← Chapters

အခန်း (၃၃၄-၃၃၅)

Vol. 14 Ch. 334-335

အခန်း (၃၃၄-၃၃၅)

Vol. 14 Ch. 334-335

အခန်း(၃၃၄) တူလေးကို ကူညီမယ် (၂)

စူစူလေးက မလှုပ်သေးပါ။ သူမရှေ့က လူထွားကြီးနှစ်ယောက်ကို အကြောက်တရားကင်းမဲ့သော မျက်နှာလေးဖြင့် ကြည့်နေသည်။

ပျော့ညံ့တဲ့ လူသားနှစ်ယောက်ဆီက ဘာလို့ ထွက်ပြေးရမျာလဲ။

စူစူလေး၏ မျက်လုံးလေးများက ကြည်လင်ပြီး အပြစ်ကင်းစင်သည်။ ထို့ကြောင့် သူမ ငယ်လွန်းသဖြင့် အန္တရာယ်ကို နားမလည်နိုင်သေးဘူးဟု လူတွေက ထင်ကြသည်။

လူထွားကြီးနှစ်ယောက် တဖြည်းဖြည်းချဉ်းကပ်လာသောအခါ ချင်းယုကျိုး ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကို ရင်ဆိုင်ရတော့သည်။

ဘာတွေပဲဖြစ်လာဖြစ်လာ စူစူလေး ထိခိုက်လို့မဖြစ်ပေ။

သူမက သူ့ဒေါ်လေးပဲဖြစ်ဖြစ် တူမလေးပဲဖြစ်ဖြစ် အသက် ၃ နှစ်ခွဲအရွယ်သာ ရှိသေးပြီး ချင်းမိသားစုဝင်တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူမကို ကာကွယ်ပေးရမှာ သူ့တာဝန်ဖြစ်ပါသည်။

မဟုတ်ပါက အဘိုးချင်းနဲ့ အဘွားချင်းတို့ကို သူ ရင်ဆိုင်နိုင်မှာမဟုတ်ပါ။ သူ့ကိုယ်သူလည်း ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါ။

ချင်းယုကျိုး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် စိတ်ထဲမှာ ခုခံတိုက်ခိုက်ဖို့ နည်းလမ်းတွေ စဉ်းစားလိုက်သည်။

သို့သော်လည်း အလွန်စိတ်ဖိစီးနေသဖြင့် သူ့အာရုံထဲ ဗလာကျင်းသာ ဖြစ်နေပါသည်။ ရိုက်ကူးရေးလုပ်စဉ်တုန်းက သင်ယူထားသည့် သိုင်းကွက်တွေ ဘာမှ မမှတ်မိပါ။

ထိုစဉ် စူစူလေးရဲ့ ခန္ဓာကိုယ်သေးသေးလေးက ချင်းယုကျိုး ရှေ့ကို ပြေးထွက်သွားပြီး လူထွားကြီး ၂ ယောက် ရှိရာ တည့်တည့်သို့ ဦးတည်လိုက်လေသည်။

“စူစူလေး!”။ ချင်းယုကျိုး အော်လိုက်သည်။ သူအာရုံက ဘာမှမတွေးနိုင်လောက်အောင် ဗလာကျင်းဖြစ်နေသဖြင့် မသိစိတ်မှ စူစူလေးကို ဖမ်းဆွဲဖို့သာ ကြိုးစားလိုက်သည်။

သို့သော် သူ့ခြေလှမ်းတွေက နှေးလွန်းပါသည်။ စူစူလေးက လူထွားကြီးတွေရှေ့ကို ရောက်နေလေပြီ။

သူမရဲ့ လက်သေးသေးလေးများနဲ့ လူထွားကြီးတစ်ယောက်ရဲ့ ခြေထောက်ကို ဖက်ထားလိုက်သည်။

စူစူလေးပြေးလာတာကို မြင်သော်လည်း လူထွားကြီးတွေက မရှောင်ပါ။ ရှောင်စရာလည်း မလိုအပ်ပေ။

