← Chapters

အခန်း (၃၃၆-၃၃၇)

Vol. 14 Ch. 336-337

အခန်း (၃၃၆-၃၃၇)

Vol. 14 Ch. 336-337

အခန်း(၃၃၆) တူလေးကို ကူညီမယ် (၄)

“နင်… နင်ဘာလုပ်မလို့လဲ”။ အန်းအန်း စိတ်ချောက်ချားစွာ မေးလိုက်သည်။

စူစူလေးက အန်းအန်းကို မော့ကြည့်လိုက်ပြီး လူယုတ်မာအပြုံး ပြုံးကာ မျက်လုံးများလည်း မှေးသွားသည်။ “နင်က လူဆိုးတစ်ယောက်ပဲ။ လူဆိုးတွေဆိုတာ အပြစ်ပေးရတယ်”

စတွေ့ကတည်းက အန်းအန်းကို စူစူလေး ထိုးကြိတ်ချင်နေတာဖြစ်သည်။

သို့သော် ချင်းယုကျိုးက သူမကို မလိုအပ်သေးဘူးဟု ပြောထားသဖြင့် နွားနို့သောက်နေခဲ့ခြင်းဖြစ်ပါသည်။

“ငါ… ငါလူဆိုးမဟုတ်ဘူး”။ အန်းအန်းက ငြင်းဆန်သည်။

ထို့နောက် အန်းအန်းစိတ်တွေ ယောက်ယက်ခတ်သွားပြီး တစ်ခုခု အမြန်စဉ်းစားကာ အပြုံးချိုချို ပြုံးပြလိုက်သည်။ “ညီမလေး။ အစ်မက လူဆိုးမဟုတ်ပါဘူး။ ညီမလေး လူမှားနေတာများလား”

အသက် ၃ နှစ်ဝန်းကျင် ကလေးတွေက အလွန်ရိုးအပြီး အယုံလွယ်မှန်း အန်းအန်း သိပါသည်။

“နင်က ငါ့ဆယ်လီတူလေးကို အနိုင်ကျင့်တယ်။ အဲ့ဒီတူလေးကို ငါကာကွယ်ပေးထားတာ! သူ့ကို အနိုင်ကျင့်တဲ့လူတိုင်း လူဆိုးတွေပဲ! အကုန်လုံးကို ကိုင်ပေါက်မယ်!”။ စူစူလေးက ကြွေးကြော်လိုက်သည်။

“ညီမလေး မှားနေပြီ။ ညီမလေးရဲ့ တူလေးကို အစ်မက အနိုင်မကျင့်ပါဘူး။ ဒီတိုင်း စကားနည်းနည်းများတာပဲ ရှိတာ။ အဲ့လောက် အရေးမကြီးဘူး”

အန်းအန်းက သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို အသုံးချပြီး စူစူလေးအား အရူးလုပ်ဖို့ ကြိုးစားသည်။

စူစူလေးက နှုတ်ခမ်းစူလျက် ပြောလိုက်သည်။ “ငါက လူကောင်သေးပေမယ့် ငတုံးမဟုတ်ဘူး! နင့်ကို ယုံမယ်များ ထင်နေလား။ အသက် ၃ နှစ်သားလေးလို အရူးလုပ်လို့ရမယ် ထင်နေတာလား”

သူမက အသက် ၁၀၃ နှစ်ခွဲအရွယ်ရှိပါပြီ။ အသက် ၃ နှစ်သားတစ်ယောက်ထက် အသက် ၁၀၀ လောက် ပိုကြီးသည်။

သူမကို ဒီလိုအလွယ်တကူ အရူးလုပ်လို့မရပါ။

စရောက်လာကတည်းက စူစူလေး သူတို့စကားဝိုင်းကို နားထောင်နေခဲ့သည်။ ဒီမိန်းမက လူဆိုးဖြစ်မှန်း သေချာပါသည်။

“ဘာ…”။ အန်းအန်း စကားနင်သွားသည်။

ထိုစဉ် သူမ ခြေထောက်တွေကို စူစူလေး လာပိုက်ထားမှန်း သတိထားမိသွား၏။

ခုနက အဖြစ်အပျက်ကြောင့် စူစူလေး သူမ ခြေထောက်ကိုဖက်ပြီး ချစ်ဖို့ကောင်းပြနေတာဟု အန်းအန်း မထင်ရဲတော့ပါ။

