေဖြစ်ပျက်သွားသလဲဆိုတာကို ရှုထောင့်ပေါင်းစုံမှ မှတ်တမ်းတင်ထားပါသည်။

ဗီဒီယိုထဲတွင် ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့နှစ်ယောက် စူစူလေးကို ချဉ်းကပ်ခဲ့ကြသည်။

ဘာတွေပြောလိုက်သလဲ မသိသော်လည်း စူစူလေး ဒေါသထွက်ပြီး မျက်နှာတစ်ခုလုံး စူပုပ်နေမှန်း မြင်သာပါသည်။

သို့သော် သူမ ဘာမှ မလုပ်ခဲ့ပါ။ သူတို့နှစ်ယောက်ကို လက်ဖျားနဲ့တောင် မထိခဲ့ပေ။

ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့ကတော့ အကြံဆိုးအပြည့်နဲ့ လူယုတ်မာအပြုံးများ ပြုံးနေကြပါသည်။

သူတို့ ထွက်သွားဖို့ ပြင်နေစဉ် ကျန်းကျန့်မင်က စူစူလေး၏ ခြေထောက်ကို တက်နင်းလိုက်သည်။

ထိုသို့ တက်နင်းတာကို ဗီဒီယိုထဲ ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။ ကျန်းကျန့်မင် တမင်သက်သက် တင်နင်းသွားခြင်း ဖြစ်မှန်း သံသယဖြစ်စရာမလိုပါ။ ရိုးရိုးတန်းတန်း လမ်းလျှောက်လျှင် စူစူလေး၏ ခြေထောက်ကို လုံးဝ ထိမိမှာတောင် မဟုတ်ပေ။

“ခွေးသား! မင်းကများ ငါ့ညီမလေးခြေထောက်ကို တက်နင်းရဲတယ်ပေါ့!”။ ချင်းရှင်းကျစ်က ကျန်းကျန့်မင်ကို လက်ညှိုးထိုးပြီး ကျိန်ဆဲလိုက်သည်။ “ငါ့ညီမလေးရဲ့ ခြေထောက်နုနုလေးကို မင်းလို လူကြီးတစ်ယောက်က တင်းနင်းပြစ်လိုက်တယ်! အရှက်မရှိတဲ့ကောင်!”

အလုပ်သမားတွေလည်း ကျန်းကျန့်မင်ကို မျက်မှောင်ကြုတ်လျက် ကြည့်ကုန်ကြသည်။

… … …

အခန်း(၃၀၄) ဒေါသထွက်လွယ်ကြသူများ (၁)

အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်က အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေးနဲ့ ရန်ဖြစ်ပြီး ခြေထောက်ကိုတောင် တမင်တကာ တက်နင်းသွားသေးတယ်… ဒီလိုလုပ်ရက်မျိုးက ရွံစရာပဲ။

ကျန်းကျန့်မင်က လုံခြုံရေးဗီဒီယိုကို ဖွင့်ပြဖို့ တောင်းဆိုခဲ့တာ မှန်သော်လည်း သူ့စွပ်စွဲချက်တွေကို သက်သေပြနိုင်ဖို့ မအောင်မြင်သည့်အပြင် လူတွေရဲ့ မျက်စောင်းထိုးမှုကိုပါ ခံလိုက်ရသည်။

ဘေးက အကြည့်တွေကို ခံစားမိပြီး ကျန်းကျန့်မင် ရှက်ရွံ့သွားပါသည်။

“ဒီကိစ္စကြောင့် အာရုံမလွဲကြနဲ့! နောက်ထပ် ဘာဖြစ်မလဲဆိုတာ ဆက်ကြည့်ကြစမ်းပါ!”။ ကျန်းကျန့်မင်က အမြန် ပြောလိုက်ပါသည်။ “ဗီဒီယိုကို ဆက်ကြည့်ကြ!”

လူတွေအားလုံး ကျန်းကျန့်မင်ကို မျက်စောင်းထိုးလိုက်ကြ၏။ ဘာမှ ထုတ်မပြောကြသော်လည်း ရင်ထဲမှာတော့ ရွံရှာသွားကြပါသည်။

ချင်းယုဟွိုင်းက ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူစူလေး၏ ဖိနပ်ကို ချွတ်ပေးလိုက်သည်။

“တူကြီး ဘာလုပ်နေတာလဲ”။ စူစူလေးက မေးသည်။

“ခြေထောက်ပြပါဦး။ နာသွားလား ကြည့်မလို့”။ ချင်းယုဟွိုင်းက စူစူလေး၏ ဖိနပ်ကိုချွတ်ရင်း ပြန်ပြောလိုက်ပါသည်။

“ရပါတယ် မနာပါဘူး။ ဖိနပ်လေး ညစ်ပတ်သွားတာပဲရှိတာ”

“သေချာအောင် စစ်ကြည့်မလို့ပါ”။ ချင်းယုဟွိုင်းက ပြောလိုက်ပါသည်။

“ဟုတ်တယ် ဟုတ်တယ်။ တော်ကြာ ဒဏ်ရာရနေရင် ဘယ်လိုလုပ်မလဲ”။ ချင်းရှင်းကျစ်ကလည်း ထောက်ခံပါသည်။

ဒီလောက် ချစ်စရာကောင်းသည့် ညီမလေး ဒဏ်ရာတစ်ခုခု ရသွားလျှင် ထိုခွေးကောင် ကျန်းကျန့်မင်ကို သူ အသေသတ်မည်။

“ဟုတ်ပါပြီ”။ ဒါဆိုလည်း တူကြီးနဲ့ အစ်ကိုကြီးကို ဖိနပ်ချွတ်ပြလိုက်တာပေါ့။

စနိကာဖိနပ်ကို ချွတ်လိုက်တာနဲ့ စူစူလေးရဲ့ ဖြူဖွေးနူးညံ့သော ခြေထောက်လေး ပေါ်လာပါသည်။

