အခန်း (၃၂၆-၃၂၇)
Vol. 14 Ch. 326-327
အခန်း(၃၂၆) ချင်းယုကျိုး တကျော့ပြန်လာဖို့ လမ်းစ (၃)
ဘာတွေဖြစ်နေတာလဲ…။
ထိုစဉ် ဖုန်း Ringtone သံ မြည်လာခဲ့သည်။ သူ့အေးဂျင့်က ဖုန်းဆက်နေခြင်း ဖြစ်ပါသည်။
ချင်းယုကျိုး ဖုန်းကိုင်လိုက်ပြီး ဘာမှမမေးနိုင်ခင် အေးဂျင့်ဖြစ်သူ၏ ပျာယာခတ်နေသော အသံကို ကြားလိုက်ရပါသည်။
“ချင်းယုကျိုး ဘာလို့ ဖုန်းပိတ်ထားတာလဲ! နင်အခု အင်တာနက်ပေါ်မှာ နာမည်ကြီးနေတာ သိရဲ့လား”
“အန်းအန်းနဲ့ ကောလဟာလတွေကြောင့်လား” ချင်းယုကျိုးက ပြန်မေးလိုက်သည်။
“မဟုတ်ဘူး! အဲ့ကိစ္စကြောင့်သာဆို ငါနင့်ကိုဖုန်းတောင် ဆက်မနေဘူး။ အခုက သတင်းကောင်းဟ!” အေးဂျင့်က စိတ်လှုပ်ရှားနေသော လေသံဖြင့် ပြောလိုက်ပါသည်။
ချင်းယုကျိုးလည်း လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် ရေပန်းစား အကြောင်းအရာတွေကို ဖွင့်ကြည့်လိုက်သည်။
သေချာပါသည်။ သူ့နာမည်က ထိပ်ဆုံးမှာ ရောက်ရှိနေ၏။ ဖွင့်ကြည့်လိုက်သောအခါ ဗီဒီယို အတိုလေးတစ်ပုဒ် ဖြစ်နေမှန်း မြင်လိုက်ရပါသည်။
ဒီနေ့ နေ့လယ်ခင်းတုန်းက ဆိုင်းဘုတ်ကြီး ပြုတ်ကျလာချိန် သူနဲ့ ချင်းယုချဲတို့ စူစူလေးကို အတူတူ ကာကွယ်ပေးခဲ့ကြသည့် ဗီဒီယိုဖြစ်သည်။
ချင်းယုကျိုး ကောမန့်တွေကို ဖွင့်ကြည့်သောအခါ သူ့ကို ချီးကျူးထားသည့် ကောမန့်များကိုသာ မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရပြန်သည်။
တချို့က သူ့ကို သတ္တိကောင်းသည်ဟု ဆိုသည်။ တချို့ကတော့ သူချီထားသည့် ကလေးမလေးက ချစ်ဖို့ကောင်းသည်ဟု ဆိုကြသည်။ တချို့တွေက သူ့ခေါင်းပေါ်က ကြောင်လေးကို ချစ်မိသွားကြသည်။
တချို့တွေဆို ဘာမသိညာမသိနဲ့ သူနဲ့ ချင်းယုချဲတို့ လိုက်ဖက်ကြသည်ဟုတောင် ပြောနေကြသည်။
အမ်…
အရေးအကြီးဆုံးက အွန်လိုင်းပေါ်မှာ လူပြောများနေသည့် အကြောင်းအရာတွေ ဦးတည်ချက် တဖြည်းဖြည်း ပြောင်းလဲသွားခြင်း ဖြစ်သည်။
ထိပ်ဆုံးရောက်နေသော ကောမန့်များက သူ့ကို တိုက်ခိုက်သော ကောမန့်များ မဟုတ်တော့ဘဲ သူ့ကို ချီးကျူးသော ကောမန့်များ၊ သူ့ကိုယ်စား ပြဿနာတွေကို ရှင်းပြပေးနေသော ကောမန့်များ ဖြစ်သွားကြသည်။
“နင်မြင်လား”။ အေးဂျင့်က မေးလိုက်၏။
“မြင်တယ်…”။ ချင်းယုကျိုး ပြန်ပြောလိုက်ပါသည်။
“အဲ့ကလေးမလေးက ဘယ်သူလဲ။ နင့်တူမလေးလား။ ချစ်ဖို့အရမ်းကောင်းတာပဲ!”။ အေးဂျင့်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
Netizen တွေ စူစူလေးကို ချစ်ဖို့ကောင်းသည်ဟု ထင်နေတာ မဆန်းပါ။ သူမလို အနုပညာလောကထဲမှာ ဆွဲဆောင်မှု ရှိသည့်မျက်နှာတွေကို နေ့တိုင်းမြင်နေရသည့် လူမျိုးကတောင် စူစူလေးကို အလွန်ချစ်ဖို့ကောင်းသည်ဟု ထင်မိပါသည်။
“မဟုတ်ဘူး ငါ့တူမလေး မဟုတ်ဘူး”
“ဘာပဲဖြစ်ဖြစ်ပါ သူက ချစ်ဖို့ကောင်းတာတော့ သေချာတယ်! ဒီအဖြစ်အပျက်ကြောင့် Netizen တွေက နင့်ကို သတ္တိရှိပြီး တာဝန်သိတတ်တဲ့လူတစ်ယောက်လို့ မြင်သွားရုံတင်မကဘဲ နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ ကောင်မလေးရယ် ကြောင်လေးရယ်ကြောင့် ပရိတ်သတ် အသစ်တွေပါ တိုးလာသေးတယ်! ဒီ ကံဆိုးမှုကနေ နင်တော်တော် အကျိုးအမြတ် ရလိုက်တယ်လို့ ပြောရမယ်!”
