← Chapters

အခန်း (၃၄၄-၃၄၅)

Vol. 14 Ch. 344-345

အခန်း (၃၄၄-၃၄၅)

Vol. 14 Ch. 344-345

အခန်း(၃၄၄) ချင်းလောင်ယွင်ရဲ့ ပြောင်းလဲမှု (၂)

ချင်းလောင်ယွင်၏ အပြုအမူကြောင့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့နှစ်ယောက်စလုံး မျက်နှာတွေ မှောင်မိုက်သွားကြသည်။

အရင်တုန်းကဆို သူတို့ မြေးမလေးက သူတို့စကား အမြဲတမ်း နားထောင်ခဲ့သည်။ သို့သော်လည်း ဒီနေ့တော့ ခေါ်တာတောင် ချက်ချင်း မလာတော့ပါ။

“မသွားနဲ့”။ ကျန်းဝမ်ဝမ်က ချင်းလောင်ယွင်အား တားလိုက်ပါသည်။

ထို့ကြောင့် ချင်းကျင်းဖန်တို့ လင်မယားမျက််နှာတွေ ပိုအကျည်းတန်သွားသည်။

“ဝမ်ဝမ် အဲ့တာ ဘာစကားလဲ။ ယွင်ယွင်က ငါတို့မြေးမလေးလေ! ငယ်ငယ်လေးကတည်းက သူ့ကို ငါတို့ ကျွေးမွေး စောင့်ရှောက်လာတာ!”။ ဟုံပေါင်ကျူးက အပြစ်တင်သော လေသံဖြင့် ပြောလိုက်ပါသည်။

ကျန်းဝမ်ဝမ် ဘာမှ ပြန်မပြောနိုင်ပါ။ သူမ ယောက္ခမတွေ ပြောတာလည်း မမှားပေ။

သို့သော် သူမ သမီးလေးကို သူတို့လက်ထဲ ပြန်ထည့်မပေးချင်ပါ။

ချင်းချန်းကျစ် ဆေးရုံတင်ထားရတာကို သူမ သိသည်။ ထို့ကြောင့် သူ့မိဘတွေကို တိရိစ္ဆာန်ရုံက အဖြစ်အပျက်တွေ ပြောပြီးသွားလောက်ပါပြီ။

ယခု ‌ယောက္ခမတွေက သူမကို ပြန်ခေါ်ချင်နေတာ ကောင်းသောလက္ခဏာမဟုတ်ပေ။

ကျန်းဝမ်ဝမ်ကြောင့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ဒေါသတွေ ထွက်လာပါပြီ။

ဟုံပေါင်ကျူးက အံကြိတ်လျက် သူမတို့ခေါ်ထားသည့် မီဒီယာမိတ်ဆွေများ၏ ကင်မရာရှေ့မှာ စတင် ငိုကြွေးလေတော့သည်။

“ငါ့သားလေး ဒုက္ခိတဖြစ်ပြီး ဆေးရုံမှာ လှဲနေရတယ်။ အခု ငါ့ချွေးမကလည်း ကလေးကို ခေါ်သွားပြီး ငါတို့ဆီ ပြန်မလာချင်ဘူးတဲ့။ ငါတို့လို အဘိုးကြီးတွေ အဘွားကြီးတွေက ဘာလုပ်ပေးရမှာလဲ။ ငါတို့ ဘာအမှားလုပ်မိလို့လဲ…”

ပြောပြောဆိုဆိုနဲ့ ဟုံပေါင်ကျူးက ကြမ်းပြင်ပေါ်ထိုင်ချပြီး စတင်ငိုကြွေးမြည်တမ်းလေတော့သည်။

“ငါ့သားလေး! ဘဝဆိုးလိုက်တာ! လင်မယားတွေဆိုတာ ဆိုးတူကောင်းဖက်လို့ ပြောကြတယ်။ ဒါပေမယ့် ငါ့သားလေး ဆေးရုံတက်ရတော့ နင့်မိန်းမက ငါတို့ကို ကျောခိုင်းသွားပြီလေ! ငါတို့ ကျွေးမွေးစောင့်ရှောက်လာတဲ့ မြေးမလေးကိုတောင် ခေါ်သွားတယ်! ငါတို့လို အဘိုးကြီး အဘွားကြီးတွေ ဘယ်လို အသက်ဆက်ရှင်ရတော့မလဲ”

ဟုံပေါင်ကျူးငယ်စဉ်ကတည်းက စွမ်းရည်တစ်ခု ရှိခဲ့သည်။ သူမ မျက်ရည်ကို ကျချင်သည့်အခါတိုင်း ကျအောင် လုပ်နိုင်သည်။

