← Chapters

အခန်း (၃၃၈-၃၃၉)

Vol. 14 Ch. 338-339

အခန်း (၃၃၈-၃၃၉)

Vol. 14 Ch. 338-339

အခန်း(၃၃၈) စူစူလေးပဲ လုပ်နိုင်တဲ့အရာ

ဖောင်း!

ချင်းယုကျိုး မျက်နှာ ရုတ်တရက် အထိုးခံလိုက်ရသည်။

ချင်းယုကျိုး နာကျင်မှုကြောင့် အသက်ရှူရပ်မတတ်ဖြစ်သွားလေသည်။

သူ့မျက်နှာလေး…

ဒီမျက်နှာလေးနဲ့yJ လုပ်စားနေရတာ…

ချင်းယုကျိုး ကိုယ့်မျက်နှာကိုယ် ကိုင်ရင်း ဘာကြောင့်ထိုးတာလဲဟု စူစူလေးကို မေးချင်သွားသည်။

သို့သော်လည်း စူစူလေးက မျက်လုံးလေးတွေ မှိတ်ထားဆဲဖြစ်ပြီး အိပ်ပျော်နေဆဲဖြစ်သည်။

သူမ… ယောင်နေတာလား။

အမ်…

စန်းကျစ်က တီးတိုး ရှင်းပြလိုက်သည်။ “စူစူလေးက ပုံမှန်ဆို အေးအေးချမ်းချမ်း အိပ်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေ လူယုတ်မာတွေအကြောင်း အိပ်မက်မက်ရင် လက်သီးတွေ ထိုးတတ်တယ်”

ထိုသို့ ဖြစ်နိုင်ချေက အလွန်နည်းပါးသော်လည်း ချင်းယုကျိုး ကြုံတွေ့လိုက်ရသည်။

သူ့တင်ပါး ပြန်ကောင်းတာမှ မကြာသေး၊ အခု သူ့မျက်နှာ…

ဘုရားဘုရား… ငါဘာတွေ အမှားလုပ်ထားမိလို့လဲ။ ဘာလို့ ဒီလိုအပြစ်ပေးခံနေရတာလဲ…။

အိမ်ပြန်ရောက်လာပြီးနောက် ကားထဲ အိပ်ပျော်နေသည့် စူစူလေးကို ချင်းယုဟွိုင်း ပွေ့ချီလိုက်ပြီး အဘွားချင်း လက်ထဲ ထည့်ပေးလိုက်ပါသည်။

အဘွားချင်း၏ သိမ်သိမ်မွေ့မွေ့ အသံကို ကြားသောအခါ စူစူလေး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

“မေမေ~”။ အဘွားချင်း၏ ရင်ခွင်ထဲ စူစူလေး တိုးဝင်သွားသည်။

သူမ အိပ်ရာနိုးလာတိုင်း သူမနဲ့ အနီးဆုံးမှာရှိနေသည့်လူ၏ ရင်ခွင်ထဲ အိပ်ချင်မူးတူး တိုးဝင်တတ်သည်။

ထိုအခိုက်အတန့်လေးက စူစူလေးရဲ့ ချစ်ဖို့အကောင်းဆုံး အခိုက်အတန့်လေးဟု ဆိုနိုင်သည်။

ထိုမြင်ကွင်းကြောင့် ယောက်ျားရင့်မာကြီးတွေ မနာလို အားကျဖြစ်သွားကြသည်။

အဘိုးချင်းမှ ချင်းညီအစ်ကိုတွေအထိ အားလုံး စူစူလေးကို လုချီချင်နေကြသည်။

ခဏကြာတော့ စူစူလေး အိပ်ရာနိုးလာခဲ့ပါသည်။

ထိုစဉ် ဆရာကြီးရှုယီရောက်လာပြီး စူစူလေးကို ပြောလိုက်၏။ “စူစူလေး လာဦး။ ယောက်မကို ဆေးကုပေးဖို့ စူစူလေးရဲ့ အကူအညီလိုတယ်”

ဆရာကြီးရှုယီ၏ ဆေးကုသမှုနည်းလမ်းများက အမြဲတမ်း ထူးဆန်းပါသည်။ ဆေးပင်တွေ ကိုင်တွယ်တာ၊ ဆေးရည် ဖော်စပ်တာတွေကိုလည်း သူများကို ဘယ်တော့မှ မလုပ်ခိုင်းဘဲ ကိုယ်တိုင်သာ လုပ်လေ့ရှိသည်။

စူစူလေးက တစ်ခုတည်းသော ချွင်းချက်ဖြစ်၏။ အဘိုးယန်က သူ့ဆေးပစ္စည်းတွေကို စူစူလေးအား လွတ်လွတ်လပ်လပ် ကိုင်တွယ်ခွင့် ပေးထားပါသည်။

“ဟုတ်ကဲ့!”

