← Chapters

အခန်း (၃၀၇-၃၀၈)

Vol. 13 Ch. 307-308

အခန်း (၃၀၇-၃၀၈)

Vol. 13 Ch. 307-308

အခန်း(၃၀၇) ဆယ်လီ တူလေး (၂)

စူစူလေး တွန့်ဆုတ်သွားသည်။ တစ်ခုခုကို သတိရသွားသည့်ဟန်ဖြင့် ခြေထောက်ကို ပြန်ချထားလိုက်ပြီး တံခါးလက်ကိုင်ဘုကိုသာ လှည့်ဖွင့်လိုက်ပါသည်။

တံခါးပွင့်သွားသောအခါ အခန်းထဲမှာ လူစိမ်းတစ်ယောက်က ဂစ်တာတီးနေမှန်း မြင်လိုက်ရသည်။

ထို လူစိမ်းက သူ့ကမ္ဘာထဲမှာသူ နစ်မျောနေပြီး ဂစ်တာတီးတာကို ရပ်ဖို့ အစီအစဉ်မရှိပါ။

“ဆူညံမနေနဲ့ဟဲ့!”။ စူစူလေးက စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါသည်။

လူစိမ်းက ဂစ်တာတီးတာကို ရပ်လိုက်ပြီး စူစူလေးကို ကြည့်ကာ စိတ်မရှည်စွာ ပြောလိုက်သည်။ “နင်ဘယ်သူလဲ ငါသိတယ်။ အခု စကားလာမပြောနဲ့ဦး။ ငါတကယ် စိတ်ရှုပ်နေလို့”

ထိုသို့ပြောပြီးနောက် စူစူလေးကို ကျောပေးလိုက်ပြီး ဂစ်တာကြိုးပြန်ညှိကာ ဆက်တီးနေလိုက်ပါသည်။

သူက စိတ်ရှုပ်တယ်ဟုတ်လား။

သူ့ဆူညံသံကြောင့် အိပ်ရာနိုးလာသည့် စူစူလေးက စိတ်ရှုပ်တာထက်ပိုပြီး ဒေါသထွက်နေပါပြီ။

ယခုတော့ သူမ ဒေါသထိန်းချုပ်မရတော့ပေ။ ထို့ကြောင့် ‌ဘေးက နံရံကြီးကို လက်သီးဖြင့် ထိုးလိုက်သည်။

ဝုန်း!

နံရံကြီး တုန်ခါသွားပြီး အက်ကွဲရာတွေ ထင်သွားလေသည်။

“ဘာ ပြော လိုက် တယ်”။ စူစူလေးက ဒေါသအပြည့်ဖြင့် စကားလုံးတစ်လုံးချင်းစီတိုင်းကို ထင်ထင်ရှားရှား ပြောလိုက်ပါသည်။

သို့သော်လည်း လူစိမ်းက သူမကို ကျောပေးထားသဖြင့် နံရံကြီး အက်ကွဲသွားတာကို မမြင်ပါ။

ထို့အပြင် စူစူလေး၏ ကလေးအသံလေးကိုလည်း သူ အရေးမစိုက်ပါ။

“ငါ့ကို လာမနှောင့်ယှက်နဲ့လို့ ပြောနေတယ်”။ ထို လူစိမ်းက ထပ်ပြောလိုက်ပါသည်။

သူ့စကားဆုံးပြီး သိပ်မကြာလိုက်ပေ။ ကျောပြင်တစ်လျှောက် ကြက်သီးမွေးညှင်းများ ထသွားခဲ့သည်။

ထို့နောက် အလွန်ကြီးမားသော အားတစ်ခုက သူ့ကို ထိုင်ခုံပေါ်မှ ဆွဲချလိုက်ပြီး ကုတင်ပေါ် ပစ်တင်လိုက်ပါသည်။

ကုတင်ပေါ်မှာ မျက်နှာနဲ့ ကျပြီး မှောက်ခုံအနေအထား ဖြစ်သွားလေသည်။

ကုတင်ကြီးက နူးညံ့သဖြင့် ကံကောင်းသွားသည်။ မဟုတ်ပါက သူ့မျက်နှာကော၊ ပျက်စီးသွားနိုင်သည်။

ဘာတွေဖြစ်နေသလဲ နားမလည်နိုင်ခင် တစ်စုံတစ်ခုက သူ့ကျောပေါ် ပြုတ်ကျလာလေသည်။ ထိုအရာက အလွန် လေးလံလွန်းသဖြင့် ကျောကို ဖိထားသလို ဖြစ်ပြီး သူလှည့်ကြည့်လို့တောင် မရပါ။

“ဘာလဲဟ!”

