အခန်း (၃၄၂-၃၄၃)
Vol. 14 Ch. 342-343
အခန်း(၃၄၂) စူစူလေးရှိရင် ဘယ်သူမှ မလှုပ်ရဲဘူး (၂)
သို့သော် သူတို့နောက်မှ ခွန်အားတစ်ခုက သူတို့လင်မယားနှစ်ယောက်ကို လှမ်းဆွဲထားပါသည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ နောက်လှည့်ကြည့်လိုက်ရာ စူစူလေးကို မြင်လိုက်ရသည်။ စူစူလေးက သူတို့ နှစ်ယောက်ရဲ့ အင်္ကျီတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပါသည်။
လင်မယားနှစ်ယောက် ကြက်သေသေသွားပြီး ဘာတွေဖြစ်နေသလဲ နားလည်ကာ ရန်လိုနေတာတွေကို ရပ်လိုက်ကြပါသည်။
ဒီဘိုးအေလေးကို သူတို့ ရန်မစရဲကြပါ။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ဘာမှ မလုပ်ရဲကြတော့ပေ။ ထိုအခါမှ စူစူလေး သူတို့ကို လွှတ်ပေးလိုက်ပါသည်။
သို့သော်လည်း သူမရဲ့ မျက်လုံးတောက်တောက်ပပလေးများနဲ့ သူတို့နှစ်ယောက်ကို သေချာ စောင့်ကြည့်နေသည်။ သူမ မိသားစုကို လက်ဖျားနဲ့တောင် ထိခွင့်မပေးပါ။
ချင်းယုဟွိုင်းကို ကိုယ်ထိလက်ရောက် မလုပ်နိုင်သဖြင့် ဟုံပေါင်ကျူး လက်ညှိုးငေါက်ငေါက်ထိုးကာသာ အော်ဟစ်လိုက်သည်။ “ရဲအရာရှိကြီး! သူ့ကို ဖမ်းပေးပါ! ကျွန်မ ချွေးမနဲ့ မြေးမလေးကို သူတို့ဖွက်ထားတယ်လို့ ဝန်ခံလိုက်ပြီ! သူ့ကို ဖမ်းမှဖြစ်မယ်!”
“ကျုပ်က ဘာမှဖွက်ထားစရာ အကြောင်းမရှိဘူး။ သူတို့ဘာလို့ ပုန်းနေရသလဲဆိုတဲ့အကြောင်း ခင်ဗျားတို့သားကို မေးကြည့်ပြီးပြီလား”။ ချင်းယုဟွိုင်းက တည်ငြိမ်စွာ ပြောလိုက်ပါသည်။
“ကျန်းဝမ်ဝမ်နဲ့ သူ့သမီးလေးတို့က ကိုယ့်ဆန္ဒနဲ့ကိုယ် ပုန်းခိုနေကြတာလို့ ပြောချင်တာလား”။ ရဲအရာရှိက မေးလိုက်သည်။
“ဟုတ်တယ်။ သူတို့ဆန္ဒနဲ့သူတို့ ပုန်းခိုနေကြတာ။ ကျွန်တော်တို့က သူတို့အတွက် နေစရာနေရာ ပေးထားရုံပဲ”။ ချင်းယုဟွိုင်းက ပြန်ပြောလိုက်ပါသည်။
“သူပြောတာ နားမထောင်နဲ့ အရာရှိကြီး! ကျွန်မသားနဲ့ သူ့မိန်းမနဲ့က ဘာအဆင်မပြေတာမှမရှိဘူး! ယွင်ယွင်လေးကလည်း အဘိုးအဘွားတွေဖြစ်တဲ့ ကျွန်မတို့ကို ချစ်တယ်! သူတို့ ဘာအကြောင်းပြချက်မှ မရှိဘဲ ပုန်းနေတယ် ဆိုတာ မဖြစ်နိုင်ဘူး!”
