အခန်း (၃၃၂-၃၃၃)
Vol. 14 Ch. 332-333
အခန်း(၃၃၂) တန်ပြန်တိုက်ခိုက်မှု (၄)
အန်းအန်းက ချင်းယုကျိုးကို စကားဆက်ပြောလိုက်သည်။ “မစ္စတာချင်း၊ ငါပြောစရာရှိတာတွေ ပြောပြီးသွားပြီ။ နင်ရွေးချယ်စရာ လမ်း ၂ ခုပဲရှိတယ်။ ငါတို့ရဲ့ ဆက်ဆံရေးကို နင့်ဘက်က လိုလိုလားလားနဲ့ အသိအမှတ်ပြုမလား၊ ဒါမှမဟုတ် နင့်ဆန္ဒမပါလည်း အသိအမှတ်ပြုအောင် တွန်းအားပေးတာကို ခံချင်လား”
ချင်းယုကျိုးက ဒေါသမပေါက်ကွဲဘဲ စူစူလေးကို ငုံ့ကြည့်ကာ မေးလိုက်သည်။ “စူစူလေး ဒီမိန်းမ ဘာကိုဆိုလိုတာလဲ နားလည်လား”
စူစူလေး ခေါင်းခါလိုက်သည်။ “နားမလည်ဘူး။ ဒါပေမယ့် သူ့ပုံစံက လူကောင်းနဲ့မတူဘူး။ သူ့ကို ကန်ထုတ်လိုက်ရမလား”
“သူက လူကောင်းမဟုတ်တာ သေချာတယ်။ ဒါပေမယ့် ကန်ထုတ်လို့မဖြစ်သေးဘူး။ နင့်တူကြီးနဲ့ မမလှလှတို့ စီစဉ်ပေးထားတာတွေရှိတယ်။ သူတို့ကို ယုံလိုက်ပါ”
“အဲ့တာဆို ငါ့အကူအညီကို မလိုတော့ဘူးပေါ့”။ စူစူလေး သေချာအောင် ထပ်မေးလိုက်သည်။
သူမ အကုန် ပြင်ဆင်ထားပြီးသားကို!
“မလိုတော့ဘူး။ ငါဘာမှမဖြစ်ပါဘူး။ မစိုးရိမ်နဲ့နော်”။ ချင်းယုကျိုးက စူစူလေး၏ ခေါင်းလေးကို ပုတ်ပေးလိုက်ပါသည်။
စူစူလေးက စိတ်ပူနေသော မျက်လုံးများဖြင့် ကြည့်နေသဖြင့် ချင်းယုကျိုး ရင်ထဲ နွေးထွေးသွားပါသည်။
ဒီကလေးမလေးရဲ့ တုန့်ပြန်မှုက အရိုးရှင်းဆုံး အဖြူစင်ဆုံးဖြစ်သည်။ ထို့ကြောင့် အနုပညာလောကထဲမှာ ဟန်ဆောင် မျက်နှာဖုံးတွေ အများကြီး မြင်ခဲ့ရသည့် ချင်းယုကျိုးတစ်ယောက် အလွန် စိတ်သက်သာရာ ရမိပါသည်။
အထူးသဖြင့် သူ့ရှေ့က စက်ဆုပ်စရာ အန်းအန်းနဲ့ ယှဉ်လိုက်လျှင် စူစူလေးက နတ်သမီးလေး တစ်ပါးလိုပင်။
“အွန်း အွန်း”
သူမ ဘာမှလုပ်စရာမလိုတော့ဘူးဟု ကြားလိုက်ရပြီးနောက် စူစူလေး ခေါင်းငုံ့ကာ နွားနို့ ဆက်သောက်နေလိုက်ပါသည်။
အန်းအန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ခုနက နင့်စကားက ဘာကိုဆိုလိုတာလဲ”
ချင်းယုကျိုးက ပြောလိုက်သည်။ “မစ္စအန်း… ရိုးရိုးသားသားပြောရရင် အရင်တုန်းက ဒရမ်မာအတူတူ ရိုက်ခဲ့တုန်းက နင့်ကို ငါအထင်ကြီးခဲ့မိတာ။ နင်က အရမ်းတော်တဲ့ မင်းသမီးပါ။ ငါ့ထက်တောင် ပိုတော်သေးတယ်။ ဒါပေမယ့် ငါကလည်း မညံ့ဘူနော်။ ဒီနေ့ ငါသရုပ်ဆောင်ခဲ့တာ အရမ်း ပီပြင်တယ်။ အနည်းဆုံးတော့ နင့်ကို အရူးလုပ်နိုင်ဖို့ လုံလောက်ခဲ့တယ်လို့ ပြောရမယ်”
“ငါ့ကို အရူးလုပ်တယ်ဟုတ်လား။ ဘာတွေ လာပြောနေတာလဲ”။ အန်းအန်းက ချင်းယုကျိုးကို နားမလည်စွာ ကြည့်လိုက်သည်။
အန်းအန်း စကားအဆုံးတွင် သူမ ဖုန်း အလိုလို မီးလင်းလာခဲ့၏။ ထို့နောက် ပြန်လည် အမှောင်ကျသွားသည်။
အန်းအန်းက သူမဖုန်းကို အမြန်ယူစစ်ကြည့်လိုက်ရာ အနက်ရောင်ဖန်သားပြင်ပေါ် စာကြောင်းတစ်ကြောင်း ပေါ်နေတာကို မြင်လိုက်ရပါသည်။
[မိန်းမယုတ်၊ နင့်အလိမ်တွေ ပေါ်ပြီမှတ်!]