သူမရဲ့ ခြေထောက်လေးက ချင်းယုဟွိုင်း လက်ဖဝါးထက် အများကြီး ပိုသေးပြီး လက်တစ်ဖက်တည်းနဲ့တောင် ဆုပ်ကိုင်နိုင်သည်။

ချင်းယုဟွိုင်းက စူစူလေး၏ ခြေဖဝါးလေးကို ကိုင်ပြီး ရှေ့ပြန်နောက်ပြန် အကြိမ်ကြိမ် စစ်ဆေးလိုက်ပါသည်။

ဒဏ်ရာ မရထားမှန်း သေချာမှ စိတ်ကျေနပ်သွားပြီး ခြေအိတ်နဲ့ ဖိနပ်တို့ကို ပြန်ဝတ်ပေးလိုက်သည်။

စူစူလေး ဘာမှမဖြစ်သော်လည်း ချင်းရှင်းကျစ်နဲ့ သားဖြစ်သူ ချင်းယုဟွိုင်းတို့ ကျန်းကျန့်မင်အား ဒေါသဖြစ်နေဆဲပင်။

လုံခြုံရေးဗီဒီယိုကို ဆက်ကြည့်ခဲ့ကြသည်။

ကောင်းကင်တစ်ခုလုံး လင်းလက်ကာ မိုးချုန်းသံတွေ ထွက်လာပြီး မြေကြီးတွေ အက်ကွဲလာသည်။ ထို့နောက် အက်ကွဲကြောင်းကြီးထဲ ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့ ပြုတ်ကျသွားကြပါသည်။

ထို့နောက် လုံခြုံရေးဗီဒီယိုထဲမှာ သူတို့နှစ်ယောက်ကို မမြင်ရတော့ပါ။

မြေတွင်းက ၃ မီတာလောက် နက်သဖြင့် ကင်မရာက သူတို့နှစ်ယောက်ကို မမြင်နိုင်ပေ။

ဒါကိုတွေ့တော့ ကျန်းကျန့်မင် စိတ်ဖိစီးသွားသည်။ “ဘယ်လိုဖြစ်တာလဲ။ မြေတွင်းထဲကို သေချာမြင်နိုင်တဲ့ ကင်မရာ မရှိဘူးလား”

ရှုထျန်းဖေးလည်း ဒေါသအလွန်ထွက်နေသည်။ သို့သော် မျက်နှာတစ်ခုလုံးဖူးယောင်နေသဖြင့် စကားကောင်းကောင်း မပြောနိုင်ပါ။

“မစ္စတာကျန်း၊ တွင်းအောက်မှာ ဘာတွေဖြစ်နေသလဲ မြင်ရဖို့ဆို တွင်းအပေါ်တည့်တည့်မှာ ကင်မရာတပ်ထားမှ ဖြစ်မှာပေါ့။ ဒါပေမယ့် အဲ့ဒီနေရာက မြေကွက်လပ်ကြီးလေ။ ကင်မရာတွေ တပ်လို့မရဘူး။ ခပ်လှမ်းလှမ်းက ကင်မရာတွေကလည်း တွင်းအောက်ကို မရိုက်နိုင်ဘူး”။ မန်နေဂျာလီက စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

“မရိုက်နိုင်ဘူးဆိုရင် ကျုပ်တို့ကို အဲ့ဒီ သောက်ကလေးစုတ် အနိုင်ကျင့်တာ ဟုတ်မဟုတ် မသိနိုင်တော့ဘူးဆိုတဲ့ သဘောလား”။ ကျန်းကျန့်မင်က ဒေါသတကြီး မေးလိုက်သည်။

“အဲ့လိုတော့ မဟုတ်ပါဘူး။ ကင်မရာတွေထဲမှာ ခင်ဗျားတို့ကို မမြင်ရဘူးဆိုပေမယ့် စူစူလေးကိုတော့ မြင်ရပါသေးတယ်”။ မန်နေဂျာလီက ပြန်ပြောလိုက်သည်။

စူစူလေးကို လုံခြုံရေးဗီဒီယိုထဲမှာ မြင်နေရဆဲဖြစ်သည်။

စူစူလေးက မြေတွင်းအပေါ်မှာ မတ်တပ်ရပ်နေပြီး ဒေါသထွက်နေပုံလည်းပေါ်သည်။ ဘာပဲဖြစ်ဖြစ် သူမ ဖိနပ်ကို တက်နင်းခံထားရတာပဲမဟုတ်လား။ သူမ ဒေါသဖြစ်တာကို ကလေးတွေတင်မဟုတ်ဘဲ လူကြီးတွေကပါ နားလည်ပေးနိုင်ပါသည်။

သို့သော် စူစူလေး တခြား ဘာမှမလုပ်ခဲ့ပါ။

အကူအညီတွေ ရောက်လာသည့်အချိန်အထိ စူစူလေး တွင်းထဲကလူတွေကို ဘာမှ မလုပ်ခဲ့ပါ။

လုံခြုံရေးဗီဒီယိုကိုကြည့်ပြီးနောက် လူတွေက ကျန်းကျန့်မင်ကို မယုံကြည်တော့သည့်အပြင် စူစူလေးဘက်သို့ ရာနှုန်းပြည့် ပါသွားကြပြီဖြစ်သည်။

ဒီကလေးလေးက ဘာမှ မလုပ်ထားဘူး! ကျန်းကျန့်မင်က နစ်နာသူပုံစံ ဟန်ဆောင်နေတာ! အရှက်ကို မရှိဘူး!

… … …

All Chapters