စကားပြောရင်း ဟုံပေါင်ကျူး ဒေါသ ထပ်ထွက်လာပြီး လက်ကိုမြှောက်လိုက်သည်။ သို့သော် သူမကို စိုက်ကြည့်နေသော စူစူလေးရဲ့ မျက်လုံးများအား မြင်လိုက်ရလေသည်။
ထို့ကြောင့် ဟုံပေါင်ကျူးလည်း ကြောက်ကြောက်နဲ့ လက်ကို ပြန်ချထားလိုက်ရပါသည်။
“အရာရှိကြီး! သူတို့လိမ်နေကြတာ။ မဟုတ်ရင် ကျွန်မမြေးမလေးနဲ့ ချွေးမတို့ကို ဘာလို့ တွေ့ခွင့် မပေးကြတာလဲ”။ ဟုံပေါင်ကျူး၏ အသံက အလွန်ကျယ်လောင်လွန်းသဖြင့် ချင်းမိသားစုတစ်အိမ်လုံးကို ပဲ့တင်သံထပ်သွားပါသည်။
ရဲအရာရှိက ညှိနှိုင်းပေးလိုက်သည်။ “ဒီလိုဆိုရင်ကော။ မစ္စကျန်းဝမ်ဝမ်တို့ သားအမိနဲ့ ကျွန်တော်တို့ကို တွေ့ခွင့်ပေးပါ။ သူတို့ဘေးကင်းမှန်း သေချာရင် ကျန်တဲ့ပြဿနာတွေ အလွယ်တကူ ဖြေရှင်းလို့ရတယ်”
“အရာရှိတို့ ရှိနေရင်တော့ ပြဿနာမရှိပါဘူး”။ ချင်းယုဟွိုင်းက ပြန်ပြောသည်။
“လိုအပ်ရင် အားလုံးဘေးကင်းစေဖို့ ကျွန်တော်တို့ ဒီမှာစောင့်ပေးပါ့မယ်”။
ရဲအရာရှိတွေရဲ့ အာမခံမှုနဲ့ ချင်းယုဟွိုင်း ကျန်းဝမ်ဝမ်အား ဖုန်းဆက်လိုက်ပါသည်။
ချင်းယုဟွိုင်း ဖုန်းပြောနေစဉ် ဟုံပေါင်ကျူးက ချင်းကျင်းဖန်အား တီးတိုးမေးလိုက်ပါသည်။ “ဘယ်လိုလုပ်ကြမလဲ။ အဲ့ဒီဟာမ ဒီရောက်လာပြီး သူ့ဆန္ဒနဲ့သူ ပုန်းနေတာလို့ပြောရင် ကျွန်မတို့ ဒီတိုင်းလွှတ်ပေးလိုက်ရမှာလား”
ဟုံပေါင်ကျူး အလွန်စိုးရိမ်နေပါသည်။ သူတို့သားကို အကြွေးရှင်တွေ ဝိုင်းရိုက်သွားသဖြင့် ဆေးရုံတင်ထားရသည်
ဆေးရုံမှာ သတိရှိနေသော်လည်း အရာရာ လုပ်ကိုင်ပေးရသည်။ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေတောင် ရှိလာနိုင်သည်ဟု ဆရာဝန်က ပြောပါသည်။
ချွေးမဖြစ်သူတို့ သားအမိကို အသည်းအသန်ရှာချင်နေရသည့် အကြောင်းအရင်း ၂ ခုရှိပါသည်။ ပထမတစ်ခုက သူတို့ ချွေးမကို ပြန်ခေါ်ပြီး သူတို့သားကို ပြုစုခိုင်းဖို့ ဖြစ်သည်။ လက်ရှိအခြေအနေမှာ ပြုစုဖို့အတွက် သူ့မိန်းမက အသင့်တော်ဆုံး ဖြစ်တာကြောင့်ပင်။ ဒုတိယတစ်ချက်က သူတို့သားတကယ် ဒုက္ခိတဖြစ်သွားလျှင် ယွင်ယွင်လေးက သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ကျန်ခဲ့လိမ့်မည်။
“သူ မပြောရဲပါဘူး! ပြောရဲရင် အဲ့ကောင်မကို ခေါင်းငြိမ့်တဲ့အထိ ရိုက်ပစ်မယ်!”။ ချင်းကျင်းဖန်က ကြမ်းကြုတ်စွာ ပြောလိုက်သည်။
“ရှင်ရူးနေလား။ ရဲတွေရှိနေတယ်လေ။ ရဲရှေ့မှာ သွားရိုက်ရင် ရှင်ထောင်ကျသွားမှာပေါ့။ ရှင့်သားက အခုဆေးရုံမှာ ရောက်နေတာ ရှင်ပါ ထောင်ကျသွားရင် ကျွန်မ ဘာလုပ်ရတော့မှာလဲ”
ဟုံပေါင်ကျူး၏ စကားကြောင့် ချင်းကျင်းဖန် အသိစိတ် နည်းနည်း ပြန်ဝင်လာပါသည်။
အမှန်ပင်။ သူတို့ စိတ်လိုက်မာန်ပါလုပ်လို့ မဖြစ်ပါ။
“ဒါဆို မင်းက ဘယ်လိုလုပ်ချင်လို့လဲ”
“ကျွန်မတို့ မီဒီယာအကူအညီကို ယူရမယ်!”။ ဟုံပေါင်ကျူး အကြံရသွားသည်။
“မီဒီယာအကူအညီကို ယူရမယ် ဟုတ်လား”။ သူ့မိန်းမစကားကို ချင်းကျင်းဖန် နားမလည်ပါ။
… … …
အခန်း(၃၄၃) ချင်းလောင်ယွင်ရဲ့ ပြောင်းလဲမှု (၁)
