အခန်း (၃၁၅-၃၁၆)
Vol. 13 Ch. 315-316
အခန်း(၃၁၅) ဝမ်ချင်း အရှက်ရခြင်း (၂)
အဘွားချင်းက ဝမ်ချင်းကို ကလေးမွေးကိုမွေးရမည်ဟု တွန်းအားမပေးပါ။
ဝမ်ချင်းကို နှစ်သိမ့်ပေးပြီးနောက် ရွေးချယ်ခွင့်လည်း ပေးခဲ့သည်။ ကလေးမွေးတာ မမွေးတာက အမျိုးသမီးတစ်ယောက်၏ ရွေးချယ်မှုဖြစ်ပြီး ဘယ်သူကမှ အမိန့်ပေးလို့မရပါ။
ထို့ကြောင့် အဘွားချင်းကလည်း ချွေးမဖြစ်သူကို ကလေးမွေးပေးရမည်ဟု မတိုက်တွန်းပေ။
ယောက္ခမ၏ စကားလုံးများကို ကြားပြီးနောက် ဝမ်ချင်း အရှက်ရလွန်းသဖြင့် မျက်လုံးချင်း ဆုံအောင်ပင် မကြည့်ရဲတော့ပါ။
အရင်တုန်းက ယောက္ခမဖြစ်သူကို သူမ ရင်ထဲမှ အထင်သေးခဲ့ဖူးသည်။ သူမ အလှည့်ရောက်လာတော့ သူမ ယောက္ခမက အထင်မသေးသည့်အပြင် အငြှိုးလည်းမထားဘဲ သူမ အခြေအနေကို သေချာ သုံးသပ်ပေးသည်။
“အာ့ချင်း အမေပြောတာမှန်ပါတယ်။ မင်းကိုယ်ဝန်ရတာ ကိုယ်အရမ်းပျော်ပေမယ့် ဒီကလေးကို မွေးမယ် မမွေးဘူးဆိုတာ မင်းပဲ ဆုံးဖြတ်ပါ။ မင်းခန္ဓာကိုယ်က ခံနိုင်ရည်မရှိဘူးဆိုရင် ကိုယ်လည်း လုံးဝ မွေးခွင့်မပေးနိုင်ဘူး”။ ချင်းရှင်းကျစ်ကပါ ဝင်ပြောလိုက်သည်။
ဒီကိစ္စမှာ ချင်းရှင်းကျစ်က သူ့အမေနဲ့ အမြင်ချင်းတူညီပါသည်။
ကလေးကို ဘယ်လောက်ပဲ လိုချင်နေပါစေ ကိုယ်ဝန်ဆောင်စဉ် ဒုက္ခခံရမည့်လူက သူ့မိန်းမဖြစ်သည်။ ထို့ကြောင့် သူ့မိန်းမမှာ ဆုံးဖြတ်ခွင့်ရှိပါသည်။
သူ့ဆန္ဒတစ်ခုတည်းကြောင့် သူ့မိန်းမကို ဒုက္ခမခံခိုင်းချင်ပါ။
ဝမ်ချင်းက အားပျော့စွာ ခေါင်းငြိမ့်လိုက်ပါသည်။ အခုချိန်မှာ သူမ ခေါင်းမော့ကြည့်ဖို့တောင် ရှက်လွန်းနေသည်။
ဝမ်ချင်း စိတ်တည်ငြိမ်သွားတာကိုမြင်သောအခါ ချင်းရှင်းကျစ်က ဆရာကြီးရှုယီအား ဆက်မေးလိုက်ပါသည်။ “ဆရာကြီး ရှုယီ။ ခုနကပြောတဲ့ သိပ်မကောင်းတဲ့သတင်းဆိုတာကကော”
ကလေးတစ်ခုခုဖြစ်လို့များလား။
ဒါမှမဟုတ် အာ့ချင်းက ကျန်းမာရေးမကောင်းလို့လား။
“ကလေးနဲ့ မဆိုင်ဘူး။ မင်းမိန်းမ ဗိုက်ထဲမှာ အကျိတ်တစ်ခု ရှိနေတယ်”။ ဆရာကြီးရှုယီက ပြောလိုက်သည်။
ဘာ…။
အကျိတ်ရှိနေတယ် ဟုတ်လား။
ဒါကိုကြားတော့ ဝမ်ချင်းမျက်နှာ ပိုမို ဖြူရော်သွားသည်။
ကိုယ်ဝန်သတင်းကြောင့် ခံစားလိုက်ရသည့် ပျော်ရွှင်မှုသေးသေးလေးတောင် ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့သည်။
တခြားမိသားစုဝင်တွေလည်း မျက်နှာ သွေးမဲ့သွားကြပါသည်။
ချင်းရှင်းကျစ်က ဆရာကြီးရှုယီကို ဆက်မေးလိုက်သည်။ “ဆရာကြီးရှုယီ ကျေးဇူးပြုပြီး ဆက်ရှင်းပြပါ။ ကျွန်တော့် မိန်းမ ဗိုက်ထဲက အကျိတ်က ရိုးရိုးအကျိတ်လား ကင်ဆာအကျိတ်လား။ ဘယ်အဆင့်ရှိနေပြီလဲ”
“ရိုးရိုးအကျိတ်ပါ”။ ဆရာကြီးရှုယီက ပြောလိုက်သည်။
ရိုးရိုးအကျိတ်တဲ့!
