← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 15 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 15 Ch. 355-356

အခန်း(၃၅၅) သူမရဲ့ ပန်းတိုင်က လုကျန်းယွီ (၂)

“ကျွန်တော်တို့ ကူညီဖို့လိုအပ်တာရှိသလားဆိုတာ စုံစမ်းလိုက်ပါ”။ လုကျန်းယွီ ညွှန်ကြားလိုက်သည်။

“စိတ်မပူပါနဲ့သခင်လေး။ သခင်မလေးယန်ရှီအတွက် ကျွန်တော်အားလုံး တာဝန်ယူပေးပါ့မယ်”။ အိမ်တော်ထိန်းကျန်းက အာမခံလိုက်ပါသည်။

ခေတ္တတိတ်ဆိတ်သွားပြီးနောက် လုကျန်းယွီ ထပ်မေးလိုက်သည်။ “စူစူလေး ကျောင်းဆင်းပြီလား”

“သခင်မလေးစူစူကို တွေ့ချင်လို့လား သခင်လေး”။ အိမ်တော်ထိန်းကျန်းက မေးသည်။

“မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ”။ လုကျန်းယွီက ငြင်းလိုက်ပါသည်။

သို့သော်လည်း အိမ်တော်ထိန်းကျန်းက သူ့သခင်လေးရဲ့စိတ်ကို ဖောက်ထွင်းမြင်နေသည်။

သခင်လေးက ရှက်တတ်သဖြင့် စူစူလေးကို တွေ့ချင်ရင်တောင် ဝန်ခံမှာ မဟုတ်ပါ။

“ဒါနဲ့ သခင်မလေးစူစူ လာမလည်တာ ရက်တော်တော်ကြာပြီနော်”။ အိမ်တော်ထိန်းကျန်းက တမင်သက်သက် ပြောလိုက်ပါသည်။

လုကျန်းယွီ ဘာမှပြန်မပြောပေ။

အိမ်တော်ထိန်းကျန်းက ဆက်ပြောလိုက်၏။ “ခုနက သခင်လေးဟွော် လူတစ်အုပ်နဲ့ ဟုံဖုန်းမူကြိုဘက်ကို ထွက်သွားတာ မြင်လိုက်တယ်။ သခင်မလေးစူစူကို သွားကြိုတာဖြစ်မယ်။ သခင်လေးဟွော် ခုတလော တော်တော် လိမ္မာလာတာပဲ”

လုကျန်းယွီက မေးလိုက်သည်။ “ဟွော်ထျင်းက ဟွာချန့်မှာပဲ ရှိနေသေးတာလား”

“ဟုတ်တယ်။ ဒီမှာ မူလတန်းတောင် တက်နေပြီ။ ကြည့်ရတာ ဟွာချန့်မှာ တော်တော်ကြာကြာနေမယ့်ပုံပဲ။ ပြီးတော့ သခင်မလေးစူစူအတွက် သူငယ်ချင်းကောင်း ဒါမှမဟုတ် ငယ်ချစ်ဦးလေး ဖြစ်လာမယ့်ပုံစံပါပဲ”။ အိမ်တော်ထိန်းကျန်းက ရှင်းပြလိုက်ပါသည်။

လုကျန်းယွီ တိတ်ဆိတ်သွား၏။

ခေတ္တစဉ်းစားပြီးနောက် အိမ်တော်ထိန်းကျန်းကို လုကျန်းယွီပြောလိုက်သည်။ “ကျွန်တော် အဝတ်အစားလဲပြီး ဟိုဘက်အိမ်က အဘိုးချင်းနဲ့ အဘွားချင်းတို့ဆီ သွားလည်မယ်”

“သခင်လေး ဘာလို့ ရုတ်တရက်ကြီး သွားလည်ချင်ရတာလဲ”။ အိမ်တော်ထိန်းလျို့က တမင်တကာ မေးလိုက်ပါသည်။

