← Chapters

အခန်း (၃၅၃-၃၅၄)

Vol. 15 Ch. 353-354

အခန်း (၃၅၃-၃၅၄)

Vol. 15 Ch. 353-354

အခန်း(၃၅၃) မရှိသင့်သော ဇာတ်ကောင် (၂)

ဘာလို့ တူကြီးလို့ ပြောတာလဲ။

ချင်းယုဟွိုင်းက သူ့တူကြီးဆိုရင် သူက အဘိုးချင်းနဲ့ အဘွားချင်းတို့ရဲ့ သမီးလား။

“ချင်းမိသားစုရဲ့ သခင်ကြီးနဲ့ သခင်မကြီးကို အိမ်မှာဘယ်လိုခေါ်လဲဟင်”။ ချူးယန်ရှီက ရင်ထဲက သံသယများကို မေးမြန်းလိုက်ပါသည်။

“ဖေဖေနဲ့ မေမေလေ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

သူမ မျက်ခွံတွေ ၉၀ ရာခိုင်နှုန်းလောက် ပိတ်နေပါပြီ။ အသံတောင် မထွက်ချင်တော့ပါ။

ကံကောင်းစွာဖြင့် ချူးယန်ရှီ မေးမြန်းသည့် မေးခွန်းများက အလွန်ရိုးရှင်းသဖြင့် စူစူလေး သိပ်စဉ်းစားစရာ မလိုပါ။

စူစူလေး၏ အိပ်ငိုက်နေသော မျက်နှာလေးကိုကြည့်ရင်း ချူးယန်ရှီတစ်ယောက် ဇဝေဇဝါဖြစ်ကာ အတွေးများ လေးနက်သွားပါသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ချင်းစူစူက မရှိသင့်တဲ့ ဇာတ်ကောင်ပဲ!

ချူးယန်ရှီ ပြန်လည်မွေးဖွားလာပြီးနောက် သူမကို ဟွာချန့်မြို့သို့ သွားခွင့်ပေးဖို့ မိသားစုအား တောင်းဆိုခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ပေကျင်းမြို့တစ်မြို့လုံးကို တစ်ချိန်မှာ အုပ်ချုပ်မည့် ပုဂ္ဂိုလ်က ယခုအချိန်တွင် ဟွာချန့်မြို့၌ ဆေးကုသမှု ခံယူနေတာကြောင့် ဖြစ်သည်။ သူ့နာမည်က လုကျန်းယွီဟု ခေါ်၏။

ဒီကာလက လုကျန်းယွီအတွက် ခိုကိုးရာအမဲ့ဆုံး၊ အမှောင်မိုက်ဆုံးကာလဖြစ်သည်။ ထို့ကြောင့် ချူးယန်ရှီ ဒါကို အခွင့်ကောင်းယူပြီး သူ့နှလုံးသားထဲ ဝင်ရောက်နိုင်အောင် ကြိုးပမ်းဖို့ ကြံရွယ်ထားခဲ့သည်။

သို့သော်လည်း အခုတော့ မူလပထမက မရှိသည့် လူတစ်ယောက်ကိုပါ သူမ တွေ့လိုက်ရသည်။

ဒီလူက ချင်းမိသားစုနဲ့ ဆက်နွယ်နေသည်။

တစ်ချိန်တွင် ချင်းမိသားစုလည်း ပေကျင်းမြို့မှာ အရေးပါသည့် နေရာတစ်ခု ရသွားလိမ့်မည်။ လုမိသားစုနဲ့ ဟွော်မိသားစုတို့ကို မယှဉ်နိုင်သော်လည်း ဟွာချန့်မြို့လို မြို့ငယ်လေးတစ်ခုမှ ပေကျင်းမြို့ကြီးတစ်ခုသို့ ခြေချနိုင်ခဲ့တာ အထင်ကြီးဖို့ကောင်းပါသည်။

