← Chapters

အခန်း (၃၂၈-၃၂၉)

Vol. 14 Ch. 328-329

အခန်း (၃၂၈-၃၂၉)

Vol. 14 Ch. 328-329

အခန်း(၃၂၈) စူစူလေး ဖြေရှင်းပေးမယ် (၂)

ချင်းယုကျိုး နောက်လှည့်ကြည့်လိုက်ရာ ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ကို မြင်လိုက်ရသည်။

စန်းကျစ်အကြောင်း ချင်းယုကျိုး သိပ်မသိသေးပါ။ သူမက သူတို့အိမ်မှာ ခဏလာတည်းသည့် ဧည့်သည်တစ်ယောက် ဖြစ်ပြီး စူစူလေးနဲ့ ရင်းနှီးသည်ဟုသာ သိထားသည်။

မနက်ပိုင်းဆို အလုပ်သွားပြီး ညနေခင်းမှ ပြန်လာကာ စူစူလေးနဲ့အတူ ရုပ်ပြစာအုပ် ဖတ်တတ်သည်။ သူမက အနည်းငယ် ရှက်တတ်သော စရိုက်ရှိပြီး သူ့ကို စကားတစ်ခါမှ လာမပြောဖူးပါ။ သူတို့ ဆုံကြတိုင်း စန်းကျစ်က ခေါင်းငုံ့ထားလေ့ရှိသည်။

“စိတ်မပူပါနဲ့ စူစူလေးရဲ့ ဆယ်လီတူလေး။ အဲ့ဒီမိန်းမရဲ့ ဟိုတည်မှတ်တမ်းတွေကို ကျွန်မ စစ်ကြည့်ပြီးသွားပြီ။ သူနဲ့ တကယ် ဖောက်ပြန်နေတာ ဘယ်သူလဲ ကျွန်မ သိထားပြီးပြီ”။ စန်းကျစ်က ပြောလိုက်သည်။

စူစူလေးကြောင့် ချင်းမိသားစုဝင်များ၏ ပြဿနာကိုလည်း စန်းကျစ် အလေးထားတတ်လာပါသည်။

ချင်းယုကျိုး မဟုတ်မမှန် နာမည်ဖျက်ခံနေရကြောင်း သိလိုက်ရပြီးနောက် စန်းကျစ် သူမစိတ်ကူးနဲ့ သူမ အချက်အလက်တွေ စုံစမ်းရှာဖွေပြီး ချင်းယုဟွိုင်းကို သွားပြခဲ့သည်။

သူမက အချက်အလက် ရှာဖွေသည့်နေရာမှာသာ ထူးချွန်ပြီး အချက်အလက်တွေ ရလာလျှင် ဘာဆက်လုပ်ရမလဲ မသိပါ။

ယခင်က ချင်းကျင်းဖန်တို့ မိသားစုနဲ့ ရင်ဆိုင်ဖူးသော အတွေ့အကြုံရှိသဖြင့် ချင်းယုဟွိုင်း၏ အစွမ်းအစကို စန်းကျစ် အလွန်ယုံကြည်ပါသည်။ ထို့ကြောင့် သူမ ရှာတွေ့ထားသည့် အချက်အလက်များကို ချင်းယုဟွိုင်းထံ အရင်ဆုံး သွားပြခဲ့ပြီး သူ့အကြံဉာဏ်ကို တောင်းခဲ့သည်။

ထို့နောက် သူတို့နှစ်ယောက် ချင်းယုကျိုးဆီ အတူတူရောက်လာခဲ့ကြတာဖြစ်သည်။

“အန်းအန်းရဲ့ ဟိုတည်မှတ်တမ်းတွေကို စစ်ဆေးလိုက်တယ် ဟုတ်လား”။ ချင်းယုကျိုး အံ့အားသင့်သွားသည်။ “အဲ့ အချက်အလက်တွေ ဘယ်လိုတောင် ရလိုက်တာလဲ”

အဲ့တာတွေက ကြည့်ချင်တိုင်း ကြည့်လို့ရတဲ့ မှတ်တမ်းတွေမှ မဟုတ်တာ!

