← Chapters

အခန်း (၃၄၈-၃၅၀)

Vol. 14 Ch. 348-350

အခန်း (၃၄၈-၃၅၀)

Vol. 14 Ch. 348-350

အခန်း(၃၄၈) နင်က ဘယ်လိုရထားတာလဲ

“မကြောက်ပါဘူး!”။ စူစူလေးက ပြန်ဖြေလိုက်သည်။ “မိုးကြိုးက ငါ့ကို မပစ်ဘူး။ ငါတို့မိသားစုကိုလည်း မပစ်ဘူး!”

စူစူလေးရဲ့ မျက်နှာလေးက ယုံကြည်ချက် ပြည့်ဝနေပါသည်။

သေချာစဉ်းစားပြီးနောက် စူစူလေး ထပ်ပြောလိုက်သည်။ “နင်တို့နှစ်ယောက်က ချင်းမိသားစုဝင်မဟုတ်ဘူး”

စိတ်ရှုပ်စရာကောင်းသည့် သူတို့နှစ်ယောက်ကို ချင်းမိသားစုထဲမှ ထုတ်ပယ်ရမည်။

ချင်းယုဟွိုင်းက အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ တည်ငြိမ်သော်လည်း အာဏာကြီးသော လေသံဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ တစ်ဘဝလုံး ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် နေလာခဲ့တာ။ ခင်ဗျားတို့ဘက်က အရမ်းမှန်နေတယ်လို့ ယုံကြည်ချက်ရှိရင် ခင်ဗျားတို့သား ဘာကြောင့် ဆေးရုံရောက်သွားတာလဲဆိုတာ ရဲတွေနဲ့ ခင်ဗျားရဲ့ မီဒီယာသမားမိတ်ဆွေတွေကို ပြောပြလိုက်လေ”။

ထိုစကားကြားသောအခါ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ မျက်နှာများ တောင့်တင်းသွားကြသည်။

ဟုံပေါင်ကျူးက ပြန်ချေပ၏။ “ငါ့သား ကားအက်စီးဒင့်ဖြစ်လို့လေ! အဲ့တာကြောင့် ဆေးရုံတင်ထားရတာ နင်ဘာတွေ ပြောနေတာလဲ!”

ချင်းယုဟွိုင်းက အေးအေးလူလူ ပြန်ပြောလိုက်သည်။ “ကားအက်စီးဒင့်ဖြစ်တာဆို သူ့ကို ဝင်တိုက်တဲ့လူက ဘယ်မှာလဲ။ ရဲကော တိုင်ပြီးပြီလား။ အာမခံတွေ ဘာတွေကော မရှိဘူးလား”

“အဲ့… အဲ့တာက ငါတို့သား အပြစ်မှမဟုတ်တာ။ အဲ့တာကြောင့် လျော်ကြေးတွေ ဘာတွေ ပေးစရာမလိုဘူး။ ဒီ…ဒီတိုင်း နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ဖြေရှင်းခဲ့ကြတာ”

ဟုံပေါင်ကျူးက လိပ်ပြာမလုံသဖြင့် ချင်းယုဟွိုင်းကို မျက်လုံးချင်းဆုံအောင် မကြည့်ရဲပါ။

“ကားအက်စီးဒင့်ဖြစ်တဲ့ အချိန်နဲ့ နေရာကကော”။ ချင်းယုဟွိုင်း ထပ်မေးလိုက်သည်။

“ငါက ဘယ်သိမှာလဲ။ ငါ့ဆီဖုန်းဝင်လာတော့ ငါတို့သား ဆေးရုံတောင် ရောက်နေပြီ”။

“ဟုတ်လား။ ဒါပေမယ့် ကျုပ်ကြားထားတာတော့ အဲ့လိုမဟုတ်ဘူး။ ခင်ဗျားတို့သား လောင်းကစားအကြွေးတွေ မပေးနိုင်လို့ အကြွေးရှင်တွေက ဝိုင်းရိုက်လိုက်တာဆို”။ ချင်းယုဟွိုင်းက အမှန်တရားကို ဖော်ထုတ်လိုက်ပါသည်။

