အခန်း (၃၄၆-၃၄၇)
Vol. 14 Ch. 346-347
အခန်း(၃၄၆) စူစူလေးရဲ့ သင်ကြားမှု (၂)
ချင်းကျင်းဖန်က မီဒီယာသမားတွေရှေ့မှာ ပိတ်ရပ်လိုက်ပါသည်။
“မင်းတို့ ဘယ်သွားမလို့လဲ! အားလုံးဒီမှာရှိနေတာ ဒီမှာပဲရိုက်လေ!”။ ချင်းကျင်းဖန် အော်ပြောလိုက်၏။
မီဒီယာသမားတွေက ပါးနပ်သူတွေဖြစ်သည်။ သူတို့ကို ချင်းကျင်းဖန် ခေါ်ထားတာ ဖြစ်သော်လည်း ချင်းကျင်းဖန်၏ အမိန့်အား နာခံရမည်ဟု မဆိုလိုပါ။
ရိုက်ကူးနေစဉ်အချိန်အတွင်း ပြဿနာတွေကို တရားမျှမျှတတ မကိုင်တွယ်လျှင် မီဒီယာသမားတွေကိုပါ Netizen တွေက ဆဲကြလိမ့်မည်။
ဒီခေတ်ကြီးထဲမှာ Netizen တွေက အလွန် ဉာဏ်ကောင်းပြီး အရူးလုပ်ဖို့မလွယ်ကူပါ။
ကင်မရာမန်းနဲ့အကြည့်ချင်းဖလှယ်ပြီးနောက် မီဒီယာသမားလည်း ချင်းကျင်းဖန်ကို လျစ်လျူရှုကာ တံခါးဆီ ဆက်လျှောက်သွားခဲ့ပါသည်။
ဒါကိုမြင်တော့ ချင်းကျင်းဖန်ကော ဟုံပေါင်ကျူးကော ခေါင်းနပန်းကြီးသွားကြသည်။
ချင်းကျင်းဖန်က မီဒီယာသမားနဲ့ ကင်မရာမန်းတွေရဲ့ အဝတ်အစားတွေကို လှမ်းဆွဲကာ မသွားဖို့ တားနေပါသည်။ ဟုံပေါင်ကျူးကတော့ ကြမ်းပြင်ပေါ်မှ မတ်တပ်ရပ်လိုက်ပြီး ကင်မရာမန်းရှေ့လာကာ ဆက်ပြီး ငိုကြွေးလေသည်။
သူမ ပုံစံက အလွယ်ယောက်ယက်ခတ်နေသဖြင့် ကင်မရာမန်းကို ဝင်တိုက်မိမလိုတောင် ဖြစ်သွားသည်။
မီဒီယာသမားက ချင်းကျင်းဖန်တို့ လင်မယားကို ဖြောင်းဖြဖို့ အမြန်ကြိုးစားပါသည်။ “အဘိုးချင်းနဲ့ အဘွားချင်းတို့ ဒေါသ မထွက်ကြပါနဲ့။ စကားအေးဆေးပြောရအောင်! ဒီလိုတွေလုပ်နေလို့ ဘာမှ အဆင်မပြေနိုင်ဘူး”
“ငါ့သားက နာမကျန်းဖြစ်နေတယ်။ ငါ့ချွေးမက ငါ့မြေးမလေးကို ခေါ်ပြီးထွက်ပြေးဖို့ ကြိုးစားနေတာ ငါဒေါသမထွက်ဘဲ နေရမှာလား။ ဘုရားဘုရား ဆိုးရွားလိုက်တဲ့ဘဝပါလား!”