ချင်းယုကျိုးက အန်းအန်းအား ဆက်ပြောလိုက်သည်။ “ငါ့ကိုယ်ပေါ်မှာ အသံဖမ်းတဲ့ ကိရိယာတွေ၊ ဗီဒီယိုရိုက်တဲ့ ကိရိယာတွေ ဘာမှ ပါမလာပါဘူး။ ဒါပေမယ့် နင့်ဆီက ရထားမှတော့ ဘာလိုသေးလို့လဲ။ ဒီ ၁၅ မိနစ်အတွင်း ငါတို့ စကားဝိုင်းကနေ အရေးကြီးတဲ့ အချက်တွေ ဘယ်လောက်တောင် ရလိုက်သလဲဆိုတာ နင်ခန့်မှန်းကြည့်စမ်းပါ”
“နင်ဘာကို ဆိုလိုတာလဲ။ နင်ဘာတွေလုပ်လိုက်တာလဲ”။ အန်းအန်းက ချင်းယုကျိုးကို ကြက်သေသေနေသော အကြည့်ဖြင့် ကြည့်ကာမေးလိုက်သည်။
သူမရှေ့က ချင်းယုကျိုးက အလွန်တည်ငြိမ်နေပြီး သူမကို လှောင်ပြောင်သရော်သော အကြည့်ဖြင့် ကြည့်နေသဖြင့် သူမ စိတ်တွေ ဖိစီးလာသည်။
“ငါဘာမှ မလုပ်ပါဘူး။ နင့်အကောင့်နဲ့ ဖုန်းတွေကို hack လိုက်ရုံပဲ။ ဒီနေ့အတွက် လျှို့ဝှက်မှတ်တမ်းတွေကို နင့် အကောင့်ထဲကနေရလိုက်တယ်။ ပြီးတော့ နင့်ဖုန်းကို သုံးပြီး နင့်အသံကိုလည်း ဖမ်းထားတယ်။ နင် စာပို့ထားတဲ့ မှတ်တမ်းတွေကို ကြည့်ပြီး နင့်ချစ်သူ ဘယ်သူဘယ်ဝါလဲဆိုတာကိုလည်း ငါတို့ သိပြီးသွားပြီ”
အားလုံးကို ချင်းယုကျိုး ထိန်းချုပ်ထားပြီးသားဖြစ်သည်။
သို့မဟုတ် အားလုံးကို ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ ထိန်းချုပ်ထားပြီးသား ဖြစ်သည်ဟု ပြောလျှင် ပိုမှန်မည်။
ချင်းယုဟွိုင်းက ဒီဗျူဟာတစ်ခုလုံးကို စီစဉ်ခဲ့သူဖြစ်ပြီး စန်းကျစ်က နည်းပညာပိုင်းမှ အကူအညီပေးခဲ့သည်။
ချင်းယုကျိုးက ထောင်ချောက်မိသွားသည့် ယုန်ငယ်လို သရုပ်ဆောင်ပြီး အန်းအန်း လျှို့ဝှက်ချက်တွေ အကုန် ထုတ်ပြောလာအောင် လုပ်နိုင်ခဲ့သည်။
စူစူလေးကတော့… ချစ်ဖို့ကောင်းအောင်နေဖို့ တာဝန်ယူထားတာလား။
စူစူလေးက အလွန်အစွမ်းအစရှိပြီး အသုံးဝင်သည်ဟု ချင်းယုဟွိုင်းက ပြောထားသော်လည်း အခုအချိန်ထိ စူစူလေး ချစ်ဖို့ကောင်းတာကလွဲပြီး တခြားစွမ်းရည်ထုတ်သုံးတာကို ချင်းယုကျိုး မမြင်ဖူးသေးပါ။
“နင်က Hacker တစ်ယောက်ငှားပြီး ငါ့ကို ထောင်ချောက်ဆင်တယ်ပေါ့”။ အန်းအန်း တုန်လည်းတုန်လှုပ်၊ ဒေါသလည်း ထွက်သွားပါသည်။
ခုနက ချင်းယုကျိုးမှာ အစွမ်းအစမဲ့နေသူဖြစ်ပြီး သူမက အားသာချက်ရထားသူဖြစ်သည်။ အခုတော့ အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားပါပြီ။