“အဲ…”။ စန်းကျစ် အနည်းငယ် ရှက်သွားသည်။ သူမ တရားမဝင်သည့် နည်းလမ်းများဖြင့် ရှာခဲ့တာဖြစ်မှန်း ပြောပြဖို့ တွန့်ဆုတ်နေပါသည်။

ချင်းယုဟွိုင်းက စန်းကျစ်ကိုယ်စား ဝင်ဖြေပေးလိုက်သည်။ “မင်းအဲ့တာတွေ စဉ်းစားစရာမလိုဘူး။ သူ မင်းအတွက် လိုအပ်တဲ့ အချက်အလက်တွေ ရှာတွေ့ထားတယ်ဆိုတာသာ သိထား”

“တကယ် တွေ့ထားတာလား”။ ချင်းယုကျိုး မယုံကြည်နိုင် ဖြစ်နေသေးသည်။

“အေး။ ရှောင်းကျစ်က မင်းကို အရေးကြီးတဲ့ အချက်အလက်တွေ ကူရှာပေးထားတယ်။ အခု မင်းလုပ်ဖို့လိုတာဆိုလို့ အချိန်ကောင်းကိုစောင့်ပြီး တစ်ဖက်လူကို အပြတ်ရှင်းလိုက်ဖို့ပဲ”။ ချင်းယုဟွိုင်းက တိကျသေချာစွာ ပြောလိုက်သည်။

“တစ်ဖက်လူကို အပြတ်ရှင်းဖို့ အချိန်ကောင်းစောင့်ရမယ် ဟုတ်လား”။ သူ့ဝမ်းကွဲအစ်ကို ဆိုလိုတာကို ချင်းယုကျိုး သိပ်နားမလည်ပါ။

“ဟုတ်တယ်။ တစ်ဖက်လူ ငြင်းလို့မရနိုင်မယ့် အခြေအနေတစ်ခု လိုအပ်တယ်”။ ချင်းယုဟွိုင်း ရှင်းပြလိုက်သည်။

ချင်းယုကျိုး သေချာ စဉ်းစားလိုက်ပြီး နားလည်သလိုလို ရှိလာသည်။

“ဝမ်းကွဲအစ်ကို။ အဲ့ဒီမိန်းမက ငါ့ကို မနက်ဖြန်နေ့လယ် တွေ့ဖို့ ချိန်းထားတယ်။ အစက မသွားဖို့ ဆုံးဖြတ်ထားပေမယ့်…”

“မင်းသွားသင့်တယ်”။ ချင်းယုဟွိုင်း အတည်ပြုပေးလိုက်သည်။

“ဟုတ်ပြီ။ အဲ့တာဆို မနက်ဖြန် နေ့လယ် တွေ့မယ်လို့ အဲ့ဒီမိန်းမကို အကြောင်းပြန်လိုက်မယ်”။ ချင်းယုကျိုး ယုံကြည်ချက် ရှိလာပြီး ပြောလိုက်ပါသည်။

စူစူလေးကတော့ ဘာမှ နားမလည်နိုင်သေးဘဲ မျက်လုံးတောက်တောက်ပပလေးများဖြင့် မေးလိုက်သည်။ “မမလှလှ ဘာတွေဖြစ်နေတာလဲဟင်”

စန်းကျစ်က စူစူလေးရှေ့မှာ ထိုင်လိုက်ပြီး ရှင်းပြလိုက်သည်။ “ဘာမှ စိတ်မပူနဲ့ စူစူလေး။ နင့် ဆယ်လီတူလေးကို အနိုင်ကျင့်တဲ့လူကို အပြတ်ရှင်းဖို့ သက်သေရထားပြီးပြီ။ မနက်ဖြန် သူ့လျှို့ဝှက်ချက်တွေကို သွားဖော်ထုတ်ကြမလား”

