အခန်း (၃၅၉-၃၆၀)
Vol. 15 Ch. 359-360
အခန်း(၃၅၉) ကောက်ကျစ်တဲ့သူတွေကို စူစူလေး မြင်နိုင်တယ် (၁)
“ရတယ်”
စူစူလေး၏ ခွင့်ပြုချက်ဖြင့် ချင်းလောင်ယွင် ပျော်ရွှင်စွာ ကြာပန်းသွားခူးလေသည်။
အသက် ၄ နှစ်အရွယ် ကလေးမလေးက လှပသည့် ပန်းကလေးတွေကို ချစ်မြတ်နိုးပါသည်။ အရင်တုန်းကလို တားမြစ်ထားမည့်လူတွေ မရှိတော့သဖြင့် သူမ လွတ်လွတ်လပ်လပ် ပျော်နိုင်ပါပြီ။
စူစူလေးကတော့ ဘာမှမလုပ်သေးဘဲ ရေကန်ဘေးမှာ မတ်တပ်ရပ်လျက် ဟိုကြည့်လိုက် ဒီကြည့်လိုက် လုပ်နေမိသည်။ ထို့နောက် ကြာရေကန်ကြီး၏ တစ်ဖက်ခြမ်းသို့ ပြေးသွားလိုက်လေသည်။
ကြာရေကန်ကြီးဆီသွားသည့် ကျောက်ခင်းလမ်းက ဝှီးချဲအတွက် မသင့်တော်သဖြင့် လုကျန်းယွီ အဝေးကသာ ကြည့်နေနိုင်ပါသည်။
တခြားသူတွေနဲ့ အတူတူ မကစားနိုင်သော်လည်း စူစူလေးတို့နဲ့အတူရှိနေရတာ လုကျန်းယွီ စိတ်ချမ်းသာပါသည်။
သို့သော်လည်း စူစူလေး ပြေးသွားသည့်နေရာက တခြားသူတွေနဲ့ အနည်းငယ် ဝေးသည်။ စိမ်းစိုနေသည့် ကြာရွက်တွေကလည်း ပေါပေါများများပေါက်နေသဖြင့် စူစူလေး၏ ခန္ဓာကိုယ်လေးကို လုကျန်းယွီ မမြင်ရတော့ပေ။
ချူးယန်ရှီက လုကျန်းယွီကို လှည့်ကြည့်လိုက်ပြီး ချင်းစူစူပျောက်သွားသည့် နေရာသို့ လိုက်ကြည့်နေမှန်း သတိထားမိသွားသည်။
သူ့မျက်နှာကို ကြည့်ခြင်းအားဖြင့် ချင်းစူစူကို အလွန်ဂရုစိုက်မှန်း သိသာပါသည်။
ချူးယန်ရှီ ပိုပြီး စိတ်ဓာတ်ကျသွားခဲ့ပါသည်။
“ဝမ်းကွဲအစ်ကို သမီးသွားရှာလိုက်မယ်!”။ ချူးယန်ရှီက အကြံတစ်ခုရကာ လုကျန်းယွီအား ပြောလိုက်သည်။
ထို့နောက် စူစူလေးနောက် ပြေးလိုက်သွားခဲ့ပါသည်။
နောက်ဆုံးတော့ စူစူလေးကို ချူးယန်ရှီ ရှာတွေ့သွားခဲ့သည်။ အချိန်အတော်ကြာ အကဲခတ်ခဲ့သော်လည်း စူစူလေး ဘာတွေလုပ်နေသလဲဆိုတာ ချူးယန်ရှီ နားမလည်ပါ။
သူမရဲ့ လက်ကလေးနဲ့ ရေကန်ထဲနှိုက်ပြီးတစ်ခုခုရှာနေတာကိုသာ မြင်သည်။
“စူစူ နင်ဘာလုပ်နေတာလဲ” ချူးယန်ရှီက မေးသည်။
“ငါ့တူချောလေး ကြာမြစ်ဆန်းဝှစ်ချ် လုပ်လို့ရအောင် ကြာမြစ်လိုက်ရှာပေးနေတာ”။ စူစူလေးက ပြန်ဖြေလိုက်ပါသည်။
ကြာမြစ်လိုက်ရှာနေတာ ဟုတ်လား။ ဒီအချိန်ကြီး ဘယ်ကြာမြစ်က ရှိမှာလဲ!