ဟုံပေါင်ကျူးက ဆက်ပြီး ငိုကြွေးလိုက်သည်။ သူမ ငိုတာ မပီပြင်လျှင် ပရိတ်သတ်၏ ဂရုဏာသက်မှုကို မခံရမှာ စိုးရိမ်မိသည်။
ချင်းကျင်းဖန်ကလည်း ငေါက်ကာငမ်းကာ ပြောလိုက်ပါသည်။ “မင်းတို့ နည်းနည်းလေးတောင် ကိုယ်ချင်းစာစိတ် မရှိကြဘူးလားကွ။ နှလုံးသားမရှိတဲ့ ငါ့ချွေးမကိုကျတော့ ဘာလို့ အဲ့စကားတွေ သွားမပြောကြတာလဲ။ ငါတို့ကို ဒီလောက် ရက်ရက်စက်စက် ပြုမူနေတာ မမြင်ကြဘူးလား”
မီဒီယာသမားတွေ ဘာပြန်ပြောရမှန်းတောင် မသိတော့ပါ။
ထိုမြင်ကွင်းကို ကြည့်ပြီး ချင်းလောင်ယွင်အား စူစူလေး ပြောလိုက်သည်။ “တွေ့လား အဲ့လိုလုပ်တာ မကောင်းဘူး။ အဲ့လို မငိုရဘူး။ သူတို့ကို အတုမယူနဲ့နော် ကြားလား”
ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်သည်။
အရင်တုန်းက သူမ အဘိုးအဘွားတွေရဲ့ လုပ်ရပ်တွေ မှန်သလား မှားသလားဆိုတာ ပြောပြမည့်လူ မရှိခဲ့ပါ။
သူများက သူမ အဘိုးအဘွားတွေကို မကောင်းဘူးဟု ပြောရင်တောင် ချင်းလောင်ယွင်က အဘိုးအဘွားတွေကို ယုံကြည်သဖြင့် ပြန်ရန်တွေ့တတ်သည်။
အခုတော့ အခြေအနေတွေ ခြားနားသွားပါပြီ။ စူစူလေးကို သူမ ယုံကြည်ပြီး စူစူလေးရဲ့ စကားတွေကိုသာ ပိုနားထောင်ချင်သည်။
“ပြီးတော့ အဲ့လို အော်ဟစ်မနေနဲ့နော်။ သူများတွေ ကြောက်သွားမယ်”။ စူစူလေးက ဆက်ဆုံးမ၏။
“ဟုတ်ကဲ့”။ ချင်းလောင်ယွင်က လိမ်လိမ်မာမာ နားထောင်နေပါသည်။
“တွေ့လား အဲ့လို သူများတွေကို လိုက်ဆွဲနေတာ မကောင်းဘူး။ သူများတွေ နာသွားတတ်တယ်။ အဲ့လို လုပ်တာ အရမ်းရိုင်းတယ်!”။ စူစူလေးက ထပ်ပြောလိုက်၏။
“အင်း”။ ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်သည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့၏ ပူပင်သောကရောက်မှုတွေက စူစူလေးအတွက် သင်ထောက်ကူပစ္စည်းတစ်ခုလို ဖြစ်သွားသည်။
နှစ်ယောက်ပေါင်းမှ အသက် ၇ နှစ်ခွဲသာ ရှိသည့် ကလေးလေးနှစ်ယောက် တစ်ယောက်က သင်ပေးပြီး တစ်ယောက်က နားထောင်နေသည်။
ချင်းလောင်ယွင်က စူစူလေးအား မေးလိုက်၏။ “အဲ့တာဆို အဲ့လိုဖြစ်လာရင် ဘာလုပ်ရမလဲ ဒေါ်လေးစူစူ”
စူစူလေးက အတည်ပေါက် ရှင်းပြလိုက်ပါသည်။ “ကျိုးသင့်ကြောင်းသင့် ဖြေရှင်းရမယ်!”
