← Chapters

အခန်း (၃၃၀-၃၃၁)

Vol. 14 Ch. 330-331

အခန်း (၃၃၀-၃၃၁)

Vol. 14 Ch. 330-331

အခန်း(၃၃၀) တန်ပြန်တိုက်ခိုက်မှု (၂)

“နင်နဲ့ဖောက်ပြန်နေတဲ့လူမှာလည်း မိသားစုရှိတယ်ပေါ့”။ ချင်းယုကျိုးက ခါးသီးစွာ ရယ်မောလိုက်သည်။ “လခွီးပဲ… နင်တို့နှစ်ယောက်စလုံး သိက္ခာမရှိလို့ လူတကာ အပြစ်ပေးတာကို ခံရသင့်တယ်! ငါက ဘာအမှားလုပ်မိလို့လဲ။ နင်တို့ကိုယ်စား ငါက ဘာလို့ အထိခိုက်ခံပေးရမှာလဲ”

“စိတ်မကောင်းပါဘူး။ နင့်အတွက် မမျှတမှန်း သိပေမယ့် ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး”။ အန်းအန်းက ထပ်ပြီး တောင်းပန်လိုက်ပါသည်။

တောင်းပန်နေသော်လည်း သူမရဲ့ အကြံအစည်ကို ပြောင်းလဲဖို့ စိတ်ကူးသေးသေးလေးတောင် မရှိပါ။

ချင်းယုကျိုး အလွန်ဒေါသထွက်နေပါသည်။ မိန်းကလေးတွေကို လက်မပါဖို့ ငယ်ငယ်က သူ့မိဘတွေ သင်ကြားပေးထားတာကြောင့်သာ မဟုတ်လျှင် ယခု စားပွဲဝိုင်းကို ပြောင်းပြန်လှန်ပစ်မိလောက်သည်။

ချင်းယုကျိုး ဒေါသထွက်နေမှာ အန်းအန်း သိသော်လည်း သူမ စိတ်ကို ပြောင်းလဲဖို့ အစီအစဉ်မရှိပေ။

ချင်းယုကျိုးဘေးက စူစူလေးကို အန်းအန်း ကြည့်လိုက်သည်။

“တကယ်တော့ နင်အခု ကံကောင်းနေတာ မဟုတ်ဘူးလား။ ဒီကလေးမလေးကြောင့် နင့်ကို လူတွေ အမြင်ကြည်နေကြပြီ။ အဲ့တာကြောင့် ဒီကိစ္စဖြစ်သွားရင် နင့်အပေါ် သက်ရောက်မှု နည်းသွားလိမ့်မယ်”

“သက်ရောက်မှု နည်းသွားလိမ့်မယ် ဟုတ်လား။ အခုကော ငါအဆင်ပြေနေတယ်လို့ နင်ထင်လို့လား”

“မစ္စတာချင်း။ ပြဿနာတွေက ဒီလောက်ထိတောင် ဖြစ်လာပြီပဲ။ လက်တွေ့ကို လက်မခံနိုင်သေးဘူးလား။ နင့်အတွက် ဘာက အကောင်းဆုံးလဲဆိုတာ နားလည်သင့်တယ်”။ အန်းအန်းက သတိပေးလိုက်သည်။

“ဒါပေါ့ နားလည်တာပေါ့။ နင့်အလိမ်အညာတွေကို အခုချက်ချင်း ဖော်ထုတ်ဖို့က ငါ့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ!”

“နင်အခုထိ နားမလည်သေးဘူးလား။ ငါဖောက်ပြန်တဲ့ သတင်းထွက်လာတာနဲ့ လူတွေဘာလို့ နင့်ကို လက်ညှိုး တန်းထိုးကြတာလဲ မသိဘူးလား။ နင်လည်း အနုပညာလောကထဲ ကျင်လည်နေတာ ၂ နှစ်လောက်ရှိပြီ။ အဲ့လောက် မတုံးစမ်းပါနဲ့”။ အန်းအန်းက ပြောလိုက်သည်။

ချင်းယုကျိုး ရပ်တန့်သွားပြီး တစ်ခုခုကို နားလည်သွားပါသည်။ “နင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မလား။ ငါ့ကို တမင်သက်သက် အပြစ်ပုံချခဲ့တာမလား!”