“အွန်း!”။ စူစူလေး အားရပါးရ ခေါင်းငြိမ့်ပြလိုက်ပါသည်။

“စူစူလေးကိုပါ ခေါ်သွားရမှာလား”။ ချင်းယုကျိုးက မေးလိုက်၏။

ဒီလို ကိစ္စမှာ စူစူလေးကို ခေါ်သွားဖို့ မသင့်တော်ဘူးထင်တယ်နော်…။

“စူစူလေးက ရှင့်အတွက် အရမ်းစိတ်ပူနေတာ။ ဒီလောက်အရေးကြီးတဲ့ ကိစ္စမှာ သူ့ကို ခေါ်သွားမှ ဖြစ်မှာပေါ့”။ စန်းကျစ်က ဝင်ပြောလိုက်ပါသည်။

ဒီချင်းယုကျိုးနဲ့ သူမ မရင်းနှီးပါ။ သူမ လုပ်ပေးထားတာတွေ အကုန်လုံးက စူစူလေး မျက်နှာကြောင့်သာ ဖြစ်သည်။

ချင်းယုဟွိုင်းကလည်း ဝင်ပြောလိုက်၏။ “စူစူလေးက အရမ်း အစွမ်းအစရှိတယ်။ မနက်ဖြန် မင်း သူ့ကိုတောင် လိုအပ်လာနိုင်တယ်”

ချင်းယုကျိုးက ချင်းယုဟွိုင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ပုံမှန်ဆို တည်ငြိမ်ပြီး အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်တဲ့ သူ့ဝမ်းကွဲအစ်ကိုက စူစူလေးကို အစွမ်းအစရှိတယ်လို့ တကယ်ယုံကြည်နေတာလား။

စူစူလေးက သာမန်လူတစ်ယောက်ထက် ပိုသန်မာသည်ဆိုတာကိုသာ ချင်းယုကျိုး သိထားခြင်းဖြစ်သည်။ သူ မသိသေးတဲ့ တခြားကိစ္စတွေ ရှိနေတာလား။

… … …

အခန်း(၃၂၉) တန်ပြန်တိုက်ခိုက်မှု (၁)

နောက်တစ်နေ့ နေ့လယ် ၂ နာရီခန့်တွင်…

ချင်းယုကျိုး ချိန်းဆိုထားသည့် နေရာသို့ စူစူလေးနဲ့အတူ ရောက်လာခဲ့သည်။ အမှတ် ၁၈၉ ဝူကျိုးလမ်း…။

ထိုလမ်းတွင် အေးချမ်းသည့် ရှုခင်းများနဲ့ တိတ်တိတ်ဆိတ်ဆိတ် စားသောက်ဆိုင်လေးတစ်ဆိုင်ရှိသည်။

ထိုစားသောက်ဆိုင်မှာ မရေမတွက်နိုင်သော ပန်းများ၊ အပင်များ၊ သစ်ပင်များ စိုက်ပျိုးထားပြီး အဝေးမှ လှမ်းကြည့်လျှင် ပန်းခြံလေးတစ်ခုနဲ့တောင် တူနေပါသည်။

ထိုစားသောက်ဆိုင်က ဘိုကင်စနစ်ဖြင့်သာ လည်ပတ်သည်။ စားသောက်ဆိုင်ထဲရောက်ပြီး အန်းအန်း၏ အမည်ကို ရွတ်ပြလိုက်သောအခါ ဝန်ထမ်းတစ်ယောက်က ချင်းယုကျိုးအား သတ်မှတ်ထားသည့် နေရာသို့ လိုက်ပို့ပေးခဲ့ပါသ်ည။

ဒီက စားပွဲတွေမှာ တစ်လုံးနဲ့တစ်လုံး အလွန်ကွာခြားပြီး ကြားထဲမှာလည်း အပင်တွေကာထားသဖြင့် ဘယ်သူမှ အနှောင့်အယှက် လာမပေးနိုင်ပါ။