အမြဲတမ်း လက်သီးဆုပ်ပြီး ထိုးမည်ကြိတ်မည်လုပ်နေသည့် ကလေးမလေးက သူများကို ကျိုးသင့်ကြောင်းသင့် စဉ်းစားတတ်အောင် သင်ပေးနေသည်။
အစက အိမ်ထဲမှာ အခြေအနေတွေ တင်းမာနေသော်လည်း စူစူလေးရဲ့ သင်ကြားပေးမှုကြောင့် လူကြီးတွေ စိတ်ရွှင်ကာ ရယ်မောမိကြပါသည်။
ရဲအရာရှိတွေတောင် ပြုံးမိကုန်ကြသည်။
မရယ်နဲ့… မရယ်သင့်ဘူး။ တာဝန်ချိန်မှာ ပရောက်ဖက်ရှင်နယ်ဆန်ဆန် နေသင့်တယ်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ဟန်ဆောင်နေတာတွေကို မြင်ပြီး ကျန်းဝမ်ဝမ် သည်းမခံနိုင်တော့ပါ။ ချင်းလောင်ယွင်အား စူစူလေးထံ ခဏပေးထားလိုက်ပြီး ချင်းကျင်းဖန်တို့လင်မယားကို ကျန်းဝမ်ဝမ် ရင်ဆိုင်လိုက်ပါသည်။
“ဘာမှ ဟန်ဆောင်မနေကြနဲ့! ရှင်တို့သားက သမီးအရင်းကိုတောင် ဒုက္ခပေးဖို့ ကြိုးစားခဲ့တာ! ဒီတိုင်း သက်မဲ့ အရာတစ်ခုလို စွန့်ပစ်လိုက်လို့ရတယ်လို့ သူ့ပါးစပ်နဲ့ ပြတ်ပြတ်သားသားကို ပြောခဲ့တာ! ဒီကလေးက သူ့သမီးအရင်း မဟုတ်ဘူးလို့တောင် ကျွန်မကို စွပ်စွဲသေးတယ်! ရှင်တို့နဲ့ ကျွန်မ ဘာပြန်လိုက်စရာအကြောင်းရှိလို့လဲ”
… … …
အခန်း(၃၄၇) ပြဿနာ ပိုကြီးလာပြီ
“ဝမ်ဝမ် နင်ဘာမဟုတ်တာတွေ လာပြောနေတာလဲ။ ငါ့သား ဒုက္ခိတဖြစ်တာကို မြင်ပြီး ထွက်ပြေးသွားတာ နင်လေ! အခုမှ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်နေတာလား”။ ဟုံပေါင်ကျူးက ဘာမှ ဝန်ခံမှာ မဟုတ်ပါ။
“ဘာကို ထမင်းကျွေးတဲ့လက် ပြန်ကိုက်ရမှာလဲ။ ကျွန်မ ပြောနေတာ အကုန်အမှန်တရားတွေချည့်ပဲ!”။
“ဘာအမှန်တရားလဲ။ အခုတော့ ယွင်ယွင်လေးကို ပျိုးထောင်ချင်နေပြီပေါ့ ဟုတ်လား။ အမေဖြစ်တဲ့ နင်က ယွင်ယွင်လေးကို ဘယ်တုန်းကများ လှည့်ကြည့်ဖူးလို့လဲ”
“အဲ့တာ ကျွန်မ အပြစ်မှန်း ဝန်ခံတယ်! ဒါပေမယ့် ကျွန်မက လူဆိုးဆိုရင် ရှင့်သားက လူယုတ်မာ! ယွင်ယွင်လေးကို ရှင်တို့နဲ့ ပြန်မထည့်ပေးနိုင်ဘူး!”
သူမက ဖြောင့်မတ်သည့် မိန်းမ တစ်ယောက်မဟုတ်မှန်း ကျန်းဝမ်ဝမ်ကိုယ့်ကိုယ်ကို သိပါသည်။ ငယ်စဉ်ကတည်းက အလေလိုက်ခဲ့သူဖြစ်ကာ အခုချိန်ထိ နူးညံ့သိမ်မွေ့သည့် မိန်းမ မဖြစ်သေးပါ။ အမေကောင်းတစ်ယောက် ဖြစ်ဖို့ဆို ပိုဝေးပါသည်။
သို့သော်လည်း သူမ သမီးအရင်းအပေါ် ရက်စက်ရလောက်သည့်အထိတော့ မယုတ်မာပေ။
“ကျန်းဝမ်ဝမ် နင်ပေါက်ကရမပြောနဲ့! နင်ထွက်သွားချင်ရင် သွားလိုက် ငါတို့မတားဘူး! ဒါပေမယ့် ယွင်ယွင်လေးက ငါတို့မြေးမလေး! သူ့ကို ခေါ်သွားခွင့် နင့်မှာမရှိဘူး!”
