← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 13 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 13 Ch. 305-306

အခန်း(၃၀၅) ဒေါသထွက်လွယ်ကြသူများ (၂)

စူစူလေးက သူမရဲ့ မျက်နှာသေးသေးလေး ထုတ်ပြကာ ကျန်းကျန့်မင်အား လူယုတ်မာအပြုံး ခိုးပြုံးပြလိုက်သည်။ ထို့ကြောင့် ကျန်းကျန့်မင် သွေးအန်မတတ် ဒေါသထွက်သွား၏။

ဒီလူယုတ်မာနှစ်ယောက်ကို သူမ ဘာမှလုပ်မထားပါ။ သူမ ဒေါသအနည်းငယ် ထွက်ခဲ့ရုံသာ ဖြစ်သည်။ ဘယ်သူ့ကိုမှ မရိုက်နှက်ခဲ့သလို လက်ဖြင့်တောင် မထိခဲ့ပါ။

ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့ ဒေါသအထွက်လွန်ပြီး သွေးတွေ တက်လာကြသည်။ အချိန်မရွေး သတိလစ်သွားနိုင်သလို ခံစားလာရကြပါသည်။

တာဝန်ရှိသူ မန်နေဂျာလီက ကျန်းကျန့်မင်အား ပြောလိုက်ပါသည်။ “ဘော့စ်ကျန်း၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ စူစူလေးက ခင်ဗျားတို့ နှစ်ယောက်စလုံးကို ဘာမှ မလုပ်ခဲ့ဘူး။ ခင်ဗျားတို့ကို လက်နဲ့မထိခဲ့သလို တွင်းထဲကိုလည်း ဘာမှ ပစ်မချခဲ့ဘူး။ အဲ့တာကြောင့် ခင်ဗျားတို့ စွပ်စွဲထားတာတွေက အသုံးမဝင်ပါဘူး”

ကောင်းကင်ပေါ်က မိုးကြိုးပစ်တာတွေ၊ မြေပြိုတာတွေက စူစူလေးနဲ့ ပတ်သတ်နေလိမ့်မည်ဟု ဘယ်သူမှ ထင်မှာ မဟုတ်ပါ။ ကျန်းကျန့်မင်ကိုယ်တိုင်တောင် ဒီလို မထင်ပါ။

ထို့ကြောင့် မန်နေဂျာလီ၏ စကားကို ကြားသောအခါ ကျန်းကျန့်မင် ပြန်ချေပဖို့ စကားအစ ရှာမရတော့ပေ။

သို့သော် ကျန်းကျန့်မင် အရှုံးမပေးနိုင်သေးပါ။ သူ အမှန်တရားပြောနေတာဖြစ်သည်။

“မဟုတ်ဘူး အဲ့ဒီကြောင်စုတ်လည်း ရှိသေးတယ်လေ! အဲ့ဒီကြောင်စုတ်က တွင်းထဲခုန်ချပြီး ကျုပ်တို့ကို နှိပ်စက်ခဲ့တာ! ကင်မရာထဲမှာ ပါမလာရုံပဲရှိတာ”။။ ကျန်းကျန့်မင်က ဆက်ပြီး ငြင်းခုံသည်။

“ဒါပေမယ့် တကယ်ကျူးလွန်တာကို ကင်မရာထဲမှာ မမြင်ရဘူးဆိုရင် ဘော့စ်ကျန်းရဲ့ စကားတွေကို ကျွန်တော်တို့ အတည်ပြုလို့ မရဘူးလေ။ ပြီးတော့ ကြောင်ရဲ့အရွယ်အစားကို ကြည့်ခြင်းအားဖြင့် တကယ်ကို မဖြစ်နိုင်လို့ပါ”။ မန်နေဂျာလီက ပြန်ပြောလိုက်သည်။

လုံခြုံရေး ကင်ရာထဲမှာ ကြောင်ကို မြင်ရပါသည်။ သို့သော် တွင်းထဲ ခုန်ချသွားပြီး ခဏနေတော့ ပြန်တက်လာတာကိုသာ မြင်ရသည်။ တွင်းထဲ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါ။

“သောက်တလွဲတွေ! မင်းတို့ အကုန်ရူးနေပြီလား။ အဲ့ဒီအချိန်တုန်းက အဲ့ဒီကလေးစုတ်နဲ့ သူ့ကြောင်စုတ်ပဲ အဲ့နားမှာ ရှိနေတာ! ကျန်းကျန့်မင်ဆိုတဲ့ ငါက ကလေးတစ်ယောက်ကို မဟုတ်မမှန် စွပ်စွဲမလားကွ။ မင်းတို့ကောင်တွေ ဦးနှောက် နည်းနည်းသုံးကြစမ်းပါ”