ထို လူစိမ်းမှာ ကြက်သေသေသွားရသည်။ ဘာတွေဖြစ်သွားတာလဲ သူလုံးဝ မသိပါ။

ထိုစဉ် ရုတ်တရက်ဆိုသလို ကြီးမားသော အားတစ်ခုက သူ့ဘောင်းဘီကို မြဲမြဲ ဆုပ်ကိုင်လျက် ဆွဲချွတ်လိုက်သည်။ ထိုအခါ အတွင်းခံဖြင့် ဖုံးအုပ်ထားသော သူ့တင်ပါး ထင်ထင်ရှားရှား ပေါ်လာပါသည်။

“လခွမ်း!”။ ထိုလူစိမ်းမှာ တုန်လှုပ်သွားသလို စိတ်လည်းချောက်ချားသွားသည်။

“ဖြောင်း-…”

ထို့နောက် စူးရှ ကျယ်လောင်သော အသံကြီးတစ်ခု အခန်းထဲ ပဲ့တင်သံ ထပ်သွားလေသည်။ ထိုအသံနဲ့အတူ လူစိမ်း၏ တင်ပါးတစ်ခုလုံးလည်း ပူနွေး စပ်ဖျင်းသွားရသည်။

“အား!!!”

ထိုလူစိမ်းက စူစူးဝါးဝါး အော်ဟစ်လိုက်မိသည်။

“ဖြောင်း!” နောက်တစ်ချက်။

“အား!!!” အော်သံ နောက်တစ်သံ။

မကြာမီ အော်သံများကြောင့် အိမ်ထဲက တခြား မိသားစုဝင်တွေပါ လန့်နိုးကုန်ကြသည်။

အရင်ဆုံးရောက်လာသူက အခန်းချင်းနီးသည့် ချင်းယုကျီးဖြစ်သည်။ တွန့်ကြေနေသော အိပ်ရာဝင် အဝတ်အစားများ၊ ဆံပင်တွေကလည်း ရှုပ်ပွလျက် ဖိနပ် တစ်ဖက်တည်းသာ စီးလာနိုင်သည်။

“စူစူလေး! ခွင့်လွှတ်ပေးလိုက်ပါ!”

ချင်းယုကျီးက စူစူလေးကို အပြေးသွားတားလိုက်သည်။

စူစူလေးက နှုတ်ခမ်းစူလျက် မကျေမနပ် ပြောလိုက်ပါသည်။ “ငါအိပ်နေတာကို သူနှောင့်ယှက်တယ်!”

သူမ မျက်နှာလေးမှာ အိပ်ရေးမဝတာကော ဒေါသတွေကော ပေါင်းစပ်လို့နေသည်။

“ငါသိပါတယ် သိပါတယ်! ငါလည်း ဒီဘက်ခန်းက ဂီတာသံကြားတယ်။ သူက လူဆိုးမှန်းသိပါတယ်။ ဒါပေမယ့် သူ့တင်ပါးကို မရိုက်နဲ့တော့နော်”

ချင်းယုကျီး နောင်တရသွားပါသည်။ ဂီတာသံ ကြားကတည်းက သတိဝင်ပေးခဲ့သင့်တာဖြစ်သည်။

သတိပေးဖို့ သူအိပ်ရာနိုးလာခဲ့သော်လည်း ဂစ်တာသံလေးက သာယာပြီး လွမ်းမောဖွယ်ကောင်းသဖြင့် ချင်းယုကျီး ပြန်အိပ်ပျော်သွားခဲ့တာဖြစ်သည်။

“သူက လူဆိုးကောင်! သူ့ကို ဆူညံသံတွေ မလုပ်ဖို့ပြောတာကို လာမနှောင့်ယှက်နဲ့လို့ ပြန်ပြောတယ်! ငါ ဒေါသထွက်နေပြီ!”

