အခန်း (၃၀၉-၃၁၀)
Vol. 13 Ch. 309-310
အခန်း(၃၀၉) ဆယ်လီ တူလေး (၄)
“ဝမ်းကွဲအစ်ကို အများကြီး မတွေးစမ်းပါနဲ့။ အခု အရေးကြီးဆုံးက မင်းနားဖို့ပဲ။ မင်းသက်သာသွားမှ ကျန်တာ ဆက်ပြောကြမယ်လေ”။ ချင်းယုကျီးက စူစူလေးရဲ့ ခွန်အားအကြောင်း ဆက်မပြောချင်တော့သဖြင့် ချင်းယုကျိုးအား ချော့ပြောလိုက်ပါသည်။
အခုချိန်က သူ့ဝမ်းကွဲအစ်ကို ယုကျိုးကို အများကြီးရှင်းပြလို့ ကောင်းသည့် အချိန်မဟုတ်ပါ။
ချင်းယုကျီးက သူ့အစ်ကိုကြီးကို အကူအညီ လှည့်တောင်းလိုက်သည်။ “အစ်ကိုကြီး မင်းကော ဘယ်လိုထင်လဲ”
ချင်းယုဟွိုင်းက လေသံနက်နက်ရှိုင်းရှိုင်းဖြင့် ပြောလိုက်သည်။ “ယုကျိုး၊ ခုတလော အပြင်ကကိစ္စတွေကြောင့် မင်းဖိအားများနေမှန်း ငါသိတယ်။ ကောလဟာလတွေကြောင့် မင်းအခက်ကြုံနေရပြီး စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်ရတယ်။ အဲ့တာကြောင့် အခု အိမ်မှာ ကောင်းကောင်း အနားယူလိုက်ပါ။ တခြား ဘာမှ သိပ်မတွေးနဲ့”။
အနားယူဖို့ဆိုတာ စိတ်တစ်ခုတည်းကို ပြောတာမဟုတ်ဘဲ တင်ပါးကို အနားယူဖို့လည်း ပါသည်။
“ငါသိပါတယ်”။ ချင်းယုကျိုးလည်း တခြား ကိစ္စတွေပြောဖို့ စိတ်မပါပေ။
ချင်းယုကျိုး ခုတလော ဘာကြောင့် ကံတွေ ခေနေမှန်းမသိပါ။ အလကားနေရင်း သူများ သွားပုပ်လေလွင့် စွပ်စွဲတာကို ခံခဲ့ရသည်။ ပထမတော့ အိမ်ထောင်ရှိ အနုပညာရှင် အမျိုးသမီးတစ်ယောက်နဲ့ ကောလဟာလတွေ ထွက်ခဲ့သည်။ ထို့နောက် မိန်းကလေး ပရိတ်သတ်တစ်ယောက်နဲ့ မကောင်းသတင်းတွေလည်း ထွက်လာခဲ့ပါသည်။
ထို့နောက် သူ သီချင်းဆိုလျှင် ကီးကြောင်တတ်ကြောင်း၊ သရုပ်ဆောင် မကောင်းကြောင်း၊ စိတ်ကြီးဝင်နေကြောင်း စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ပြောဆိုခံရပြီး တိုက်ခိုက်ခံခဲ့ရသည်။
အင်တာနက်ပေါ်မှာ နာမည်ဖျက်ခံရရုံတင်မကဘဲ အခွင့်အလမ်းတွေပါ အများကြီး ဆုံးရှုံးခဲ့ရသည်။
ပြဿနာတွေ ခဏရှောင်နေဖို့ အိမ်ပြန်လာတာတောင် သူများ ရိုက်တာ ခံခဲ့ရသည်။