“မဟုတ်ဘူး! ငါ့သား လောင်းကစားမလုပ်တော့တာ ကြာပြီ!”။ ဟုံပေါင်ကျူးက အမြန်ငြင်းလိုက်ပါသည်။

သူမ ဝန်မခံလျှင် သားဖြစ်သူ လောင်းကစားကြူးတာကို ဘယ်သူမှ သက်သေပြနိုင်မှာ မဟုတ်ပါ။

“ဒါပေမယ့် ခင်ဗျားသားကို အကြွေးရှင်တွေ ဝိုင်းရိုက်နေတဲ့ ဗီဒီယို ရှိတယ်ဆိုရင်ကော”။ ချင်းယုဟွိုင်းက ပြောလိုက်သည်။

“နင်က အဲ့တာကို ဘယ်လိုရထားတာလဲ!”။ ဟုံပေါင်ကျူးက တုန်လှုပ်စွာ မေးလိုက်ပါသည်။

သူမသားကို အကြွေးရှင်‌တွေ ဝိုင်းရိုက်နေတဲ့ ဗီဒီယို ချင်းယုဟွိုင်းမှာ ရှိတယ်တဲ့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အဘွားချင်းက ရုတ်တရက် ဝင်ပြောလိုက်ပါသည်။ “ယုဟွိုင်း အဘွားတို့လည်း ကြည့်ချင်တယ်။ ရဲတွေ၊ မီဒီယာတွေ ရှိနေတုန်း ဖွင့်ပြလိုက်ပါလား”

အဲ့လိုလုပ်လို့ရမလား!

ချင်းယုဟွိုင်းကို ဟုံပေါင်ကျူး စွပ်စွဲလိုက်သည်။ “ချင်းယုဟွိုင်း အဲ့တာ ဘာသဘောလဲ။ နင့်ဦးလေးကို အကြွေးရှင်တွေ ဝိုင်းရိုက်နေတာ ဗီဒီယို ရိုက်ထားတယ်ပေါ့။ တူဖြစ်ပြီး ကိုယ့်ဦးလေး အနိုင်ကျင့်ရိုက်နှက်ခံနေရတာကို ဒီတိုင်း ကြည့်နေခဲ့တာလား!”

“ပထမတစ်ချက်က လောင်းကစားသမားတွေကို ဂရုဏာသက်ဖို့ မထိုက်တန်ဘူး။ ကျုပ်ဦးလေးအရင်း ဖြစ်နေရင်တောင် ကျုပ်ဝင်တားမှာ မဟုတ်ဘူး။ ဒုတိယတစ်ချက်က အဲ့ဒီဗီဒီယိုကို ကျုပ်ရိုက်ထားတာမဟုတ်ဘူး။ နောက်မှ မြင်ခဲ့ရတာ”

“အဲ့လိုဗီဒီယိုကို နင်က ဒီတိုင်း တိုက်တိုက်ဆိုင်ဆိုင်မြင်သွားတယ်ပေါ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! နင်တို့ တရားမဝင် နည်းလမ်းတွေ သုံးထားကြတာမဟုတ်လား။ အဆင့်မြင့် ကွန်ပျူတာ နည်းပညာတွေသုံးပြီး ငါ့သားကို စွပ်စွဲနေကြတာ မလား!”။ ဟုံပေါင်ကျူးက ချေပလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ်! ငါ့သားကို အကြွေးရှင်တွေ ဝိုင်းရိုက်တဲ့ ဗီဒီယိုတကယ်ရှိရင် ရဲတွေတောင် မမြင်ဖူးသေးဘူး မင်းက ဘာလို့ အရင်တွေ့ထားရတာလဲ”။ ချင်းကျင်းဖန်က သံယောင်လိုက်ကာ ပြောလိုက်ပါသည်။

“စူပါမားကတ်တစ်ခုရဲ့ ဝင်ပေါက်မှာ တပ်ထားတဲ့ CCTV ကနေ ရိုက်ထားတာ။ အဲ့ဒီ CCTV က လမ်းကြားထဲအထိ မြင်နိုင်တယ်။ အဲ့ဒီ စူပါမားကတ်ပိုင်ရှင်က ကျုပ်နဲ့ရင်းနှီးလို့ ပေးလိုက်တာ။ ဘာမေးချင်တာ ရှိသေးလဲ”။ ချင်းယုဟွိုင်းက ပြန်ပြောလိုက်၏။