ဒါကိုကြားတော့ အားလုံး အနည်းငယ် စိတ်အေးသွားရသည်။
ချင်းရှင်းကျစ်က ဆက်မေးလိုက်၏။ “အဲ့တာဆို ကျွန်တော့်မိန်းမ အန္တရာယ်ရှိနိုင်လား”
“သိပ်မစိုးရိမ်ပါနဲ့။ လောလောဆယ်တော့ သူ့အသက်အန္တရာယ်မရှိပါဘူး”။ ဆရာကြီးရှုယီက ဆိုသည်။
လောလောဆယ် အသက်အန္တရာယ်မရှိဘူးတဲ့လား။
အဲ့တာဆို အန္တရာယ်ကတော့ ရှိနေသေးတဲ့ သဘောလား။
ဝမ်ချင်းက စိတ်ပျော့ပြီး ကြောက်တတ်သူဖြစ်သည်။ ထို့ကြောင့် သတင်းတွေကို ကြားလိုက်ရပြီးနောက် ရုတ်တရက်ကြီး မူးဝေလာပါသည်။
“အာ့ချင်း! မကြောက်နဲ့နော်။ ဘာမှမဖြစ်ဘူး။ ဘာမှ စိတ်ပူစရာမလိုဘူး။ အသက်အန္တရာယ်မရှိဘူးလို့ ဆရာကြီးရှုယီက ပြောပြီးပြီ”။ ချင်းရှင်းကျစ်က ဝမ်ချင်း၏ ကျောကို ပုတ်ပေးရင်း အားပေးလိုက်ပါသည်။
“ယောက်ျား… ကျွန်မကြောက်တယ်”။ ဝမ်ချင်း မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပါသည်။
“မကြောက်ပါနဲ့ ကိုယ်တို့အားလုံး ရှိတယ်”။ ချင်းရှင်းကျစ်က အမြန်ပြောလိုက်သည်။
မိန်းမဖြစ်သူ ဝမ်းနည်းနေတာကို ချင်းရှင်းကျစ် ဘယ်လိုမှ ကြည့်မနေနိုင်ပါ။
ချင်းယုဟွိုင်းက ဝင်မေးလိုက်သည်။ “ဆရာကြီးရှုယီ။ အကျိတ်က ရိုးရိုးအကျိတ်ဆိုရင် ခွဲစိတ်ပြီး ဖယ်ထုတ်လို့ရလား”
“ရတယ်။ ခွဲစိတ်ပြီးထုတ်လို့ရတယ်။ ပြီးတော့ လက်ရှိ သူ့အခြေအနေက အဲ့လောက်ကြီး မဆိုးပါဘူး။ အဲ့တာကြောင့် ဆေးရုံအချိန်မှီသွားပြီး ကုလိုက်ရင် အဆင်ပြေမှာပါ”။ ဆရာကြီးရှုယီက ပြောလိုက်ပါသည်။
ဒါ သတင်းဆိုးမှမဟုတ်တာ!