“ဒါနဲ့ ဝမ်းကွဲအစ်ကို။ အင်တာနက်ပေါ်မှာ ပြောနေကြတာ တကယ်ပဲလား။ မင်းနဲ့ အန်းအန်းနဲ့ တကယ် ဖြစ်နေတာလား” ချင်းယုကျီးက စိတ်ဝင်တစား မေးလိုက်၏။
“ငါ့ကို အဲ့လိုလူမျိုးလို့ ထင်လို့လား”။ ချင်းယုကျိုးက ပြန်ပြောသည်။
ချင်းယုကျီး ခေါင်းခါလိုက်၏။ “မထင်ပါဘူး။ ငါတို့ ချင်းမိသားစုက ယောက်ျားလေးတွေက ရည်းစားထားဖို့ အစွမ်းအစ ပါမလာကြဘူး။ အိမ်ထောင်ရှိပြီးသား မိန်းမတွေကို သွားရှုပ်ဖို့မပြောနဲ့ အပျိုတွေကတောင် ငါတို့ကို လှည့်မကြည့်ကြဘူး”
ချင်းမိသားစုအတွင်းရှိ လူပျိုလှည့်စွမ်းရည်က သူတို့မျိုးဆက်ကျမှ ပျက်စီးသွားသည့်အလား။
ဘာပဲဖြစ်ဖြစ် အခုချိန်ထိ ဘယ်သူမှ အောင်အောင်မြင်မြင် ရည်းစားမထားနိုင်ကြသေးပါ။
“ဒါဖြင့်ရင် ဘာလို့ လာမေးနေတာလဲ”။ ချင်းယုကျိုးက ချင်းယုကျီးအား မျက်စောင်းထိုးလိုက်ပါသည်။
“မိန်းကလေး ပရိတ်သတ်နဲ့ဆိုတာကကော။ အဲ့တာ ဘာဖြစ်တာလဲ”။ ချင်းယုကျီးက ထပ်မေးလိုက်သည်။
“မင်းဘာထင်လို့လဲ!”။ ချင်းယုကျိုးက ဒေါသတကြီး ပြန်ပြောလိုက်သည်။
ဒီအသက်ဒီအရွယ်အထိ သူရည်းစားတစ်ခါမှ မထားဖူးမှန်း ကောင်းကင်ဘုံသာ သိပါလိမ့်မည်။
အိမ်ထောင်ရှိပြီးသား အနုပညာရှင်ကော မိန်းကလေးပရိတ်သတ်ကော မျက်နှာတွေကိုတောင် သူ သေချာ မမှတ်မိပါ။
“အဲ့ဒီ Screenshot တစ်ခုခု လွဲနေတယ်လို့ ငါထင်တယ်။ အဲ့လောက် စကားပြောကောင်းနေတာ ကျိန်းသေပေါက် မင်းမဖြစ်နိုင်ဘူး”။ ချင်းယုကျီးက ပြောလိုက်သည်။
“တော်လောက်ပြီ ဘာမှ ဆက်မပြောနဲ့တော့”
ချင်းယုကျီး၏ စကားက ချင်းယုကျိုးကို နှစ်သိမ့်ဖို့ မအောင်မြင်ရုံတင်မကဘဲ ပိုပြီးတောင် စိတ်ဓာတ်ကျသွားစေသည်။
“စိတ်မကောင်းမဖြစ်နဲ့။ မင်းနဲ့ပတ်သတ်တဲ့ ကောလဟာလတွေကို ရှင်းဖို့ ငါနည်းလမ်းရှာလိုက်မယ်”။ ချင်းယုဟွိုင်းက ပြောလိုက်သည်။
ကိုယ့်မိသားစုဝင်တစ်ယောက်နဲ့ ပတ်သတ်သည့် ကောလဟာလတွေကို ဖြေရှင်းပေးရမှာ သူတို့တာဝန်ဖြစ်သည်။
“ဘာမှ အသုံးမဝင်ဘူး။ ကောလဟာလဆိုတာ ဖျောက်ဖို့ ခက်တယ်။ လူတွေကိုက မကောင်းသတင်းဖတ်ရတာကို ကြိုက်ကြတာ။ သတင်းမှန်ဆို ဘယ်သူမှ စိတ်မဝင်စားဘူး”။ ချင်းယုကျိုးက တိုးညှင်းစွာ ပြောလိုက်သည်။