စူစူလေး ဒီတိုင်း ချစ်ဖို့ကောင်းပြနေတာမဟုတ်ဘဲ သူမကို ကိုင်ပေါက်တော့မည့် လက္ခဏာဖြစ်သည်။

“မ… မလုပ်ပါနဲ့။ တောင်းပန်ပါတယ်…”။ အန်းအန်း အမြန်တောင်းပန်လိုက်သည်။ အသံတွေလည်း ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေပါသည်။

သို့သော်လည်း စူစူလေးက နားမထောင်ဘဲ သူမကို ကိုင်ပေါက်လိုက်ပါသည်။

“ရော့ဟယ်”

ရှေ့က ဘော်ဒီဂတ်လိုပဲ အန်းအန်းလည်း ကိုင်ပေါက်ခံလိုက်ရသည်။ စားသောက်ဆိုင်ထဲရှိ အလှပန်းအိုးကြီးကို ဝင်တိုက်မိပြီး ပန်းအိုးကြီးကွဲသွားကာ မြေကြီးများ၊ ပန်းအိုးကွဲစများအောက်မှာ အန်းအန်း ပိသွားလေတော့သည်။

အန်းအန်းကို ကိုင်ပေါက်တုန်း မိန်းကလေးဖြစ်သည့်အတွက် စူစူလေး အားလျှော့သုံးခဲ့သည်။

ထို့ကြောင့် အန်းအန်းရရှိသည့် ဒဏ်ရာက ဘော်ဒီဂတ်လူထွားကြီးထက် အများကြီး သက်သာလောက်ပါသည်။

မြေကြီးအောက်မှာ အန်းအန်း ညည်းညူနေတာကို ကြားနိုင်သော်လည်း ဘော်ဒီဂတ်လူထွားကြီးကတော့ အသံပင် မထွက်တော့ပါ။

လူ ၃ ယောက်စလုံးကို ဆုံးမပြီးနောက် စူစူလေး လက်ကိုဖုန်ခါလိုက်ပါသည်။

ထို့နောက် ဟူကျစ်နဲ့အတူတူ ချင်းယုကျိုးထံ အေးအေးလူလူ ပြန်လျှောက်လာခဲ့သည်။

ထိုအချိန်တွင် ချင်းယုကျိုးကတော့ မြေကြီးအောက်က အန်းအန်းကို ကြောင်စီစီ စိုက်ကြည့်နေမိဆဲပင်။

“ဆယ်လီတူလေး အိမ်ပြန်ကြစို့”။ စူစူလေးက ချင်းယုကျိုးကို မော့ကြည့်ပြီး ချိုမြိန်သော အသံလေးဖြင့် ပြောလိုက်ပါသည်။

ချင်းယုကျိုး အချိန်အတော်ကြာမှ အသိစိတ်ပြန်ဝင်လာပြီး စူစူလေးနဲ့ ဟူကျစ်တို့ကို ငုံ့ကြည့်လိုက်ပါသည်။

ရက်နဲ့ချီပြီး နာကျင်ခဲ့သည့် သူ့တင်ပါးအကြောင်း ချင်းယုကျိုး ပြန်တွေးလိုက်မိသည်။ အစကတော့ စူစူလေး သူ့အပေါ် ညှာတာမှုမရှိဘဲ သူ့တင်ပါးတွေကို ဖူးယောင်သွားအောင် လုပ်ခဲ့သည်ဟု ထင်ခဲ့မိသည်။

ယခု တခြားသူတွေရဲ့အဖြစ်ကို မြင်လိုက်ရပြီးမှ စူစူလေး သူ့အပေါ် အများကြီး သက်ညှာခဲ့မှန်း ချင်းယုကျိုး သိလိုက်ရလေတော့သည်။

… … …

အခန်း(၃၃၇) စူစူလေး တော်တာ ယုံသွားပြီ။

“စူစူလေး နောက်ပိုင်း နင့်ကို ငါစိတ်ညစ်အောင် လုပ်မိရင် ပွင့်ပွင့်လင်းလင်းပြောနော်။ ငါ စကားနားထောင်ပါ့မယ်”။ စူစူလေးကို ချင်းယုကျိုး ရုတ်တရက်ပြောလိုက်သည်။

“ဘာလို့လဲ”။ စူစူလေးက ချင်းယုကျိုးအား ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။