ကျန်းဝမ်ဝမ်ကို တိုက်ရိုက်ခြိမ်းခြောက်လို့ အသုံးမဝင်သဖြင့် ဟုံပေါင်ကျူးက နည်းလမ်းပြောင်းလိုက်ပါသည်။ မြေးမလေးကို အသုံးချပြီး ချွေးမကို အရှုံးပေးအောင် လုပ်မည်။
“သူက ကျွန်မ သမီး! ထိန်းသိမ်းစောင့်ရှောက်ခွင့် ရချင်ရင် တရားရုံးမှာ ရင်ဆိုင်ကြတာပေါ့!”။ ကျန်းဝမ်ဝမ်က ပြတ်သားစွာ ပြောလိုက်သည်။
“အလုပ်မရှိ၊ ဝင်ငွေမရှိ၊ အိမ်ခြေရာခြေတောင် မရှိတဲ့ နင်ကများ ငါတို့နဲ့ တရားရင်ဆိုင်ရင် နိုင်မယ်လို့ ထင်နေတာလား”။ ဟုံပေါင်ကျူးက လှောင်ပြောင်ကာ ပြောလိုက်သည်။
“အဲ့အတွက်တော့ စိတ်ပူစရာမလိုပါဘူး။ မစ္စကျန်းဝမ်ဝမ်က ကျုပ်တို့ဟိုတယ်မှာ သန့်ရှင်းရေးဝန်ထမ်းလုပ်ဖို့ အလုပ်လျှောက်ထားတယ်။ ပြီးတော့ ၃ ရက်လောက် အစမ်းလုပ်ကြည့်ပြီးသွားပြီ။ အလုပ်သင်ဖြစ်ပေမယ့် နေဖို့ထိုင်ဖို့နဲ့ လုံခြုံရေးတွေအတွက် တခြား ဝန်ထမ်းတွေလိုပဲ အကျိုးခံစားခွင့်ရှိတယ်”။ ချင်းယုဟွိုင်းက ရုတ်တရက် ဝင်ပြောလိုက်ပါသည်။
လူတစ်ယောက်ကို ငါးတစ်ကောင် အလကားပေးတာထက် ငါးမျှားသင်ပေးလိုက်တာက ပိုအကျိုးရှိသည်။
နေထိုင်ဖို့ စီစဉ်ပေးတာကလွဲပြီး ကျန်းဝမ်ဝမ်ကို ချင်းယုဟွိုင်း ငွေကြေးတိုက်ရိုက်မထောက်ပံ့ထားပါ။ အလုပ်အကိုင် အခွင့်အလမ်းသာ ပေးခဲ့ပါသည်။
အစကတော့ ကျန်းဝမ်ဝမ် အလုပ်မလုပ်ချင်ခဲ့ပါ။ ချင်းချန်းကျစ်လိုပဲ သူမကလည်း ပျင်းရိသူဖြစ်သည်။
သို့သော် ချင်းလောင်ယွင် ဗိုက်ဆာသဖြင့် ငိုယိုနေပြီး အိမ်ပြန်ချင်သည် တဖွဖွပြောလာသောအခါ ကျန်းဝမ်ဝမ် ဆုံးဖြတ်ချက် ချခဲ့ပါသည်။
ထို့နောက် အလုပ်သင်အဖြစ် ၃ ရက်တာ ဝင်လုပ်ခဲ့သည်။
ထို ၃ ရက်အတွင်း ကျန်းဝမ်ဝမ် ပင်ပန်းခဲ့သော်လည်း အောင်မြင်မှုတစ်ခုခု ရရှိသလို ခံစားရပါသည်။
ထိုခံစားချက်မျိုးကို ချင်းချန်းကျစ်နဲ့ ပျော်ပါးနေစဉ်က တစ်ခါမှ မခံစားခဲ့ရဖူးပါ။
ချင်းယုဟွိုင်း၏ စကားကြောင့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ မျက်နှာတွေ အလွန်ပျက်သွားပါသည်။