“အဲ…”။

ချင်းယုကျီးတစ်ယောက် တင်ပါးတွေ နီရဲနေသည့် သူ့ဝမ်းကွဲအစ်ကိုအား အနေခက်စွာ ကြည့်လိုက်ပြီး ရုတ်တရက် မသနားမိတော့ပါ။

မနက် ၄ နာရီလောက်ကြီး ဂစ်တာထတီးတာ အပြစ်တစ်ခုဖြစ်သော်လည်း ဒေါ်လေးစူစူကို ဒီလို ပြန်ပြောရဲသည့် အမှုက ပိုကြီးသည်။

… … …

အခန်း(၃၀၈) ဆယ်လီ တူလေး (၃)

အမှန်ပင်။ ဝမ်းကွဲအစ်ကို ချင်းယုကျိုး အချိန်မတော် ဂစ်တာတီးနေရသည့် အကြောင်းအရင်းကို သူသိပါသည်။ ခုတလော ချင်းယုကျိုး ကံခေနေခဲ့ကာ စိတ်ဓာတ်တွေလည်း ကျနေပါသည်။

အဆင်မပြေမှုတချို့ကြောင့် မနေ့ညက ညည့်နက်သန်းခေါင်အချိန်ကြီး ဝမ်းကွဲအစ်ကို ချင်းယုကျိုး အိမ်ပြန်လာရခြင်း ဖြစ်သည်။

စူစူလေးကို ချင်းယုကျီး ဖြောင်းဖြနေစဉ် တခြား မိသားစုဝင်တွေပါ ရောက်ချလာကြ၏။

အဘိုးချင်း၊ အဘွားချင်း၊ ချင်းရှင်းကျစ်၊ ဝမ်ချင််းနဲ့ ချင်းယုဟွိုင်းတို့ အားလုံး ရောက်လာသည်။

မြင်လိုက်ရသောမြင်ကွင်းကြောင့် အားလုံး အံ့အားသင့်သွားကြသော်လည်း အကြောင်းစုံ သိလိုက်ရသောအခါ ချင်းယုကျိုးကို သနားရမလား အပြစ်တင်ရမလား ဝေခွဲမရတော့ပေ။

စူစူလေးကို ကောင်းကောင်းမွန်မွန်သာ ဆက်ဆံခဲ့လျှင် အခုလို ပထမဆုံး တွေ့ဆုံရချိန်မှာ တင်ပါးကို အရိုက်ခံရမှာ မဟုတ်ချေ။

အဘွားချင်းက အနားလျှောက်လာပြီး စူစူလေးကို ပွေ့ချီကာ ကျောပြင်ကို ပွတ်ပေးလျက် ပြန်ချော့သိပ်လိုက်ပါသည်။ “မေမေ့ သမီးလေး ဒေါသမထွက်ပါနဲ့။ ပြန်အိပ်တော့နော်”

အဘွားချင်း၏ သိမ်မွေ့သော ချော့သိပ်သံကြောင့် စူစူလေး ပြန်လည်အိပ်ငိုက်လာသည်။ သူမ မျက်လုံးတွေ ဖြေးညှင်းစွာ ပြန်ပိတ်သွားခဲ့ကာ အသက်ရှူသံတွေလည်း တည်ငြိမ်သွားခဲ့ပါသည်။

ဒီလိုနဲ့ မကြာသေးခင်ကမှ သူများကို ရိုက်နှက် နှိပ်စက်နေသော စူစူလေး အခုတော့ နတ်သမီးလေးလို အေးအေးချမ်းချမ်း ပြန်အိပ်ပျော်သွားခဲ့ပါပြီ။

အဘွားချင်းက စူစူလေးကို အိပ်ခန်းထဲ ပြန်ခေါ်သွားခဲ့သည်။ မသွားခင် အဘိုးချင်းနဲ့ တခြားသူတွေကို အဓိပ္ပာယ်ပါစွာ ကြည့်လိုက်ပြီး တင်ပါးအနာတရဖြစ်သွားသည့် မြေးဖြစ်သူအား သေချာ ရှင်းပြဖို့ အချက်ပြလိုက်ပါသည်။

အဘွားချင်းနဲ့ စူစူလေးတို့ ထွက်သွားသောအခါ ချင်းယုကျီးက မြင်မကောင်းသော ချင်းယုကျိုး၏ တင်ပါးကို စောင်ဖြင့် အုပ်ပေးလိုက်ပါသည်။

“ဝမ်းကွဲအစ်ကို၊ စိတ်အေးအေးထားနော်။ ယောင်တာကိုင်းတာ သက်သာသွားအောင် တစ်ယောက်ယောက်ကို ဆေးယူလာပြီး လိမ်းခိုင်းလိုက်မယ်…”။ ချင်းယုကျီးက ချင်းယုကျိုး၏ ပခုံးကို ပုတ်ပေးလျက် နှစ်သိမ့်လိုက်ပါသည်။