ဒီလို လူကောင်သေးသေးလေးကို ခြေထောက်တစ်ဖက်တည်းနဲ့တောင် ကန်ထုတ်ပစ်လိုက်လို့ ရပါသည်။

လူထွားကြီးက သူ့ခြေထောက်ကို ဖက်ထားသည့် ကလေးလေးအား ငုံ့ကြည့်လိုက်ပြီး အထင်သေးစွာ ပြုံးလိုက်သည်။ “ကလေးမ။ ဒီလို ဖက်ထားလို့ လွှတ်ပေးမယ်ထင်နေလား။ ဒီလိုတောင်းပန်တာမျိုး တခြားသူတွေဆီမှာသာ အလုပ်ဖြစ်လိမ့်မယ်။ ငါ့ဆီမှာတော့ ဘာမှ အသုံးမဝင်ဘူး”

အန်းအန်းက ထိုမြင်ကွင်းကို မြင်ပြီး ရယ်မောလိုက်သည်။ “ချစ်စရာကောင်းပြပြီး တောင်းပန်နေတာလား။ သူတို့က ပရော်ဖက်ရှင်နယ်တွေ။ အဲ့လောက်နဲ့ စိတ်ပျော့မသွားဘူး”

“ရော့ဟယ်”။ စူစူလေး ရေရွတ်လိုက်သည်။

အန်းအန်းနဲ့ ဘော်ဒီဂတ်နှစ်ယောက်က သူမဘာပြောနေသလဲ မကြားကြပါ။

ရုတ်တရက် စူစူလေး ဖက်ထားသည့် လူထွားကြီး၏ ခြေထောက် အပေါ်မြောက်သွားသည်။

သူ့ခြေထောက်ကို ကြမ်းပြင်ပေါ် ပြန်ချဖို့ လူထွားကြီး အစွမ်းကုန်ကြိုးစားသော်လည်း ဘယ်လိုမှ မလုပ်နိုင်ပါ။

သူ့ခြေထောက်ကို ဖက်ထားသည့် ကလေးမလေးရဲ့ ခွန်အားက ကြောက်ဖို့ကောင်းလောက်အောင် ကြီးမားလွန်းသည်။ ကလေးမလေးရဲ့ ခန္ဓာကိုယ်ထက် ကြီးမားသည့် သူ့ခြေထောက်ကိုတောင် လှုပ်ရှားလို့ မရတော့ပါ။

ထို့နောက် မှင်သက်စရာ မြင်ကွင်းတစ်ခုကို အားလုံး မြင်လိုက်ရသည်။

စူစူလေးက သူမရဲ့ လက်မောင်းအားကို အသုံးချပြီး လူထွားကြီးအား အဝေးသို့ ပစ်ပေါက်လိုက်သည်။

ဝုန်း! ခွမ်း!

လူထွားကြီးက အနီးနားရှိ ပန်းအိုးကြီးနဲ့ ဝင်တိုက်မိပြီး အိုးကွဲသံတွေပါ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လူထွားကြီးမှာ ပန်းပန်တွေ၊ အိုးကွဲစတွေ၊ မြေကြီးတွေအောက်မှာ ပိသွားလေတော့သည်။

ထိုမြင်ကွင်းကြောင့် အန်းအန်းနဲ့ ကျန်ဘော်ဒီဂတ်တစ်ယောက်လည်း တုန်လှုပ်သွားကြသည်။

အန်းအန်းက သူမ ခေါ်လာသည့် ဘော်ဒီဂတ်တွေအပေါ် အလွန်ယုံကြည်ချက်ရှိပါသည်။

ဒီလူတွေက သာမန်လူတွေ မဟုတ်ကြပါ။ ဒီကိစ္စဖြေရှင်းဖို့အတွက် သူမကို သူမချစ်သူ ငှားပးထားသည့် လူတွေဖြစ်သည်။

ဒီလူနှစ်ယောက် ဘယ်လောက်ကြမ်းကြုတ်သလဲဆိုတာ အန်းအန်းမြင်ဖူးသည်။

ချင်းယုကျိုးကို သူမ အခက်အခဲမရှိ ဖမ်းခေါ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့တာဖြစ်သည်။

သို့သော်လည်း အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေးက အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်လိုက်ပါသည်။

ကျန်ဘော်ဒီဂတ်က စူစူလေးကို ကြက်သေသေစွာ စိုက်ကြည့်နေမိသည်။

သူ ထင်ယောင်ထင်မှား ဖြစ်နေတာလားဟုပင် ထင်မိသွားသည်။

… … …

အခန်း(၃၃၅) တူလေးကို ကူညီမယ် (၃)

သူ့လုပ်ဖော်ကိုင်ဖက် ဘယ်လောက် အားသန်သလဲဆိုတာ သူကောင်းကောင်းသိသည်။ သို့သော် ဒီလို ကလေးသေးသေးလေး ကိုင်ပေါက်တာကို ခံလိုက်ရတယ်တဲ့လား။

မဖြစ်နိုင်တာ!