အန်းအန်း၏ ချစ်သူက အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ပြီး အနုပညာလောကထဲမှာ ရင်းမြစ်တိုင်းကို အလွယ်တကူ သုံးစွဲနိုင်သူဖြစ်သည်။

အန်းအန်း အိမ်ထောင်ရေးဖောက်ပြန်သည့် သတင်းထွက်လာတာနဲ့တစ်ပြိုင်နက် အပြစ်ပုံချမည့် လူတစ်ယောက်ကို သူ ရှာတွေ့ခဲ့သည်။

အန်းအန်းက ပြောလိုက်၏။ “ငါတို့စီစဉ်ထားတာကို လက်ခံမယ်ဆိုရင် နောက်ပိုင်း နင့်ကို ရင်းမြစ်တချို့နဲ့ အလျော် ပြန်ပေးမှာပါ။ ဒါပေမယ့် ဆန့်ကျင်မယ်ဆိုရင်တော့ နင့်ဂုဏ်သိက္ခာကို အဖက်မဆယ်နိုင်တဲ့အပြင် ထပ်တိုး ပြဿနာတွေပါ တက်လာနိုင်တယ်နော်”

ချင်းယုကျိုး စကားပြောမှာကို စောင့်မနေဘဲ အန်းအန်းက ဆက်ပြောလိုက်သည်။ “မစ္စတာချင်းကလည်း ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ ဟုတ်တယ်မလား။ ဘယ်အရာက အရေးကြီးသလဲဆိုတာ ကောင်းကောင်း နားလည်မှာပါ။ ဖောက်ပြန်တဲ့သတင်းကြောင့် နင့်ကို မုန်းတဲ့သူတွေ အများကြီး ပေါ်လာနိုင်ပေမယ့် အကြောင်းပြချက် ကောင်းကောင်းရှိပြီး နင့်ဂုဏ်သိက္ခာကို မြှင့်တင်နိုင်မယ့် တခြားကိစ္စတွေ လုပ်ထားရင် Netizen တွေ တော်တော်များများ နင့်ကို နားလည်ပေးကြလိမ့်မယ်။ ပြီးရင် ငါတို့ပေးမယ့် ရင်းမြစ်တွေကို အသုံးချပြီး အနုပညာလောကထဲ နင် တကျော့ပြန်လာနိုင်ချေ အရမ်းမြင့်သွားပြီ”

“ဒါပေမယ့် အခုလို ပြောရဆိုရခက်နေဦးမယ်ဆိုရင်တော့ ဒီကောလဟာလကနေ မလွတ်မြောက်နိုင်သလို အနာဂတ်မှာ ဘာရင်းမြစ်မှ မရဘဲ အနုပညာလောကထဲကနေ ပျောက်ကွယ်သွားရလိမ့်မယ်။ ကောလဟာလတွေ၊ ရင်းမြစ်နည်းပါးမှုတွေကြောင့် အနုပညာလောကထဲကနေ ပျောက်ကွယ်သွားတဲ့လူတွေ ဘယ်နှယောက်တောင် ရှိနေလဲ နင်သိလား။ နင်လည်း အဲ့ဒီလူတွေထဲက တစ်ယောက် မဖြစ်ချင်ဘူးမလား”

ပြောပြောဆိုဆိုနဲ့ အန်းအန်းက စားပွဲပေါ်ရှိ ချင်းယုကျိုး၏ လက်ကို ကိုင်လိုက်ပါသည်။

“နင်ဘာလုပ်တာလဲ”။ ချင်းယုကျိုးလည်း သူ့လက်ကို မီးမြှိုက်ခံလိုက်ရသည့်အလား ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး။ နင့်ကို နှစ်သိမ့်ပေးချင်လို့ပါ။ ဒီတိုင်း လက်ကိုင်တာပဲဥစ္စာ အဲ့လောက်ကြီး အိုဗာဖြစ်ဖို့ မလိုပါဘူး။ ငါတို့ ရိုက်ကူးရေးလုပ်တုန်းက နမ်းတောင် နမ်းဖူးတယ် မဟုတ်ဘူးလား”။

“အဲ့တာ အလုပ်သဘောအရ ရိုက်ကူးရေးလုပ်နေတာလေ! ဘယ်လိုလုပ် တူမှာလဲ”

“ဘာပဲဖြစ်ဖြစ်ပါ ထားလိုက်တော့”။ အန်းအန်းက သူမ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဆက်ပြောလိုက်သည်။ “နင့်အတွက် ကောင်းကျိုး ဆိုးကျိုးတွေ ငါအကုန်ပြောပြီးသွားပြီ သေချာပြန်စဉ်းစားပါ မစ္စတာချင်း”