ထိုအကြောင်းအရင်းကြောင့်ပဲ ပြန်လည်မွေးဖွားလာသည့် ချူးယန်ရှီတစ်ယောက် ချင်းမိသားစုအကြောင်း ကောင်းကောင်း သိနေတာဖြစ်သည်။

အမှန်ပင်။ အနာဂတ် ချင်းမိသားစုက လက်ရှိ ချင်းမိသားစုနဲ့ မတူညီပါ။ ချင်းမိသားစုဟုဆိုသော်လည်း သွေးအေး ရက်စက်သည့် ချင်းယုဟွိုင်းတစ်ယောက်တည်းက ချင်းအုပ်စုအသစ်ကို တည်ထောင်ခဲ့တာဖြစ်သည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ ဆုံးပါးပြီး နှစ်အနည်းငယ်အကြာတွင် ချင်းမိသားစုတစ်စုလုံး ပျက်စီးသွားလိမ့်မည်။

ချူးယန်ရှီက စူစူလေးကို ကြည့်ရင်း ၄ နှစ်သမီးဟု မထင်ရလောက်သော လေးလေးနက်နက် မျက်နှာမျိုးဖြင့် အတွေးနွံထဲနစ်နေခဲ့ပါသည်။

သူမ ဘေးမှာ တကယ့်ကလေးအစစ်တွေသာရှိပြီး လူထူးဆန်းလေးဖြစ်သော စူစူလေးကလည်း အိပ်ငိုက်နေသဖြင့် ချူးယန်ရှီ၏ ထူးခြားမှုကို ဘယ်သူမှ သတိမထားမိကြပါ။

ကျောင်းဆင်းသောအခါ စူစူလေးနဲ့ ချင်းလောင်ယွင်ကို လာကြိုသူက ဟွော်ထျင်းဖြစ်သည်။

ဟွော်ထျင်းတစ်ယောက်တည်း လာတာတော့ မဟုတ်ပေ။ သူ့နောက် ခပ်လှမ်းလှမ်းမှာ ဘော်ဒီဂတ်တွေ အတန်းလိုက် ပါလာသည်။ ထို့ကြောင့် စူစူလေးကို လာကြိုဖို့ ချင်းမိသားစုက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။

“ထျင်းထျင်း ဘာလို့ ဒီရောက်နေတာလဲ။ ကျောင်းပြေးပြန်ပြီလား” စူစူလေးက ချက်ချင်း မေးလိုက်သည်။

မူလတန်းကျောင်းတွေက စူစူလေးတို့ မူကြိုထက် ကျောင်းဆင်းတာ နောက်ကျသည်။ ထို့ကြောင့် အမြဲတမ်း စူစူလေးနောက်မှ အိမ်ပြန်ရောက်လာတတ်တာဖြစ်သည်။

“မဟုတ်တာတွေ မပြောပါနဲ့။ ဘာလို့ ကျောင်းပြေးရမှာလဲ။ ဒီနေ့ ငါတို့ကျောင်းမှာ အားကစားပြိုင်ပွဲရှိလို့ နေ့တစ်ဝက် စောဆင်းပေးတယ်”။ ဟွော်ထျင်းက စူပုတ်လျက် အမှန်ပြင်ပေးလိုက်သည်။

ဟွန်း! ဒီကောင်မလေးက သူ့ကိုဆို အမြဲ မကောင်းတာပဲ ထင်နေတယ်!

“အားကစားပြိုင်ပွဲက ပျော်ဖို့ကောင်းလား”။ စူစူလေး မေးလိုက်သည်။

“ပျော်ဖို့ကောင်းတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။ နင်အသက်ကြီးလာလို့ ပြိုင်ချင်ရင် သံလုံးပစ်ဝင်ပြိုင်သင့်တယ်။ နင်ပထမရမှာ သေချာတယ်!”။ ဟွော်ထျင်းက သွားဖြီးလျက် ပြောလိုက်ပါသည်။

“အွန်းအွန်း! ထျင်းထျင်း ‌နောက်ဆုံးတော့ ငါဘယ်လောက်တော်လဲ နားလည်သွားပြီပေါ့!”