တစ်အိမ်လုံးမှာ သူမ ငိုသံတစ်ခုတည်း ကျယ်လောင်စွာ ထွက်ပေါ်နေပြီး ဘယ်သူမှ ဘာမှ ဝင်မပြောနိုင်ပါ။

ချင်းကျင်းဖန်က ဘေးမှကြည့်ရင်း စိတ်ထဲမှာ အောင်ပွဲခံလိုက်သည်။

ဟုံပေါင်ကျူး ငိုနေတာကိုမြင်ပြီး ချင်းလောင်ယွင် စိတ်မကောင်းဖြစ်သွားပါသည်။ “ဘွားဘွား…”

“မသွားနဲ့!”။ ကျန်းဝမ်ဝမ်က ချင်းလောင်ယွင်ကို လုံးဝ လွှတ်မပေးနိုင်ပါ။

“မေကြီး… အဲ့တာ ဘွားဘွားလေ။ သမီးဘွားဘွားဆီ သွားချင်တယ်…”။ ချင်းလောင်ယွင် တောင်းတောင်းပန်ပန် ပြောလိုက်သည်။

“နင့်အဖေ နင့်ကို ဘယ်လို ဆက်ဆံခဲ့သလဲ မေ့သွားပြီလား”

ကျန်းဝမ်ဝမ်က သူသမီးကို ဆုံးမဖို့ အတွေ့အကြုံနည်းပါးသည်။ စိတ်လည်း သိပ်မရှည်ပါ။ ထို့ကြောင့် သူမ စကား နားမထောင်သည့်အခါ အလွယ်တကူ ဒေါသထွက်လာတတ်သည်။

ချင်းလောင်ယွင်လည်း ကြောက်သွားပြီး ခေါင်းငုံ့သွားပါသည်။

ထို့နောက် ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး လူတွေကြားထဲက စူစူလေးကို လှမ်းကြည့်လိုက်သည်။

“ဒေါ်လေးစူစူ…” ချင်းလောင်ယွင်က စူစူလေးကို သနားစရာကောင်းစွာ ကြည့်လိုက်သည်။

အရင်တစ်ခေါက် ပြဿနာဖြစ်ပြီးကတည်းက ချင်းလောင်ယွင် ရင်ထဲမှာ စူစူလေး နေရာတစ်ခုယူထားနိုင်ခဲ့သည်။

စူစူလေးကို မြင်သောအခါ သူမ လုံခြုံသလို ခံစားရသည်။ သူမအမေထက်တောင် လုံခြုံမှုကို ပိုပေးစွမ်းနိုင်သည်။

ချင်းလောင်ယွင်၏ အကူအညီတောင်းသံကိုကြားပြီး စူစူလေး အနားရောက်လာသည်။

“စကားနားထောင်။ မကြောက်နဲ့”။ ချင်းလောင်ယွင်ကို စူစူလေး ပြောလိုက်သည်။

ချင်းလောင်ယွင်က နှုတ်ခမ်းကိုက်လျက် ခေါင်းငြိမ့်လိုက်ပါသည်။

ဒေါ်လေးစူစူက သူမကို မကြောက်ဖို့ပြောသဖြင့် သူမ မကြောက်တော့ပါ။

“နင့်အဘွားက လူကောင်းမဟုတ်ဘူး။ သူ့စကားတော့ နားမထောင်နဲ့”။ စူစူလေးက ထပ်ပြောသည်။

“ဒါပေမယ့် သူက ငါ့ဘွားဘွားလေ”။ ချင်းလောင်ယွင်က ပြောလိုက်၏။

“ကောင်းတဲ့ဘွားဘွားတွေရယ် ဆိုးတဲ့ဘွားဘွားတွေရယ်ဆိုပြီး ရှိတယ်။ ကောင်းတဲ့ ဘွားဘွားတွေရဲ့ စကားကိုပဲ နားထောင်ရမှာ။ ငါ့မှာ တူတွေအများကြီး ရှိပေမယ့် ကောင်းတဲ့တူတွေကိုပဲ ဂရုစိုက်မှာ! ဆိုးတဲ့ တူတွေဆို လုံးဝ ဂရုမစိုက်ဘူး! အရမ်းဆိုးလာရင် ဒီလိုင်း လွှင့်ပစ်လိုက်မယ်!”။ စူစူလေးက ရှင်းပြလိုက်၏။

ချင်းလောင်ယွင် နားလည်သလိုလို ခေါင်းငြိမ့်လိုက်သော်လည်း တစ်ခုခုမှားနေတာကို ခံစားမိပါသည်။