ဒီလို စားသောက်ဆိုင်မျိုးတွေက စီးပွားရေးကိစ္စဆွေးနွေးတာမျိုး၊ ရည်းစားတွေ ခိုးပြီး ချိန်းတွေ့တာမျိုးနဲ့ သင့်တော်သည်။

ချင်းယုကျိုးက စူစူလေးနဲ့အတူ ထိုင်လိုက်ပြီး နွားနို့ ၂ ခွက် မှာလိုက်ပါသည်။

ခဏကြာတော့ Duckbill ဦးထုပ်၊ နေကာမျက်မှန်၊ Mask တစ်ခုတို့ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် ချင်းယုကျိုး၏ အမြင်အာရုံထဲ ဝင်ရောက်လာခဲ့သည်။

ချင်းယုကျိုး၏ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီးနောက် ထိုအမျိုးသမီးက နေကာမျက်မှန်ကို ချွတ်လိုက်ရာ မိတ်ကပ်တွေ အများကြီးဖုံးထားသော မျက်နှာတစ်ခု ပေါ်လာခဲ့သည်။

မိတ်ကပ်တွေ ထူနေသော်လည်း ထိုအမျိုးသမီးရဲ့ မျက်တွင်းတွေ နက်နေတာကို ချင်းယုကျိုး သတိထားမိပါသည်။

ဒီမိန်းမက အန်းအန်းဖြစ်သည်။ ချင်းယုကျိုးနဲ့ ကောလဟာလတွေ ထွက်ထားသည့် အိမ်ထောင်ရှိ ဆယ်လီအမျိုးသမီး ဖြစ်၏။

“မစ္စအန်းပါလား။ နင့်ဘက်က ဘယ်လို ဒုက္ခတွေ ဖြတ်သန်းနေရလဲတော့ ငါမသိဘူး။ ဒါပေမယ့် ဒီကိစ္စက ငါနဲ့ ဘာမှ မဆိုင်လို့ အခုချက်ချင်း ဖြေရှင်းပေးပါ”။ ချင်းယုကျိုးက ခက်ထန်သော မျက်နှာဖြင့် ပြောလိုက်သည်။

“နင့်ဖုန်းထုတ်လိုက်။ နင် အသံဖမ်းနေတာ၊ ဗီဒီယို ရိုက်နေတာ မဟုတ်မှန်း သေချာမှ စကားဆက်ပြောကြမယ်”။ အန်းအန်းက အလွန်သတိကြီးသည်။ သူတို့စကားဝိုင်းကို ချင်းယုကျိုး အသံခိုးဖမ်းထားမှာ စိုးရိမ်နေပါသည်။

ချင်းယုကျိုး မျက်လုံးတွေ မှောင်မိုက်သွားသည်။ သို့သော်လည်း အန်းအန်းခိုင်းသည့်အတိုင်း လုပ်ခဲ့ပါသည်။

သူ့ဖုန်းကို ထုတ်လိုက်ပြီး အန်းအန်းရှေ့မှာ တင်ပေးလိုက်သည်။

စူစူလေးက ခေါင်းလေးမော့လျက် ချင်းယုကျိုးနဲ့ အန်းအန်းတို့ကို တစ်လှည့်စီ ကြည့်လိုက်သည်။

ထို့နောက် သူမ ရင်ခွင်ထဲက ဟူကျစ်ကိုပါ စားပွဲပေါ် တင်ပေးလိုက်ပါသည်။

စားပွဲပေါ်မှာ ပစ္စည်းတွေ ဘာကြောင့်တင်ထားရသလဲဆိုတာ စူစူလေး နားမလည်သော်လည်း စည်းမျဉ်းစည်းကမ်း တစ်ခုခု ဖြစ်မည်ဟုသာ ကောက်ချက်ချလိုက်သည်။