တိုးတက်လာပြီပဲ! ချီးကျူးပေးရမယ်!

ဒီကလေးမလေးက နည်းနည်းလေး မြှောက်ပြောလိုက်တာနဲ့ ချော့မြူဖို့ လွယ်ကူသည်။

“ကိုကြီးဟွော်ထျင်း”။ ချင်းလောင်ယွင်လည်း ဟွော်ထျင်းကို နှုတ်ဆက်လိုက်ပါသည်။

“အင်း”။ ဟွော်ထျင်းက စိတ်သိပ်မပါဘဲ ပြန်နှုတ်ဆက်လိုက်ပါသည်။

ဒီအာပြဲစိန်လေးကို သူသဘောမကျပါ။ သို့သော်လည်း ခုတလော လိမ္မာနေသဖြင့် နည်းနည်းအခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

ဟွော်ထျင်းလို့ ခေါ်လိုက်တာလား…။

စူစူလေး၊ ချင်းလောင်ယွင်တို့နဲ့အတူ မူကြိုထဲမှထွက်လာသည့် ချူးယန်ရှီ ထိုနာမည်ကိုကြားသောအခါ ရပ်တန့်သွားခဲ့သည်။

ဟွော်ထျင်းဘက်သို့ လှည့်ကြည့်ကာ တစ်ကိုယ်လုံးကို အကဲခတ်ကြည့်လိုက်သည်။ ဒီကောင်လေးက ထို ဆန်ကုန်မြေလေး ဟွော်ထျင်းနဲ့ အတော်လေး ဆင်တူနေပါသည်။

… … …

အခန်း(၃၅၄) သူမရဲ့ ပန်းတိုင်က လုကျန်းယွီ (၁)

ဧကန္တ သူက ဟွော်ချန်းယီရဲ့သား ဟွော်ထျင်းများလား။

သူမ ခန့်မှန်းချက်ကို အတည်ပြုဖို့အတွက် ချူးယန်ရှီ ရှေ့ထွက်လာပြီးမေးလိုက်ပါသည်။ “ကိုကြီး။ ကိုကြီးနာမည်က ဟွော်ထျင်းလားဟင်။ ပေကျင်းမြို့မှာ အဲ့လိုနာမည်နဲ့ အရမ်းတော်တဲ့ ကောင်လေးတစ်ယောက် နေတယ်လို့ ကြားဖူးတယ်။ အဲ့တာ ကိုကြီးလားဟင်”

သူမရဲ့ ဉာဏ်ရည်က အသက် ၂၀ ကျော် ဉာဏ်ရည်ဖြစ်သဖြင့် ကလေးတစ်ယောက်ကို ဘယ်လို နားဝင်အောင် ပြောရမလဲဆိုတာ ကောင်းကောင်းသိပါသည်။

“ဟုတ်တယ်လေ။ ကြားဖူးလို့လား”။ ‌ဟွော်ထျင်းက မျက်လုံးမှေးလျက် ချူးယန်ရှီအား ကြည့်လိုက်သည်။

“အင်း ကြားဖူးပါတယ်။ ကိုကြီးမှာ အရမ်းတော်တဲ့အဖေ ရှိတယ်တဲ့။ နာမည်က ဟွော်… ဟွော်ချန်းယီဆိုလားပဲ ဟုတ်တယ်မလားဟင်”။ ချူးယန်ရှီက ချိုမြိန်စွာ မေးလိုက်ပါသည်။

“ဟုတ်တယ်လေ! အဲ့တာ ငါ့အဖေပဲ!”။ ဟွော်ထျင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

တကယ်ကြီး ဆန်ကုန်မြေလေး ဟွော်ထျင်းပဲ!

