အခန်း (၃၅၁-၃၅၂)
Vol. 15 Ch. 351-352
အခန်း(၃၅၁) မိန်းကလေးတွေက ရှုပ်ထွေးလိုက်တာ
“ကျေးဇူးတင်စကား ပြောတာ ဘာမှမမှားပါဘူး။ လိမ္မာတယ် လိမ္မာတယ်!”။ စူစူလေးက အားပေးသည့် သဘောဖြင့် ချင်းလောင်ယွင်၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
သို့သော်လည်း စူစူလေးက ချင်းလောင်ယွင်ထက် အသက် ၆ လခန့်ပိုငယ်သည်။ အရပ်ကလည်း သူ့လောက် မရှည်သဖြင့် ခြေဖျားထောက်ပြီး ခေါင်းကို ပွတ်ပေးလိုက်ရပါသည်။
လူကြီးလေးတစ်ယောက်လို ခြေဖျားထောက်ပြီး ခေါင်းပွတ်ပေးနေသည့် စူစူလေးအား ကြည့်ရင်း တစ်မိသားစုလုံး ရယ်မောပျော်ရွှင်သွားခဲ့ကြလေသည်။
ပြဿနာတွေ ပြေလည်သွားပြီး ချင်းအိမ်တော်ကြီးလည်း ပြန်လည် သက်ဝင်လာခဲ့ပါသည်။
ထိုစဉ် ချင်းအိမ်တော်မှ မောင်းထုတ်ခံလိုက်ရသည့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကတော့ ခြေလှမ်း ၃ လှမ်း လှမ်းပြီးတိုင်း ချင်းအိမ်တော်ကြီးကို ခါးသီးစွာ ပြန်လှည့်ကြည့်မိသည်။
သူတို့ ထင်မထားခဲ့တာက ဒီ့ထက် ပိုစိတ်ဓာတ်ကျစရာ ကိစ္စတစ်ခု သူတို့ကို စောင့်မျှော်နေသေးသည် ဆိုတာပင်။
သူတို့ကိုယ်တိုင် ခေါ်ခဲ့သည့် မီဒီယာသမားတွေက ဒီနေ့ ရိုက်ကူးခဲ့သော ဗီဒီယို မှတ်တမ်းကို အွန်လိုင်းပေါ် တင်လိုက်ကြပါသည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ဘယ်လောက်တောင် ရိုင်းစိုင်း ကြမ်းကြုတ်သလဲဆိုတာ အင်တာနက်တခွင်လုံး မြင်သွားကြလေသည်။
ဒီခေတ် Netizen တွေက ငတုံးမဟုတ်ပါ။ အသံကျယ်ကျယ် အော်နိုင်တာနဲ့ပင် အထင်မကြီးကြပါ။
အားလုံးက ကိုယ်ပိုင်စဉ်းစားဉာဏ်ရှိကြသည်။ ဗီဒီယိုထဲက မီးတောက်လို ပူလောင်နေသော ဟုံပေါင်ကျူးကို ကြည့်ရင်း ကျန်းဝမ်ဝမ်ကို ကွာရှင်းဖို့ အကြံပေးကြသည်။
ဒီလို ယောက္ခမမျိုးတွေကို လက်ခံနိုင်စရာ အကြောင်းမရှိဟု အားလုံး ထောက်ခံကြ၏။
အွန်လိုင်းပေါ်က ကောမန့်တွေကိုမြင်ပြီး ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့နှစ်ယောက် သွေးတက်သွားကြသည်။
သူတို့ဘက်က ကူညီပေးဖို့ မီဒီယာကို အကူအညီတောင်းခဲ့တာ အခုတော့ ရလဒ်က ဆန့်ကျင်ဘက်ပဲ!
