← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 13 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 13 Ch. 311-312

အခန်း(၃၁၁) ငါတို့က မိသားစု (၂)

ဆွေမျိုးတော်စပ်ပုံအရဆို ဒါလေးက သူ့ဒေါ်လေးအရင်းဖြစ်သည်။

မနေ့ညက သူမ အိပ်မက်လှလှမက်နေတာကို နှောင့်ယှက်မိခဲ့တာလည်း သူပဲဖြစ်သည်။

ဘယ်လိုပဲကြည့်ကြည့် သူ့ဘက်က အမှားဖြစ်သည်။

သူ့တင်ပါး နီရဲသွားအောင် အရိုက်ခံရရင်တောင် သူမကို ဒေါသမထွက်နိုင်ပေ။

ချင်းယုကျိုး အသက်ဝဝရှူလိုက်ပြီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အားပေးလိုက်ပါသည်။

မစဉ်းစားနဲ့ ဘာမှ မစဉ်းစားနဲ့။ မနေ့က ဖြစ်ခဲ့တာတွေကို အိပ်မက်လို့သာ သဘောထားလိုက်!

“ဟွန်း”။ စူစူလေးက ချင်းယုကျိုးကို မျက်စောင်းထိုးပြီး မျက်နှာလွှဲသွားပါသည်။

ကလေးဆိုးတွေကို သူမ မုန်းသည်။

စူစူလေး မုန်းတာကို ခံရမှာ ချင်းယုကျိုး မျှော်လင့်ထားပြီးသားဖြစ်သည်။ သို့သော် မျက်နှာတောင် လွှဲသွားသဖြင့် ချင်းယုကျိုး စိတ်ဓာတ် ပိုကျသွားရပါသည်။

သူက ပိုပြီး သနားစရာကောင်းနေတာ မဟုတ်ဘူးလား။ သူ့တင်ပါးတွေ ယောင်ကိုင်းတဲ့အထိ အရိုက်ခံထားရတာ! ဒါတောင် သူကပဲ မျက်နှာလွှဲရတယ် ရှိသေးတယ်!

သူ့မျက်နှာကို လူတိုင်း ချစ်ကြသည်။ သူ့ကိုမြင်တိုင်း ပန်းလေးတွေ ပွင့်ကြသည်။ သူ့ရုပ်ရည်တစ်ခုတည်းကြောင့် ပရိတ်သတ်တွေ အများကြီး ရခဲ့ကြသည်။

အခုတော့ အွန်လိုင်းပေါ်မှာ အနိုင်ကျင့်ခံရရုံတင်မကဘဲ လက်တွေ့ဘဝမှာပါ သူများ အထင်သေးတာ ခံနေရပြီပေါ့။

သူ အဲ့လောက်တောင် ဘဝဆိုးသွားပြီလား။

“ယုကျိုး မနက်စာ လာထိုင်စားလေ။ ဒီနေ့ မင်းညီယုချဲက ငါတို့အတွက် ဂဏန်းဥဖက်ထုပ် လုပ်ပေးထားတယ်”။ အဘိုးချင်းက ယုကျိုးကို စားပွဲမှာထိုင်ဖို့ ပြောလိုက်သည်။

“တော်ပါပြီ အဘိုး။ ကျွန်တော် မတ်တပ်ရပ်ပြီးပဲ စားလိုက်ပါ့မယ်”။ ချင်းယုကျိုးက ရှက်ကိုးရှက်ကန်းပြုံးကာ ပြောလိုက်သည်။

သူထိုင်လို့မှ မရတာ!

သူ့တင်ပါး တစ်ခုလုံး ဒီလောက် စူးရှ နာကျင်နေတာ။ အိပ်တာတောင် မှောက်ခုံပဲ အိပ်နိုင်တယ်။

အဘွားချင်းက ချင်းယုကျိုး၏ ဒုက္ခကို သတိထားမိပြီး သိမ်မွေ့စွာ ပြောလိုက်ပါသည်။ “ယုကျိုး။ မနက်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စမှာ မကျေနပ်တာ ရှိရင် အဘွားကို ပြောပါ။ စိတ်ထဲ မျိုသိပ်မထားနဲ့”

“မဟုတ်ပါဘူး။ ကျွန်တော် ဘယ်လိုမှ သဘောမထားပါဘူး။ ဒီမနက်ဖြစ်ခဲ့တဲ့ ကိစ္စက ကျွန်တော့်အပြစ်ဆိုတာ သိပါတယ်။ ကျွန်တော် တစ်ကိုယ်ကောင်းဆန်ပြီး အိမ်ထဲက တခြားသူတွေအတွက် ထည့်မစဉ်းစားမိခဲ့လို့လေ။ ကျွန်တော် စိတ်ဖိစီး နေတာနဲ့ပဲ သူများတွေကိုပါ အနှောင့်အယှက်မပေးသင့်ဘူး”။ ချင်းယုကျိုးက တောင်းပန်လိုက်သည်။