“ဘာမှစဉ်းစားစရာမလိုဘူး။ ငါသဘောမတူနိုင်ဘူး။ ငါမလုပ်ခဲ့တဲ့ ကိစ္စကို ဝန်မခံနိုင်ဘူး”။ ချင်းယုကျိုးက မာနရှိသော ယောက်ျားတစ်ယောက်ဖြစ်ပါသည်။

… … …

အခန်း(၃၃၁) တန်ပြန်တိုက်ခိုက်မှု (၃)

“သေချာစဉ်းစားပြီးပြီလား မစ္စတာချင်း”။ အန်းအန်း၏ အကြည့်များ အေးစက်သွားပါသည်။

“သေချာ စဉ်းစားပြီးပြီ”။ ချင်းယုကျိုးက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပါသည်။

“ဒါဆိုလည်း ဖြစ်လာမယ့် ကိစ္စတွေအတွက် ငါ့ကို အပြစ်မတင်နဲ့နော်”။ အန်းအန်း၏ လေသံ ၁၈၀ ဒီဂရီ ပြောင်းလဲသွားသည်။

“နင်ဘာလုပ်မလို့လဲ”။ ချင်းယုကျိုးက မေးလိုက်သည်။

အန်းအန်းက သူမ ဖုန်းကို လှန်လိုက်ပြီး ချင်းယုကျိုးအား ပြလိုက်သည်။

အန်းအန်းရဲ့ ဖုန်းပေါ်က မြင်ကွင်းကို မြင်ပြီး ချင်းယုကျိုး ညာဘက်သို့ လှည့်ကြည့်လိုက်မိသည်။

အန်းအန်း၏ ဖုန်းထဲမှာ သူတို့နှစ်ယောက်လက်ရှိ စကားပြောနေသည့် ဓာတ်ပုံတွေ ရှိနေပြီး သူ့ညာဘက်ရှိ လျှို့ဝှက်ကင်မရာတစ်ခုခုမှ ရိုက်ကူးနေပုံ ရသည်။

အန်းအန်းက ချင်းယုကျိုး မှတ်တမ်းခိုးတင်ထားမှာကို တားမြစ်သော်လည်း သူမကိုယ်တိုင်က ချင်းယုကျိုးကို ဓာတ်ပုံခိုးရိုက်ထားပါသည်။

“ဒီစားသောက်ဆိုင်က လျှို့ဝှက်တွေ့ဆုံမှုတွေအတွက် နာမည်ကြီးတဲ့နေရာဆိုတာ မစ္စတာချင်း မသိလောက်ဘူးနော်။ လူတော်တော်များများက ဒီမှာ ချိန်းတွေ့ကြတာများတယ်။ မစ္စတာချင်း မသိတာက ဒီစားသောက်ဆိုင် ပိုင်ရှင်ကလည်း ငါ့မိတ်ဆွေ ဖြစ်နေတာကိုပဲ”

“အဲ့တာကြောင့် ငါ့ကို ဒီမှာ ချိန်းခဲ့တာလား”

“အမှန်ပဲ မစ္စတာချင်း။ ငါတို့တွေ့ခဲ့တဲ့ မိနစ်ပိုင်းလေးအတွင်း ဓာတ်ပုံဘယ်နှပုံလောက် ရိုက်ပြီးသွားပြီလို့ထင်လဲ”။ အန်းအန်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ဒီဓာတ်ပုံတွေကို လိုင်းပေါ်တင်လိုက်တာနဲ့တစ်ပြိုင်နက် သူမနဲ့ ချင်းယုကျိုးတို့ရဲ့ ဖောက်ပြန်မှုကို လူတွေ မယုံနိုင်စရာအကြောင်း မရှိတော့ပါ။

ဒီနေ့ သူမရဲ့ ရည်ရွယ်ချက်က ချင်းယုကျိုးကို အနုနည်းနဲ့ ဖြောင်းဖြဖို့ ဖြစ်၏။

ချင်းယုကျိုးကသာ လက်မခံလျှင် သူမမှာ အရံအစီအစဉ်ရှိပါသေးသည်။ အထင်မှားစရာ ဓာတ်ပုံတွေကို ရိုက်ကူးပြီး မီဒီယာတွေကို ပေးလိုက်ပါက ချင်းယုကျိုး ဘာမှ ငြင်းနိုင်တော့မှာ မဟုတ်ပေ။