အနုပညာလောကထဲ ၂ နှစ်တာ ဖြတ်သန်းပြီးနောက် ကောလဟာလတွေကို ဖျောက်ဖျက်ဖို့ ဘယ်လောက် ခက်ခဲသလဲဆိုတာ ချင်းယုကျိုး ကောင်းကောင်း သိပါသည်။
“ငါတို့ လုပ်သင့်တာကိုတော့ လုပ်ရမှာပဲ။ ယုံတာ မယုံတာ သူတို့အပိုင်းပဲ”။ ချင်းယုဟွိုင်းက ခေါင်းမာစွာ ပြောလိုက်သည်။
“လုပ်ချင်တာသာ လုပ်ကြ”။
ချင်းယုကျိုးက ခေါင်းအုံးထဲ မျက်နှာအပ်လိုက်ပြီး ဘာပြဿနာကိုမှ ထပ်မစဉ်းစားချင်တော့ပါ။
ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ချင်းယုကျိုးကို ဆက်မနှောင့်ယှက်တော့ဖို့ နှစ်ယောက်သား သဘောတူလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့ကြပါသည်။
မနက် ၇ နာရီထိုးသောအခါ စူစူလေး အချိန်မှန် နိုးလာခဲ့သည်။ ခါတိုင်းလည်း သူမ ဒီအချိန်ပဲ အိပ်ရာထနေကျ ဖြစ်သည်။
သူမ အချိန်နဲ့ သူမ အိပ်ရာထရလျှင် စိတ်တိုတာတွေဘာတွေ မရှိဘဲ အလွန် စိတ်ရွှင်ပါသည်။ ဟူကျစ်ကလည်း အတော်လေး ဖျက်လတ်နေပုံပင်။
စူစူလေး အောက်ထပ်သို့ ပြေးဆင်းလာပြီး ချင်းယုဟွိုင်းဘေးသို့ သွားကာ မေးလိုက်သည်။ “တူကြီး။ အပေါ်ထပ်က ကလေကချေကောင်က ဘယ်သူလဲ”
… … …
အခန်း(၃၁၀) ငါတို့က မိသားစု (၁)
ချင်းယုဟွိုင်းက စူစူလေးကို ပွေ့ချီလိုက်ပြီး သူ့ပေါင်ပေါ် တင်ပေးလိုက်သည်။
ဘယ်တုန်းက အကျင့်ဖြစ်သွားတာလဲ မသိပါ။ စူစူလေးကို တွေ့တိုင်း သူ အလိုလို ပွေ့ချီမိလာသည်။
“စူစူလေး။ အဲ့တာ ကလေကချေမဟုတ်ဘူး။ သူ့နာမည်က ချင်းယုကျိုးတဲ့။ နင့်တတိယအစ်ကိုရဲ့ သားအကြီးဆုံး။ ပြီးတော့ နင့် တူလေးလည်း ဟုတ်တယ်”။ ချင်းယုဟွိုင်းက ရှင်းပြလိုက်သည်။
“တူကြီးတို့လိုမျိုးပဲလား”။ စူစူလေးက ကြောင်စီစီမျက်နှာလေးဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ ငါတို့၊ ယုကျီးတို့ ယုချဲတို့လို တူမျိုးပဲ”
“သူ့ကို မကြိုက်ဘူး။ သူက မလိမ္မာဘူး”။ စူစူလေးက မနှစ်မြို့သော မျက်နှာလေး လုပ်ပြလိုက်သည်။
သူမရဲ့ အိပ်ချိန်ကိုကျ ဖျက်လိုဖျက်ဆီးလုပ်ပြီး သူ့ကိုကျတော့ လာမနှောင့်ယှက်နဲ့လို့ ပြောခဲ့တာ လူကောင်း မဖြစ်နိုင်ဘူး!