ဒါကိုကြားတော့ ချင်းရှင်းကျစ်က ဝမ်ချင်းအား အမြန် အားပေးလိုက်သည်။ “အာ့ချင်း ဘာမှမကြောက်နဲ့တော့နော်။ ရိုးရိုးအကျိတ်ဆိုရင် ဒီတိုင်းခွဲစိတ်ထုတ်လိုက်လို့ရတယ်”။
ဝမ်ချင်းလည်း အနည်းငယ် စိတ်သက်သာရာရသွားသည်။
တခြားသူတွေလည်း အခုမှ အသက်ဝဝ ပြန်ရှူရဲတော့သည်။
… … …
အခန်း(၃၁၆) ဝမ်ချင်း အရှက်ရခြင်း (၃)
ချင်းယုကျီးကလည်း ဝင်ပြောသည်။ “အမေ ဒီသတင်းဆိုးက အဲ့လောက်လည်း မဆိုးပါဘူး။ စိတ်အေးအေးထား။ ခဏနေရင် ဆေးရုံသွားကြမယ်။ ပြီးရင် အကျိတ်ကို ခွဲထုတ်လိုက်မယ်။ ဒီခေတ်ကြီးမှာ အဲ့လို ခွဲစိတ်ကုသတာမျိုးက အရမ်းလွယ်နေပြီ”
“ယုကျီးပြောတာ မှန်တယ်”။ ချင်းယုဟွိုင်းကလည်း ထောက်ခံပါသည်။
အားလုံးက ဝိုင်းဝန်းနှစ်သိမ့်ပေးနေသဖြင့် ဝမ်ချင်း စိတ်အခြေအနေ ပြန်လည်တိုးတက်လာပါသည်။
သူမရင်ထဲမှာလည်း တတွတ်တွတ် ရေရွတ်နေမိသည်။
ဒီအကျိတ်ပျောက်သွားရင် အားလုံး အဆင်ပြေသွားမှာပဲ။
“ဒါပေမယ့်… ကျွန်မက ကိုယ်ဝန်ရှိနေတာ။ အဲ့… အဲ့ဒီအကျိတ်က ကလေးကို ထိခိုက်နိုင်လား”။ ဝမ်ချင်း အလွန် စိတ်ပူမိပါသည်။
“ထိခိုက်နိုင်တယ်”။ ဆရာကြီးရှုယီက တဲ့တိုး ပြန်ဖြေလိုက်၏။
ကိုယ်ဝန်ရှိနေသည့်အချိန် ကလေးကို လိုချင်လျှင် အကျိတ်ခွဲစိတ်မှုလုပ်လို့မရပါ။ ခွဲစိတ်ဖို့နေနေသာသာ သောက်ဆေးတချို့ကို သောက်ဖို့တောင် မဖြစ်နိုင်ပါ။
ဝမ်ချင်း ကိုယ်ဝန်ရှိနေသည့် သတင်းကြောင့် အားလုံး အပျော်လွန်နေကြချိန် ရေခဲရေဖြင့် မျက်နှာကို အပက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
အထူးသဖြင့် ချင်းရှင်းကျစ်က နာကျင်နေသော မျက်နှာထားဖြင့် ပြောလိုက်ပါသည်။ “ကိုယ်တို့ ဆေးရုံတက်ပြီး အကျိတ်ကို ထုတ်ကြမယ်”
“အဲ့တာဆို ကလေးကကော”။ ဝမ်ချင်းက ချင်းရှင်းကျစ်အား မေးလိုက်ပါသည်။
သူမ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတော့ သူမ ယောက်ျား အရမ်းပျော်သွားခဲ့တာ မဟုတ်လား။
“ကလေးက မင်းလောက် အရေးမကြီးဘူးလေ။ မင်းကျန်းမာရေးက အရေးအကြီးဆုံးပဲ။ မင်းမရှိတော့ရင် ဒီကလေးကို မွေးလိုက်လည်း ဘာထူးတော့မှာလဲ”။ ချင်းရှင်းကျစ်က ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။
ဝမ်ချင်းက သူမယောက်ျားကို ရီဝေစွာ ကြည့်နေပါသည်။
ချင်းရှင်းကျစ်က သူ့ ညီမလေးကို ချစ်သည်။ သမီးအရင်းလေး တစ်ယောက်ကိုလည်း လိုချင်သည်။ သို့သော် သူ့ရင်ထဲမှာတော့ သူ့မိန်းမက အမြဲတမ်း ပထမဦးစားပေး ဖြစ်ပါသည်။
ဝမ်ချင်း ရင်ထဲ ရှက်ရွံ့မှုတွေ အပြည့်ဝင်ရောက်လာခဲ့သည်။
အရင်တုန်းက စူစူလေးကို သူမ ယောက်ျား ချစ်မြတ်နိုးတာကို မြင်လိုက်ရတိုင်း သူမ မနာလိုဖြစ်ခဲ့မိတာကို ပြန်တွေးမိသည်။