သူမမှာ ဖုန်းမရှိသဖြင့် ဟူကျစ်ကိုသာ စားပွဲပေါ် တင်လိုက်ရသည်။

“မြောင်~’။ ဟူကျစ်လည်း အူတူတူဖြင့် ဘေးပတ်လည်ကို လျှောက်ကြည့်နေမိသည်။ နောက်ဆုံးမှာတော့ နွားနို့ခွက်ဆီလျှောက်သွားပြီး လျှာထုတ်လျက် ခွက်ဘေးတွေကို လျက်နေလေသည်။

ချင်းယုကျိုး၏ ဖုန်းကို မြင်လိုက်ရပြီးနောက် အန်းအန်းက သူ့အဝတ်အစားတွေကို အကဲခတ်လိုက်သည်။ သူ့အဝတ်အစားတွေထဲ အသံဖမ်းပစ္စည်းတစ်ခုခုပါလာမှာကို စိုးရိမ်နေသည့်ပုံပင်။

ထို့နောက် သူမ လက်ဆွဲအိတ်ထဲမှ အနက်ရောင်ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး ချင်းယုကျိုး၏ ခန္ဓာကိုယ်ရှေ့မှာ ဝှေ့လိုက်ပါသည်။

ထိုနည်းပညာမြင့် ပစ္စည်းက အီလက်ထရွန်းနစ် ပစ္စည်းများကို ရှာဖွေနိုင်သည်။ ချင်းယုကျိုးသာ လျှို့ဝှက်ကင်မရာ သို့မဟုတ် အသံဖမ်းကိရိယာတွေ ယူဆောင်လာလျှင် အချက်ပြပါလိမ့်မည်။

နောက်ဆုံးတော့ ချင်းယုကျိုး ဘာကိရိယာမှ သယ်ဆောင်မလာမှန်း အတည်ပြုနိုင်မှ အန်းအန်း စိတ်ချလက်ချ နေနိုင်ပါသည်။

ထို့နောက် ချင်းယုကျိုးကို ပြောလိုက်သည်။ “မစ္စတာချင်း ကြုံနေရတဲ့ စွပ်စွဲချက်တွေအတွက် ကျွန်မ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်မ ကူညီဖြေရှင်းမပေးနိုင်ဘူး။ တကယ်တော့ ကျွန်မနဲ့ ဖောက်ပြန်နေတာ ရှင်ဖြစ်တဲ့အကြောင်း ဝန်ခံခိုင်းဖို့အတွက် ဒီနေ့လာခဲ့တာ”

“နင်ရူးနေပြီလား။ ငါမဟုတ်တဲ့ ကိစ္စကို ဘာလို့ ဝန်ခံရမှာလဲ။ နင်ဖောက်ပြန်တာ နင့်ကိစ္စလေ။ ဘာလို့ ငါ့ကိုပါ ဆွဲထည့်နေရတာလဲ။ နင်နဲ့ တကယ်ဖောက်ပြန်နေတဲ့လူကို ထုတ်ပြလိုက်ပါလား”

“အဲ့လိုလုပ်လို့ မရဘူး။ သူ့သရုပ်မှန်ကို လူတွေ သိသွားလို့မရဘူး”

“နင့်ချစ်သူရဲ့ သရုပ်မှန်ကို လူတွေသိမှာစိုးလို့ ငါ့အတွက် မဖြေရှင်းပေးခဲ့တာပေါ့။ နင်နဲ့ တကယ်ဖောက်ပြန်တဲ့ ကောင်ကို ကာကွယ်ပေးဖို့အတွက် ငါ့ကို လူတွေ နားလည်မှုလွဲအောင် လုပ်မယ်ပေါ့”။ တစ်သက်တာ အကောင်းဆုံး ဟာသကြီးကို ချင်းယုကျိုး ကြားလိုက်ရသည်။

“စိတ်မကောင်းပါဘူး။ နင့်အတွက် မတရားဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် သူက ထူးခြားတဲ့လူတစ်ယောက်ပဲ။ လူတွေသာ သိသွားရင်း သူ့လုပ်ငန်းနဲ့ မိသားစုကိုပါ ထိခိုက်လိမ့်မယ်”

… … …

All Chapters