← Chapters

အခန်း (၃၅၇-၃၅၈)

Vol. 15 Ch. 357-358

အခန်း (၃၅၇-၃၅၈)

Vol. 15 Ch. 357-358

အခန်း(၃၅၇) လုကျန်းယွီကို ပြုံးစေသော ကောင်မလေး (၂)

“ထျင်းထျင်းကြောင့်ပေါ့! မဲလုံးကြီးကို ရေတွေ ခါပစ်ခိုင်းလိုက်လို့ ဒီလိုဖြစ်သွားတာ”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။

အနောက်မှ လိုက်လာသည့် ဟွော်ထျင်းလည်း စူစူလေး အတင်းပြောနေတာကို ကြားကာ ပြန်ချေပလိုက်သည်။ “မတော်တဆ ဖြစ်တာပါဆို!”

ပြောပြောဆိုဆိုနဲ့ လုကျန်းယွီကို ဟွော်ထျင်း စိုက်ကြည့်လိုက်ပါသည်။ သူ့အကြည့်က မချိုမြိန်လှပါ။

ဟွော်ထျင်း၏ မျက်လုံးတွေကို ကြည့်ခြင်းအားဖြင့် သူ့ကို ရန်လိုနေမှန်း လုကျန်းယွီ ခံစားနိုင်ပါသည်။ သို့သော်လည်း ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ဖြစ်သဖြင့် သိပ်ပြီး အာရုံမထားခဲ့ပါ။

လုကျန်းယွီ ပြုံးလိုက်ပြီး တစ်ရှူးတစ်ရွက်ထုတ်ကာ စူစူလေးရဲ့ မျက်နှာနဲ့ လက်တွေပေါ်က ရေစက်တွေကို သုတ်လိုက်ပြီး ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြန်ပြင်ပေးလိုက်သည်။

ထိုနူးညံ့သည့် အပြုအမူများကို ချူးယန်ရှီလည်း ထင်ထင်ရှားရှား မြင်လိုက်ရပြီး သူမရင်ထဲ ချက်ချင်း ဗလောင်ဆူသွားခဲ့သည်။

လုကျန်းယွီက ဒီလောက်တောင် သိမ်မွေ့တတ်တာလား!

အရွယ်ရောက်ပြီးသား လုကျန်းယွီ၏ ရက်စက်မှု အေးစက်မှုတွေကိုသာ ခံစားခဲ့ရဖူးသည့် ချူးယန်ရှီအတွက်တော့ ရှေ့က မြင်ကွင်းက မယုံကြည်နိုင်လောက်စရာဖြစ်သည်။

ချူးယန်ရှီ စိုက်ကြည့်နေတာကို သတိထားမိပြီး စူစူလေးလည်း သူမကို လှမ်းကြည့်လိုက်ပါသည်။

နေ့လယ်တုန်းက မူကြိုမှာ အိပ်ငိုက်နေသဖြင့် အတန်းဖော်သစ်ကို အာရုံမစိုက်အားခဲ့ပါ။

ချူးယန်ရှီက မိတ်ဆက်လိုက်သည်။ “ဟယ်လို။ ငါက နေ့လယ်တုန်းက အတန်းဖော်သစ်လေးလေ။ အစ်ကိုကြီးကျန်းယွီရဲ့ ဝမ်းကွဲညီမလေးလည်း ဟုတ်တယ်”

“ကိုကြီး။ သူက ကိုကြီးရဲ့ ညီမလေးလား” စူစူလေးက လုကျန်းယွီကို မေးလိုက်ပါသည်။

“သွေးမစပ်ပါဘူး အမည်ခံဝမ်းကွဲညီမပါ”။ လုကျန်းယွီက ပြန်ဖြေလိုက်ပါသည်။

သူပြောတာ မမှားသော်လည်း ထိုစကားကြောင့် ချူးယန်ရှီ သူစိမ်းဆန်မှုကို ခံစားလိုက်ရပါသည်။

လုကျန်းယွီရဲ့ ညင်ညင်သာသာ အပြုအမူတွေကိုသာ မတွေ့ခဲ့ရလျှင် ဒီလိုစကားမျိုးပြောတာ သာမန်ပဲဟု ချူးယန်ရှီ ထင်မိလောက်သည်။ သူက နဂိုကတည်းက သွေးအေးတဲ့ လူပဲ မဟုတ်လား။

“အမည်ခံဝမ်းကွဲညီမ ဟုတ်လား”။ စူစူလေး သိပ်နားမလည်ပါ။

“ဒီတိုင်း နာမည်အရပဲ တော်စပ်တာ”။ လုကျန်းယွီ ထပ်ပြောလိုက်သည်။

“ဪ”။ စူစူလေး နားလည်သယောင်နဲ့ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ဘာမှ ဆက်မမေးတော့ပါ။