ဘာလို့ ရုတ်တရက်ကြီး လိမ္မာသွားတာလဲ။ အရင်တစ်ခေါက် တွေ့တုန်းက သူဒီလို စကားမပြောပါဘူး။

“ဘာလို့လဲဆိုတော့ နင်က ငါ့ဒေါ်လေးလေ။ ငါက နင့်တူလေးဆိုတော့ စကားနားထောင်ရမှာပေါ့”။ ချင်းယုကျိုးက ရှင်းပြလိုက်ပါသည်။

“ဟုတ်တယ် ဟုတ်တယ်။ ငါက လိမ္မာတယ်!” ချင်းယုကျိုး ထောက်ခံလိုက်သည်။

ထိုအချိန်တွင် ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့နှစ်ယောက် စားသောက်ဆိုင်ထဲ ပြေးဝင်လာကြသည်။

အန်းအန်း လျှို့ဝှက်ချက်တွေအကုန် ထုတ်ပြောအောင် ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ စားသောက်ဆိုင်ထဲ လိုက်မလာခဲ့ကြခြင်း ဖြစ်သည်။ ထို့အစား စားသောက်ဆိုင်နဲ့ မလှမ်းမကမ်း လမ်းဘေးမှာ ကွန်ပျူတာ စနစ်များ တပ်ဆင်ထားသည့် ဗန်ကားတစ်စီးဖြင့် စောင့်နေခဲ့ကြသည်။

ဗန်ကားထဲတွင် စန်းကျစ်က စားသောက်ဆိုင်၏ လုံခြုံရေးကင်မရာများထဲ Hack ဝင်ပြီး စောင့်ကြည့်နေခဲ့သည်။

ပြဿနာတွေ ကြီးလာနိုင်မှန်း ချင်းယုဟွိုင်း မျှော်လင့်ထားပြီးသားဖြစ်၏။ သို့သော်လည်း အန်းအန်း ဒီလောက်ထိ ရူးသွပ်သွားပြီး ချင်းယုဟွိုင်းကို ပြန်ပေးဆွဲဖို့ ကြိုးစားလိမ့်မည်ဟု မထင်ထားခဲ့ပါ။

အန်းအန်းခေါ်လာသည့် ဘော်ဒီဂတ်နှစ်ယောက် စတင်လှုပ်ရှားသောအခါ သူနဲ့ စန်းကျစ်တို့ ဗန်ကားထဲမှ အမြန်ထွက်ပြီး စားသောက်ဆိုင်ဆီ အပြေးလာခဲ့ကြသည်။

သို့သော် ကားလမ်းကူးရင်း ကြန့်ကြာသွားခဲ့၏။

သူတို့ရောက်လာချိန်မှာ အန်းအန်းနဲ့ ဘော်ဒီဂတ်နှစ်ယောက်တို့ ကြမ်းပြင်ပေါ် မှောက်နေကြပါပြီ။

စန်းကျစ်က စူစူလေးဆီ ပြေးသွားပြီး စိုးရိမ်တကြီး မေးလိုက်၏။ “စူစူလေး ဘာဖြစ်သွားသေးလဲ။ ဘယ်နေရာ နာနေလဲ။ လက်ကလေးကော နာသွားလား”

“ဘာမှမဖြစ်ဘူး!”

“တော်သေးတာပေါ့။ ဘာမှမဖြစ်လို့ တော်သေးတာပေါ့”။ စူစူလေး ဒဏ်ရာတစ်ခုခုရသွားမှာကို စန်းကျစ် စိုးရိမ်မိပါသည်။

စူစူလေးက ခွန်အားကြီးသော်လည်း ရန်သူတွေက ဓားတွေ၊ ချွန်ထက်သည့် လက်နက်တွေ ယူလာလျှင် သူမရဲ့ နူးညံ့ ပျော့ပြောင်းသည့် အသားအရည်လေး ထိခိုက်သွားနိုင်သည်။

ချင်းယုဟွိုင်းက စူစူလေးနဲ့ စန်းကျစ်တို့ကို ငုံ့ကြည့်လိုက်သည်။ စူစူလေး ဘာမှမဖြစ်မှန်း သေချာမှ စိတ်အေးသွားပြီး ချင်းယုကျိုးကို မေးလိုက်ပါသည်။ “မင်းကော ဘာဖြစ်သွားသေးလဲ”