ချင်းယုကျိုး၏ အေးဂျင့်က အလွန်ပျော်ရွှင်နေပါသည်။
ဒီရက်ပိုင်းထဲ ချင်းယုကျိုး၏ အနုပညာလမ်းခရီး အဆုံးသတ်တော့မှာကို စိုးရိမ်ပြီး သူမ စားမဝင် အိပ်မပျော် ဖြစ်ခဲ့ရသည်။
“နင်အကောင်းမြင်လွန်းမနေဘူးလား။ ငါ့အဆိုစွမ်းရည်၊ အကစွမ်းရည်၊ သရုပ်ဆောင်စွမ်းရည်တွေကို ဘယ်သူမှ အသိအမှတ် မပြုကြသေးဘူး။ ဒီဗီဒီယိုအတိုလေးက အဲ့တာတွေကို ပြောင်းလဲပေးနိုင်မှာလား”
“အဲ့တာ အံ့ဩစရာ ရှိလို့လား။ အနုပညာလောကထဲမှာ အဲ့တာတွေက ဖြစ်နေကျပဲဥစ္စာ”။
“အဲ့တော့… ငါအခု တကျော့ပြန်လာပြီလို့ သတ်မှတ်လို့ရပြီလား” ချင်းယုကျိုး မေးလိုက်သည်။
“မရသေးဘူ။ ဒါပေမယ့် တာထွက်တော့ ကောင်းနေပြီ။ ဒီကျော်ကြားမှု အရှိန်ကို အသုံးချပြီး နင်နဲ့ အန်းအန်းတို့ကြားက ကောလဟာလတွေ အမြန်ရှင်းရမယ်”
“ဟုတ်ပြီ။ ကျေးဇူးတင်ပါတယ်”။ ချင်းယုကျိုးက ပြောသည်။
“ဘာတွေ ယဉ်ကျေးပြနေတာလဲ။ ဒီကိစ္စက ငါတို့နှစ်ယောက်စလုံးနဲ့ သက်ဆိုင်နေတာ။ နင့်အတွက် အကောင်းဆုံး ဖြစ်တာကိုပဲ ငါလိုချင်တယ်။ ဒီနေ့တော့ ဒီလောက်ပဲ။ ငါ ဖုန်းဆက်စရာတွေ ရှိသေးလို့”
“အိုကေ”
ဖုန်းချပြီးနောက် ဘာတွေဖြစ်သွားတာလဲဆိုတာ ချင်းယုကျိုး လက်ခံဖို့ ခက်ခဲနေဆဲဖြစ်သည်။
အရင်တုန်းက မကောင်းသတင်းတွေ၊ ကောလဟာလတွေကို သူ့ကုမ္ပဏီက ဖြေရှင်းဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ သို့သော် ဒီလို မရည်ရွယ်ပဲ ဖြစ်ပျက်သွားတဲ့ မတော်တဆမှုတစ်ခုကြောင့် အရာ အားလုံး ပြေလည်သွားပြီတဲ့လား။
ချင်းယုကျိုး သူ့ခံစားချက်တွေကို ဘယ်လို ဖော်ပြရမလဲ မသိတော့ပါ။
ထိုအချိန်တွင် သူနဲ့အတူ ကောလဟာလသတင်းတွေ ထွက်ထားသည့် အန်းအန်းထံမှ မက်ဆေ့တစ်စောင် ချင်းယုကျိုးထံ ဝင်လာပါသည်။
… … …
အခန်း(၃၂၇) စူစူလေး ဖြေရှင်းပေးမယ် (၁)