ကလေးတွေကတော့ ကလေးတွေပါပဲ။ ဘာမှ နားမလည်ကြဘူး။
စူစူလေးက ကြာမြစ်တွေရှာတွေ့ဖို့ စိတ်အားထက်သန်နေသဖြင့် အနောက်က ချူးယန်ရှီကို ဂရုမစိုက်အားပါ။
ချူးယန်ရှီက စူစူလေး၏ နောက်ကျောကို ကြည့်ရင်း အတွေးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။
ဒီကောင်မလေး… အခုချိန်မှာ သေသွားခဲ့ရင် ဝမ်းကွဲအစ်ကို သူမဘက်ကို ရောက်လာနိုင်မှာလား။
ဟွာချန့်မြို့ကို ရောက်ခါစက ကြံစည်ထားတဲ့ အစီအစဉ်အတိုင်း ဆက်လုပ်နိုင်မှာလား။
ထိုအတွေးတွေ ပေါ်လာသောအခါ ချူးယန်ရှီ ရင်တွေ တုန်သွားခဲ့သည်။
သူမ ကောင်းဖို့အတွက်နဲ့ ဘာမှ မသိတဲ့ ကလေးတစ်ယောက်ကို ဒုက္ခပေးဖို့ ကြံစည်နေမိတာလား…။
သို့သော်လည်း အရင်ဘဝတုန်းက ခံစားခဲ့ရသည့် ဒုက္ခတွေကို ပြန်တွေးမိပြီး ကြောက်စိတ်တွေ သူမကို လွှမ်းမိုးသွားခဲ့ပါသည်။
ထို့အပြင် အရင်ဘဝတုန်းကအတိုင်းသာဆို ချင်းစူစူဆိုသည့် ကောင်မလေးက မကြာခင် သေရမှာပဲ မဟုတ်လား။
စောစောသေသွားတော့ အစ်ကိုကျန်းယွီ သိပ်ပြီး စိတ်မထိခိုက်ရတော့ဘူးပေါ့။ ဒါဆို… အရွယ်ရောက်လာတဲ့အခါ သူမ သိထားတဲ့ အေးစက်ပြီး ရက်စက်တတ်တဲ့လူတစ်ယောက် ဖြစ်မလာနိုင်လောက်ဘူး။
ချူးယန်ရှီက သူမရဲ့ အကြံဆိုးတွေကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးနေခဲ့သည်။
သို့သော် ဘေးနားက အခြေအနေတွေကို အကဲခတ်ရင်း ချူးယန်ရှီ အကြံတစ်ခု ထပ်ရသွားခဲ့ပါသည်။
ဒီအကြံက ပိုကောင်းတယ်…။ သူလည်း အပြစ်ရှိသလို မခံစားရတော့ဘူး။
ချူးယန်ရှီက စူစူလေးနား ချဉ်းကပ်သွားခဲ့သည်။ “ငါကူရှာပေးမယ်လေ”။
ချူးယန်ရှီက စူစူလေးဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ပါသည်။
ထို့နောက် စူစူလေးကို ပြောလိုက်သည်။ “စူစူ ငါ့ ဂါဝန်အနားကွပ်လေးကို ခေါက်ထားပေးပါလား။ ရေတွေ စိုကုန်မှာစိုးလို့”
စူစူလေးက ချူးယန်ရှီ၏ အောက်ပိုင်းကို ငုံ့ကြည့်လိုက်သည်။ သူမဂါဝန်က မြေကြီးနဲ့ ထိနေပါသည်။
“ဟုတ်ပြီ” စူစူလေးက လက်ခါလိုက်ပြီး ချူးယန်ရှီ၏ ဂါဝန်စကို ခေါက်ပေးဖို့ ပြင်လိုက်ပါသည်။
စူစူလေး အာရုံများနေစဉ် သူမရှေ့ကလူ ရေကန်ထဲ ရုတ်တရက် ပြုတ်ကျသွားတာကို မြင်လိုက်ရလေသည်။
‘ဗွမ်း’ခနဲ မြည်သံတစ်ခုနဲ့အတူ ချူးယန်ရှီ ရေကန်ထဲ ပြုတ်ကျသွားလေတော့သည်။
“ကယ်- ကယ်ကြပါဦး!”