စူစူလေး ဒါတွေ ဂရုမစိုက်နိုင်ပါ။ သူမရဲ့ အကန့်အသတ်ရှိသော ဦးနှောက်ထဲလည်း မထည့်နိုင်ပေ။

တစ်ဖက်လူ၏ သရုပ်မှန်ကို အတည်ပြုပြီးနောက် ချူးယန်ရှီဘက်သို့ ပြန်လှည့်ကာ စူစူလေး နှုတ်ဆက်လိုက်ပါသည်။ “တွေ့ရတာဝမ်းပါတယ်။ ငါက ကိုကြီးရဲ့ သူငယ်ချင်းပါ! နာမည်က ချင်းစူစူ!”

“စူစူ၊ ငါ့ဝမ်းကွဲအစ်ကိုနဲ့ ဘယ်လိုဆုံခဲ့တာလဲ”။ ချူးယန်ရှီက မေးလိုက်၏။

“နံရံကို ကျော်တက်ရင်း ဆုံခဲ့တာ” စူစူလေးက ရိုးရိုးသားသား ဖြေလိုက်သည်။

“နံရံ… ကျော်တက်တယ် ဟုတ်လား”။ ချူးယန်ရှီ ဇဝေဇဝါဖြစ်သွားပါသည်။

ချူးယန်ရှီက လုကျန်းယွီကို လှည့်ကြည့်လိုက်ပါသည်။ သူမအကြည့်ကို လုကျန်းယွီ သတိထားမိသော်လည်း အသေးစိတ် ရှင်းပြနေဖို့ အစီအစဉ်မရှိပေ။

သူ့အပေါ် ချူးယန်ရှီရဲ့ သဘောထားတွေ ဘာကြောင့် ဒီလောက်ပြောင်းလဲသွားရတာလဲ လုကျန်းယွီ မသိပါ။ သိလည်း မသိချင်ပါ။ သူ့သူငယ်ချင်းတွေအကြောင်း သူမကို အသေးစိတ်ရှင်းပြနေဖို့ဆို ပိုဝေးပါသည်။

ချူးယန်ရှီ အနည်းငယ် နေရခက်သွားသည်။ သို့သော်လည်း သူမရဲ့ ရည်ရွယ်ချက်အကြောင်း ပြန်စဉ်းစားရင်း အရှက်တရားတွေ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပါသည်။

ဒီနေ့ တူချောလေးက အရသာရှိသည့် ကိတ်မုန့်တွေ ပို့ပေးထားတာကို စူစူလေး သတိရကာ လုကျန်းယွီအား ကျွေးချင်သွားသည်။

“ကိုကြီး။ သမီးတူချောလေးက ကိတ်မုန့်တွေ ပို့ပေးလိုက်တယ်။ ကိုကြီးစားဖို့ လိုက်ပို့ပေးမယ်!”

ထို့နောက် စူစူလေးက လုကျန်းယွီ၏ ဝှီးချဲနောက်သို့သွားပြီး အိမ်ထဲထိရောက်အောင် တွန်းပို့ပေးခဲ့ပါသည်။

စူစူလေးက အရပ်ပုသဖြင့် ဝှီးချဲကို တွန်းရတာ အနည်းငယ် ခက်ခဲနေပါသည်။ သို့သော် ကံကောင်းစွာဖြင့် သူမက အားသန်သည်။

ချူးယန်ရှီ ခေတ္တရပ်ကြည့်နေမိပြီး သူတို့နောက် အမြန်လိုက်သွားခဲ့သည်။

ဟွော်ထျင်းကတော့ ဒေါသဖြင့် မြေကြီးကို ဖနောင့်တွေပေါက်နေပါသည်။

ဒီကောင်မလေးကတော့! အရသာရှိတာ တစ်ခုခုရှိရင် အဲ့ဒီကောင်ကိုပဲ သတိရတယ်! သူရောက်လာရင် အကုန်လုံးကို မေ့သွားကော!

ထို့နောက် ဟွော်ထျင်းလည်း သူတို့နောက်မှ လိုက်သွားခဲ့ပါသည်။

အားလုံးထွက်သွားတာကိုမြင်ပြီး ချင်းလောင်ယွင်လည်း ခပ်သုတ်သုတ် လိုက်လာခဲ့သည်။

အပြင်မှ ပြန်လာသည့် ချင်းယုကျီးတစ်ယောက် အိမ်ထဲ ကလေးတစ်သိုက် ချီတက်သွားတာကို လှမ်းမြင်လိုက်သည်။