--- --- ---
၂ ပတ်ခန့် အနားယူပြီးနောင် ချင်းလောင်ယွင် ဟုံဖုန်းမူကြိုသို့ ပြန်ရောက်လာပါပြီ။
အရင်တုန်းကနဲ့ယှဉ်လိုက်လျှင် ချင်းလောင်ယွင် အများကြီး ပြောင်းလဲသွားပြီဖြစ်ပြီး အရင်ကထက် ပိုတက်ကြွလာမှန်း သိသာပါသည်။
ဒီနေ့ စူစူလေးကိုမြင်တာနဲ့ အနားပြေးသွားပြီး နှုတ်ဆက်လိုက်သည်။
“ဒေါ်လေးစူစူ!”။ ချင်းလောင်ယွင်လေးက ချိုမြိန်စွာ လှမ်းခေါ်လိုက်သည်။
စူစူလေးကလည်း စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။ လိမ်မာတဲ့ တူမလေးဆိုတာ ဒီလိုမှပေါ့!
(..◜ᴗ◝..)
စူစူလေးနောက်ကို အရိပ်လို တကောက်ကောက်လိုက်နေသည့် ချင်းလောင်ယွင်အား ကြည့်ကာ ကျိုးဟောက် မသင်္ကာဖြစ်လာပြီး တီးတိုးမေးလိုက်ပါသည်။ “ယွင်ယွင် နင့်ကို ကျောင်းသူသစ် ခြိမ်းခြောက်ထားလို့လား”
“မဟုတ်ပါဘူး။ ဒေါ်လေးစူစူက ငါ့ကိုကာကွယ်ပေးထားတာ။ သူ့စကားနားထောင်မှဖြစ်မယ်!”။ ချင်းလောင်ယွင်က အားကြိုးမာန်တက် ပြန်ပြောလိုက်သည်။
“ဟမ်…”။ ကျိုးဟောက် အံ့အားသင့်သွား၏။ “ဒါပေမယ့် နင့်အဘိုးအဘွားတွေကို ချင်းစူစူ အနိုင်ကျင့်တယ်ဆိုပြီး ငါ့ကို ပြောထားတာ မဟုတ်ဘူးလား။ ပြီးတော့ ချင်းစူစူက လူဆိုးလေးမို့လို့ မပေါင်းသင့်ဘူးလို့ နင့်အဘိုးအဘွားတွေ သင်ပေးထားတာ မဟုတ်ဘူးလား”
“မသိဘူး… ဒါပေမယ့် အခု ငါ့အမေပြောတာပဲ နားထောင်တော့တယ်”။ ချင်းလောင်ယွင်က ရှင်းပြလိုက်ပါသည်။
“ထူးဆန်းလိုက်တာ။ နင်တို့ မိန်းကလေးတွေက ရှုပ်နေတာပဲ”။ ကျိုးဟောက် ဉာဏ်မမှီတော့ချေ။
“ဟောက်ဟောက် နင်လည်း ဒေါ်လေးစူစူကို စိတ်မဆိုးနဲ့တော့နော်”။ ချင်းလောင်ယွင်က ကျိုးဟောက်အား တောင်းဆိုလိုက်ပါသည်။
“နင်သူ့ကို စိတ်မဆိုးတော့ဘူးဆိုရင် ငါလည်း စိတ်မဆိုးပါဘူး။ ငါကယောက်ျားလေးပဲ ဥစ္စာ။ သဘောထားကြီးပေးရမှာပေါ့။ နင်တို့မိန်းကလေးတွေလို သဘောထား သေးသိမ်လို့ မဖြစ်ဘူး”။ ကျိုးဟောက်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
“ဟုတ်ပြီ! ဟောက်ဟောက်က အတော်ဆုံးပဲ!”