ချူးယန်ရှီ ရေကန်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်ကာ အော်ဟစ်အကူအညီတောင်းလိုက်ပါသည်။
… … …
အခန်း(၃၆၀) ကောက်ကျစ်တဲ့လူတွေကို စူစူလေး မြင်နိုင်တယ် (၂)
ချူးယန်ရှီ၏ အော်သံကြောင့် တခြားသူတွေလည်း ထိတ်လန့်ကုန်ကြသည်။
ချင်းမိသားစုရဲ့ အိမ်စေတွေနဲ့ ဟွော်မိသားစုရဲ့ ဘော်ဒီဂတ်တွေ အနီးနားမှာရှိနေကြပြီး စောင့်ကြည့်နေကြပါသည်။ ကလေးတွေ ရေကန်နားမှာ ကစားနေတာဖြစ်သဖြင့် လူကြီးတွေက ဒီတိုင်းလွှတ်ပေးထားမှာ မဟုတ်ပါ။
ချူးယန်ရှီ ရေကန်ထဲပြုတ်ကျသွားပြီး ၁၅ စက္ကန့်တောင် မကြာလိုက်ဘဲ သူမကို ကယ်တင်ဖို့ လူကြီးတွေ ရေကန်ထဲ လိုက်ဆင်းခဲ့ကြသည်။
အားလုံးလည်း ပြဿနာဖြစ်ရာနေရာသို့ ရောက်လာကြ၏။
ချူးယန်ရှီကို ဘော်ဒီဂတ်တစ်ယောက်က ရေကန်ထဲမှ ပြန်ဆယ်ပေးလိုက်ပြီး ရေကန်းဘေးရှိ မြက်ခင်းတုပေါ် ချပေးလိုက်ပါသည်။
ထို့နောက် ချူးယန်ရှီက လုကျန်းယွီအား သနားစရာကောင်းစွာ ကြည့်လိုက်ပြီး တိုင်ကြားလိုက်သည်။ “ဝမ်းကွဲအစ်ကို… သမီးကို ချင်းစူစူ တွန်းချတယ်”
ထိုစကားလုံးများကြောင့် အားလုံး ထိတ်လန့်သွားကြသည်။
စူစူလေးလည်း ကြောင်စီစီဖြစ်သွားသည်။ “ငါတွန်းမချပါဘူး။ နင့်ဂါဝန်ကို ကူခေါက်ပေးနေတာလေ”
ချင်းမိသားစု အိမ်စေတွေက အဆိုးဆုံးကို တွေးလိုက်ကြပါသည်။ သူတို့ သခင်မလေး အားသုံးတာများပြီး တွန်းချမိသလို ဖြစ်သွားတာများလား။
စူစူလေး အားကြီးမှန်း တစ်အိမ်သားလုံး သိပြီးသားဖြစ်သည်။
သူမရဲ့ ခွန်အားနဲ့ဆို လူကြီးတစ်ယောက်ကိုတောင် ရေကန်ထဲ ပစ်ချလိုက်လို့ရသည်။ ချူးယန်ရှီလို ကလေးဆိုရင်တော့ မပြောပလောက်တော့ပါ။
သို့သော်လည်း ချူးယန်ရှီက သူမကို ငိုမဲ့မဲ့ဖြင့်သာ ကြည့်နေပါသည်။
အားလုံး အသံတိတ်သွားကြ၏။
လူကြီးတွေလည်း ဘာမှ ဝင်မပြောရဲပါ။ ဒီကလေးတွေက ငယ်သော်လည်း အဆင့်အတန်းက မသေးပေ။ သူတို့ ဝင်ပါချင်တိုင်း ဝင်ပါလို့ မရပါ။
ခေတ္တစဉ်းစားပြီးနောက် ဟွော်ထျင်းက ဝင်ပြောလိုက်ပါသည်။ “အဲ့ကောင်မလေး တမင်သက်သက် လုပ်တာတော့ မဟုတ်လောက်ပါဘူး။ ဒီတိုင်း အားနည်းနည်းပါပြီး မတော်တဆဖြစ်သွားတာ နေမှာ။ သူတမင်သက်သက် တွန်းချတာလို့ ပြောလို့မရဘူး!”