“ချင်းမိသားစုဆီက အကူအညီတွေ အများကြီး ရထားတာ သွားလည်သင့်တာပေါ့”။ လုကျန်းယွီ ရှင်းပြလိုက်ပါသည်။

ထို့နောက် အိမ်အပေါ်ထပ်သို့ လုကျန်းယွီ ဝှီးချဲဖြင့် တက်သွားလေတော့သည်။

--- --- ---

အဝတ်အစားလဲပြီး အိမ်အပြင် ထွက်လာသောအခါ အိမ်ရှေ့မှာ ယောင်ပေပေလုပ်နေသည့် ချူးယန်ရှီအား လုကျန်းယွီ မြင်လိုက်ရသည်။

“နင်ဘာလုပ်နေတာလဲ” လုကျန်းယွီ မေးလိုက်၏။

“ဝမ်းကွဲအစ်ကို…” လုကျန်းယွီကို မြင်သောအခါ ချူးယန်ရှီ မျက်နှာလေး ချက်ချင်းတောက်ပသွားပြီး အပြုံးတစ်ခုလည်း ပေါ်လာခဲ့သည်။

အသက် ၇ နှစ် အရွယ် လုကျန်းယွီကိုကြည့်ရင်း ငယ်ရွယ်သော်လည်း အနာဂတ်မှာ အောင်မြင်မည့် အလားအလာတွေ ချူးယန်ရှီ မြင်နေရသည်။

ဒီလို ငယ်ရွယ်သည့်အချိန်မှာတောင် သက်တူရွယ်တူတွေထက် အများကြီး ပိုရင့်ကျက်နေပါပြီ။

“ဝမ်းကွဲအစ်ကို နေကောင်းလားလို့ လာကြည့်တာပါ။ ဝမ်းကွဲအစ်ကို ကျန်းမာရေး သိပ်မကောင်းဘူးလို့ အန်တီပြောတယ်…”

‘အန်တီ’ဆိုတာ ချူးယန်ရှီ သူမရဲ့ မိထွေး၊ လုကျန်းယွီရဲ့ ဒေါ်လေးကို ခေါ်ဆိုခြင်းဖြစ်သည်။

“ဘာမှမဖြစ်ပါဘူး”။ လုကျန်းယွီ ခပ်တိုတိုပဲ ဖြေလိုက်သည်။ သူ့လေသံက သူစိမ်းဆန်ပြီး အကြည့်တွေကလည်း အေးတိအေးစက်နိုင်သည်။

အရင်ဘဝတုန်းကသာဆို သူမကို လုကျန်းယွီ ဒီလိုလာဆက်ဆံလျှင် ချူးယန်ရှီ လှည့်ထွက်သွားလောက်ပါပြီ။ အရင်ဘဝတုန်းက ချူးယန်ရှီ သူမ မိထွေးကို မုန်းတီးခဲ့သည်။ ထို့ကြောင့် လုကျန်းယွီကိုလည်း သဘောမကျခဲ့ပါ။

ထို့အပြင် လုကျန်းယွီက အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး ဒုက္ခိတတစ်ယောက်လည်း ဖြစ်နေသဖြင့် ချူးယန်ရှီ သဘောကျစရာအချက် သိပ်မရှိခဲ့ပေ။

သို့သော် ဒီဘဝမှာတော့ ချူးယန်ရှီ ငတုံးမဟုတ်တော့ပါ။

“အပြင်သွားမလို့လား ဝမ်းကွဲအစ်ကို။ သမီးလိုက်ပို့ပေးမယ်လေ!”။ ချူးယန်ရှီက ကမ်းလှမ်းလိုက်ပါသည်။

သူမရဲ့ အပြုအမူကြောင့် လုကျန်းယွီ အံ့အားသင့်သွားသည်။

ဒီနေ့ သူမြင်နေရသည့် ချူးယန်ရှီက ယခင်တုန်းကနဲ့ ခြားနားနေပါသည်။

“မလိုပါဘူး။ ငါဟိုဘက်အိမ်ကိုပဲ သွားမှာ”။ လုကျန်းယွီက ယဉ်ကျေးစွာ ငြင်းဆန်လိုက်ပါသည်။