ဒီအချိန်မှာ ဟွော်ထျင်း ဟွာချန့်မြို့ကိုရောက်နေလိမ့်မည်ဟု ချူးယန်ရှီထင်မထားခဲ့ပါ။

စိတ်ဝင်စားစရာတော့ ကောင်းလာပြီ။ နောက် နှစ် ၂၀ အကြာတွင် ပေကျင်းမြို့၌ နံပါတ် ၁ အကျော်အမော်ကြီး ဖြစ်လာမည့် လုကျန်းယွီနဲ့ နာမည်ဆိုးဖြင့်ကျော်ကြားသော ဟွော်ထျင်းတို့နှစ်ယောက်စလုံး ယခု ဟွာချန့်မြို့မှာ ရောက်ရှိနေကြသည်။

“ဘာလို့ ဟွာချန့်ကိုလာခဲ့တာလဲဟင်”။ ချူးယန်ရှီက ဆက်မေးသည်။

အနားမှာ လူကြီးတွေလည်း သိပ်မရှိဘဲ ကလေးတွေနဲ့ စကားပြောနေရတာဖြစ်သဖြင့် ချူးယန်ရှီက သူမရဲ့ အသက်အရွယ်နဲ့ မလိုက်ဖက်လှသော ဉာဏ်ရည်နဲ့ စကားပြောနိုင်စွမ်းတို့ကို မဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါသည်။

“နင်နဲ့ဘာဆိုင်လို့လဲ”။ ဟွော်ထျင်းက သူ့အဖေကို သူများတွေ ချီးကျူးတာ သဘောကျပါသည်။ သို့သော်လည်း ဒီလောက်ကြီး စပ်စုတာကိုတော့ စိတ်ရှုပ်သည်။

ဟွော်ထျင်းကတော့ ဟွော်ထျင်းအဖြစ် ရှိနေဆဲပင်။ သူ့သဘောမကျသည့် သူစိမ်းတွေနဲ့ ရင်ဆိုင်ရလျှင် အလွန်စိတ်ရှုပ်တတ်သည်။

ချူးယန်ရှီတစ်ယောက်တည်း တွေးလိုက်၏။ ဒါ့ကြောင့်လည်း အနာဂတ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတာကိုး။ ကလေးဘဝကတည်းက စရိုက်ဆိုးသွမ်းနေပြီ။

ချူးယန်ရှီ လက်မလျှော့ဘဲ ထပ်ပြီး စပ်စုပြန်ပါသည်။ “စပ်စုတာ မဟုတ်ပါဘူး။ ဒီတိုင်း သိချင်လို့ မေးကြည့်တာပါ”။

“စပ်စုလွန်းရင် ဒုက္ခရောက်တတ်တယ်နော်”။ ဟွော်ထျင်းက ပြန်ပြောလိုက်သည်။ “ငယ်ငယ်လေးနဲ့ မေးခွန်းတွေ အများကြီး မမေးသင့်ဘူး။ ငါ့ကိစ္စကို နင်ဝင်ပါစရာအကြောင်း မရှိဘူး!”

ချူးယန်ရှီ ပိုပြီး စပ်စုလေလေ ဟွော်ထျင်းက စိတ်ပိုတိုမိလေလေဖြစ်သည်။

ငယ်စဉ်က အတွေ့အကြုံများကြောင့် သူ့ကို အလွန်အကြူး ဖားတတ်သူတွေကို ဟွော်ထျင်း အလွန်မုန်းပါသည်။

ချူးယန်ရှီ အနည်းငယ် နေရခက်သွားသည်။

ဒီဆန်ကုန်မြေလေးလေးက ပြောရခက်လိုက်တာ။

ကလေးတိုင်းက ဒီလိုပဲလား၊ ဒါမှမဟုတ် ဟွော်ထျင်းတစ်ယောက်တည်း ဒီလောက် ပြောရခက်နေတာလား။

“ဟိုကောင်မလေး လာ။ အိမ်ပြန်မယ်!”