“ခုတလော သူ ပြဿနာလေး နည်းနည်းကြုံနေရလို့ စိတ်ညစ်နေတာပါ။ နည်းနည်းလောက် ခွင့်လွှတ်ပေးလိုက်နော်။ ဒါမျိုး သူထပ်မလုပ်အောင် ငါတို့ ဆုံးမလိုက်မယ်”။ ချင်းယုဟွိုင်းက ရှင်းပြသည်။
“အဲ့တာဆို စိတ်မဆိုးတော့ဘူး။ ဒါပေမယ့် သူ့ကို သဘောမကျဘူး။ သူက ချစ်ဖို့မကောင်းဘူး”။ စူစူလေး တတွတ်တွတ် ပြောလိုက်သည်။
ဆိုးသွမ်းပြီး ကိုယ့်ကိုယ်ကို မပြုပြင်သူက ကလေးဆိုးဖြစ်သည်။
“ဟုတ်ပါပြီ။ သဘောပါပဲ”။ ချင်းယုဟွိုင်း လိုက်လျောလိုက်ပါသည်။
ချင်းယုဟွိုင်းက စူစူလေး ကြိုက်တာမကြိုက်တာကို အတင်းတွန်းအား မပေးချင်ပါ။ ယုကျိုးကို သဘောကျတာ မကျတာက သူတို့အပေါ်မှာပဲ မူတည်သည်။ နောက်တစ်ခေါက် ယုကျိုးကို စူစူလေး တွေ့သည့်အခါ ပြေးမရိုက်ရင်ပဲ လုံလောက်ပါပြီ။
“မနက်စာ စားကြရအောင်။ ဒီနေ့ ယုချဲ အိမ်မှာရှိလို့ နင်အကြိုက်ဆုံး ဂဏန်းဥဖက်ထုပ် လုပ်ပေးထားတယ်”။ ချင်းယုဟွိုင်းက ဆိုသည်။
သူမရဲ့ တူချောလေးက သူမအတွက် ဂဏန်းဥဖက်ထုပ် လုပ်ပေးထားသည်ဟု ကြားလိုက်ရတာနဲ့ စူစူလေး မျက်လုံးများ အရောင်တောက်သွားသည်။
ပြောပြောဆိုဆိုနဲ့ ချင်းယုချဲက အငွေ့တထောင်းထောင်း ထနေသော လတ်လတ်ဆတ်ဆတ် ဂဏန်းဥဖက်ထုပ်ဗန်းကြီးကို ကိုင်လျက် မီးဖိုချောင်ထဲမှ ထွက်လာပါသည်။
“တူချောလေး!”။ စူစူလေးက ချင်းယုဟွိုင်း၏ ပေါင်ပေါ်မှ ချက်ချင်း ခုန်ဆင်းပြီး ချင်းယုချဲ၏ ခြေထောက်ကို ပြေးဖက်လိုက်ပါသည်။
ခုတလော ချင်းယုချဲ ဆိုင်မှာ အလုပ်များနေသဖြင့် အိမ်မှာ သိပ်မရှိပါ။ တစ်ပတ်မှာ စူစူလေးနဲ့ အချိန်ခဏသာ ဆုံရသည်။
စူစူလေးက သူ့ခြေထောက်တွေကို လာဖက်သဖြင့် ချင်းယုချဲ ခန္ဓာကိုယ် တောင့်တင်းသွားပါသည်။ သူ့ခြေထောက်ကို ဖက်ထားသည့် သတ္တဝါလေးအား ချင်းယုချဲ ငုံ့ကြည့်လိုက်သည်။
စူစူလေးက ချင်းယုချဲအား အပြုံးကျယ်ကျယ်ဖြင့် မော့ကြည့်နေသည်။
ချင်းယုချဲရဲ့ နှုတ်ခမ်းတွေလည်း သိသိသာသာ ပြုံးမိသွားပါသည်။