“ဒါပေမယ့်… ဘွားဘွားက တစ်ယောက်တည်းရှိတာလေ… သူ့ကို လွှင့်ပစ်လိုက်ရင် ငါ့မှာ ဘယ်သူမှ မရှိတော့ဘူး”။ ချင်းလောင်ယွင်က တိုးညှင်းစွာ ပြောလိုက်သည်။

… … …

အခန်း(၃၄၅) စူစူလေးရဲ့ သင်ကြားမှုု (၁)

“ဒါပေမယ့် သူက လူဆိုးဆိုရင် နင်ပါ လူဆိုးဖြစ်သွားမှာ။ နင်မကြောက်ဘူးလား။ လူဆိုးကြီးဖြစ်ချင်လို့လား”။ စူစူလေးက မေးလိုက်သည်။

ချင်းလောင်ယွင်ခေါင်းခါလိုက်သည်။ သူမ လူဆိုးမဖြစ်ချင်ပါ။

“ဘာပဲဖြစ်ဖြစ် ဒီလို ငိုနေတာ မကောင်းဘူး။ သူ ဆိုးသွမ်းနေရင် ဂရုမစိုက်နဲ့။ လိမ္မာတဲ့အချိန်ထိ စောင့်။ အဲ့ကျမှ သူ့ဆီ ပြန်သွား”။ စူစူလေးက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”။ ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်ပြီး စူစူလေး ညွှန်ကြားသည့်အတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

စူစူလေး လေးလေးနက်နက် သင်ပေးနေတာကို ကြည့်ရင်း ချင်းယုဟွိုင်း အကြည့်တွေ နူးညံ့သိမ်မွေ့သွားပြီး လေးစားသွားမိသည်။

စူစူလေးက ငယ်သေးသော်လည်း တချို့ကိစ္စတွေမှာ လူကြီးတွေလိုပဲ နားလည်တတ်ကျွမ်းသည်။

တစ်ခါတလေ သူ့အဘိုးအဘွားတွေ၊ အဖေအမေတွေကတောင် တချို့ကိစ္စတွေမှာ စူစူလေးလောက် အစွမ်းအစမရှိဘူးဟု ချင်းယုဟွိုင်း ခံစားမိသည်။

ချင်းလောင်ယွင်၏ အဖြေကြောင့် ချင်းကျင်းဖန်ကော ဟုံပေါင်ကျူးကော အံ့အားသင့်သွားကြသည်။

“ယွင်ယွင်လေး ဘိုးဘိုးကို မချစ်တော့ဘူးလား”။ ချင်းကျင်းဖန် သူ့နားသူ မယုံနိုင်သဖြင့် ချင်းလောင်ယွင်အား မေးလိုက်ပါသည်။

ချင်းလောင်ယွင် ခေတ္တတွန့်ဆုတ်သွားပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။ “သမီး… မေကြီးနဲ့ ဒေါ်လေးစူစူတို့က ဘိုးဘိုးတို့ကို အတုမယူဖို့ ပြောထားတယ်…”

ချင်းချန်းကျစ်ကြောင့် စိတ်ဒဏ်ရာရသွားပြီးနောက် သမီးဖြစ်သူကို ‌ချော့တာထက်ပိုပြီး ကျန်းဝမ်ဝမ် သင်ပေးခဲ့သည်။ အဘိုးအဘွားဖြစ်သူတွေကို မျက်စိစုံမှိတ် မယုံဖို့ သေချာ သင်ပေးထားသည်။

ထိုစကားကြားသောအခါ ချင်းကျင်းဖန် ချက်ချင်း စိတ်တိုသွားသည်။ “နင့်ကို နင့်အမေ စောင့်ရှောက်တာ ဘယ်နှရက် ရှိသေးလို့လဲ။ ချင်းစူစူကလည်း အသက် ၃ နှစ်ကျော်ပဲ ရှိသေးတဲ့ ကလေးနော်! အဘိုးအဘွားတွေစကား နားမထောင်ဘဲ သူတို့စကားကျ ဘာကိစ္စနားထောင်နေရတာလဲ။ နင်ဆိုးသွမ်းနေပြီလား”

“သမီး…” ချင်းလောင်ယွင် ကြောက်လန့်သွားသည်။

စူစူလေးက ချင်းလောင်ယွင်ရှေ့မှာ ကာရပ်လိုက်ပြီး ပြောလိုက်၏။ “သူ့ကို ကြောက်အောင်မလုပ်နဲ့! သူက သေးသေးလေးပဲ ရှိသေးတာ စကားကို ကောင်းကောင်းပြော!”