ချင်းကျင်းဖန်က ချင်းယုဟွိုင်းအား ဒေါသတကြီး မေးလိုက်၏။ “ချင်းယုဟွိုင်း အဲ့တာ ဘာစကားလဲ။ မင်းမျိုးရိုးနာမည်က ချင်းနော်။ မင်းက ချင်းမိသားစုဝင်ကွ! ဘာလို့ သူ့လို သူစိမ်းကို ကူညီပေးနေတာလဲ”
ချင်းယုဟွိုင်းက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်ပါသည်။ “ကျုပ်တို့ရဲ့ ဒေါ်လေးက သူ့အသက်နဲ့ရင်းပြီး သူတို့ သားအမိကို ကယ်တင်ပေးခဲ့တာ။ ဝံပုလွေတွေဆီ ပြန်လွှတ်ပေးစရာအကြောင်း မရှိဘူး”
“ဟုတ်တယ် ဟုတ်တယ်!”။ ဒေါ်လေး ဟူသည့်အသံကို ကြားသောအခါ စူစူလေးက သံယောင်လိုက်ကာ ပြောလိုက်ပါသည်။
ချင်းလောင်ယွင်က ဘာမှ နားမလည်သော်လည်း စူစူလေးလိုပဲ ခေါင်းငြိမ့်လိုက်ပါသည်။
စူစူလေးပြောတာ အကုန်မှန်တယ်!
သူမရဲ့ မိသားစုဝင် ၃ ယောက် စကားများရန်ဖြစ်နေသဖြင့် ချင်းလောင်ယွင် ကြောက်ရွံ့သင့်တာဖြစ်သည်။
သို့သော်လည်း ဒီနေ့တော့ စူစူလေးနောက်မှာ ရပ်တည်ရင်း သူမသင်ပေးတာတွေကို နားထောင်လျက် သတ္တိတွေ တဖြည်းဖြည်း တိုးလာခဲ့ပါသည်။
ချင်းယုဟွိုင်းက သုံးသပ်လိုက်သည်။ “အားလုံးမြင်တဲ့အတိုင်း မစ္စကျန်းဝမ်ဝမ်နဲ့ ယွင်ယွင်လေးတို့နှစ်ယောက်စလုံး ခင်ဗျားတို့နဲ့ ပြန်လိုက်ဖို့ စိတ်ကူးမရှိဘူး။ အဲ့တာကြောင့် သူတို့ကို ရည်ရွယ်ချက်ရှိရှိ ဝှက်ထားခဲ့ရင်တောင် ကျုပ်တို့ ဘာပြဿနာမှ မဖြစ်နိုင်ဘူး”
ချင်းကျင်းဖန် အလွန်ဒေါသထွက်လွန်းသဖြင့် အဘိုးချင်းတို့မိသားစုကို စတင် အပြစ်ဖို့လေသည်။
“မင်းတို့ ဘာဖြစ်ချင်နေတာလဲ။ ငါတို့မိသားစု ပျော်ပျော်ရွှင်ရွှင် ရှိနေတာကို ဘာလို့ ကြားဝင်နှောင့်ယှက်ပြီး ဖျက်ဆီးချင်ရတာလဲ။ ငါတို့မြေးမလေး အရင်တုန်းက ဒီလောက်လိမ္မာတာ အခုတော့ မင်းတို့ကြောင့် ဘာဖြစ်သွားပြီလဲ ကြည့်ပါဦး။ ကိုယ့်အဘိုးအဘွားတွေကို မုန်းတတ်အောင် မင်းတို့ သင်ပေးလိုက်တာ! မင်းတို့ မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလားကွ!”
… … …