အိမ်တော်ထိန်းကျန်းက အမြန်ကြားဝင်ပေးလိုက်သည်။ “သခင်မလေးယန်ရှီ ။ သခင်လေး အခု မအားလို့လေ။ တစ်ယောက်ယောက်ကို အိမ်ပြန်လိုက်ပို့ပေးခိုင်းရမလား”

“ဟိုဘက်အိမ်ကို သွားမှာဟုတ်လား။ အဲ့တာ ချင်းမိသားစုတို့အိမ်မလား။ အဲ့မှာ သမီးရဲ့အတန်းဖော်သစ်တစ်ယောက် ရှိတယ်။ သမီးလည်း လိုက်ခဲ့ပါရစေ ဝမ်းကွဲအစ်ကို!”။ ချူးယန်ရှီက လုကျန်းယွီနဲ့ လိုက်ချင်သဖြင့် ပူဆာလိုက်ပါသည်။

“နင့်အတန်းဖော်သစ် ဟုတ်လား။ ချင်းစူစူကို ပြောတာလား”။ လုကျန်းယွီ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။

“ဟုတ်တယ်လေ။ သမီးက ကျောင်းပြောင်းလာတာ။ အခုဟုံဖုန်းမူကြိုမှာ တက်နေပြီ။ ချင်းစူစူလေးက သမီးရဲ့ အတန်းဖော်လေ”။ ချူးယန်ရှီ ရှင်းပြလိုက်သည်။

“ဘာလို့ မူကြိုတက်ဖို့ ဟွာချန့်မြို့ထိ လာခဲ့ရတာလဲ”။ လုကျန်းယွီ မေးလိုက်ပါသည်။

… … …

အခန်း(၃၅၆) လုကျန်းယွီကို ပြုံးစေသော ကောင်မလေး (၁)

“သမီး… သမီး ပေကျင်းက အတန်းဖော်တွေနဲ့ သိပ်အဆင်မပြေလို့လေ…။ အဲ့တာကြောင့် ကျောင်းပြောင်းချင်ခဲ့တာ…” ချူးယန်ရှီ တိုးညှင်းစွာ ရှင်းပြလိုက်ပါသည်။

တကယ်တော့ လုကျန်းယွီနဲ့ တွေ့ချင်တာကြောင့် ပြောင်းလာခဲ့တာဖြစ်သည်။ သို့သော် အမှန်တိုင်း ဖွင့်ပြောလို့တော့ ဖြစ်မှာ မဟုတ်ပေ။

ဟွာချန့်မြို့မှာ ကြာကြာနေဖို့ ရည်ရွယ်ပြီး ချူးယန်ရှီ ရောက်လာခဲ့တာဖြစ်သည်။

“နင့်သဘောပါ”။ လုကျန်းယွီ သေချာစဉ်းစားလိုက်ပြီး ချူးယန်ရှီကို မငြင်းခဲ့ပါ။

ထို့နောက် လုကျန်းယွီက ဝှီးချဲကိုလှိမ့်ရင်း ချင်းအိမ်တော်သို့ ဦးတည်လိုက်ပါသည်။ ဒါကိုမြင်ပြီး ချူးယန်ရှီလည်း အနောက်မှ အမြန်လိုက်လာခဲ့၏။

သူမ ဝမ်းကွဲအစ်ကိုက သူမကို လိုက်ခွင့်ပြုသည်။ တာထွက်ကောင်းသည်ဟု ဆိုနိုင်ပါသည်။

အမှန်ပင်။ ငယ်ရွယ်သည့် လုကျန်းယွီက အရွယ်ရောက်ပြီးသာား လုကျန်းယွီထက် ပြောရဆိုရ ပိုလွယ်ပါသည်။