ချင်းယုကျိုး အနည်းငယ် အိပ်ထားသဖြင့် အိပ်ရေးဝကာ စိတ်လည်း တည်ငြိမ်နေပါပြီ။

သူစိတ်ညစ်တာကို မိသားစုအပေါ် ပုံချတာ မကောင်းပါ။

ထို့အပြင် စူစူလေးကလည်း ကလေးလေး တစ်ယောက်သာ ဖြစ်သည်။ သူမရဲ့ အပြုအမူက အနည်းငယ် ထူးဆန်းနေသော်လည်း သူမ မမှားပါ။

မမှားဘူးဆိုတာ သူမ စိတ်ဆိုးပြီး သူ့ကို ရိုက်ချင်စိတ်ဖြစ်သွားတာကို မမှားဘူးဟု ဆိုခြင်းဖြစ်သည်။ သူမရဲ့ ခွန်အားကိုတော့ ချင်းယုကျိုး အခုချိန်ထိ မယုံကြည်နိုင်သေးပါ။

“နင်အဲ့လိုတွေးတာ အဘွားဝမ်းသာပါတယ်”။ တင်ပါးကို အရိုက်ခံရသဖြင့် သူမသမီးလေးကို သူမရဲ့မြေး စိတ်ဆိုးသွားမှာ အဘွားချင်းစိတ်ပူနေတာဖြစ်သည်။

“ဘာမှ မဖြစ်ပါဘူး အဘွား။ စိတ်မပူပါနဲ့။ အဲ့လိုကိစ္စအတွက်နဲ့ ကျွန်တော်သူ့ကို စိတ်မဆိုးပါဘူး။ သူလုပ်တာလည်း မမှားဘူး။ သူတစ်ခုခု အမှားလုပ်ရင်တောင် ကျွန်တော် တကယ် စိတ်မဆိုးပါဘူး”။ ချင်းယုကျိုးက ရှင်းပြလိုက်သည်။

ဒါလေးကို ချင်းယုကျိုး ‘ဒေါ်လေး’ဟုမခေါ်နိုင်သေးသော်လည်း သူမက သူ့မိသားစုဝင်ဖြစ်သည်။ အသက် ၃ နှစ်ခွဲသာ ရှိသေးသည့် မိသားစုဝင်လေးဖြစ်သည်။

အဘွားချင်း မျက်နှာ ပျော်ရွှင်မှုဖြင့် တောက်ပသွားသည်။ “ယုကျိုး။ အပြင်မှာ ဘယ်လိုပြဿနာတွေနဲ့ပဲ ကြုံရကြုံရ အဘွားတို့အိမ်ကို ပြန်လာလို့ရတယ်။ အဘွားတို့ နင့်ကို အမြဲတမ်း အားပေးမယ်။ အခုလည်း အိမ်မှာ နားနားနေနေပဲ နေ။ နင့် ဦးလေးနဲ့ ဝမ်းကွဲအစ်ကိုတို့ ငါ့ကို အကြောင်းစုံ ပြောပြီးသွားပြီ။ အဲ့ဒီ ကောလဟာလတွေအကုန် ဖြေရှင်းဖို့ သူတို့ နည်းလမ်းရှာလိမ့်မယ်”။

“စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ် အဘွား”။ ချင်းယုကျိုးက တောင်းပန်လိုက်သည်။

အနုပညာလောကထဲ ဝင်ရောက်တာ ၂ နှစ်ကြာပြီဖြစ်သော်လည်း နာမည် သိပ်မရခဲ့သဖြင့်အပြင် ကောလဟာလတွေပါ ထွက်လာခဲ့သည်။

သူ့ကိုအမြဲတမ်း အားပေးခဲ့သည့် မိသားစုအား စိတ်ပျက်စေခဲ့ပြီဟု ချင်းယုကျိုး ခံစားနေရသည်။

“အဲ့တာတွေအတွက် တောင်းပန်စရာမလိုပါဘူး။ အဘွားတို့က မိသားစုပဲ ဥစ္စာ။ ကိုယ့်မိသားစုဝင်အတွက် စိတ်ပူပေးတာ သာမန်ပါပဲ”။ အဘွားချင်းက ပြောလိုက်ပါသည်။

… … …

အခန်း(၃၁၂) ကိုယ်အထင်သေးခဲ့မိသည့်လူလို ဖြစ်မလာချင်ပါ

အဘွားချင်းတို့က သူတို့သမီးလေးကို အချစ်ဆုံးဖြစ်သော်လည်း မြေးတွေအားလုံးကိုလည်း ပစ်မထားပါ။