“မဖြစ်နိုင်ဘူး! အဲ့လောက်ကြီး တိုက်ဆိုင်တာ ဘယ်လိုမှမဖြစ်နိုင်ဘူးကွ!။ အဲ့ဒီစူပါမားကတ်က CCTV နဲ့ ရိုက်မိပြီး ပိုင်ရှင်နဲ့ပါ ရင်းနှီးနေတာ လုံးဝ မဖြစ်နိုင်ဘူး! ငါမယုံဘူးကွာ!”။ ချင်းကျင်းဖန်က ဘူးခံငြင်းလိုက်ပါသည်။

အမှန်ပင်။ တိုက်ဆိုင်တာ မဟုတ်ဘဲ ချင်းယုဟွိုင်း စီစဉ်ထားတာဖြစ်သည်။

စန်းကျစ် အန္တရာယ်မရှိစေဖို့အတွက် ချင်းယုဟွိုင်းက အကြွေးရှင်တွေကို ဆက်သွယ်သည့်အခါ တည်နေရာကို တမင်သက်သက်ရွေးချယ်ခဲ့တာဖြစ်သည်။

ဒီလိုမှ ဗီဒီယို ရိုက်လိုက်လျှင် ဘယ်သူမှ မေးခွန်းမထုတ်ကြမှာဖြစ်သည်။

စန်းကျစ်၏ စွမ်းရည်ကြောင့် ဘယ်သူမှ ခြေရာပြန်ခံနိုင်မှာ မဟုတ်မှန်း ချင်းယုဟွိုင်းသိပါသည်။ သို့သော် ဖြစ်နိုင်ချေ နည်းနည်းလေး ရှိနေရင်တောင် စန်းကျစ်ကို အန္တရာယ်မဖြစ်စေချင်ပါ။

ထို့နောက် အဘွားချင်းက ဝင်ပြောလိုက်၏။ “မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကြည့်ပြီးသွားရင် သိရမှာပဲမဟုတ်လား”

… … …

အခန်း(၃၄၉) ပြဿနာရှာလို့ ဘာမှအသုံးမဝင်တော့ဘူး

“ဟုတ်ကဲ့”။ ချင်းယုဟွိုင်းက မျက်နှာပြင်ကျယ် တက်ဘလက်တစ်လုံး ထုတ်ကာ ဗီဒီယိုကို ဖွင့်ပြလိုက်ပါသည်။

“မဖွင့်နဲ့!”။ ဟုံပေါင်ကျူးက အမြန်တင်ဆွဲသည်။

ချင်းယုဟွိုင်းထံ အမြန်ပြေးသွားကာ လက်ထဲက တက်ဘလက်ကို ဟုံပေါင်ကျူး လုယူဖို့ ကြိုးစားပါသည်။

ချင်းကျင်းဖန်ကလည်း ကင်မရာမန်းလက်ထဲက ကင်မရာကို လက်ဖြင့်ကာလိုက်သည်။

“မရိုက်နဲ့တော့! ဆက်မရိုက်နဲ့တော့!”။ ချင်းကျင်းဖန်က မီဒီယာသမားတွေကို အော်ပြောလိုက်ပါသည်။

ကင်မရာမန်းက သူ့ကို ဂရုမစိုက်ပါ။ ချင်းကျင်းဖန် ပိတ်ရပ်နေတာတောင် ဆက်လက် ရိုက်ကူးခဲ့ပါသည်။

“မရိုက်နဲ့လို့ ပြောနေတာ မကြားဘူးလားကွ!”။ ချင်းကျင်းဖန် အလွန် စိတ်ချောက်ချားလာသည်။

ကင်မရာမန်းက ဘာမှပြန်မပြောဘဲ သူ့အလုပ်သူ ဆက်လုပ်နေခဲ့ပါသည်။

ဒါသူ့အလုပ်ပဲမဟုတ်လား။ ပြဿနာတွေ ပိုကြီးမားလေလေ အမိအရ ရိုက်ကူးသင့်လေလေပဲ။ မဟုတ်ရင် View တွေ ဘယ်က ရနိုင်မှာလဲ။