“ဒါပေမယ့် နင်က ချင်းစူစူနဲ့ သူငယ်ချင်းတွေဖြစ်သွားပြီဆိုတော့ ငါက နင်အခင်ဆုံး သူငယ်ချင်း ဟုတ်သေးရဲ့လား”။ ကျိုးဟောက်က ဒါကိုအလွန်စိတ်ပူနေပါသည်။
သူက ချင်းလောင်ယွင်၏ အခင်ဆုံးသူငယ်ချင်း ဖြစ်ချင်သည်။
“စူစူလေးက ငါ့ဒေါ်လေးလေ။ သူငယ်ချင်းမှမဟုတ်တာ”။ ချင်းလောင်ယွင် ရှင်းပြလိုက်ပါသည်။
“ဪ ဟုတ်သားပဲ! ဟုတ်တယ်နော်!”။ ကျိုးဟောက်လည်း သူမ ရှင်းပြတာကို လက်ခံပါသည်။
ကလေး ၂ ယောက် သဘောတူညီမှု ရရှိသွားကြသည်။
ထိုအချိန်တွင် ဆရာမကျူး ရောက်လာသဖြင့် အားလုံး တိတ်ဆိတ်ကာ ကိုယ်ထိုင်ခုံမှာကိုယ် ဝင်ထိုင်လိုက်ကြပါသည်။
ဒီနေ့ ဆရာမကျူးက ဘယ်သူမှမမြင်ဖူးသော ကလေးမလေးတစ်ယောက်ကို စာသင်ခန်းထဲ ခေါ်လာသည်။
ထိုကလေးမလေးက အလွန်ချိုမြိန်မည့်ပုံစံပေါက်ပြီး ဆံပင်ကို Ponytail လေးနှစ်ဖက်စည်းလျက် မင်းသမီးလေး တစ်ပါးလို ဝတ်ဆင်ထားပါသည်။
ဆရာမကျူးက အားလုံးနဲ့ မိတ်ဆက်ပေးလိုက်၏။ “ကလေးတို့ ဒါဆရာမတို့ရဲ့ အတန်းဖော်အသစ်လေး ချူးယန်ရှီလို့ခေါ်တယ်။ အားလုံး သူငယ်ချင်းကို ကြိုဆိုလိုက်ကြရအောင်!”
… … …
အခန်း(၃၅၂) မရှိသင့်သော ဇာတ်ကောင် (၁)
“အားလုံး မင်္ဂလာပါ။ သမီးနာမည်က ချူးယန်ရှီပါ။ ပေကျင်းမြို့က လာခဲ့တာပါ။ အသက် ၄ နှစ်ရှိပါပြီ။ အခုချိန်ကစပြီး အတန်းဖော်တွေ ဖြစ်တော့မှာမို့လို့ ကျေးဇူးပြုပြီး ဂရုစိုက်ပေးကြပါဦး”။ ချူးယန်ရှီက အားလုံးကို နှုတ်ဆက်လိုက်ပြီး မျက်လုံးတွေကလည်း တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ပါသည်။
သူမရဲ့ မျက်လုံးတွေက အသက် ၄ နှစ်အရွယ်နဲ့ မလိုက်ဖက်လှအောင် ရင့်ကျက်လွန်းနေသည်။
အားလုံးကို လိုက်ကြည့်ပြီးနောက် သူမရဲ့ အကြည့်က ချင်းလောင်ယွင်ဆီမှာ ရပ်တန့်သွားပါသည်။
ဆရာမကျူးက ချူးယန်ရှီအား သဘောကျစွာ ကြည့်လိုက်သည်။ ဒီကလေး အတော်လည်း ထက်မြက်သည်ဟုလည်း ထင်လိုက်မိသည်။ အသက်ငယ်ငယ်လေးနဲ့ ‘ဂရုစိုက်ပေးကြပါဦး’ဟုပင် ပြောတတ်နေလေပြီ။ သူမ ပုံစံက အတန်းထဲရှိ ကလေးအားလုံးထက် ပိုပြီး အစွမ်းအစရှိပုံပေါ်သည်။