“ဘာမှမဖြစ်ပါဘူး။ မင်းပြောတာမှန်တယ် ဝမ်းကွဲအစ်ကို။ စူစူလေးက အရမ်းတော်တယ်”။ ချင်းယုကျိုး ဝန်ခံလိုက်ရသည်။ စူစူလေးက အလွန်ကြောက်ဖို့ကောင်းသော ကလေးလေးဖြစ်သည်။ သူတို့ဘက်မှာ စူစူလေး ရှိနေတာ အလွန် အကျိုးအမြတ်ရှိပါသည်။

“အေး ဒါပေမယ့် သူ့ခွန်အားကို တကယ်ထုတ်သုံးရမယ်လို့ ငါမထင်ခဲ့ဘူး”။ ချင်းယုဟွိုင်း ပြန်ပြောလိုက်သည်။

စူစူလေးက အလွန်အားကိုးရသည်ဟု ဝမ်းကွဲညီကို ပြောထားသော်လည်း စူစူလေးကို တကယ်အသုံးချဖို့ ချင်းယုဟွိုင်း အစီအစဉ်မရှိပါ။

အန်းအန်းက အကြမ်းဖက်လိမ့်မည်ဟု ကြိုသိထားလျှင် တခြားသူတစ်ယောက်ယောက်ကိုသာ ထည့်ပေးလိုက်မှာ ဖြစ်သည်။ စူစူလေးကို ဘယ်တော့မှ အန္တရာယ်တောထဲ လွှတ်မှာ မဟုတ်ပေ။

သူနဲ့ ရှောင်းကျစ်တို့ ထိုအချက်ကို သဘောတူထားပြီးသားဖြစ်သည်။ စူစူလေးက သန်မာသော်လည်း အလုံးစုံ ပြီးပြည့်စုံနေခြင်း မဟုတ်ပါ။ သူမရဲ့ လက်သီးလေးတွေက ဘယ်လောက်ပဲ အားကောင်းပါနေပါစေ ဓားတွေ၊ ချွန်ထက်သည့် လက်နက်တွေကို ယှဉ်နိုင်မှဦမဟုတ်ပါ။

“ဟုတ်ပြီ… ဒီလူတွေကို ဘာလုပ်ကြမလဲ”။ ချင်းယုကျိုးက မေးလိုက်၏။

“ထားခဲ့လိုက်။ သူတို့က ဥပဒေလိုက်နာတဲ့လူတွေမဟုတ်ဘူး။ အဲ့တာကြောင့် ရဲခေါ်လည်း ဘာမှမထူးဘူး။ အန်းအန်းကိုတော့ သူ့ထိုက်နဲ့သူ့ကံပဲ ရှိပါစေ။ လေကုန်ခံပြီး ဘာမှ ထပ်ပြောနေစရာ မလိုဘူး”။ ချင်းယုဟွိုင်း ပြောလိုက်ပါသည်။

“အိုကေ”။ ချင်းယုကျိုးက သူ့ဝမ်းကွဲအစ်ကို၏ ဆုံးဖြတ်ချက်ကို ယုံကြည်ပါသည်။

အိမ်ပြန်လမ်းတွင် ကားထဲ အိပ်ပျော်နေသည့် စူစူလေးအား ချင်းယုကျိုး ခဏခဏ ကြည့်နေမိသည်။

ဒီကလေးမလေး ကားထဲရောက်တာနဲ့ သူမကြောင်လေးကို ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

စူစူလေးရဲ့ မျက်နှာလေးကို ကြည့်ရင်း ချင်းယုကျိုး နှလုံးသား အရည်ပျော်သွားသည်။

ခုနက သူ့ကို စူစူလေး အားကြိုးမာန်တက် ကာကွယ်ပေးခဲ့သည့် မြင်ကွင်းများအား ပြန်မြင်ယောင်ပြီး ချင်းယုကျိုး ပြုံးမိသွားပါသည်။

စူစူလေးရဲ့ နူးညံ့ပျော့အိသော ပါးလေးများကို ချင်းယုကျိုး ကိုင်ကြည့်မိသည်။

“လူယုတ်မာ! ငါ့ကို လာမကန်နဲ့!”။ စူစူလေးက ရုတ်တရက် ညည်းပြီး သူမ လက်သီးလေးကို လေထဲမြှောက်လိုက်ပါသည်။

… … …

All Chapters