ချင်းကျင်းဖန်က ကင်မရာမန်းကို တားဖို့ မအောင်မြင်သလို ဟုံပေါင်ကျူးကလည်း ချင်းယုဟွိုင်းလက်ထဲမှ ကင်မရာကို လုယူဖို့ မအောင်မြင်ခဲ့ပါ။

အခြေအနေ ဒီလောက်ထိ ဆိုးရွားသွားလိမ့်မည်ဟု ဟုံပေါင်ကျူးနဲ့ ချင်းကျင်းဖန်တို့ လုံးဝ ထင်မထားခဲ့ကြပေ။

သူတို့ အခြေအနေမဟန်တော့တာကို ရိပ်မိသဖြင့် ဟုံပေါင်ကျူး စတင်သောင်းကျန်းလေသည်။

“နင်တို့ တော်တော်ရက်စက်တဲ့လူတွေပဲ! နင်တို့ဘက်က မှားမှန်းဒီလောက် သိသာနေတာ ငါ့သားကို စွပ်စွဲချင်ကြသေးတယ်! ချင်းယုဟွိင်း နင်လည်း အရမ်းယုတ်မာတယ်! ငါ့သားက နင့်ဦးလေးလေ! လူစိတ်မရှိကြတော့ဘူးလား!”

ချင်းကျင်းဖန်ကလည်း ရဲတွေဆီပြေးသွားပြီး တောင်းတောင်းပန်ပန်ပြောလိုက်သည်။ “ရဲအရာရှိတို့ ကျွန်တော်တို့ကို ကယ်ပါဦး! ကျွန်တော်တို့ကို အုပ်စုဖွဲ့ပြီးအနိုင်ကျင့်နေကြတယ်!”

“မစ္စတာချင်းကျင်းဖန်။ အခု ကျန်းဝမ်ဝမ်တို့ သားအမိက ခင်ဗျားတို့ဆီက လိုလိုလားလား ထွက်လာခဲ့တာဆိုတာ အတည်ပြုပြီးသွားပြီ။ သူ့ဆန္ဒမပါဘဲ ခေါ်ထားခံရတာတွေ ဘာတွေ သက်သေမရှိဘူး။ အဲ့တာကြောင့် မစ္စကျန်းဝမ်ဝမ်က သူ့ဘဝသူ ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ရင် ခင်ဗျားတို့ ဝင်ရောက်နှောင့်ယှက်ခွင့်မရှိတော့ဘူး။ ကျွန်တော်တို့ မစ္စကျန်းဝမ်ဝမ်ရဲ့ ကိစ္စကို ဆက်ပြီး စစ်ဆေးတော့မှာ မဟုတ်ဘူး”။ ရဲအရာရှိတွေက ဆုံးဖြတ်ချက် ချလိုက်ပါသည်။

ပြဿနာက ထင်ထားတာထက် ပိုကြီးသွားသဖြင့် ရဲတွေကော မီဒီယာသမားတွေကော မြင်သင့်တာ အကုန်မြင်ပြီးကြပါပြီ။ တစ်ဖက်မှာတော့ သက်သေတွေ ခိုင်ခိုင်လုံလုံရှိသည့် ချင်းမိသားစုက တည်တည်ငြိမ်ငြိမ် ရပ်တည်နေပြီး နောက်တစ်ဖက်မှာတော့ သူတို့ရောက်လာကတည်းက ဆူညံပွက်လောရိုက်ကာ သောင်းကျန်းပြီး အရေးကြီးသည့် အချက်တွေ မေးတိုင်း မသိချင်ယောင်ဆောင်နေတတ်သည့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ရှိကြသည်။

ဘယ်သူက မှားသလဲ မှန်သလဲဆိုတာ အားလုံး စိတ်ထဲမှာ သိနေကြပါပြီ။

ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ကြက်သေသေကုန်ကြလေပြီ။ ရဲအရာရှိတွေကပါ သူတို့ဘက် မရှိတော့သဖြင့် မျှော်လင့်ချက်တွေ ပျက်စီးကုန်လေပြီ။

ချင်းကျင်းဖန်က ထပ်ပြောလိုက်၏။ “ငါ့မြေးမလေးကကော။ ငါ့မြေးမလေးကိုတော့ ငါတို့နဲ့ ထည့်ပေးလို့ ရမှာပါ ဟုတ်တယ်မလား!”