“ချူးယန်ရှီလေး ဘယ်သူနဲ့တူတူထိုင်ချင်လဲ။ သမီးလိုပဲ ကျောင်းသူသစ်ဖြစ်တဲ့ ချင်းစူစူလေးနဲ့ ထိုင်ချင်လား”။ ဆရာမကျူးက သိမ်မွေ့စွာ မေးလိုက်သည်။
“အဲ့ဒီ သူငယ်ချင်းနောက်မှာ ထိုင်ချင်တယ်”။ ချူးယန်ရှီက ချင်းလောင်ယွင်အနောက်ရှိ ထိုင်ခုံကို ညွှန်ပြလိုက်ပါသည်။
“ဟုတ်ပါပြီ ထိုင်လို့ရပါတယ်”
ဆရာမကျူးက ကျောင်းသူသစ်နဲ့ ခင်ခင်မင်မင်နေဖို့ အားလုံးကို သတိပေးဖို့ ကြံလိုက်စဉ် စားပွဲခုံမှာ မှောက်လျက်သား အိပ်ပျော်နေသော စူစူလေးကို မြင်လိုက်ရပါသည်။
“စူစူလေး ထတော့။ ကျောင်းသူအသစ်လေး တစ်ယောက် ရောက်နေတယ်”
စူစူလေးက သူမရဲ့ စာရေးခုံလေးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာဖြစ်သည်။
ဆရာမကျူး၏ အသံကို ကြားမှ စူစူလေး ခေါင်းထောင်လာသည်။ မျက်လုံးလေးများက ရီဝေနေပြီး မျက်နှာလေးကလည်း အူတူတူ အိပ်ချင်မူးတူးဖြစ်နေသည်။
ဘာတွေဖြစ်နေသလဲ နားမလည်သော်လည်း ခေါင်းသာငြိမ့်ပြလိုက်ပါသည်။
ခေါင်းလေးကို လက်ဖမိုးဖြင့် ထောက်လျက် မနေ့ညက အဖြစ်အပျက်တွေအကြောင်း စူစူလေး ပြန်စဉ်းစားမိသည်။
ဒါတွေအကုန် တူလေးကြောင့်ဖြစ်ရတာ! မနေ့ညက သူ့ကြောင့် စူစူလေး တစ်ညလုံး မအိပ်ဘဲ အိပ်ရေးပျက်ခဲ့ရတာ!
တူလေးက မမလှလှကို မျှားခေါ်ပြီး တူကြီးရဲ့ အခန်းထဲ ထည့်ပေးဖို့ ကြံစည်ခဲ့သည်။ ထိုသို့လုပ်ပါက သူမ ဒေါ်လေး တစ်ယောက်ဖြစ်လာနိုင်သည်ဟုလည်း စူစူလေးကို ပြောခဲ့၏။
အဲ့ဒီနောက်… အဲ့ဒီနောက်…
ခလူး…
သူမက စွမ်းအားကြီး ပိုင်ကျဲနတ်သားရဲဖြစ်သော်လည်း လက်ရှိ လူသားခန္ဓာကိုယ်လေးက အလွန်အားနည်းလွန်းနေတာကိုတော့ ဘာမှမတတ်နိုင်ပေ။ နိုးတစ်ဝက် မနိုးတစ်ဝက်နဲ့ သူမ နေလို့မကောင်းပါ။ မျက်ခွံတွေ လေးလံနေပြီး အလိုလို ပိတ်ချင်နေသည်။
ချူးယန်ရှီက စူစူလေးကို သေချာကြည့်လိုက်သည်။
ချင်းလောင်ယွင်ကို ကလေးတွေထဲမှာ ချစ်စရာအကောင်းဆုံးဖြစ်မည်ဟု သူမ ထင်ထားခဲ့သော်လည်း ချင်းလောင်ယွင်ထက် ချစ်ဖို့ကောင်းသည့်လူကို တွေ့လိုက်ရသည်။
သို့သော်လည်း စူစူလေးကို သူမ ခေတ္တသာ အာရုံစိုက်ခဲ့ပါသည်။ ချင်းလောင်ယွင်ကို သူမ ပိုပြီး စိုးရိမ်သည်။