ဟွာချန့်မြို့ကို လာဖို့ ချူးယန်ရှီ ဆုံးဖြတ်ခဲ့တာ မှန်သွားသည့်ပုံပင်။

--- -- ---

ကျောင်းဆင်းပြီးနောက် ချင်းအိမ်တော်ခြံဝန်းထဲတွင် စူစူလေး၊ ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့ ၃ ယောက်သား ဟူကျစ်နဲ့ မဲလုံးကြီးတို့ကို ရေချိုးပေးနေပါသည်။

အရင်ကလို မဟုတ်တော့ဘဲ ချင်းလောင်ယွင် လွတ်လွတ်လပ်လပ် နေနိုင်ပြီဖြစ်ပြီး တစ်ချိန်လုံး ဟွော်ထျင်းကိုပဲ ကြည့်နေစရာ မလိုတော့ပါ။

ထို့ကြောင့် ဟွော်ထျင်းလည်း နေရတာ သက်တောင့်သက်သာရှိပါသည်။ ချင်းလောင်ယွင်ကိုလည်း အနည်းငယ် သဘောကျလာသည်။

သို့သော် အများကြီး‌တော့ သဘောမကျသေးပါ။

အဘယ့်ကြောင့်ဆိုသော် အခုလက်ရှိ ချင်းလောင်ယွင်က သူနဲ့ပြိုင်ပြီး စူစူလေးကို လုနေတာကြောင့် ဖြစ်သည်။ ထို့ကြောင့် ဟွော်ထျင်း စိတ်ရှုပ်ရပါသည်။

ဟိုကောင်မလေးက အစကတည်းက သူ့ကို အာရုံမစိုက်တာ! အခုတော့ ပြိုင်ဘက် နောက်တစ်ယောက် ပေါ်လာပြန်ပြီ!

သိပ်မကျေနပ်သော်လည်း ဟွော်ထျင်းက စူစူလေးရှေ့မှာ မသောင်းကျန်းရဲပါ။ သူ့ကို စူစူလေး မုန်းတီးသွားမှာ စိုးရိမ်ပါသည်။

မဲလုံးကြီး၏ ခန္ဓာကိုယ်ပေါ်မှ ဆပ်ပြာဂျယ်များကို ရေသေချာ ဆေးချပြီးနောက် မဲလုံးကြီးကို ဟွော်ထျင်း အမိန့်ပေးလိုက်သည်။ “မဲလုံး ခါလိုက်စမ်း”

ဟွော်ထျင်း၏ အမိန့်သံကိုကြားသောအခါ မဲလုံးကြီးက သူ့ခန္ဓာကိုယ်အကြီးကြီးကို ခါရမ်းလိုက်ပါသည်။

ရုတ်တရက်ဆိုသလို မဲလုံးကြီး၏ ခန္ဓာကိုယ်ပေါ်မှ ရေတွေ အရပ်မျက်နှာပေါင်းစုံသို့ ပက်စင်သွားပြီး ချင်းလောင်ယွင်၊ စူစူလေးနဲ့ ဟွော်ထျင်းတို့ အကုန်လုံး ရေတွေ စိုသွားကြပါသည်။

“အောင်မယ်လေး-“

ချင်းလောင်ယွင် ရေပက်ခံလိုက်ရသောအခါ ခေါင်းကို အမြန်အုပ်လျက် ရေရွတ်လိုက်မိသည်။

ထို့နောက် သူမနဲ့ စူစူလေးတို့ တရားခံ ဟွော်ထျင်းအား လှည့်ကြည့်လိုက်ကြပါသည်။

သူ့အမှားမှန်း သိသော်လည်း ဟွော်ထျင်းက ဝန်မခံချင်ဘဲ မဲလုံးကြီးကိုသာ လှည့်ပြီး အပြစ်ပုံချလိုက်ပါသည်။ “မဲလုံး မင်းတော်တော် ဆိုးပါလား။ မင်းကြောင့် အကုန်ရေတွေ စိုကုန်ပြီ!”