ဦးလေးပိုင်ဟူကျစ်က သူမ အကူအညီလိုသဖြင့် စူစူလေး နည်းနည်းလေးမှ မတွန့်ဆုတ်ဘဲ အဘွားချင်း၏ ရင်ခွင်ထဲမှ ခုန်ချလိုက်ပါသည်။

ဒါကိုကြားတော့ ချင်းယုဟွိုင်းက ဝင်ပြောလိုက်သည်။ “ဆရာကြီးရှုယီ ကျွန်တော်ကူညီပေးပါ့မယ်”

ချင်းယုကျီးကလည်း ထောက်ခံသည်။ “ဟုတ်တယ် ဆရာကြီးရှုယီ။ ကျွန်တော်လည်း အခုအားနေတယ်။ ဆရာကြီး လုပ်ခိုင်းတာ အကုန်လုပ်နိုင်ပါတယ်”

ချင်းရှင်းကျစ်ကလည်း ဝင်ပြောသည်။ “ဟုတ်ပါတယ်။ ကျွန်တော့်မှာ ခွန်အားအပြည့်နဲ့ သား ၂ ယောက်တောင် ရှိနေတာ။ သူတို့ကိုပဲ ခိုင်းပါ။ သူတို့နဲ့ မလုံလောက်သေးရင် ကျွန်တော်ပါ ကူညီပေးမယ်”

စူစူလေးရဲ့ တာဝန်ကို သူလည်း ကူညီထမ်းဆောင်ပေးချင်နေပါသည်။ သူ့ညီမလေးကို လုံးဝ မပင်ပန်းစေချင်ပါ။

“မင်းတို့ကောင်တွေ တော်တော်စကားများပါလား”။ အဘိုးယန် နှုတ်ခမ်းတွန့်သွားသည်။ “စူစူလေးပဲ လုပ်နိုင်တဲ့ အရာတွေ ရှိတယ်ကွ။ မင်းတို့တွေ ဘာမှလုပ်တတ်မှာမဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် အဘိုးယန်က စူစူလေး၏ လက်ကိုတွဲပြီး ထွက်သွားပါသည်။ စူစူလေးကိုယ်စား ဝင်ကူပေးချင်နေသည့် အဖွဲ့ကို လှည့်တောင် မကြည့်ပါ။

စူစူလေးပဲ လုပ်နိုင်တဲ့အရာတွေကို သူတို့ လုံးဝ လုပ်နိုင်မှာ မဟုတ်ဘူး။

စူစူလေးကို ခြံထဲ ခေါ်လာပြီးနောက် အဘိုးယန်က မေးလိုက်သည်။ “စူစူလေး ဘာလုပ်ရမလဲ မှတ်မိလား”

“ပျော်စရာကောင်းတာတွေကို တွေးရမယ်။ သမီးဖြစ်ချင်တာတွေကို တွေးရမယ်”။ စူစူလေးက ပြောလိုက်သည်။

ပိုင်ကျဲနတ်သားရဲက လူတွေရဲ့ ကံကြမ္မာကို စီမံနိုင်ပြီး လူတွေအတွက် ကံကောင်းမှုတွေ ယူဆောင်လာပေးနိုင်သည်။ ကံဆိုးမှုတွေကို ရှောင်ရှားဖို့ သင်ပေးနိုင်သည်ဟု ထိုနတ်ယုတ်မာက ပြောဖူးသည်။

ထိုအမှောင်ငွေ့တွေကို ပျောက်ကွယ်သွားစေချင်လျှင် သူမ ပျော်စရာကောင်းသည့် အတွေးတွေ တွေးရမည်ဟု ဦးလေး ပိုင်ဟူကျစ်ကလည်း ပြောသည်။

“ဟုတ်ပြီ!”။ အဘိုးယန်က ခေါင်းငြိမ့်သည်။

လက်ရှိစူစူလေးအတွက် သူသင်ပေးနိုင်တာ ဒါအကုန်ပဲဖြစ်သည်။

စူစူလေး နားလည်နိုင်ပါ့မလား အဘိုးယန်မသိပါ။ သူမရဲ့ ပိုင်ကျဲမျိုးနွယ် စွမ်းရည်တွေကို ဖြည်းဖြည်းချင်း နားလည်လာပါစေဟုသာ ဆုတောင်းရမည်။

… … …

အခန်း(၃၃၉) ဝမ်ချင်း၏ တောင်းပန်လက်ဆောင်

“ဦးလေးပိုင်ဟူကျစ်။ ဒီနည်းနဲ့ ဟိုဘက်အိမ်က ကိုကြီးကို ကူညီပေးလို့ရလား”။ စူစူလေးက မေးလိုက်သည်။