ယခင်တုန်းက ချင်းယုကျိုးနဲ့ အန်းအန်းတို့ ဒရမ်မာတစ်ခု အတူရိုက်ကူးခဲ့ကြပြီး မိတ်ဆွေတွေ ဖြစ်သွားခဲ့ကြသည်။ သို့သော် ထိုဒရမ်မာ ရိုက်ကူးရေးပြီးကတည်းက သူတို့နှစ်ယောက် အဆက်အသွယ် မရှိကြတော့ပါ။
ကောလဟာလတွေ ထွက်လာမှ ချင်းယုကျိုးက အန်းအန်းထံ မက်ဆေ့ပို့ပြီး သူတို့ ဆက်ဆံရေးကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်သည်။ Screenshot ထဲက လူမှာ သူမဟုတ်ကြောင်း ပြတ်ပြတ်သားသား ကြေညာဖို့ အန်းအန်းကို တောင်းဆိုခဲ့ပါသည်။
သို့သော် အန်းအန်းက သူ့ကို ဘာမှ မတုန့်ပြန်ခဲ့ပေ။
အခုမှ ထင်မှတ်မထားဘဲ မက်ဆေ့တစ်စောင် ဝင်လာခဲ့ပါသည်။
ချင်းယုကျိုး မက်ဆေ့ကို ဖွင့်ကြည့်လိုက်ရာ အန်းအန်းက သူနဲ့ အပြင်မှာ ဆုံဖို့ ချိန်းနေတာဖြစ်မှန်း တွေ့လိုက်ရသည်။
ချင်းယုကျိုးရင်ထဲ ဒေါသတွေ တလိမ့်လိမ့်ဖြစ်လာ၏။
[ချင်းယုကျိုး : နင်နဲ့ ငါတွေ့စရာအကြောင်း ဘာမှမရှိဘူး။ ငါ့အတွက် နင်ဘာလို့ ဖြေရှင်းမပေးရတာလဲ]
[အန်းအန်း : ဆောရီးပါ။ ဒီကိစ္စကို လိုင်းပေါ်မှာ ရှင်းပြလို့မရဘူး။ ငါတို့ အပြင်မှာဆုံပြီး စကားပြောလို့ရမလား]
[ချင်းယုကျိုး : မရဘူး]
[အန်းအန်း : ငါ့ကို လာမတွေ့ရင် ငါနင်နဲ့ ဖောက်ပြန်ခဲ့တာ အမှန်ပဲလို့ မီဒီယာကို ပြောလိုက်မယ်]
[ချင်းယုကျိုး : ငါ့ကို လာခြိမ်းခြောက်နေတာလား]
[အန်းအန်း : မနက်ဖြန် နေ့လယ် ၂ နာရီ။ ၁၈၉ ဝူကျိုးလမ်း]
[ချင်းယုကျိုး : နင်ဘာတွေကြံနေတာလဲ]
[ချင်းယုကျိုး : စာပြန်လေ!]
[ချင်းယုကျိုး : နင်ဘာဖြစ်ချင်နေတာလဲ အန်းအန်း]
အန်းအန်းက ချင်းယုကျိုးကို စာမပြန်တော့ပါ။ ချင်းယုကျိုးလည်း ဒေါသတကြီးဖြင့် ဖုန်းကို ကုတင်ပေါ် ပစ်ပေါက်လိုက်ပါသည်။
ဒီမိန်းမကတော့! သူဖောက်ပြန်နေတာ တခြားတစ်ယောက်နဲ့ကို။ သူ့ကိုပါ တစ်ပါတည်း ဆွဲခေါ်သွားချင်နေတာ!