“လောလောဆယ်တော့ ကလေးကို သူ့မိခင်နဲ့ပဲ နေခိုင်းရလိမ့်မယ်။ အခုလက်ရှိ သိထားသလောက်တော့ မစ္စကျန်းဝမ်ဝမ်က သူ့ကလေးကို တစ်ယောက်တည်း ပျိုးထောင်နိုင်တဲ့ အစွမ်းအစရှိမယ့်ပုံပါပဲ။ ဒီအသက်အရွယ်မှာ အမေအရင်းနဲ့ အတူနေတာ ကလေးအတွက် အကောင်းဆုံးပဲ”။

“အဲ့လိုလုပ်လို့ ရမလား။ သူက သမီးမိန်းကလေးဆိုပေမယ့် ချင်းမိသားစုဝင်ပဲလေ! ရဲအရာရှိကြီး! သူပြောတဲ့စကားကို နားယောင်တာနဲ့ ကျုပ်တို့ အချိန်အကြာကြီး ပြုစုပျိုးထောင်ထားခဲ့ရတဲ့ မြေးမလေးကို သူ့ဆီပေးလိုက်လို့ မရဘူးလေ!”။ ချင်းကျင်းဖန် စိတ်ချောက်ချားလာပြီး ပြောလိုက်ပါသည်။

သူတို့သားသာ ဒုက္ခိတဖြစ်သွားလျှင် သူတို့မှာ ဒီမြေးမလေးတစ်ယောက်တည်းသာ မျှော်လင့်ချက်ရှိတော့သည်။

ကျန်းဝမ်ဝမ်က သူတို့မျှော်လင့်ချက်လေးကို လုယူသွားတော့မှာလား။

ထို့အပြင် ကျန်းဝမ်ဝမ်ကို သူတို့သားနဲ့ ကွာရှင်းခွင့်လည်း ပေးလို့ မဖြစ်ပါ။

“ကလေးကို တရားဝင် ထိန်းသိမ်းစောင့်ရှောက်ခွင့်ရချင်တယ်ဆိုရင် တရားရုံးမှာ တရားရင်ဆိုင်လို့ရပါတယ်။ ကလေးကို ဘယ်သူ အုပ်ထိန်းသင့်သလဲဆိုတာ တရားသူကြီးက အဆုံးအဖြတ်ပေးပါလိမ့်မယ်”။ ရဲအရာရှိ ပြန်ပြောလိုက်ပါသည်။

ဒီလိုနဲ့ ချင်းကျင်းဖန်တို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်လေး ပျက်စီးသွားခဲ့ရတော့သည်။

ထိုအချိန်တွင် အဘွားချင်း မတ်တပ်ရပ်လိုက်ပြီး ရဲအရာရှိများအား ပြောလိုက်သည်။ “အရာရှိတို့...။ အခု ကျန်းဝမ်ဝမ်တို့ သားအမိကို ကျွန်မတို့ ခိုးဝှက်ထားတာမဟုတ်မှန်း အတည်ပြုပြီးသွားပြီဆိုတော့ သူတို့တွေကို ဒီအိမ်ကနေ ထွက်သွားခိုင်းလို့ ရမလား။ သူတို့ကို ဒီအိမ်က မကြိုဆိုဘူး”

… … …

အခန်း(၃၅၀) ရဲအစ်ကိုကြီး မကြောက်နဲ့!