သူတို့အားလုံးက မိသားစု မဟုတ်လား။ တစ်ယောက်ကိုတစ်ယောက် မေတ္တာမရှိ၊ ဂရုမစိုက်ဘဲ နေပါ့မလား။

“ကဲပါ ကဲပါ။ စားကြရအောင်။ အချိန်ထပ်ဆွဲနေရင် ဂဏန်းဥဖက်ထုပ်တွေ အေးကုန်မယ်။ ယုချဲ သေချာ ချက်ပေးထားတာတွေ အလကားမဖြစ်စေနဲ့!”။ အဘိုးချင်းက ပြောလိုက်သဖြင့် အားလုံးလည်း တူတွေ စကိုင်ကြလေသည်။

မိသားစုတစ်စုလုံး မနက်စာစားပွဲဝိုင်းကြီးမှာ ပူပူနွေးနွေး ဂဏန်းဥဖက်ထုပ်များ စားရင်း ရင်ထဲမှာပါ နွေးထွေးသွားကြသည်။

အရင်တုန်းက ခြောက်ခြောက်ကပ်ကပ် ရှိလှသည့် မနက်စာစားပွဲဝိုင်းကြီးမှာ အခုမှ စည်ကားသက်ဝင်လာခဲ့သည်။

စူစူလေး၏ ဖြစ်တည်မှုကို လက်ခံဖို့ ခက်ခဲခဲ့သော ဝမ်ချင်းတောင် နွေးထွေးမှုကို ခံစားလာရသည်။

“အော့-“

မွှေးပျံ့သည့် ဂဏန်းဥဖက်ထုပ်တစ်ခု ဝမ်ချင်းရှေ့သို့ရောက်လာသော်လည်း ဝမ်ချင်း ရုတ်တရက် အန်ချင်စိတ် ဖြစ်သွားသည်။

ဝမ်ချင်း၏ အပြုအမူကြောင့် မိသားစုဝင်အားလုံး စားသောက်နေတာ ရပ်တန့်သွားပြီး သူမကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

“ဘာဖြစ်လို့လဲ”။ ချင်းရှင်းကျစ်က စိတ်ပူစွာ မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး…”။ ဝမ်ချင်းလည်း ကိုယ့်ကိုယ်ကို ဘာဖြစ်သွားသလဲ မသိပါ။ အရင်တုန်းကဆို သူမ ဂဏန်းဥဖက်ထုပ်တွေကို အလွန်ကြိုက်နှစ်သက်သည်။ ထို့အပြင် သူမ တူလေး ယုချဲ၏ အချက်အပြုတ် စွမ်းရည်ကလည်း ကောင်းတာထက် ပိုသည်။

သို့သော်လည်း ဂဏန်းဥဖက်ထုပ်တွေက သူမအတွက် စားချင်စရာကောင်းမနေဘဲ အန်ချင်စိတ်လည်း ဖြ်စမိသည်။

“အော့--”

ဝမ်ချင်းစကားမဆုံးခင် ထပ်ပြီး ပျို့မိပြန်သည်။

ချင်းရှင်းကျစ်က ဝမ်ချင်းကို အမြန်တွဲပေးလိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်စေလိုက်ပါသည်။

ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့လည်း ရေသန့်တွေ၊ တစ်ရှူးတွေယူပြီး ဝမ်ချင်းဆီ ပြေးလာကြသည်။

“အမေ ဘာဖြစ်လို့လဲ။ ဘယ်နေရာ နေလို့မကောင်းလို့လဲ”။ ချင်းယုကျီးက စိတ်ပူစွာ မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ဒီတိုင်း အန်ချင်လို့”။

“ဒီတိုင်း အန်ချင်လို့ဆိုတာ ဘာစကားလဲ။ အရင်တုန်းကဆို မင်း ဗိုက်မကောင်းတာတွေ ဘာတွေ မဖြစ်ဖူးပါဘူး။ ဧကန္တ…”။ ချင်းရှင်းကျစ် ပြောပြောဆိုဆိုနဲ့ တစ်စုံတစ်ခုကို တွေးမိသွားသည်။

သူ့မျက်လုံးများ ပြူးသွားပြီး မိန်းမဖြစ်သူကို မေးလိုက်သည်။” အာ့ချင်း မင်းကိုယ်ဝန်ရှိနေတာတော့ မဟုတ်ပါဘူးနော်”

သား ၃ ယောက်ကို ကိုယ်ဝန်လွယ်ထားရတုန်းက ဒီလို လက္ခဏာတွေ ပြခဲ့မှန်း ချင်းရှင်းကျစ် မှတ်မိပါသည်။