သူမ နှလုံးသားက သဘောထားသေးသိမ်လွန်းသည်ဟု ကိုယ့်ကိုယ်ကို ခံစားလိုက်ရပါသည်။
ဝမ်ချင်း ခေါင်းကိုငုံ့ထားပြီး မျက်လုံးများ နီမြန်းကာ စိုစွတ်လာပါသည်။
ဒါကိုမြင်သောအခါ ချင်းရှင်းကျစ်က စိုးရိမ်တကြီး မေးလိုက်၏။ “အာ့ချင်း ဘာဖြစ်လို့လဲ။ နေလို့မကောင်း ဖြစ်ပြန်ပြီလား”
“ဘာမှမဖြစ်ပါဘူး ကျွန်မ အဆင်ပြေပါတယ်”။ ဝမ်ချင်းက ခေါင်းခါပြီး နှုတ်ခမ်းကိုက်လိုက်သည်။ “အရင်တုန်းက ကျွန်မ တရားလွန်ခဲ့တဲ့ ကိစ္စတွေ ရှိတယ်လို့ ရုတ်တရက်ကြီး ခံစားမိလို့ပါ”
“ဘာတွေလျှောက်ပြောနေတာလဲ။ မင်းက ဘာတရားလွန်တာတွေ လုပ်ခဲ့လို့လဲ”
“အများကြီးပေါ့”
အရင်တုန်းက စူစူလေးကို မွေးစားသမီးလို့ပြောဖို့ ယောက္ခမတွေကို တိုက်တွန်းခဲ့တုန်းကလို။
တခြား သူဌေးကတော်တွေရှေ့မှာ စူစူလေးကို မကောင်းဆိုးဝါးလို့ ခေါ်ခဲ့တုန်းကလို။
“ဟုတ်ပါပြီ။ အဲ့တာတွေ လျှောက်မတွေးစမ်းပါနဲ့။ မင်းအခု လူနာဖြစ်သွားပြီ။ စိတ်ညစ်စရာတွေ မတွေးရတော့ဘူး။ ကျန်းမာနေကောင်းဖို့ပဲ အာရုံစိုက်ထားသင့်တာ”။ ချင်းရှင်းကျစ်က အားပေးလိုက်ပါသည်။
“ဟုတ်တယ် အမေ။ ကျွန်တော်တို့ အခုချက်ချင်း ဆေးရုံသွားပြီး ဆေးကုသမှု သေချာ ခံယူရမယ်”။ ချင်းယုကျီးကလည်း ဝင်ပြောလိုက်သည်။
ဝမ်ချင်း ခေါင်းငြိမ့်လိုက်ပြီး သူမ ယောက်ျား ရင်ခွင်ထဲ တိတ်ဆိတ်စွာသာ ခိုလှုံနေမိတော့သည်။
အဘွားချင်းက ဝမ်ချင်း၏ အဝတ်အစားတွေကို အမြန်ထုပ်ပိုးဖို့ အိမ်စေတွေကို ခိုင်းလိုက်ပါသည်။ ထို့နောက် မိသားစု ဒရိုင်ဘာကို ခေါ်ပြီး ဆေးရုံသို့ အမြန်ထွက်ခဲ့ကြသည်။
အဘိုးချင်းက ပုဂ္ဂလိက ဆေးရုံတစ်ခုကို ဆက်သွယ်ပြီး ဝမ်ချင်းအတွက် VIP လူနာခန်းတစ်ခန်း အသင့် ပြင်ခိုင်းထားလိုက်သည်။ ထို့နောက် သူ့အဆက်အသွယ်တွေကို အသုံးချပြီး ဝမ်ချင်းအတွက် အသင့်တော်ဆုံးဖြစ်မည့် ပါရဂူတွေကို ရှာဖွေခဲ့သည်။
ဝမ်ချင်းကို မိသားစုဝင်များ ဝန်းရံလျက် ဆေးရုံသို့ခေါ်သွားခဲ့ကြပါသည်။ ဆေးရုံကို ရောက်သောအခါ ချက်ချင်း VIP လူနာ ခန်းထဲ ဝင်ပြီး ဆေးစစ်မှုပေါင်းများစွာ ခံယူခဲ့ရသည်။
ဝမ်ချင်းတစ်ယောက် ဘာမှစိတ်ပူစရာ မလိုပါ။
ဆေးစစ်ချက်အဖြေတွေ ထွက်လာသောအခါ ဆရာကြီးရှုယီ ပြောထားတာတွေနဲ့ ကွက်တိ ကိုက်ညီနေပါသည်။
ရိုးရိုးအကျိတ်တစ်ခုဖြစ်နေပြီး ကိုယ်ဝန် ၆ ပတ်လည်း ရှိနေသည်။
ဆေးရုံရှိ ဆရာဝန်များက ကိုယ်ဝန်ကို စွန့်လွှတ်ပြီး ခွဲစိတ်မှုလုပ်ကာ မိခင်၏အသက်ကို ဦးစားပေးဖို့ တိုက်တွန်းသည်။
ထိုအကြောင်းကြားသောအခါ ဝမ်ချင်း ငိုကြွေးခဲ့ရပါသည်။
… … …