ခုတလော သူတို့အိမ်မှာ ကလေးအရေအတွက် ပိုပိုတိုးလာသလိုပဲ…။

… … …

အခန်း(၃၅၈) ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာလား

စူစူလေးက ချင်းယုချဲလုပ်ပေးထားသည့် ကိတ်မုန့်လေးများကို ထုတ်လိုက်ပါသည်။ အခု ၃၀ လောက်ရှိပြီး တစ်ခုချင်းစီတိုင်းက ပုံစံကော အရသာကော ခြားနားကြသည်။

ကိတ်မုန့်လေးများကို ကလေးများအကြိုက်ဖြစ်အောင် တိရိစ္ဆာန်လေးများအဖြစ် ပုံဖော်ထားသည်။

ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ရင်း အလုပ်များနေသော်လည်း ချင်းယုချဲက စူစူလေးကို လုံးဝ မမေ့ပါ။ မကြာခဏဆိုသလို အရသာရှိသည့် မုန့်တွေ ပို့ပေးတတ်သည်။

ကိုယ့်ဒေါ်လေးကို ပျော်အောင်ထားဖို့ ချင်းယုချဲအား ညီအစ်ကိုတွေ အားလုံး အတုယူရမည်ဟု အဘွားချင်းကတောင် ကျီစယ်မိသည်။

ချင်းယုကျီးက မကျေနပ်ပါ။ စွမ်းရည်တစ်ခုခုရှိမှ ဒေါ်လေးသဘောကျတာကို ခံရနိုင်သည်ဟု ညည်းတွားခဲ့သည်။ တူတွေကြားထဲ ယှဉ်ပြိုင်ဖို့ သူ့အတွက် ခက်ခဲလှပါသည်။

စူစူလေးက ကိတ်မုန့်လေးများကို ဝေပေးလိုက်သည်။ အားလုံး တစ်ခုစီ ရအောင် သေသေချာချာ ဝေပေးခဲ့ပါသည်။ ဒီနေ့မှ သူမ ဆုံဖူးသည့် ချူးယန်ရှီလည်း အပါအဝင်ဖြစ်သည်။

ချင်းယုချဲ လုပ်ပေးထားသည့် ကိတ်မုန့်များက အလွန်အရသာရှိသဖြင့် စားကောင်းသောက်ဖွယ်တွေကို စားနေကျဖြစ်သော ဟွော်ထျင်းတောင် အားရပါးရ စားမိပါသည်။

ချင်းလောင်ယွင်ကတော့ ဘယ်လောက် ကြိုက်နှစ်သက်သလဲဆိုတာ ပြောဖို့ လိုမည်မထင်ပါ။ ဒီလောက် အရသာရှိသည့် ကိတ်မုန့်မျိုး သူမ ပထမဆုံးအကြိမ် စားဖူးတာဖြစ်ပြီး အလွန်ကြိုက်နှစ်သက်ပါသည်။

လုကျန်းယွီက ပုံမှန်ဆို အချိုတွေ သိပ်မစားသော်လည်း စူစူလေး ကျွေးသည့် မုန့်ကိုတော့ မငြင်းခဲ့ပါ။

ချူးယန်ရှီက စားဖို့သောက်ဖို့ စိတ်မဝင်စားပါ။ စူစူလေးပေးသည့် ကိတ်မုန့်ကို ကိုင်လျက် စားချင်ယောင် ဆောင်နေသော်လည်း သူမ မျက်လုံးများက စူစူလေးကိုသာ စောင့်ကြည့်နေပါသည်။

တစ်ခုတည်းသော ဖြစ်နိုင်ချေက ယခင်ဘဝတုန်းက ဒီကလေးမလေး ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားခဲ့တာဖြစ်မည်။ ထို့ကြောင့် အရွယ်ရောက်မှ ချင်းမိသားစု၊ လုကျန်းယွီတို့နဲ့ ပတ်သတ်ဖူးသော ချူးယန်ရှီ သူမအကြောင်း ဘာမှ မကြားဖူးခဲ့တာဖြစ်မည်။

ချင်းမိသားစုကော၊ သူမရဲ့ ဝမ်းကွဲအစ်ကိုကော ဒီကောင်မလေးအကြောင်းကို ထုတ်မပြောခဲ့ကြပါ။

ဒီလိုပဲဖြစ်နိုင်သည်။

သူမရဲ့ မူလအစီအစဉ်ကို သက်ရောက်မှုရှိနိုင်မလားဟု ချူးယန်ရှီ စိတ်ပူလာသည်။

ဒီအချိန်ကာလမှာ လုကျန်းယွီက သူ့ခြေထောက်တွေကြောင့် စိတ်ဓာတ်ကျနေချိန်ဖြစ်သဖြင့် သူ့ကို အားပေးရင်း နီးစပ်အောင် လုပ်နိုင်မည်ဟု ချူးယန်ရှီ ထင်ထားခဲ့သည်။