ချင်းယုကျိုး ဒီစားသောက်ဆိုင်ထဲ ခြေလှမ်းလိုက်ကတည်းက သူမထောင်ချောက်ထဲ မိသွားခဲ့ပြီးသား ဖြစ်သည်။

သူမနဲ့ ယှဉ်လိုက်လျှင် ချင်းယုကျိုးက အတွေ့အကြုံနည်းလွန်းပါသေးသည်။

သို့သော်လည်း ချင်းယုကျိုးကတော့ အခုချိန်ထိ တည်ငြိမ်နေဆဲပင်။

သူ့ရှေ့က တောက်တောက်ပပ အမျိုးသမီးကို ကြည့်ရင်း စိတ်ထဲမှ ဆိုရိုးစကားတစ်ခုကို တွေးလိုက်မိသည်။ မိန်းမတစ်ယောက်က ပိုလှလေလေ မယုံရလေလေဖြစ်သည်။

ချင်းယုကျိုး တိတ်ဆိတ်နေတာကို မြင်သောအခါ အလွန်ထိတ်လန့်လွန်းသဖြင့် သူ့ဘဝသူ ပြန်သုံးသပ်နေတာဖြစ်မည်ဟု အန်းအန်းတွေးလိုက်မိပါသည်။

အန်းအန်းက ချင်းယုကျိုးကို အေးအေးလူလူ ပြောလိုက်သည်။ “ယုကျိုး နင်က ငယ်ရွယ်ပြီး အရှုံးကို လက်မခံတတ်မှန်း ငါသိပါတယ်။ ဒါပေမယ့် ဘဝမှာ ရိုးသားတာတစ်ခုတည်းနဲ့ ဘာမှ လုပ်စားလို့မရဘူး။ အနုပညာလောကကြီးက ပိုလို့တောင် ရက်စက်သေးတယ်”

စူစူလေးက ဒီအမျိုးသမီးရဲ့ ကောက်ကျစ်မှုကို ခံစားမိပြီး စားပွဲကို လက်ဖြင့်ထုကာ ခက်ထန်စွာ သတိပေးလိုက်သည်။ “ငါ့တူလေးကို အနိုင်မကျင့်နဲ့နော်! ငါဒေါသထွက်မိလိမ့်မယ်!”

“သူက နင့်တူလေးလား”။ အန်းအန်း ရယ်ရယ်မောမော ပြောလိုက်သည်။ “နင်တို့ မိသားစု တည်ဆောက်ပုံက ထူးဆန်းသားနော်”

“နင်ကမှ ထူးဆန်းတာ! ငါတို့မိသားစုက အတော်ဆုံးပဲ!”

“ကလေးမ နင်က ချစ်ဖို့ကောင်းပါတယ်။ သိပ်ဉာဏ်မကောင်းတဲ့ နင့်တူလေးနဲ့ အချိန်များများဖြုန်းလိုက်။ ဒါ သူနာမည်ကြီးလာနိုင်မယ့် အခွင့်အရေးတစ်ခုပဲ”။ အန်းအန်းက ကျီစယ်လိုက်သည်။

“ဟုတ်တယ် ငါက ချစ်ဖို့ကောင်းတယ်။ နင်က အမြင်ရှိသားပဲ”။ စူစူလေး ထောက်ခံလိုက်သည်။

စူစူလေးက ပထမစကားတစ်ခွန်းသာ နားလည်ပြီး ကျန်တာ ဘာမှ နားမလည်ပါ။

“ဒါပေမယ့် ငါတူလေးကို အနိုင်ကျင့်လို့မရဘူး! ငါ့တူလေးကို အနိုင်ကျင့်နေဦးမယ်ဆိုရင် နင့်ကို ကန်ထုတ်ရလိမ့်မယ်! စက်ဝိုင်းဆွဲပြီး ကျိန်စာတိုက်ရလိမ့်မယ်!”။ စူစူလေးက ထပ်ပြီး ခြိမ်းခြောက်လိုက်ပါသည်။

“ငါ့ကို ကန်ထုတ်မယ်၊ စက်ဝိုင်းဆွဲပြီး ကျိန်စာတိုက်မယ် ဟုတ်လား”။ အန်းအန်းက ရယ်ချင်စိတ်ဖြင့် မေးလိုက်သည်။

“ဟုတ်တယ်! အတည်ပြောနေတာနော်!”

“သိသာပါတယ်”။ အန်းအန်းက ရယ်မောကာ ပြောလိုက်ပါသည်။

… … …

All Chapters