ရဲအရာရှိက အဘွားချင်း၏ စကားကို ခေါင်းငြိမ့်လိုက်ပြီး ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့အား ထွက်သွားဖို့ တောင်းဆိုလိုက်ပါသည်။

ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့က ထွက်မသွားချင်သေးဘဲ ဆက်ပြီး သောင်းကျန်းနေချင်သေးပုံရသည်။

ရဲအရာရှိလည်း စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။ “ခင်ဗျားတို့ မပြန်ဘဲ ဒီမှာ ဆက်ခေါင်းမာနေဦးမယ်ဆိုရင် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့ရတယ်နော်။ သူများကို ကိုယ်ထိလက်ရောက်ကျူးလွန်တာကိုလည်း တရားစွဲလို့ ရတယ်”

ဒါကိုကြားတော့ ဟုံပေါင်ကျူး ငိုသံ ပိုကျယ်သွားသည်။ “မတရားဘူး!! ရဲတွေက ငါတို့လို ဆင်းရဲသားတွေကို မကူညီပေးဘူး! သူဌေးတွေဘက်ပဲ မျက်နှာလိုက်ကြတယ်။ ချင်းဖေးဖန်နဲ့ စုမင်ရွေ့တို့က ချမ်းသာပြီး အာဏာကြီးလို့ နင်တို့ရဲတွေ ဘာမှမပြောရဲကြတာမလား!။ ငါတို့ကို အနိုင်ကျင့်ဖို့ လိုအပ်တယ်လို့ ထင်နေတာလား။ လုပ်ချင်တာသာ လုပ်ကြ! ငါတို့မှာ လွတ်လမ်းလည်း မရှိတော့ဘူး။ သတ်ချင်လည်း သတ်ပစ်လိုက်ကြပါတော့!!”

ပြောပြောဆိုဆိုနဲ့ ဟုံပေါင်ကျူးက ရဲအရာရှိ၏ လက်ကို ဆွဲပြီး သူမကိုယ်သူမ ရိုက်နှက်လေသည်။

ဟုံပေါင်ကျူး၏ လုပ်ရပ်ကြောင့် ရဲအရာရှိပါ လန့်ဖျပ်သွားလေသည်။ “ရပ်လိုက်စမ်း! ကျွန်တော်တို့ ခင်ဗျားကို မထိဘူးနော်! ပြဿနာ မရှာနဲ့!”

စူစူလေးက အမြန်ပြေးလာပြီး ဟုံပေါင်ကျူး၏ လက်ကို ဖမ်းချုပ်ထားလိုက်ပါသည်။

ထို့နောက် ရဲအရာရှိဘက်သို့လှည့်ကာ ပြောလိုက်၏။ “ရဲအစ်ကိုကြီး မကြောက်နဲ့! သမီး တာဝန်ယူလိုက်မယ်!”

“အမ်”။ ရဲအရာရှိ အူတူတူဖြစ်သွားလေသည်။

ထို့နောက် စူစူလေးက ရဲအရဲရှိကို ကိုင်ထားသည့် ဟုံပေါင်ကျူး၏ လက်အား အရှိန်ဖြင့် ဆွဲခွာပစ်လိုက်သည်။

ထို့နောက် သူမရဲ့ ခြေထောက်သေးသေးလေးကို မြှောက်လိုက်ပြီး ဟုံပေါင်ကျူး၏ ဒူးခေါင်းခွက်ကို ဆောင့်ကန်လိုက်သည်။ သူမ မှီတာ ထိုတစ်နေရာတည်းရှိတာကြောင့် ဖြစ်ပါသည်။

ဟုံပေါင်ကျူး ဒူးထောက်လျက်သား လဲကျသွား၏။

ဟုံပေါင်ကျူး ဒူးထောက်ကျသွားတာနဲ့တစ်ပြိုင်နက် စူစူလေးရဲ့ လက်သေးသေးလေးက သူမ ဆံပင်ကို ဆွဲလိုက်ပါသည်။

ထို့နောက် လူသားဆန်စွာ မေးမြန်းလိုက်၏။ “နင့်ဖာသာနင် ထွက်သွားမလား။ ငါလိုက်ပို့ပေးရမလား”

“ငါ့ဖာသာငါ သွားပါ့မယ်! ကိုယ့်ဖာသာကိုယ်သွားပါမယ်!”။ ဟုံပေါင်ကျူး ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ဖြေလိုက်ပါသည်။