ရိုမတ်တစ်ဆန်ဆန် သဘောမကျရင်တောင် သူမကို အမြင်ကြည်သွားလျှင် အနာဂတ်မှာ ပိုပြီး အထောက်အကူ ဖြစ်လာနိုင်သည်။ ဒါမှ အရင်ဘဝတုန်းကလို သူမ ဘဝတစ်ခုလုံး ပျက်စီးသွားချိန်မှာ လုကျန်းယွီ ဒီတိုင်း ရပ်ကြည့်မနေမှာ ဖြစ်သည်။

သို့သော်လည်း အခုတော့ သူမဝမ်းကွဲအစ်ကိုအတွက် အရေးပါသည့် ကောင်မလေးတစ်ယောက် ရှိပြီးသား ဖြစ်နေသည်။ ထို့ကြောင့် သူမရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ခက်ခဲလာပါသည်။

ချူးယန်ရှီ ဝေခွဲမရဖြစ်သွားလေသည်။

ဘယ်လိုလုပ်ရမလဲ။ အစီအစဉ်ကို ပြောင်းလိုက်ရ၎င်းလား။

ကိတ်မုန့်ကို စိတ်မပါလက်မပါစားရင်း တခြားကလေးတွေနဲ့အတူ ချူးယန်ရှီ နောက်ဖေးခြံထဲ လိုက်လာခဲ့ပါသည်။

ချင်းအိမ်တော်၏ နောက်ဖေးခြံမှာ ရေကန်အကြီးကြီးရှိသည်။ အရင်တုန်းက ရေဆင်းကူးလို့ရသည့် ရေကူးကန် ဖြစ်သော်လည်း ဝမ်ချင်းက ကြာပန်းကြိုက်တတ်သဖြင့် ချင်းရှင်းကျစ်က ကြာရေကန်အဖြစ် ပြောင်းလဲခဲ့ပါသည်။

ဒီနှစ် ဒီအချိန်မှာ ကြာပန်းလေးတွေ လှလှပပ ဖူးပွင့်နေပါပြီ။

ကလေးတွေကလည်း ရေကန်ဘေးမှာ ကြာပန်းတွေ ကြာရွက်တွေခူးဖို့ အသင့်ပြင်နေကြသည်။

“စူစူလေး နင်ဘယ်ပန်းလိုချင်လဲ။ ငါခူးပေးမယ်!”။ ဟွော်ထျင်းက သူ့ရင်ဘတ်သူပုတ်ကာ ပြောလိုက်ပြီး လုကျန်းယွီထက် ပိုပြီး အစွမ်းအစရှိကြောင်း စူစူလေးကို သက်သေပြချင်သွားပါသည်။

စူစူလေးက ကြာပန်းတွေကို ဂရုမစိုက်ပါ။ နည်းနည်းလေးတောင် လှည့်မကြည့်ဘဲ သူမရဲ့ မျက်လုံးများက ကြာရွက်တွေ အောက်ကိုသာ စူးစူးစမ်းစမ်း ကြည့်ရှုနေတာဖြစ်သည်။

“ရတယ် ပန်းမလိုချင်ဘူး”။ စူစူလေးက ဖြေလိုက်သည်။

“ဒါဆို ဘာလိုချင်လို့လဲ”။ ဟွော်ထျင်းက မေးလိုက်၏။

“ရှည်ရှည်ထူထူနဲ့ဟာ”။ စူစူလေးက သူမရဲ့ လက်ကလေးနဲ့ ပုံဖော်ပြလိုက်သည်။

ဟွော်ထျင်း ကြောင်တောင်တောင်ဖြစ်သွားပြီး စူစူလေးပြောတာကို နားမလည်လိုက်ပါ။

ဘာပဲဖြစ်ဖြစ် သူမအတွက် ကြာပန်းခူးပေးဖို့ ဟွော်ထျင်း ဆုံးဖြတ်လိုက်ပါသည်။

မိန်းကလေးတွေ အားလုံးက ပန်းကြိုက်တတ်သည်ဟု ကြားဖူးသည်။ သူသာ ခူးပေးလိုက်လျှင် ဘယ်လောက်လှလဲ စူစူ‌လေး သိသွားလိမ့်မည်။

စူစူလေးအတွက် အပွင့်အကြီးဆုံးနဲ့ အလှပဆုံး ကြာပန်းကို ခူးပေးဖို့ ဟွော်ထျင်း ဆုံးဖြတ်လိုက်ပါသည်။

ဟွော်ထျင်း ကြာပန်းတွေ ခူးနေတာကိုမြင်ပြီး ချင်းလောင်ယွင်က အားကျကာ စူစူလေးကို တောင်းဆိုလိုက်ပါသည်။ “ဒေါ်လေး သမီးကော တစ်ပွင့်လောက် ခူးလို့ရလား”

… … …

All Chapters