“ဘာတွေဖြစ်သွားတာလဲ”။ ချင်းယုကျိုး ဘာမှ နားမလည်သေးမှန်း သိသာပါသည်။

“ဘာ… ဘာမှ မဟုတ်ပါဘူး”။ ချင်းယုကျီးက နှာခေါင်းပွတ်လျက် ပြန်ပြောလိုက်ပါသည်။ သူ့တင်ပါးကို အသက် ၃ နှစ်ခွဲအရွယ် ဒေါ်လေးက ရိုက်နှက်သွားတာဖြစ်ကြောင်း ချင်းယုကျိုးအား ပြောမပြရဲသေးပါ။

သူ့ဝမ်းကွဲအစ်ကို ချင်းယုကျိုးမှာ တစ်ချိန်တုန်းက နာမည်ကြီး အနုပညာကြယ်ပွင့်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ဒီအဖြစ်အပျက်သာ သတင်းထွက်သွားလျှင် သူ့မျက်နှာ ဘယ်လိုပြရတော့မည်နည်း။

“ဘာမှမဟုတ်ဘူးတဲ့လား။ ငါ့တင်ပါးကို တစ်ယောက်ယောက်ချသွားတာ! ဘယ်သူချသွားတာလဲ။ ခုနက ကောင်မလေးလား”။ ချင်းယုကျိုး မေးလိုက်သည်။

အနည်းငယ် ယုံရခက်သော်လည်း ခုနက အခန်းထဲမှာ သူနဲ့ သူ့ဒေါ်လေးဟု ခေါ်ရမည့် ထိုကောင်မလေးသာ ရှိသည်။

“ဟုတ်… ဟုတ်ပါတယ်။ မင်းကို ဒေါ်လေး ရိုက်သွားတာ။ ဒါပေမယ့် ယုကျိုး၊ မင်းဘက်ကလည်း အမှားပါတယ်လေ”။ ချင်းယုကျီးက နှာခေါင်းကို ပွတ်နေဆဲဖြစ်ပြီး ဆက်ပြောလိုက်ပါသည်။

ချင်းယုကျီးတစ်ယောက် ကိုယ့်ကိုယ်ကိုပင် သတိမထားမိဘဲ စူစူလေးကို ‘ဒေါ်လေး’ဟုခေါ်နေမိပါပြီ။

လူကွယ်ရာမှာတင်မကဘဲ လူတွေကြားထဲမှာပါ ခေါ်ဆိုနေပါပြီ။

စူစူလေးကို ‘ဒေါ်လေး’ဟု ခေါ်သောအခါ ချင်းယုကျီး မရှက်ဘဲ ဂုဏ်ယူဝံ့ကြွားမှုတောင် ခံစားရပါသည်။

“ငါ့ကို ရိုက်သွားတာ တကယ်သူလား။ ဘယ်လိုလုပ်လိုက်တာလဲ။ အဲ့လောက် အားသန်တာလား”။ ချင်းယုကျိုး ကိုယ့်ဘဝကိုယ် သံသယ ဖြစ်သွားသည်။

အရပ် ၁.၈၅ မီတာရှိပြီး သာမန် အလေးချိန်ရှိသည့် အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ကို ထိုင်ခုံပေါ်မှ ဆွဲချကာ ကုတင်ပေါ် အလွယ်တကူ ပစ်တင်သွားသည်။

ဒါမျိုးလုပ်ဖို့ဆိုတာ ကြောက်ဖို့ကောင်းလောက်အောင် အားသန်မှ ဖြစ်မှာ မဟုတ်လား။

အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေးက ဒီလို တကယ်လုပ်နိုင်ပါ့မလား။

“အာ… အဲ… အင်း… ဒေါ်လေးက နည်းနည်းတော့ အားသန်တယ်”။ ချင်းယုကျီးက ပါးနပ်စွာ ရှင််းပြလိုက်သည်။

“ငါ့ကို ထိုင်ခုံပေါ်က ဆွဲချပြီး ကုတင်ပေါ် ပစ်တင်နိုင်ရင် နည်းနည်းအားသန်တယ် ဆိုတာထက် ပိုတယ်။ ငါ့ကို အမှန်တိုင်းပြောစမ်း ယုကျီး။ ငါတို့မှာ ဒေါ်လေးသေးသေးလေး တစ်ယောက် ရထားတယ်ဆိုတာပဲ ကြားထားတာ။ သူဘာတွေ ထူးခြားသလဲဆိုတာ ငါ့ကို ဘယ်သူမှ မပြောပြဘူး”။ ချင်းယုကျိုးက ပြောသည်။

… … …

All Chapters