“မစ္စအန်း ခုနလေးတင် ပြောလိုက်သလိုပဲလေ။ တစ်ခါတလေ ဘဝမှာ ရိုးသားတာတစ်ခုတည်းနဲ့ ဘာမှ လုပ်စားလို့ မရဘူးတဲ့”။ ချင်းယုကျိုးက သူမစကားနဲ့ သူမကို ပြန်လည်ချေပလိုက်ပါသည်။
… … …
အခန်း(၃၃၃) တူလေးကို ကူညီမယ် (၁)
ချင်းယုကျိုးကို အန်းအန်း ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“ချင်းယုကျိုး နင်တော်တော် ကောက်ကျစ်ပါလား! Hacker ငှားတာက တရားမဝင်တဲ့ လုပ်ရပ်နော်! နင့်ကို ရဲတိုင်မှာ မကြောက်ဘူးလား”။ အန်းအန်းက ချင်းယုကျိုးအား မေးလိုက်ပါသည်။
“တိုင်လိုက်လေ။ ငါ့ကို ရဲတိုင်လည်း ဂရုစိုက်မယ်ထင်လို့လား။ ငါလုပ်ထားတဲ့အရာတွေအတွက် အကျိုးဆက်ကို ငါခံယူနိုင်တယ်”။ ချင်းယုကျိုးက အန်းအန်းရဲ့ ခြိမ်းခြောက်မှုတွေကို မကြောက်ရွံ့တော့ပေ။
“ချင်းယုကျိုး၊ နင့်လုပ်ရပ်တွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေက ငါ့ဘဝကိုပါ ဖျက်ဆီးနိုင်တာ နားမလည်ဘူးလား”
“အဲ့တာ ငါနဲ့ဘာဆိုင်လို့လဲ။ ငါက ငါမှန်တယ်ထင်တဲ့အရာကိုပဲ လုပ်တာလေ”။ ချင်းယုကျိုးက လုံးဝ မညှာတာပါ။
“တူလေးပြောတာမှန်တယ်!”။ စူစူလေးက ချင်းယုကျိုးကို ထောက်ခံလိုက်ပါသည်။
“မြောင်~”။ သူ့သခင်ပြောတာ မှန်တယ်။
ဟူကျစ်က အန်းအန်းကို မာန်ဖီလိုက်ပါသည်။
အန်းအန်းက ချင်းယုကျိုးကို ဆက်မေး၏။ “ချင်းယုကျိုး နင်လုပ်နေတဲ့ လုပ်ရပ်တွေကြောင့် ငါသေသွားနိုင်တာ သိရဲ့လား။ အဲ့ဒီလူရဲ့ သရုပ်မှန်ကို ဖော်ထုတ်လိုက်ရင် အကုန်ရှုပ်ထွေးကုန်ပြီး ငါ့ကို သတ်ပစ်ကြလိမ့်မယ်! နင်က လူသတ်သမားပဲ!”
“အဲ့တော့”
“ငါ့ကမ်းလှမ်းမှုကို လက်ခံလိုက်ရင် နင်ဝေဖန်ခံရတာပဲရှိမှာ။ ပြီးတော့ အခုတောင် နင်နာမည်ပြန်ရလာပြီ မဟုတ်ဘူးလား။ နင်အဲ့လိုလုပ်လိုက်ရင် ငါသေသွားမှာနော််”။ အန်းအန်းက ချင်းယုကျိုးကို ဒေါသတကြီး ပြောလိုက်သည်။
“နင်ဘာလို့ သေမှာလဲဆိုတာ ငါမသိဘူး။ ဒါတွေက နင့်ထိုက်နဲ့နင့်ကံပဲလေ။ ဘယ်သူမှ နင့်ကို အတင်းအကျပ် လုပ်ခိုင်းနေတာ မဟုတ်ဘူး။ နင်ဘာပဲပြောပြော ငါ့စိတ်ကို ပြောင်းမှာမဟုတ်ဘူး”
ပြောပြောဆိုဆိုနဲ့ ချင်းယုကျိုး မတ်တပ်ရပ်လိုက်ပြီး စူစူလေးနဲ့ အိမ်ပြန်ဖို့ ပြင်လိုက်သည်။
“ချင်းယုကျိုး နင်မလုပ်ချင်တာကို လုပ်ရအောင် ဖိအားပေးနေတာပဲ!”