ကျန်းကျန့်မင်၏ မေးခွန်းကြောင့် ဘေးလူတွေ သူ့ကိုယ်စား ရှက်ရွံ့ကုန်ကြပါသည်။

ချင်းရှင်းကျစ်က လှောင်ပြောင်ကာ ဝင်ပြောလိုက်၏။ “မင်းက ဘယ်လိုလူမျိုးလဲဆိုတာ ဘယ်ပြောလို့ရမလဲ။ အရင်ကတည်းက မကောင်းတဲ့ကိစ္စတွေ လုပ်လာတဲ့ကောင်တွေ မဟုတ်ဘူးလား။ ငါသိထားတာတွေ ရှိတယ်နော်”

စီးပွားရေးသမားချင်းအတူတူ ကျန်းကျန့်မင်အကြောင်း ချင်းရှင်းကျစ် အတော်လေး သိထားပါသည်။

ကျန်းကျန့်မင်က နောက်ကွယ်မှာ မကောင်းသည့် လုပ်ရပ်တွေ အများကြီး လုပ်ဖူးသူဖြစ်သည်။ ဝန်ထမ်းတွေကို ခေါင်းပုံဖြတ်ခြင်း၊ မသမာကြေးများယူခြင်း၊ လာဘ်ထိုးခြင်း စသည်တို့ဖြစ်သည်။

“မင်း မဟုတ်တာတွေ မပြောနဲ့!”။ ကျန်းကျန့်မင် ငေါက်လိုက်သည်။

“မင်းကမှ မဟုတ်တာတွေ ပြောနေတာ! ငါသတိပေးမယ်နော် ကျန်းကျန့်မင်။ မင်း ငါ့ညီမလေးကို မဟုတ်မမှန် ဆက်ပြီး စွပ်စွဲနေဦးမယ်ဆိုရင် အသရေဖျက်မှုနဲ့ တရားစွဲပြစ်မယ်!”

သူ့အဖိုးတန် ညီမလေးကို ဒီလို လူယုတ်မာတွေ နာမည်ဖျက်တာမျိုး အဖြစ်မခံနိုင်ပါ။

ချင်းယုဟွိုင်းကလည်း တည်တည်ငြိမ်ငြိမ်ပဲ ဝင်ပြောလိုက်ပါသည်။ “ဘော့စ်ကျန်း၊ လုံခြုံရေး ဗီဒီယိုထဲ ခဏလောက် ပျောက်သွားတာနဲ့ပဲ ခင်ဗျားတို့ ကိုယ်ပေါ်က ဒဏ်ရာတွေက ဟူကျစ်ကြောင့်ဖြစ်တာလို့ စွပ်စွဲတာက နည်းနည်းချဲ့ကားရာ မကျဘူးလား။”

“သူတို့ကြောင့်မဟုတ်ရင် ငါတို့ဖာသာ ငါတို့ ဒဏ်ရာရအောင် လုပ်ရမှာလားကွ!’

“ဖြစ်နိုင်တာပဲ။ ခင်ဗျားတို့ ကိုယ်ပေါ်က ဒဏ်ရာတွေက လူကြီးအချင်းချင်း ထိုးကြိတ်ကန်ကျောက်ပြီး ရလာတဲ့ ဒဏ်ရာမျိုးတွေ”။ ချင်းယုဟွိုင်းက ပြောလိုက်သည်။

ယခု ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတွေက အတော်လေး သိသာနေပါပြီ။

“သောက်တလွဲတွေ!”။ ကျန်းကျန့်မင် ကျယ်လောင်စွာ အော်လိုက်သည်။ သို့သော်လည်း ယုံကြည်ချက်တော့ သိပ်မရှိတော့ပါ။

အဘယ့်ကြောင့်ဆိုသော် သူတို့ကိုယ်ပေါ်က ဒဏ်ရာအများစုက သူနဲ့ ရှုထျန်းဖေးတို့ အချင်းချင်း မတော်တဆ ထိုးကြိတ်မိရင်း ရလာသည့် ဒဏ်ရာတွေ တကယ်ဖြစ်နေတာကြောင့်ပင်။

ကျန်းကျန့်မင်က တခြားသူတွေကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့ အကုန်လုံး အဲ့လိုထင်နေတာတော့ မဟုတ်ပါဘူးနော်”

… … …

အခန်း(၃၀၆) ဆယ်လီတူလေး (၁)

အားလုံး တိတ်ဆိတ်သွားကြသည်။ စကားဖြင့် ထုတ်မပြောသော်လည်း မျက်နှာတွေကိုကြည့်ခြင်းအားဖြင့် အဖြေကို သိနိုင်သည်။