“မနက်စာ သွားထိုင်စားလေ။ တခြား စားစရာတွေပါ ချပေးဦးမယ်”။ ချင်းယုချဲက ပြောသည်။
ထို့နောက် ချင်းယုချဲက စူစူလေးကို ထိုင်ခုံပေါ် ပြန်ချီတင်ပေးလိုက်ပါသည်။
အခုမှ အောက်ဆင်းလာသည့် ချင်းယုကျီးလည်း စားပွဲဝိုင်းကို ရောက်လာပြီး မွှေးပျံ့နေသော ရနံ့အားရကာ စနောက်လိုက်ပါသည်။ “အစ်ကိုယုချဲ၊ ဒီဂဏန်းဥဖက်ထုပ်တွေက ငါတို့အတွက်ကော ပါလား”
“အင်း အားလုံးအတွက် လုပ်ပေးထားတာပါ”။ ချင်းယုချဲက ပြန်ပြောလိုက်သည်။
သူက ထုံးစံအတိုင်း စကားနည်းနေဆဲပင်။ စူစူလေးနဲ့သာ စကားများများ ပြောတတ်ပြီး တခြားသူတွေကိုတော့ ပုံမှန်အတိုင်းပဲ စကားပြောပါသည်။
ဒါကိုကြားတော့ ချင်းယုကျီးက ရယ်မောလိုက်ပါသည်။ “စူစူလေးရဲ့ ကျေးဇူးကြောင့် မစ်ရှလင် ကြယ်ပွင့်ရ စာဖိုးမှူးကြီး လုပ်ပေးထားတဲ့ ဂဏန်းဥဖက်ထုပ်တွေ စားရတော့မယ်!”
စူစူလေးကို ဂရုစိုက်တာကြောင့်သာ မဟုတ်လျှင် ပုံမှန်ဆို အေးအေးလူလူ နေတတ်သော ချင်းယုချဲက ဒီလို အလုပ်မအားသည့်ကြားမှ အိမ်ပြန်လာပြီး မိသားစုအတွက် ချက်ပြုတ်ပေးမှာ မဟုတ်မှန်း ချင်းယုကျီး သိပါသည်။
စူစူလေးကြောင့်သာ မဟုတ်လျှင် ဒီနေ့ မနက်စာ စားရမှာတောင် မဟုတ်ပါ။
စူစူလေးအတွက် မနက်စာများကို ပြင်ဆင်နေရင်း ချင်းယုချဲ ခေတ္တရပ်တန့်သွားသည်။ သို့သော်လည်း ဘာမှ ပြန်မပြောခဲ့ပါ။
သူက မလိမ်တတ်ပေ။ ထို့ကြောင့် တိတ်ဆိတ်မှုဖြင့်သာ တုန့်ပြန်နိုင်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် တခြားမိသားစုဝင်တွေလည်း အောက်ဆင်းလာကြပြီး မနက်စာ စားပွဲဝိုင်းမှာ ဝင်ထိုင်ကြပါသည်။
ချင်းယုကျိုးတောင် ထော့နဲ့ထော့နဲ့ဖြင့် အောက်ထပ်သို့ ဆင်းလာသည်။
တကယ်နာသော်လည်း သူဗိုက်ဆာနေပါသည်။ ထို့အပြင် သူ့ အဘိုးအဘွားတွေနဲ့ မတွေ့ရတာကြာပြီဖြစ်သည်။ ထို့ကြောင့် ဂါဝရပြုဖို့ အောက်ဆင်းလာရပါသည်။
မနက်စာစားပွဲသို့ ခက်ခက်ခဲခဲရောက်လာသောအခါ သူ့တင်ပါးတွေ ဖူးယောင်နေရခြင်း၏ တရားခံကို ချင်းယုကျိုး တွေ့လိုက်ရလေသည်။
… … …