“မပြောတတ်ဘူး။ အခု ဟိုဘက်အိမ်က လုမိသားစု ဘယ်လိုအခိုးအငွေ့အရောင်တွေ ထွက်နေလဲဆိုတာ မြင်ရလား”။ အဘိုးယန်က မေးလိုက်သည်။

စူစူလေးက ခေါင်းခါလိုက်၏။

သူမ ယောက်မဆီက အခိုးအငွေ့တွေကိုသာ မြင်ရပါသည်။ တခြားသူတွေဆီမှာ မမြင်ရသေးပါ။

“ဒါဆို… ခဏလောက်‌ ဆက်ပြီးစောင့်၇အောင်”။ အဘိုးယန်က စူစူလေး၏ ခေါင်းကိုပွတ်ပေးလျက် ပြောလိုက်ပါသည်။

“သမီးကိုကြီးက နေပြန်ကောင်းလာမှာမလား”။ စူစူလေး မေးလိုက်သည်။

“စိတ်မပူပါနဲ့။ ငါဒီမှာရှိနေသေးသရွေ့ သူ့ကို ကုသပေးမှာပါ။ သူ့ကို အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်တယ်”။ အဘိုးယန်က အာမခံလိုက်ပါသည်။

စူစူလေး မျက်နှာပေါ်က စိတ်ပျက်သွားသော အကြည့်ကို မြင်ပြီး အဘိုးယန် စိတ်မကောင်းဖြစ်ကာ အမြန် ချော့မြူလိုက်ခြင်း ဖြစ်သည်။

ယခု လူနာကို ကယ်တင်ဖို့ သူတို့မှာ နည်းလမ်း ၂ ခုရှိပါသည်။ သူက ဆေးဝါးတွေကို အသုံးချပြီး ဆေးကုသပေးမည်ဖြစ်ကာ စူစူလေးက ကောင်းချီးပေးရမည်။

ဘယ်နည်းလမ်းပဲဖြစ်ဖြစ် အဆင်ပြေနိုင်ပါသည်။

“ကိုကြီးကို ကူညီဖို့ သမီးမြန်မြန်သန်မာလာအောင် ဘယ်လိုလုပ်ရမလဲ”။ စူစူလေးက မေးလိုက်ပါသည်။

ခုတလော သူမကိုကြီး မတ်တပ်ပြန်ရပ်နိုင်ဖို့ လေ့ကျင်ခန်းတွေ အများကြီးလုပ်ရပြီး ပင်ပန်းနေရသည်။

“အဲ့တာက…”။ အဘိုးယန် တွန့်ဆုတ်သွားသည်။

သူ ဖော်စပ်ထားသည့် ဆေးလုံးတွေက စူစူလေး ပိုမိုသန်မာလာစေဖို့အတွက် ဖြစ်သည်။ သို့သော် စူစူလေးက အခါးတွေ မကြိုက်သဖြင့် အတင်းတိုက်လို့ မရပါ။

ထို လုကျန်းယွီအတွက် စူစူလေး ဆေးခါးတွေသောက်မည်ဆိုရင်တောင် အဘိုးယန် ကျေနပ်မှာ မဟုတ်ပါ။

သူများမိသားစုက ကလေးကြောင့် စူစူလေး ဒုက္ခခံလို့ဖြစ်မလား!

“ရပါတယ်။ စူစူလေး ဘာမှလုပ်စရာမလိုဘူး။ ဦးလေးတာဝန်သာထားလိုက်! ဦးလေး ကတိပေးထားတာ မေ့သွားပြီလား။ သူ့ကို ဆေးကုပေးမယ်လို့ ဦးလေး ကတိပေးထားပြီးသားလေ။ စူစူလေးက ဦးလေးကို အားပေးမယ်မလား”

“အွန်း အားပေးမယ်!”။ စူစူလေးက အားရဝမ်းသာ ခေါင်းငြိမ့်လိုက်ပါသည်။

စူစူလေးနဲ့ အဘိုးယန်တို့ အလုပ်တွေ ရှုပ်ခဲ့ကြပြီး အချိန်အတော်ကြာသောအခါ အဘိုးယန်က ဖော်စပ်ထားသော ဆေးဖြင့် ဝမ်ချင်း၏ အခန်းထဲ ဝင်လာခဲ့ပါသည်။