အန်းအန်းလည်း မတ်တပ်ရပ်လိုက်ပြီး လူထွားကြီး နှစ်ယောက်က သူတို့ စားပွဲဝိုင်းထံ လျှောက်လာကြပါသည်။
အန်းအန်း တစ်ယောက်တည်း ရောက်လာတာ မဟုတ်ပါ။ သူမ ဘော်ဒီဂတ် ၂ ယောက်ကိုလည်း ခေါ်လာပါသည်။
သူတို့ပုံစံက သာမန် ဘော်ဒီဂတ်တွေနဲ့ မတူပါ။ မျက်နှာတွေက ကြောက်ဖို့ကောင်းလွန်းသည်။
တစ်ခုခု မူမမှန်တာကို ချင်းယုကျိုး သတိထားမိပြီး အန်းအန်းကို လှည့်မေးလိုက်သည်။ “နင်ဘာတွေ ကြံနေပြန်ပြီလဲ”
“နင်ခေါင်းမာနေလို့ ငါဒီလို လုပ်ရတာ။ ချိုချိုသာသာ ပြောလို့မှ နားမထောင်တော့ အကြမ်းနည်းသုံးရတော့မှာပေါ့။ ရိုးရိုးသားသားပြောရရင် မလိုအပ်ဘဲ ငါဒီလို မလုပ်ချင်ဘူး”
“နင်သရုပ်ဆောင်ကောင်းတာကို ထပ်ပြီး ချီးကျူးရမယ်။ ဒီလောက်ထိပဲ အောက်တန်းကျနိုင်မှာပါလို့ တွေးမိတိုင်း ဒီ့ထက် ပိုအောက်တန်းကျတဲ့ လုပ်ရပ်တွေလုပ်ပြီး အံ့အားသင့်စေတယ်နော်”။ ချင်းယုကျိုး ဒေါသဖြင့် ရယ်မောလိုက်ပါသည်။
အနုပညာလောကထဲမှာ ကျင်လည်ခဲ့တုန်းက လူကောင်းတွေအများကြီးနဲ့တွေ့ဖူးသလို လူဆိုးတွေနဲ့လည်း ဆုံဖူးပါသည်။
သို့သော် အန်းအန်းလို အောက်တန်းကျသထက် ကျနေသည့် လူမျိုးကိုတော့ ချင်းယုကျိုး တစ်ခါမှ မတွေ့ခဲ့ဖူးပါ။
“နင်ပြောချင်တာပြော”။ အန်းအန်းက အေးစက်သော မျက်နှာဖြင့် ဘာမှ ရှင်းပြဖို့ အစီအစဉ်မရှိပါ။
သူ့ကို ရှင်းပြလို့၊ ဖြောင်းဖြလို့ ဘာမှထူးမှာ မဟုတ်တော့ပေ။
အန်းအန်းဆိုတာ သူမ လိုချင်တာကို ရဖို့ဆို ဘာမဆိုလုပ်ရဲသည့် မိန်းမတစ်ယောက်ဖြစ်သည်ဟု ချင်းယုကျိုး ယုံကြည်သွားသည်။
ချင်းယုကျိုး ပွေ့ချီထားသည့် စူစူလေးကို အောက်ချပေးလိုက်ပြီး ပြောလိုက်သည်။ “စူစူလေး မြန်မြန်ပြေးတော့။ အပြင်ရောက်ရင် တူကြီးနဲ့ မမလှလှတို့ကို သွားခေါ်လိုက်”
အန်းအန်းနဲ့ ဘော်ဒီဂတ် ၂ ယောက်က သူ့ကို သွားခွင့်ပေးမှာ မဟုတ်မှန်း ချင်းယုကျိုးသိပါသည်။
စူစူလေးနဲ့အတူ ဒီလူတွေထံမှ ထွက်ပြေးနိုင်ချေက သုညလောက်သာ ရှိသည်။
ဒီလူထွားကြီးတွေကို သူထိန်းထားစဉ် စူစူလေး ထွက်ပြေးသွားပါက အခွင့်အရေး ရှိနိုင်သည်။
အန်းအန်းရဲ့ ပစ်မှတ်က သူပဲမဟုတ်လား။ ဒီမိန်းမက ၃ နှစ်ခွဲအရွယ် ကလေးမလေးကို ဒုက္ခပေးတဲ့အထိတော့ မယုတ်မာ လောက်ပါဘူး။
စူစူလေးက ချင်းယုကျိုးကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ မလှုပ်ရှားခဲ့ပါ။
“ပြေးတော့!”။ အချိန်တွေ ကုန်နေပြီဖြစ်သဖင့် ချင်းယုကျိုး အမြန်အော်ပြောလိုက်သည်။
… … …