“ထျင်းထျင်း ငါဘယ်သူ့ကိုမှ တွန်းမချဘူး!”။ စူစူလေးက ချေပသည်။
သူမက ခွန်အားကြီးတာမှန်သော်လည်း သူမခွန်အားကိုသူမ ထိန်းချုပ်တတ်နေပါပြီ။
အများအားဖြင့် သူများကို မထိခိုက်စေဘဲ သူမခွန်အားတွေကို ထုတ်သုံးတတ်နေပါပြီ။
ရှားရှားပါးပါး တစ်ခါတလေမှသာ အနည်းငယ် အမှားအယွင်းဖြစ်တတ်သည်။
“နင်မတွန်းချမှန်းသိတယ်လေ! အဲ့တာကြောင့် မတော်တဆဖြစ်တာလို့ ပြောတာပေါ့။ နင်က အားကြီးလွန်းတာကိုး!”။ ဟွော်ထျင်းက ပြောလိုက်ပါသည်။
“မဟုတ်ဘူး ငါဘာအားမှ မသုံးဘူး!”။ စူစူလေးက ငြင်းပြန်သည်။
“ကောင်မလေး နင့်ကိုယ်နင် အားကြီးမှန်း မသိလို့ပါ”။ ဟွော်ထျင်းက ပြောလိုက်၏။
“ထျင်းထျင်း နင်ငါ့ကို မယုံဘူးလား”
“မယုံတာမဟုတ်ဘူး။ နင်က တကယ် အားကြီးလို့ အားကြီးတယ် ပြောနေတာ”။ ဟွော်ထျင်းက စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
“နင်နဲ့ သူငယ်ချင်း မလုပ်ချင်တော့ဘူး!”
ထျင်းထျင်းက စိတ်ရှုပ်ဖို့ကောင်းသည်။ သူမကိုလည်း မယုံကြည်ပါ။ သူနဲ့ သူငယ်ချင်း မလုပ်ချင်တော့ပေ။
“နင်တော်တော် ပြောရခက်တာပဲ။ အရင်တုန်းက ငါ့ကို ကျိုးသင့်ကြောင်းသင့်စဉ်းစားတတ်ဖို့ နင်ပဲ သင်ပေးထားတာ မဟုတ်ဘူးလား” ဟွော်ထျင်းက ပြောလိုက်သည်။
သူမ တမင်သက်သက်တွန်းချတာဟု သူပြောတာမဟုတ်ပါ။ ဘာကြောင့် သူ့ကို ဒေါသထွက်နေရတာလဲ။
“ငါက ကျိုးသင့်ကြောင်းသင့် စဉ်းစားတယ်။ နင်က မစဉ်းစားတာ”။ စူစူလေး ပြန်ပြောလိုက်ပါသည်။
ထို့နောက် ဟွော်ထျင်းကို ကျောခိုင်းပစ်လိုက်ပါသည်။
ဟွော်ထျင်းကလည်း ကလေးဖြစ်သည့်အတွက် စူစူလေး ငြင်းပယ်တာကို ခံရပြီး ကျေးဇူးမသိတတ်ဘူးဟုထင်ကာ ဒေါသထွက်သွားပြီး လှည့်ထွက်သွားခဲ့သည်။
စူစူလေးက ချူးယန်ရှီဘက်သို့လှည့်ကာ မေးလိုက်၏။ “နင့်ကို တွန်းချတယ်လို့ ငါ့ကိုလာစွပ်စွဲနေတာလား”
ချူးယန်ရှီကို ကြည့်လိုက်တိုင်း ထူးခြားသည့် ထက်မြက်မှုတစ်ခုကို စူစူလေး မျက်လုံးထဲ မြင်နေရသည်။
ကမ္ဘာကြီးအကြောင်း သိပ်နားမလည်သေးသော်လည်း သူမကို မဟုတ်မမှန်စွပ်စွဲတာမျိုးတော့ လက်ခံမှာ မဟုတ်ပါ။
“ငါ…”။ ချူးယန်ရှီ တစ်ခုခုပြောဖို့ ကြံလိုက်သော်လည်း မပြောနိုင်ခဲ့ပါ။ သူမရဲ့ မျက်နှာလေး ဝမ်းနည်းသွားပုံရသည်။
ခဏကြာတော့ ချူးယန်ရှီ ရှိုက်သံတချို့နဲ့ ပြောလိုက်ပါသည်။ “အဲ့တာဆို… ဒီတိုင်း မတော်တဆဖြစ်တာ နေမှာပါ…။ ငါ… ငါ ဘာမှမဖြစ်ပါဘူး…”
သနားစရာကောင်းစွာနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်သောအခါ သူမပုံစံက ပိုပြီး ဂရုဏာသက်စရာ ကောင်းသွားသည်။
ထို့နောက် ချူးယန်ရှီက လုကျန်းယွီအား လှည့်ကြည့်လိုက်သည်။
ဒီလို ၄ နှစ်အရွယ် ကလေးမလေး လုပ်ကြံဇာတ်လမ်းထွင်ပြီး လိမ်ညာနေတယ်လို့ ဘယ်သူက ထင်မှာလဲ။
လုကျန်းယွီက လူကြီးလေး တစ်ယောက်လို မျက်မှောင်ကြုတ်နေပါသည်။
… … …