ဒီရက်ပိုင်းထဲ ဝမ်ချင်း၏ ကျန်းမာရေးက အကောင်းကြီးဟု ဆိုလို့မရသလို အဆိုးကြီးဟုလည်း ဆိုလို့မရပါ။ စားချင် သောက်ချင်စိတ် မရှိတာအဆိုးဆုံးဖြစ်သည်။ ဗိုက်ထဲက အကျိတ်ကြောင့်လား ကိုယ်ဝန်ကြောင့်လားဆိုတာတောင် ဝမ်ချင်း မဝေခွဲတတ်တော့ပေ။

ချင်းရှင်းကျစ်ကလည်း သူမအတွက် အလွန်စိုးရိမ်နေပါသည်။ ထို့ကြောင့် သူမကို ဘယ်မှမ သွားခိုင်းဘဲ ကုတင်ပေါ်မှာသာ အနားယူခိုင်းထားသည်။ ကျန်းမာရေး အနည်းငယ် တိုးတက်လာမှ ကုတင်ပေါ်က ထခွင့် ပေးပါမည်။

အဘိုးယန် နေ့စဉ် ပေးသည့် ဆေးတွေက ဘေးကင်းပြီး ပျော့ပြောင်းသည်။ ထို့ကြောင့် ကလေးကို မထိခိုက်စေဘဲ အကျိတ်ကို ထိန်းချုပ်နိုင်ပါသည်။

စူစလေးနဲ့ အဘိုးယန်တို့ ဝင်လာတာကို မြင်သောအခါ ဝမ်ချင်း အနည်းငယ် ရှက်သွားသည်။

မိန်းမဖြစ်သူ တွန့်ဆုတ်နေတာကိုမြင်တော့ ချင်းရှင်းကျစ်က ကြားဝင်ပေးလိုက်ပါသည်။ “အာ့ချင်း စူစူလေးအတွက် လက်ဆောင်ပေးဖို့ ပြင်ထားတာ ရှိတယ်ဆို”

“ဟုတ်တယ်… စူစူလေးအတွက် လက်ဆောင်ပေးဖို့…”။ ဝမ်ချင်း သတိရသွားပြီး သူမ ယောက်ျားကို အံဆွဲ ဖွင့်ခိုင်းလိုက်သည်။ “ယောက်ျား၊ ကျွန်မကို အဲ့ထဲက ထုတ်ပေးပါ”

ချင်းရှင်းကျစ် အံဆွဲကို ဖွင့်လိုက်ပြီး ဘရိုကိတ်ဘူးလေး တစ်ဘူးကို ထုတ်လိုက်သည်။ ထို့နောက် ဝမ်ချင်းကို ပေးလိုက်ပါသည်။

ဝမ်ချင်းက ဘူးလေးကို ဖွင့်လိုက်သောအခါ ထိပ်တန်းအရည်အသွေးရှိ ကျောက်စိမ်းတုံးလေးများ အတန်းလိုက် ပေါ်လာခဲ့သည်။ ကျောက်စိမ်းတုံးလေးများကို ပညာရှင်များက SpongeBob SquarePants ကာတွန်းကား ဇာတ်ကောင်ပုံလေးများဖြစ်အောင် အနုစိပ် ပုံဖော်ထားပေးသည်။

စူစူလေးက SpongeBob ကာတွန်းကား ကြည့်ရတာ သဘောကျသည်။ ထို့ကြောင့် သာမန် ရုပ်ပုံတွေထက် SpongeBob ဇာတ်ကောင်တွေကို သူမ ပိုပြီး ကြိုက်လောက်ပါသည်။

“စူစူလေး မွေးလာကတည်းက ယောက်မ ဘာလက်ဆောင်မှ မပေးရသေးဘူး။ အဲ့တာကြောင့် ဒါလေးတွေကို ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”။

ဝမ်ချင်းက အဖုံးဖွင့်ထားသော ဘူးလေးအား စူစူလေးထံ ပေးလိုက်ပါသည်။

ထို့နောက် စူစူလေးကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလိုက်သည်။ သူမ သဘောမကျမှာ စိုးရိမ်နေတာကြောင့် ဖြစ်၏။

ထင်ထားသည့်အတိုင်းပဲ စူစူလေးက ဘူးထဲရှိ SpongeBob သဏ္ဌာန် ကျောက်စိမ်းတုံးလေးများကို သဘောကျပါသည်။

“လှပါတယ်။ ဒါပေမယ့် ဘာလို့ အဝါရောင် မဟုတ်တာလဲ”။ စူစူလေးက မေးလိုက်သည်။

SpongeBob က အဝါရောင်လေ!‌

ပြီးတော့ သူမက အဝါရောင်ပိုကြိုက်တာ!

စူစူလေးက ရွှေထက် တန်ဖိုးအများကြီး ပိုကြီးသည့် ကျောက်စိမ်းအကြောင်း နားမလည်သေးပါ။

… … …

All Chapters