ထိုအခါမှ စူစူလေး ဟုံပေါင်ကျူးကို လွှတ်ပေးလိုက်သည်။

ဟုံပေါင်ကျူး အမြန်ထလိုက်ပြီး စူစူလေးနားမှ အမြန်ခွာလိုက်ပါသည်။

ရဲအရာရှိတွေ အားလုံး ကြက်သေသေသွားကြ၏။

ဒီချစ်စရာ ကလေးမလေးက ကြောက်ဖို့ကောင်းလှချည်လား။

“ဘာဖြစ်သွားသေးလဲ ရဲအစ်ကိုကြီး။ နာသွားသေးလား”။ စူစူလေးက ရီဝေနေသော ရဲအရာရှိကို မေးလိုက်ပါသည်။

“ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ဘူး”။ ရဲအရာရှိ အသိစိတ်ပြန်ကပ်ကာ စူစူလေးရဲ့ နွေးထွေးမှုကို ခံစားလိုက်ရပါသည်။

ထို့နောက် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကို ဒီအိမ်မှ အမြန်ဆုံးထွက်သွားဖို့ ရဲအရာရှိ ထပ်ပြီး သတိပေးလိုက်သည်။

စူစူလေး၏ ခြိမ်းခြောက်မှုက အတော်လေး အာနိသင်ရှိပါသည်။ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ပြဿနာ ထပ်မရှာရဲကြတော့ပါ။

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ကို ရဲအရာရှိများက ချင်းအိမ်တော်ထဲမှ ခေါ်ထုတ်သွားကြတော့သည်။

ချင်းအိမ်တော်ကြီး တဖန် ပြန်လည်ငြိမ်သက် အေးချမ်းသွားခဲ့သည်။

ကျန်းဝမ်ဝမ်က အားလုံးကို ကျေးဇူးတင်လိုက်သည်။ “ကျေးဇူးတင်ပါတယ်”

သူမ ပညာကောင်းကောင်း မတတ်သဖြင့် စကားအပြောမတတ်သော်လည်း သူမရဲ့ ကျေးဇူးတင်စကားမှာ သူမ ပြောချင်နေတာတွေ အားလုံး ပါဝင်သည်။

အဘွားချင်းက ကျန်းဝမ်ဝမ်၏ ပခုံးကို ပုတ်လျက် အားပေးလိုက်သည်။ “နင်တို့အခြေအနေကို ယုဟွိုင်းပြောပြလို့ ငါ သိပြီးပြီ။ ကိုယ့်အမှားကိုယ် နားလည်ပြီး အသစ်ပြန်စချင်တာ ကောင်းပါတယ်။ နင်သာ ကောင်းကောင်းမွန်မွန် နေထိုင်ရင် ယွင်ယွင်လေးရဲ့ အနာဂတ် မဆိုးရွားနိုင်ဘူး”

“ဟုတ်ကဲ့”။ ကျန်းဝမ်ဝမ်က ယွင်ယွင်လေးကို လှည့်ကြည့်လိုက်သည်။ အမေဖြစ်သူကို အားကိုးတကြီး ကြည့်နေသည့် မျက်လုံးလေးများကြောင့် ကျန်းဝမ်ဝမ် ရင်ထဲ နွေးထွေးသွားရသည်။ ကိုယ့်ကိုယ်ကို အသုံးမကျသည့် မိခင်တစ်ယောက် ဖြစ်ခဲ့မှန်းလည်း နားလည်သွားခဲ့ရ၏။

“ဒီတိုင်းဆက်နေပါ။ အနာဂတ်က ပိုပြီး တောက်ပလာလိမ့်မယ်။ နောက်ပိုင်း အခက်အခဲကြုံလာရင် ဒါမှမဟုတ် အကူအညီလိုရင် ငါ့ကို လာပြောလို့ရတယ်”။ အဘွားချင်းက နွေးထွေးစွာ ပြောလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ်”။ ကျန်းဝမ်ဝမ်က ဆိုသည်။

“ကျေးဇူးတင်ပါတယ်”။ လောင်ယွင်ကလည်း သံယောင်လိုက်ကာ ပြောလိုက်၏။

အားလုံး ချင်းလောင်ယွင်ကို ဝိုင်းကြည့်လိုက်ကြသည်။

လောင်ယွင် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး စူစူလေးအား လှည့်ကြည့်လိုက်ပါသည်။ “အဲ့လို ပြောရတာ မဟုတ်ဘူးလား”

… … …

All Chapters