အမှန်ပင်။ ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့ အချင်းချင်း ထိုးကြိတ်တာက ဟူကျစ်ရဲ့ လက်ချက်ဆိုတာထက် အများကြီး ဖြစ်နိုင်ချေ ပိုရှိနေသည်။

“မင်းတို့… မင်းတို့ အကုန် သောက်တုံးတွေ! မင်းတို့အကုန်လုံး ဒီကလေးမနဲ့ သူ့ကြောင်ကို အပေါ်ယံကြည့်ပြီး လှည့်စားခံနေရတာ!”။ ကျန်းကျန့်မင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ပုံမှန်ဆို သူက သူများတွေအနိုင်ကျင့်ပြီး လှည့်စားခဲ့တာဖြစ်သည်။

ဒီနေ့တော့ သူတစ်ယောက်တည်း အနိုင်ကျင့်ခံနေရတာဖြစ်ပြီး သူ့ဘက်မှာ ဘယ်သူမှ မရှိတော့သဖြင့် ရင်ထဲ ဒေါသတွေ တလိမ့်လိမ့် စုပြုံလာသည်။ အချိန်မရွေး ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတစ်လုံးလိုပင်။

ကျန်းကျန့်မင် ဘေးပတ်လည်ကို ကြည့်လိုက်ရာ လူတွေက သူနဲ့ ရှုထျန်းဖေးတို့ကို ရန်လိုသော အကြည့်များဖြင့် ကြည့်နေမှန်း မြင်လိုက်ရသည်။

“ဘော့စ်ကျန်း၊ ကျွန်တော်တို့က မျက်လုံးနဲ့ တပ်အပ်မြင်ရတာကိုပဲ ယုံကြည်တာပါ။ ကျွန်တော်တို့ ဆုံးဖြတ်တာကို မကျေနပ်ဘူးဆိုရင် ရဲသွားတိုင်လို့ရပါတယ်”။ မန်နေဂျာလီက ကျန်းကျန့်မင်အတွက် ထွက်ပေါက်ကို ယဉ်ယဉ်ကျေးကျေး လမ်းပြလိုက်ပါသည်။

“ပြီးတာပဲ! မင်းတို့ထိုက်နဲ့ မင်းတို့ကံနော်! ငါရဲတိုင်တော့မှာ! ငါရဲတိုင်တော့မှာကွ!”။ ကျန်းကျန့်မင် ဖုန်းဖွင့်လိုက်သည်။ အခုတော့ ဖုန်းလိုင်းတွေ ပြန်မိနေသဖြင့် အံ့အားသင့်သွားရသေးသည်။ ဖုန်းလော့ခ်ကို ဖွင့်ပြီး ဖုန်းနံပါတ်ရိုက်နှိပ်ဖို့ ပြင်လိုက်စဉ် ကျန်းကျန့်မင် တွန့်ဆုတ်သွားရသည်။

သူ ရဲခေါ်လို့ မဖြစ်ပါ…။

သူနဲ့ ရှုထျန်းဖေးတို့က ဒီကိစ္စမှာ နစ်နာသူတွေ တကယ်ဖြစ်ကြသော်လည်း အရင်တုန်းက တရားမဝင်သည့် အလုပ်တွေ အများကြီးလုပ်ခဲ့ဖူးသည်။

တရားမဝင်သည့် အလုပ်တွေ လုပ်ဖူးသူတိုင်းက လိပ်ပြာမလုံဘဲ ရဲတွေကို ရင်မဆိုင်ရဲကြပါ။

အချိန်အတန်ကြာအောင် ဝေခွဲမရဖြစ်ပြီးနောက် ကျန်းကျန့်မင် လူနာတင်ကား ခေါ်ဖို့သာ ဆုံးဖြတ်လိုက်ပါသည်။ ထို့အပြင် ဘော့စ်ရှုနဲ့ သူ့ကို လာသယ်ဖို့ တပည့်တွေကိုပါ ခေါ်လိုက်သည်။

မန်နေဂျာလီလည်း ဒီလိုလူတွေနဲ့ လက်မတွဲဖို့ ပိုလို့တောင် ဆုံးဖြတ်ချက် ပြတ်သားသွားခဲ့သည်။ သူတို့ ဘယ်လောက်ပဲ ကမ်းလှမ်းပါစေ အရေးမကြီးပါ။

သိပ်မကြာလိုက်ဘဲ ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့ကို လာခေါ်သွားကြသည်။

မန်နေဂျာလီက ချင်းရှင်းကျစ်နဲ့ ချင်းယုဟွိုင်းတို့နဲ့အတူတူ လုပ်ငန်းကိစ္စ ဆက်ပြီး ဆွေးနွေးခဲ့ပါသည်။