ယခု သူ့ဂုဏ်သိက္ခာကို အဖတ်ဆယ်ဖို့ အခွင့်အရေးရခါမှ ဒီမိန်းမ ပြန်ပေါ်လာခဲ့သည်။ ဒီမိန်းမ ဘာတွေကြံနေသလဲဆိုတာ ချင်းယုကျိုး နားမလည်နိုင်တော့ပါ။
ချင်းယုကျိုး ဒေါသတွေကို ချုပ်ထိန်းလို့မရတော့ဘဲ ခေါင်းအုံးကို အကြိမ်ပေါင်းများစွာ ထိုးနှက်ပစ်လိုက်သည်။
“ဘာတွေလုပ်နေတာလဲ”။ ချင်းယုကျိုး၏ တံခါးဝတွင် စူစူလေး ဟူကျစ်ကို ပိုက်လျက် မတ်တပ်ရပ်နေပါသည်။ ဒေါသထွက်နေသော ချင်းယုကျိုးကို သူမ အံ့အားသင့်စွာ စိုက်ကြည့်နေသည်။
“ဘာမှမလုပ်ပါဘူး။ ဆောရီးနော်။ ငါ့ကြောင့် ကြောက်သွားလား”။ ချင်းယုကျိုး အမြန် စိတ်ထိန်းလိုက်လေသည်။
“မကြောက်ပါဘူး။ နင် ဒေါသထွက်နေတာလား။ တစ်ယောက်ယောက်က အနိုင်ကျင့်လို့လား။ ငါသွားထိုးပေးမယ်!”။ စူစူလေး ပြောလိုက်သည်။
“မဟုတ်ပါဘူး။ ငါအဆင်ပြေတယ် စိတ်မပူနဲ့”။ ချင်းယုကျိုးက ပြန်ပြောလိုက်သည်။
“နင်အဆင်မပြေပါဘူးး”။ စူစူလေးက ပြောလိုက်ပါသည်။
သူမက ငယ်သော်လည်း ငတုံးမဟုတ်ပါ။ တစ်ယောက်ယောက် ဒေါသထွက်နေလျှင် သူမ တန်းသိပါသည်။
ယခုချိန်မှာ အွန်လိုင်းပေါ်က သူ့သရုပ်ဆောင်စွမ်းရည်ကို ဝေဖန်နေကြသည့် ကောမန့်တွေက မမှားဘူးဟု ချင်းယုကျိုး ခံစားလိုက်ရသည်။
စူစူလေးယုံကြည်အောင်တောင် သူ ဟန်မဆောင်နိုင်ပေ။
စူစူလေး၏ တောက်တောက်ပပ မျက်လုံးများကို စိုက်ကြည့်ရင်း ချင်းယုကျိုး သက်ပြင်းချလိုက်ပါသည်။
“ဟုတ်တယ်။ ငါတစ်ယောက်ယောက်ကြောင့် စိတ်တိုနေတာ။ ငါမလုပ်ခဲ့တဲ့ ကိစ္စတစ်ခုအတွက် ငါ့ကို အပြစ်တင်ခံရအောင် လုပ်နေတယ်”။ ချင်းယုကျိုးက ရှင်းပြလိုက်သည်။
သူ့စကားဆုံးလို့ သိပ်မကြာလိုက်ဘဲ စူစူလေးက သူ့လက်ကို လာဆွဲပြီး တံခါးဆီ ဆွဲခေါ်သွားပါသည်။
“နင်ဘာလုပ်မလို့လဲ”။ စူစူလေးကို တားဖို့ကြိုးစားရင်း ချင်းယုကျိုး အမြန်မေးလိုက်ပါသည်။
သို့သော်လည်း သူ့ခွန်အားက စူစူလေးနဲ့ယှဉ်လိုက်လျှင် ဘာမှ မပြောပလောက်ပေ။
“နင့်ကို အနိုင်ကျင့်တဲ့လူကို သွားထိုးမလို့! ဒေါ်လေး နင့်အတွက် ကူညီပေးမယ်!”။ စူစူလေးက တံခါးဆီ မရပ်မနား လျှောက်ရင်း ကြွေးကြော်လိုက်ပါသည်။
“ငါ့ကို အနိုင်ကျင့်တာ ဘယ်သူဘယ်ဝါမှန်းကော နင်သိရဲ့လား”။ ချင်းယုကျိုး မေးလိုက်သည်။
ဒါကိုကြားတော့ စူစူလေး ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ “ဪ ဟုတ်သားပဲ။ အဲ့လူက ဘယ်မှာနေတာလဲ မသိဘူး။ ငါ့ကို ပြောပြ။ အဲ မဟုတ်သေးဘူး။ ဘယ်မှာနေတာလဲ ပြောပြရင်တောင် ငါတွေ့ရင် သိမှာမဟုတ်ဘူး။ အဲ့တာကြောင့် ငါ့ကို နင်ကိုယ်တိုင် လိုက်ပို့ပေး!”
ချင်းယုကျိုး ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူစူလေးနဲ့ မျက်လုံးချင်းစုံအောင် ကြည့်ကာ စိတ်ရှည်ရှည် ရှင်းပြလိုက်ပါသည်။ “အခုလို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လူကြီးဖြစ်လာပြီဆိုရင် ခွန်အားသုံးပြီး ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ အများကြီး ရှိတယ်။ သူများကို သွားထိုးလိုက်ရုံနဲ့ ပြဿနာ ပြေလည်မသွားနိုင်ဘူး”
စူစူလေး မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး ချင်းယုကျိုးကို နားမလည်စွာ စိုက်ကြည့်နေပါသည်။
ရှုပ်ထွေးလိုက်တာ…။
“အဲ့တာဆို ငါတို့ဖြေရှင်းပေးရင်ကော”
ရုတ်တရက် အနောက်မှ ချင်းယုဟွိုင်း၏အသံ ထွက်လာခဲ့သည်။
… … …