ချင်းလောင်ယွင်က ကြီးလာလျှင် မျက်စိစပါးမွေးစူးစရာကောင်းအောင် ဆွဲဆောင်မှုရှိပြီး လှပသွားမှာကို သူမ သိပါသည်။ ထို့အပြင် သူမ အသက်ကြီးသွားလျှင် ပေကျင်းမြို့တစ်မြို့လုံးကို ပွက်လောရိုက်သွားစေမှာ ချူးယန်ရှီ သိပါသည်။
ထို့ကြောင့် ဒီမူကြိုကိုရောက်လာတာနဲ့ တစ်ပြိုင်နက် ချင်းလောင်ယွင်နဲ့ အနီးဆုံး ထိုင်ခုံကို ရွေးထိုင်လိုက်ခြင်း ဖြစ်သည်။
မနက်ခင်း အတန်းချိန်ပြီးသောအခါ ကလေးတွေ နေ့လယ်စာ အတူတူ စားကြသည်။
ချင်းလောင်ယွင်က စူစူလေးဘေးမှာထိုင်နေပြီး ကျိုးဟောက်က ချင်းလောင်ယွင်ဘေးမှာ ထိုင်နေသည်။
“ဒေါ်လေးစူစူ ဘာလို့ အိပ်ငိုက်နေပြန်တာလဲ”။ ချင်းလောင်ယွင်က စူစူလေးကို မေးလိုက်ပါသည်။
“မနေ့ညက ကောင်းကောင်း အိပ်မပျော်လို့…”။ စူစူလေးက ပြန်ဖြေလိုက်သည်။
“အဲ့တာဆို မြန်မြန်စားပြီး အိပ်လိုက်တော့။ နေ့လယ်ကျရင် နားချိန်ရှိတယ်မလား”။
ချင်းလောင်ယွင်က စူစူလေးကို ဒေါ်လေးဟု ခေါ်နေတာကို ကြားသောအခါ ချူးယန်ရှီ ကြောင်စီစီ ဖြစ်သွားပါသည်။
သူမ နူးညံ့စွာ ဝင်မေးလိုက်သည်။ “သူငယ်ချင်း ချင်းလောင်ယွင်၊ ချင်းစူစူကို ဘာလို့ ဒေါ်လေးလို့ ခေါ်တာလဲ”
“စူစူလေးက ငါ့ဒေါ်လေးမို့လို့ပေါ့”။ ချင်းလောင်ယွင် ပြန်ဖြေလိုက်သည်။
စူစူလေးက ဒေါ်လေးဟု အခေါ်ခံရတာကို ကြိုက်သည်။ ထို့ကြောင့် သူမကို ဒေါ်လေးဟု ခေါ်ရခြင်း ဖြစ်သည်။ ဒါမှ စူစူလေးက သူမကို လိမ္မာသည်ဟု ချီးကျူးမှာမဟုတ်လား။
“နင့်မှာ ဒေါ်လေး မရှိသင့်ဘူးမလား”။ ချူးယန်ရှီက မေးလိုက်သည်။
ချင်းမိသားစုမှာ သမီးမိန်းကလေးဆိုလို ချင်းလောင်ယွင်တစ်ယောက်တည်းသာ ရှိမှန်း ချူးယန်ရှီ မှတ်မိသည်။ အဘိုး ချင်းဖေးဖန်ကလည်း သမီးမိန်းကလေး တစ်ယောက်မှ မမွေးထားပါ။
“စူစူလေးက ငါ့ဒေါ်လေးပါ”။ ချင်းလောင်ယွင် ထပ်ပြောလိုက်သည်။
ချူးယန်ရှီ မျက်မှောင်ကြုတ်သွား၏။ သူမ မျက်နှာပေးက ၄ နှစ်သမီးနဲ့ မတူလှပါ။
သူမ စူစူလေးကို မေးလိုက်သည်။ “သူငယ်ချင်းစူစူ။ ချင်းယုဟွိုင်းဆိုတဲ့လူနဲ့ ဘာတော်လဲ”
“သူက ငါ့တူကြီးလေ”။ စူစူလေးက ပျင်းရိပျင်းတွဲ ပြန်ဖြေလိုက်ပါသည်။
“တူကြီးဟုတ်လား”။ ချူးယန်ရှီ အလွန်အံ့အားသင့်သွားပါသည်။
… … …