သူတို့နှစ်ယောက်တည်း မဟုတ်ဘဲ ချင်းယုကျိုးပါ အံ့အားသင့် တုန်လှုပ်သွားလေသည်။

စူစူလေး ခွန်အားကြီးတာကို သူမြင်ဖူးပါသည်။ သို့သော်လည်း ဒီလို ချစ်ဖို့ကောင်းပြီး သေးငယ်သည့် စူစူလေးက အရပ် ၆ ပေလောက်ရှည်သည့် လူထွားကြီးတစ်ယောက်အား အဝေးသို့ ပစ်ပေါက်လိုက်တာကို မြင်ရတာ အလွန်အံ့အားသင့်ဖို့ ကောင်းလွန်းနေပါသည်။

ကြောက်ခမန်းလိလိ စွမ်းအားပါလား။

စူစူလေးရဲ့ ခန္ဓာကိုယ်သေးသေးလေးမှာ ဒီလိုစွမ်းအားတွေ ရှိနေတာလား! မယုံနိုင်စရာပဲ။

“ဟူကျစ် အဲ့လူဆိုးကြီးကို နင်တာဝန်ယူလိုက်”။ စူစူလေးက ဟူကျစ်ကို အမိန့်ပေးလိုက်သည်။

သူမရဲ့ ကလေးဆန်သည့် အသံလေးက အလွန်ချစ်ဖို့ကောင်းပါသည်။

သို့သော်လည်း အခုချိန်မှာ အန်းအန်းနဲ့ သူမဘော်ဒီဂတ်တို့ စိတ်မအေးနိုင်ပါ။

ကြောင်ဖြူလေးက ဘော်ဒီဂတ်ဆီ ပြေးသွားပြီး နောက်ကျောပေါ်သို့ လျှင်မြန်စွာ တက်သွားလေသည်။

အန္တရာယ်ကို သတိထားမိပြီး လူထွားကြီးက သူ့ခန္ဓာကိုယ်အား အမြန်လှုပ်ခါလိုက်ပြီး ဟူကျစ်ကို ခါချဖို့ ကြိုးစားသည်။ ထို့အပြင် သူ့လက်ကလည်း ကျောပေါ်က ဟူကျစ်ကို လှမ်းဆွဲဖို့ ကြိုးစားနေပါသည်။

ဟူကျစ်၏ လျှင်မြန်မှုက ထပ်မံအသုံးဝင်လာပြီဖြစ်ပြီး လူထွားကြီး၏ ခေါင်းပေါ် ခုန်တက်ပြီးနောက် ရင်ဘတ်ပေါ် ဆက်တိုက် ခုန်ချလိုက်သည်။

သူ့လက်သည်းချွန်ချွန်များဖြင့် လူထွားကြီး၏ အင်္ကျီကို ကုတ်တွယ်ထားလိုက်သည်။

လူထွားကြီး အချိန်အတော်ကြာအောင် ရုန်းကန်ပြီး နဖူးပေါ်က ချွေးတွေတောင် ကျနေပြီဖြစ်သော်လည်း ဟူကျစ်ကို ထိတောင် မထိနိုင်သေးပါ။

လူထွားကြီး ခြေကုန်လက်ပမ်းကျသွားစဉ် ဟူကျစ်က လူထွားကြီး၏ နဖူးကို လက်ဖြင့် ထိုးလိုက်သည်။

ထို့နောက် ဂုတ်ကို လက်ဖြင့် ထိုးလိုက်သည်။ ထို့နောက် နောက်ကျောဘက်ကို ထပ်ပြီး ထိုးလိုက်သည်။