“ပါးစပ်ပိတ်ထား! ငါ့သမီးကိုငါ စကားပြောနေတာ နင့်အပူမပါဘူး!”။ ချင်းကျင်းဖန်က ဒေါသတကြီး ငေါက်လိုက်သည်။

“ငါ့ကို သူဒေါ်လေးလို့ ခေါ်တယ်လေ! အဲ့တာကြောင့် ငါ့အပူပါတာပေါ့!”။ စူစူလေးက ခါးထောက်လျက် အရှိန်အဝါကြီးစွာ ပြောလိုက်ပါသည်။

ချင်းလောင်ယွင်က သူမကို ကာကွယ်ပေးနေသည့် စူစူလေးကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။

အရင်တုန်းက သူမရဲ့ မိသားစုကို အနိုင်ကျင့်သဖြင့် စူစူလေးကို ချင်းလောင်ယွင် မုန်းတီးခဲ့သည်။

သို့သော်လည်း စူစူလေး ကာကွယ်ပေးတာကို ခံရသည့် ခံစားချက်က အလွန်ခြားနားပါသည်။

“နင်တော့လား!”။ ချင်းကျင်းဖန် ဒေါသကြောင့် စကားပင်ကောင်းကောင်း မပြောနိုင်တော့ဘဲ မျက်နှာကြီး နီရဲလျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

“ဘာဖြစ်လို့လဲ ထိုးချင်လို့လား”။ စူစူလေးက လက်သီးဆုပ်ကာ စိန်ခေါ်လိုက်ပါသည်။

သူမ ရန်ဖြစ်ဖို့ အသင့်ဖြစ်နေပါပြီ။

အမှန်ပင်။ ချင်းကျင်းဖန်က စူစူလေးနဲ့ ရန်မဖြစ်ရဲပါ။

ကင်မရာတွေရှေ့မှာ စူစူလေးနဲ့ သတ်ပုတ်လျှင် သူသိက္ခာကျလိမ့်မည်။ နိုင်မှာလည်း မဟုတ်ပါ။

ဟုံပေါင်ကျူးတစ်ယောက် ငိုသံတွေ ပိုကျယ်လာသည်။ “ဘုရားဘုရား! သေးခံဝတ်ပေးရတဲ့အရွယ်ကတည်းက ငါတို့ပြုစုပျိုးထောင်လာတဲ့ ငါ့မြေးမလေး ငါတို့ကို အသိအမှတ်မပြုတော့ဘူးတဲ့! ဒီအဘွားကြီး ဘယ်လို အသက်ဆက်ရှင်ရပါ့မလဲ!”

ဟုံပေါင်ကျူး ငိုယို အော်ဟစ်နေတာကိုမြင်သော်လည်း အဘွားချင်းက တည်တည်ငြိမ်ငြိမ်ပဲ ‌ပြောလိုက်သည်။ “မီဒီယာသမားတွေ သူငိုချင်တယ်ဆို ခြံထဲ ခေါ်သွားလိုက်ကြပါ။ ငါအသက်ကြီးနေပြီ။ သူ့အသံကြောင့် ခေါင်းတွေပါ ကိုက်တယ်”

မီဒီယာသမားတွေက အဘွားချင်းကို အနေခက်စွာ ကြည့်လိုက်သည်။ “သခင်မကြီး၊ ကျွန်တော်တို့ကို လာပြောလို့ ဘာမှ အသုံးမဝင်ဘူး။ သူအငိုတတ်အောင် ကျွန်တော်တို့လည်း ဘာမှ မလုပ်နိုင်ပါဘူး”

“သူအငိုတိတ်အောင် လုပ်စရာမလိုပါဘူး။ နင်နဲ့ ကင်မရာကိုင်ထားတဲ့ကောင် ခြံပြင်သာ ထွက်လိုက်။ ကင်မရာရှိတဲ့နောက် သူလိုက်ငိုလိမ့်မယ်”။ အဘွားချင်းက ပြောလိုက်ပါသည်။

ထိုစကားကို ကြားသောအခါ မီဒီယာသမားတွေ အူတူတူဖြစ်သွားပြီး အဘွားချင်းပြောသည့်အတိုင်း တံခါးမကြီးဆီ လျှောက်သွားလိုက်ကြသည်။

အားရပါးရ ငိုကြွေးနေသည့် ဟုံပေါင်ကျူးလည်း ကင်မရာမန်းတွေ ထွက်သွားတာကို သတိထားမိသွားသည်။

သူမ ရှိုက်ကြီးတငင် ငိုကြွေးနေပုံရသော်လည်း ကင်မရာတွေရှိသည့်နေရာကို သေချာ စောင့်ကြည့်နေခဲ့တာဖြစ်သည်။

… … …

All Chapters