ဝမ်ချင်း ကိုယ်ဝန်ရှိနေနိုင်သည်ဟု ကြားလိုက်ရသောအခါ တခြားမိသားစုဝင်တွေလည်း အံ့အားသင့်ကုန်ကြလေသည်။

အဘိုးချင်းတို့လင်မယားကော၊ ချင်းယုကျီးနဲ့ တခြားမြေးတွေ အားလုံးကော မိသားစုဝင်သစ်တစ်ယောက်ကို မျှော်လင့်နေကြပါသည်။

“မဖြစ်နိုင်တာ!”။ ဝမ်ချင်းက ချက်ချင်း ခေါင်းခါလိုက်ပါသည်။

ဘယ်လိုမှမဖြစ်နိုင်ဘူး!

သူမက အသက် ၅၀ တောင်ရှိတော့မှာ!

ဘယ်လိုလုပ် ကိုယ်ဝန်ရနိုင်မှာလဲ။

ကိုယ်ဝန်ဟူသည့် စကားကို ကြားလိုက်ရတာနဲ့ ဝမ်ချင်း ခေါင်းတွေ ကိုက်ခဲလာသည်။

အသက်ကြီးမှ ကလေးမွေးသည့် အဖြစ်ကို ရှက်စရာကောင်းသည်ဟု သူမ ထင်ခဲ့သည်။

ယခု သူမကိုယ်တိုင်က ကိုယ်ဝန်ရှိနေပြီဆိုလျှင် မျက်နှာဘယ်နားသွားထားရတော့မည်နည်း။

သူမ မလိုချင်ပါ။

သူမ လုံးဝ မလိုချင်ပါ။

“အာ့ချင်း ဖြစ်နိုင်ချေ ရှိတယ်လို့ ကိုတော့ထင်တယ်!”။ ချင်းရှင်းကျစ်က ပြောလိုက်သည်။

ယောက်ျားဖြစ်သည့် ချင်းရှင်းကျစ်က သူ့မိန်းမ ကိုယ်ဝန်ရှိနိုင် မရှိနိုင်ကို ခန့်မှန်းမိပါသည်။

“လုံးဝ မဖြစ်နိုင်ဘူး! မဖြစ်နိုင်ဘူး! အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့!”။ ဝမ်ချင်းက ဘူးခံ ငြင်းလိုက်သည်။ “ရှင်မေ့သွားပြီလား။ အာ့ကျီးကို မွေးပြီးတော့ ကျွန်မ သားကြောဖြတ်လိုက်တယ်လေ!”

သားကြောဖြတ်ခြင်းကိစ္စကို ဝမ်ချင်းကိုယ်တိုင် လိုလိုလားလား လုပ်ခဲ့တာဖြစ်သည်။ သား ၃ ယောက်ဆို လုံလောက်ပြီဟုထင်ကာ ကလေးထပ်မလိုချင်တော့ပါ။

ဒါကိုကြားတော့ ချင်းရှင်းကျစ်လည်း သူ့မိန်းမပြောတာ ဖြစ်နိုင်သည်ဟု တွေးမိသွားသည်။ ထို့ကြောင့် အနည်းငယ် ပြန်ငြိမ်သက်သွားခဲ့ပါသည်။

“ကိုယ်ဝန်ရှိတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဆေးစစ်ကြည့်တာ စိတ်အချရဆုံးပဲ”။ ချင်းယုဟွိုင်းက အကြံပေးလိုက်၏။

“ဟုတ်တယ် ဟုတ်တယ်”။ ချင်းရှင်းကျစ်က ဝမ်ချင်းကို ပြောလိုက်သည်။ “အာ့ချင်း စိတ်ချရအောင် ဆရာဝန်ပြကြည့်ကြစို့နော်။ မဟုတ်ရင် ကိုယ်စိတ်ပူနေရလိမ့်မယ်”

ဝမ်ချင်းလည်း သေချာစဉ်းစားပြီး ခေါင်းငြိမ့်လိုက်ပါသည်။

သူမ ကျန်းမာရေးတစ်ခုခု ဖြစ်မှာကို စိတ်ပူလို့ဖြစ်သည်။ ရင်ထဲမှာလည်း သူမ ခန္ဓာကိုယ် ဘာမှမဖြစ်သလို၊ ကိုယ်ဝန်လည်း ရှိမနေပါစေနဲ့လို့ ဆုတောင်းနေမိ၏။ သူမ အထင်သေးခဲ့သည့် လူမျိုး သူမကိုယ်တိုင် ဖြစ်မလာချင်ပါ။

… … …

All Chapters