ဟူကျစ်ရဲ့ လက်ကလေးများက သေးငယ်သော်လည်း ရိုက်ချက်တိုင်းက အားအလွန်ပြင်းပါသည်။

လူထွားကြီးက အလွန်သန်မာသော်လည်း သူ့ခန္ဓာကိုယ်ပေါ်မှာ ပျော့ကွက်တွေ ရှိပါသည်။ ထိုနေရာတွေကို ထိခိုက်မိလျှင် အလွန်နာကျင်ရသည်။

ဟူကျစ်ရဲ့ လက်သေးသေးလေးများနဲ့ အကြိမ်ပေါင်းများစွာ ထိုးနှက်တာကို ခံလိုက်ရပြီးနောက် လူထွားကြီး ကြမ်းပြင်ပေါ် လဲကျသွားပြီး မျက်နှာတစ်ခုလုံး နာကျင်မှုကြောင့် ရှုံ့မဲ့သွားပါသည်။

အန်းအန်း ဆွံ့အသွား၏။

ဘာတွေဖြစ်သွားတာလဲ။

ဒီကလေးမလေးနဲ့ သူ့ကြောင်က ဘာတွေလဲ။

ပုံမှန်ဆို လူ ၅ ယောက်လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်စွမ်းရှိတဲ့ သူမ ဘော်ဒီဂတ်တွေက ဒီသတ္တဝါလေး နှစ်ကောင်ကြောင့် မှောက်ကုန်ကြပြီတဲ့လား။

“နင်က ဘယ်သူလဲ”။ အန်းအန်း မေးလိုက်သည်။

“ဟွန်း။ ငါ့နာမည် ချင်းစူစူ။ ငါက သူ့ဒေါ်လေးပဲ! သူ့ကို ငါကာကွယ်ပေးထားတာ! နင်သူ့ကို အနိုင်ကျင့်တယ်။ ငါနင့်ကို ထိုးမယ်!”

စူစူလေးက ခါးထောက်လျက် အလွန်ရန်လိုနေပါသည်။

မျက်နှာလေးက ပျော့ပြောင်းနူးညံ့ပြီး အသံလေးကလည်း ကလေးဆန်သဖြင့် ဘယ်လောက်ပဲ ရန်လိုကြမ်းကြုတ်နေပါစေ အလွန်ချစ်ဖို့ကောင်းနေပြီး မြင်ရသူတိုင်း အာဘွားပေးချင်စိတ် ဖြစ်လာကြသည်။

သို့သော်လည်း ခုနက မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဘယ်သူကမှ သူမကို ချစ်ဖို့ကောင်းသည့် သာမန် ကလေးမလေးဟု မထင်ကြတော့ပါ။

ဒါခြိမ်းခြောက်လိုက်တာပဲ!

သေချာပေါက် ခြိမ်းခြောက်လိုက်တာ!

ချင်းယုကျိုး ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိသည်။

ယခု စူစူလေးနောက်မှာ သူမတ်တပ်ရပ်နေရုံက လွဲပြီး ဘာလုပ်ရမှန်း မသိတော့ပါ။

သူ့အာရုံထဲ သူ့ဝမ်းကွဲအစ်ကိုပြောဖူးသည့် စကားက ပဲ့တင်သံထပ်လာပါသည်။ “စူစူလေးက အရမ်းအစွမ်းအစရှိတယ်။ မနက်ဖြန် မင်းသူ့အကူအညီကိုတောင် လိုလောက်တယ်”

ထိုအချိန်တုန်းက ချင်းယုကျိုး မယုံကြည်ခဲ့ပါ။

မကြာသေးခင်အထိ စူစူလေးမှာ တခြားထူးခြားချက်မရှိတော့ဘူးဟု ချင်းယုကျိုး ထင်ထားတာဖြစ်သည်။

သို့သော်လည်း အခုချိန်မှာတော့ သူ့ဝမ်းကွဲအစ်ကို ချဲ့ကားပြောဆိုခဲ့တာ မဟုတ်မှန်း နားလည်သွားပါပြီ။

ထိုအချိန်တွင် တုန်လှုပ်နေသော အန်းအန်းထံသို့ စူစူလေး ချဉ်းကပ်လာသည်။

… … …

All Chapters