“ဟုတ်တယ်လေ! ကျွန်မ အွန်လိုင်းပေါ်မှာ ဗီဒီယိုတွေ မြင်ဖူးတယ်! ယောက္ခမနဲ့ ချွေးမ ပြဿနာတက်တာတွေ၊ အိမ်နီးချင်းတွေ ရန်ဖြစ်တဲ့ ဗီဒီယိုတွေ ခဏခဏတက်တယ်။ အဲ့လို လိုင်းပေါ် တက်လာတိုင်း စိတ်ဝင်စားတဲ့ လူတွေ အများကြီးရှိတယ်။ မီဒီယာသမားတချို့ကိုသာ ခေါ်လိုက်။ ကင်မရာရှေ့ရောက်ရင် ကျွန်မ ငိုပြလိုက်မယ်။ ပြီးရင် ကျွန်မသားက နာမကျန်းဖြစ်နေတဲ့အချိန် ချွေးမက သမီးကို ခေါ်ပြီး ထွက်ပြေးသွားတယ်လို့ ညည်းပြလိုက်မယ်! အဲ့တာမှ ကျန်းဝမ်ဝမ် ဝေဖန်ခံရမှာကြောက်လို့ ယွင်ယွင်လေးကို ခေါ်ပြီး ကျွန်မတို့ဆီ ပြန်လာမှာ”
သူများတွေ အောင်မြင်ဖူးသဖြင့် သူမလုပ်ရင်လည်း အောင်မြင်လိမ့်မည်ဟု ဟုံပေါင်ကျူး တွေးလိုက်ပါသည်။
“မင်းပြောတာ ဟုတ်တယ်! အဲ့တာမှ ကျန်းဝမ်ဝမ် ငါတို့နဲ့ မလိုက်ဘဲ မနေရဲမှာ”။ ချင်းကျင်းဖန်က ထောက်ခံလိုက်ပါသည်။
သူလည်း သူ့မိန်းမပြောသည့် ဗီဒီယိုတွေကို အွန်လိုင်းပေါ်မှဦ မြင်ဖူးပါသည်။
ဟုံပေါင်ကျူးက ထပ်ပြောလိုက်၏။ “ပြီးတော့ ရှင့်အစ်ကိုကြီးနဲ့ မရီးတို့ကိုပါ လူဆဲတာခံရအောင်လုပ်လို့ ရနိုင်တယ်!”
“ဟုတ်တယ် ဟုတ်တယ်! အဲ့ဒီ ဗီဒီယိုတွေ မြင်ဖူးတယ်။ ချမ်းသာတာကို အသုံးချပြီး သူများကို အနိုင်ကျင့်တဲ့ သူဌေးတွေကို အွန်လိုင်းပေါ်က လူတွေက ဆဲကြတယ်။ ပြီးတော့ သူတို့လုပ်ငန်းတွေ၊ ထုတ်ကုန်တွေကိုတောင် အားမပေးဘဲ နေကြတယ်! သူတို့ စီးပွားရေးကိုပါ ထိခိုက်အောင်လုပ်နိုင်ရင် ပိုကောင်းတာပေါ့!”
ချင်းကျင်းဖန် ပြောရင်း ပြောရင်း စိတ်လှုပ်ရှားလာခဲ့ပါသည်။
နှစ်ယောက်သား ဆွေးနွေးပြီးနောက် မီဒီယာကို အသုံးချဖို့ ဆုံးဖြတ်လိုက်ကြသည်။
ချင်းကျင်းဖန်မှာ မီဒီယာအကြောင်း နားလည်သည့် မိတ်ဆွေတချို့ ရှိပါသည်။ သူ့အစ်ကိုကြီးနဲ့ မရီးတို့၏ အရှိန်အဝါကို အသုံးချပြီး အရင်တုန်းက မိတ်ဆွေတွေအများကြီး ရခဲ့ဖူးသည်။
နာရီဝက်ခန့်ကြာသောအခါ ချင်းကျင်းဖန် ခေါ်လိုက်သော မိတ်ဆွေတချို့ ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ချင်းယုဟွိုင်း စေလွှတ်လိုက်သောကားနဲ့အတူ ကျန်းဝမ်ဝမ်၊ ချင်းလောင်ယွင်တို့လည်း ရောက်လာကြပါပြီ။
ချင်းလောင်ယွင်ကို စူစူလေး မတွေ့ရတာ ၂ ပတ်လောက်ရှိလေပြီ။
ချင်းလောင်ယွင် ကျောင်းမတက်တာ ၂ ပတ်ရှိပါပြီ။
ချင်းလောင်ယွင် သေချာ အနားယူပြီးမှ ကျောင်းပြန်တက်မှာဖြစ်ပြီး မစိုးရိမ်ဖို့ စူစူလေးကို သူမ တူကြီးက ရှင်းပြခဲ့သည်။
ဒီတစ်ခေါက် ချင်းလောင်ယွင်ကို မြင်လိုက်ရသောအခါ စူစူလေး အံ့အားသင့်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် သူမရဲ့ ယောက်မအကြီးဆုံးလိုပဲ ချင်းလောင်ယွင်ရဲ့အနားမှာ အခိုးအငွေ့တွေ မြင်နေရတာကြောင့် ဖြစ်သည်။
အဖြူရောင်အခိုးအငွေ့တွေကော အနက်ရောင်တွေကော ပါဝင်သည်။
ထူးခြားချက်က အနက်ရောင်အငွေ့တွေကြားထဲ ချင်းချန်းကျစ်၏ ကြမ်းတမ်းကောက်ကျစ်သော မျက်လုံးများကို မြင်နေရသည်။
စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!