“ဝု…” မဲလုံးကြီးက ဝမ်းနည်းနေသည့်ပုံစံဖြင့် တိုးညှင်းစွာ အသံထွက်လိုက်သည်။

သူ့အပြစ်မှ မဟုတ်တာ…။

“မြောင်!”။ ဟူကျစ်က မဲလုံးကြီး၏ ခေါင်းပေါ် ခုန်တက်ပြီး ဟွော်ထျင်းအား အော်လိုက်ပါသည်။

မဲလုံးကြီးရဲ့ တရားမျှတမှုအတွက် ဟူကျစ် ကာကွယ်ပေးနေခြင်း ဖြစ်သည်။

ဟူကျစ်ကော ချင်းလောင်ယွင်ကော ဟူကျစ်ရဲ့ စကားကို နားမလည်ကြပါ။ သို့သော် ဘာအဓိပ္ပာယ်လဲ ဆိုတာကိုတော့ နားလည်ကြပါသည်။

“အေးပါ အေးပါ အော်မနေစမ်းပါနဲ့။ ငါ့အပြစ်ပါ ဟုတ်ပြီလား ငါ့အပြစ်ပါ”။ ဟွော်ထျင်းက သူ့အပြစ်သူ ဝန်ခံလိုက်ပါသည်။

“တော်တယ် ထျင်းထျင်း” စူစူလေးက ချီးကျူးလိုက်ပါသည်။

“ဟင်း”။ ဟွော်ထျင်း မကျေနပ်စွာ မျက်နှာလွှဲလိုက်ပါသည်။

ချင်းမိသားစု၏ အိမ်စေတွေကို လုကျန်းယွီ စကားပြောပြီးနောက် အိမ်စေတွေက အိမ်ထဲဝင်ခွင့် ပေးခဲ့ပါသည်။

ခြံထဲက ဖြတ်သွားရင်း ကလေး ၃ ယောက်နဲ့ တိရိစ္ဆာန်လေး ၂ ကောင် ကစားနေကြတာကို လုကျန်းယွီ မြင်သွားသည်။

လုကျန်းယွီ ဝှီးချဲကို ရပ်တန့်လိုက်ပြီး စူစူလေး၏ ပြုံးရွှင်နေသော မျက်နှာလေးကို ကြည့်လျက် သူ့မျက်လုံးတွေ နူးညံ့သိမ်မွေ့သွားခဲ့သည်။

စူစူလေးလည်း တစ်ခုခုကို ခံစားမိပြီး လုကျန်းယွီဘက်သို့ လှည့်ကြည့်လာပါသည်။

“ကိုကြီး!”။ လုကျန်းယွီကို မြင်သောအခါ စူစူလေး ပျော်ရွှင်မြူးထူးစွာ ပြေးလာခဲ့လေသည်။

တွန့်ဆုတ်မှုမရှိဘဲ သူ့ဆီပြေးလာသော ကလေးမလေးကို ကြည့်ရင်း လုကျန်းယွီ မျက်နှာပေါ်က အပြုံး ပိုမိုတောက်ပလာခဲ့ပါသည်။

လုကျန်းယွီက စူစူလေးရဲ့ ခေါင်းလေးကို ပွတ်ပေးရင်း မေးလိုက်သည်။ “ဘာလို့ ရေတွေ စိုနေတာလဲ”

လုကျန်းယွီ၏ အပြုံးကိုမြင်သောအခါ ချူးယန်ရှီ အံ့အားသင့်သွားရသည်။

ဘာတွေဖြစ်နေတာလဲ။ သူမ ဝမ်းကွဲအစ်ကို တကယ်ကြီး ပြုံးနေတာလား။

ဒီလိုအပြုံးမျိုးနဲ့ သူ့ကို မြင်ဖူးတာ ဒါပထမဆုံးပဲ!

ချူးယန်ရှီ၏ အကြည့်များက စူစူလေးထံ ထပ်မံကျရောက်သွားခဲ့ပြန်သည်။

ဒီကောင်မလေးက ဘာလဲ။ အရင်ဘဝတုန်းက အရေးကြီးတဲ့ အချက်တစ်ချို့ကို သူမ လွတ်သွားခဲ့တာများလား။

… … …

All Chapters