ဟွော်ထျင်းက ချူယန်ရှီကို ဂရုမစိုက်တော့ဘဲ မျက်နှာလွှဲကာ စူစူလေးကို ခေါ်သွားပါသည်။

ခြေလှမ်း ၂ လှမ်းလောက် လျှောက်ပြီးမှ တစ်ခုခုကို သတိရသွားပြီး နောက်လှည့်ကာ ချင်းလောင်ယွင်ကို ပြောလိုက်သည်။ “နင်လည်းပါတယ် အာပြဲစိန်။ ငါတို့နဲ့လိုက်ခဲ့။ စူစူလေး အမေက နင့်ကိုပါ ကြိုခဲ့ဖို့ မှာလိုက်တယ်။ စူစူလေးရဲ့အမေက နင့်အမေနဲ့ စကားပြောပြီးသွားပြီတဲ့။ ဒီနေ့ကစပြီး စူစူလေးတို့အိမ်မှာ ညစာစားရမယ်။ ပြီးမှ နင့်အမေဆီ ပြန်လိုက်ပို့ပေးကြလိမ့့်မယ်”

ချင်းလောင်ယွင် ခေတ္တ အံ့အားသင့်သွားသည်။ ထို့နောက် သူမ မျက်နှာပေါ် အပြုံးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့ပါသည်။

ထို့နောက် စူစူလေးဘေးသို့ ပြေးသွားကာ လက်ချင်းချိတ်လိုက်သည်။

သူတို့ ၃ ယောက် အတူတူထွက်သွားတာကို ငေးကြည့်ရင်း ချူးယန်ရှီ၏ မျက်နှာပေါ် လူကြီးတစ်ယောက် အတွေးများနေသည့် မျက်နှာထားမျိုး ပေါ်လာခဲ့သည်။

ဒီချင်းလောင်ယွင်က အတော်လေး တက်ကြွလန်းဆန်းနေသည်။ ချူးယန်ရှီ မှတ်မိသည့် ဉာဏ်နီဉာဏ်နက်များသော ချူးယန်ရှီနဲ့ မတူလှပါ။

ဒီကလေးမလေး အနာဂတ်မှာ သူမ မြင်ဖူးသည့် ချင်းလောင်ယွင်အဖြစ် ပြောင်းလဲသွားမလားဆိုတာ သိချင်မိသည်။

--- --- ---

လုအိမ်တော်တွင်…

ဒီနေ့အတွက် လုကျန်းယွီ လေ့ကျင့်ခန်းလုပ်ပြီးသွားပြီဖြစ်ကာ အိမ်တော်ထိန်းကျန်း ကမ်းပေးသည့် တဘက်ကို ယူလျက် သူ့မျက်နှာပေါ်က ချွေးစက်တွေကို သုတ်ပစ်လိုက်ပါသည်။

“သခင်လေး…။ သခင်မလေးယန်ရှီ ဟွာချန့်မြို့ကို‌ ရောက်နေပါတယ်”။ အိမ်တော်ထိန်းကျန်းက ပြောလိုက်သည်။

လုကျန်းယွီ ခေတ္တ ရပ်တန့်သွား၏။

ချူးယန်ရှီဆိုတာ သူ့ဒေါ်လေးရဲ့ လင်ပါသမီးဖြစ်သည်။

သူနဲ့ သွေးမစပ်သော်လည်း သူ့ဒေါ်လေးကြောင့် သူ့ဝမ်းကွဲညီမဟု ဆိုလို့ရပါသည်။

ချူးယန်ရှီနဲ့ သူသိပ်ပြီး မရင်းနှီးပါ။ သို့သော်လည်း အိမ်နဲ့ဝေးကွာနေသဖြင့် သူ့ဒေါ်လေးမျက်နှာကြောင့် သူ့ဝမ်းကွဲညီမကို အတိုင်းအတာတစ်ခုအထိ စောင့်ရှောက်ပေးရလိမ့်မည်။

… … …

All Chapters