သို့သော် အဖြူရောင် အခိုးအငွေ့တွေကြားထဲမှာတော့ သူမကို ချင်းလောင်ယွင်က “ဒေါ်လေး”ဟုခေါ်ပြီး အနောက်က ပြေးလိုက်နေသည့် မြင်ကွင်းများကို မြင်နေရသည်။
ချင်းလောင်ယွင်လည်း စူစူလေးကို မြင်ပါသည်။ စူစူလေးကို မြင်လိုက်တာနဲ့ ချင်းလောင်ယွင်၏ မှေးမှိန်နေသော မျက်လုံးများ ရုတ်တရက် တောက်ပသွားရသည်။
သို့သော် သိပ်မကြာလိုက်ဘဲ သူမ မျက်လုံးတွေ ပြန်ပြီး အရောင်မဲ့သွားရပြန်ပါသည်။
“ဝမ်ဝမ်! ယွင်ယွင်လေး!”။ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့နှစ်ယောက် အပြေးအလွှား ရောက်လာကြသည်။
သူတို့နှစ်ယောက်ကို မြင်သောအခါ ကျန်းဝမ်ဝမ်က ချင်းလောင်ယွင်ကို အမြန်ပွေ့ချီလိုက်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
ကျန်းဝမ်ဝမ်၏ အပြုအမူကြောင့် ချင်းကျင်းဖန်တို့ လင်မယားနှစ်ယောက် မျက်နှာပျက်သွားသည်။
သို့သော် ရဲအရာရှိတွေနဲ့ မီဒီယာမိတ်ဆွေတွေပါ ရှိနေသဖြင့် ချင်းကျင်းဖန်တို့လင်မယား မသောင်းကျန်းတော့ပါ။ ထို့အစား အပြုံးတုတစ်ခုဖြင့်သာ ပြုံးပြလိုက်သည်။
ဟုံပေါင်ကျူးက စိတ်ပူစွာမေးလိုက်၏။ “ဝမ်ဝမ်၊ နင်နဲ့ ယွင်ယွင်လေးတို့ ဘယ်သွားနေကြတာလဲ။ ရက်တွေအကြာကြီး ပျောက်သွားတော့ ငါတို့ စိတ်ပူနေတာ!”
“သမီးတို့ ဘာမှမဖြစ်ဘူး”။ ကျန်းဝမ်ဝမ်က ခပ်ပြတ်ပြတ်ပဲ ဖြေလိုက်သည်။ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကို ထပ်တောင် မကြည့်ချင်ပါ။
“ဘာမှမဖြစ်ဘူးဆိုလည်း ဘာလို့ အိမ်ပြန်မလာတာလဲ။ ယွင်ယွင်လေး ငါတို့နဲ့ အကြာကြီးခွဲနေရတာ။ ယွင်ယွင်လေး ဘိုးဘိုးနဲ့ ဘွားဘွားကို သတိရနေမှာပေါ့ ဟုတ်တယ်မလား”။ ချင်းကျင်းဖန်ကလည်း အမြန်ဝင်ပြောလိုက်ပါသည်။
ပြောပြောဆိုဆိုနဲ့ ချင်းလောင်ယွင်ကို ကျန်းဝမ်ဝမ်၏ လက်ထဲမှ လုယူဖို့ ချင်းကျင်းဖန် လက်ပြင်လိုက်သည်။ “ယွင်ယွင်လေး ဘိုးဘိုးဆီလာပါဦး။ ဘိုးဘိုး ချီချင်လို့”
ချင်းလောင်ယွင်က ချင်းကျင်းဖန်ကို ကြည့်ပြီး တွန့်ဆုတ်နေကာ ချက်ချင်း မတုန့်ပြန်နိုင်ခဲ့ပါ။
ထို့နောက် သူမ အမေကိုလှည့်ကြည့်ကာ အကူအညီတောင်းလိုက်သည်။
… … …