ခုနက အဖြစ်အပျက်များကြောင့် မန်နေဂျာလီ သူ့ဆုံးဖြတ်ချက်ကို ပိုမို ယုံကြည်သွားပြီး ချင်းမိသားစုနဲ့ လက်တွဲဖို့ သေချာသွားပါသည်။

စာချုပ်စာတမ်းကိစ္စတွေ အပြီးသတ်ပြီးသောအခါ ချင်းရှင်းကျစ်၊ ချင်းယုဟွိုင်းနဲ့ စူစူလေးတို့ ကားဖြင့် အိမ်ပြန်လာကြပါသည်။

စူစူလေးက ချင်းယုဟွိုင်း ရင်ခွင်ထဲမှာ မှီခိုနေသည်။ ချင်းယုဟွိုင်းက စူစူလေးရဲ့ ခေါင်းလေးကို ပွတ်ပေးရင်း မေးလိုက်၏။ “အဲ့ဒီလူကို ဟူကျစ် အနိုင်ကျင့်လိုက်တာလား”

“အွန်း။ ဟူကျစ်လုပ်လိုက်တာ! ငါလည်း သူတို့ကို ထိုးကြိတ်ပစ်ချင်တာ!

“နောက်တစ်ခါဆို ဒီနေ့လိုပဲ သူများတွေ မမြင်အောင်လုပ်နော်”။ ချင်းယုဟွိုင်းက အကြံပေးလိုက်ပါသည်။

စူစူလေးနဲ့ ဟူကျစ်ကို ဆူမည့်အစား ဒီလို အခြေအနေမျိုးနဲ့ ထပ်ကြုံလာရလျှင် စူစူလေးနဲ့ ဟူကျစ်တို့ရဲ့ သဘာဝလွန် စွမ်းအားတွေကို လူမသိအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုသာ သင်ပေးလိုက်ပါသည်။

“ဘယ်လိုလုပ်ရမှာလဲ”။ စူစူလေးက ပြန်မေးလိုက်၏။

“မလောပါနဲ့။ ငါနောက်မှ သင်ပေးမယ်”။ ချင်းယုဟွိုင်းက ကတိပေးလိုက်သည်။

သူ့ဒေါ်လေးကို ကိုယ့်ကိုယ်ကို ကာကွယ်တတ်စေရန် သူသင်ပေးပါမည်။

“ဟုတ်ပြီ”။ စူစူလေး အိပ်ငိုက်လာသဖြင့် ချင်းယုဟွိုင်းပေါ်မှီရင်း သိပ်မကြာလိုက်ဘဲ အိပ်ပျော်သွားလေတော့သည်။

--- --- ---

အိမ်ပြန်ရောက်လာပြီးနောက် စူစူလေး ပုံမှန်အတိုင်းပဲ ညစာစား၊ ရုပ်ပြစာအုပ်ဖတ်၊ ကာတွန်းကားကြည့်ပြီး အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ မိုးတောင် မလင်းသေးသည့် မနက် ၄ နာရီ စွန်းစွန်းအချိန်တွင် ကျယ်လောင်သော ဂစ်တာသံ တစ်သံကြောင့် စူစူလေး လန့်နိုးလာသည်။

စူစူလေး ရီဝေနေသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူမ မျက်နှာလေးက အိပ်ရေးမဝသဖြင့် စူပုပ်နေပါသည်။

ဆူညံသံကြောင့် ဟူကျစ်လည်း နိုးလာပြီး စူစူလေး၏ မျက်နှာလေးကို လျှာဖြင့် လျက်နေသည်။

ခဏစောင့်ကြည့်လိုက်သော်လည်း ဂစ်တာသံက ရပ်မသွားသေးပါ။

စူစူလေး ကုတင်ပေါ်မှ ဆင်းလာလိုက်ရသည်။

အိမ်စီးဖိနပ်သေးသေးလေးများကို စီးရင်း အိပ်ခန်းထဲမှ ထွက်လာပြီး အသံလာရာအရပ်သို့ လိုက်လာခဲ့သည်။

ဖြစ်ချင်တော့ ဂစ်တာသံက ဘေးချင်းကပ်လျက် အခန်းထဲမှ ထွက်နေတာဖြစ်သည်။ ဒါ့ကြောင့် အလွန်ကျယ်နေတာကိုး။

စူစူလေး ထိုအခန်းရှေ့ကိုရောက်လာပြီး စိတ်တိုစွာဖြင့် ခြေထောက်လေးကို မြှောက်လိုက်ပါသည်။

… … …

All Chapters