အခန်း (၃၆၁-၃၆၂)
Vol. 15 Ch. 361-362
အခန်း(၃၆၁) ကောက်ကျစ်တဲ့လူတွေကို စူစူလေး မြင်နိုင်တယ် (၃)
ချက်ချင်း ကောက်ချက်မချသေးဘဲ စူစူလေးနဲ့ ချူးယန်ရှီတို့နှစ်ယောက်ကို စူးရှသော သူ့မျက်လုံးများနဲ့ အကဲခတ်ကြည့်လိုက်သည်။
ထို့နောက် စူစူလေးကို မေးလိုက်သည်။ “စူစူလေး အားမသုံးခဲ့တာ သေချာလား”
“မသုံးဘူး။ သေချာတယ်!”။ စူစူလေးက တိကျသေစွာပြန်ဖြေလိုက်ပါသည်။
“ဒေါ်လေးစူစူမလုပ်ဘူးလို့ ပြောရင် သူတကယ် မလုပ်လို့ပဲ!”။ ချင်းလောင်ယွင်ကလည်း စူစူလေးဘက်မှ ကူပြောလိုက်ပါသည်။
သူမက ချူးယန်ရှီကို မသိပါ။ သို့သော် ဒေါ်လေးစူစူနဲ့ ရင်းနှီးသည်။
ထို့ကြောင့် သူမကို ကယ်တင်ဖူးပြီး ကာကွယ်ပေးသည့် ဒေါ်လေးစူစူကိုပဲ ယုံကြည်ပါသည်။
ချူးယန်ရှီက နှုတ်ခမ်းကိုက်လျက် ပြောလိုက်ပါသည်။ “နင်မလုပ်ဘူးလို့ပြောလည်း ဒီတိုင်းရှိပါစေတော့…”
ဘဝအတွေ့အကြုံ နှစ် ၂၀ လောက်ရှိသဖြင့် ချူးယန်ရှီက ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲဆိုတာ ကောင်းကောင်း သိသည်။ ထို့အပြင် တခြားသူတွေစိတ်ထဲ ထင့်သွားအောင် ဘယ်လိုစကားမျိုး ပြောရမလဲဆိုတာလည်း ကောင်းကောင်း နားလည်ပါသည်။
“ငါမလုပ်ဘူးလို့ ပြောတာမဟုတ်ဘူး။ တကယ် မလုပ်တာ!”။ စူစူလေးက စကားကို အမှန်ပြင်ပေးလိုက်ပါသည်။ ထို့နောက် ချူုးယန်ရှီအား စူစူလေး ထပ်မေးလိုက်သည်။ “ငါ့ကို လာစွပ်စွဲနေတာလားလို့”
ချူးယန်ရှီက ဘာမှမပြောတော့ဘဲ ရှိုက်ငိုနေပါသည်။
ထိုအချိန်တွင် တိတ်ဆိတ်မှုက စကားလုံးတွေထက် ပိုပြီး သက်ရောက်မှုရှိသည်။ သူမရဲ့ ရှိုက်ငိုသံတွေက သူမရဲ့ အဖြေပဲဖြစ်ပါသည်။
စစူလေးက ချူးယန်ရှီကို စိုက်ကြည့်လိုက်ပြီး ၃ စက္ကန့်လောက် ကြာသောအခါ ရှေ့တိုးလာကာ ချူးယန်ရှီ၏ အဝတ်အစားများကို လက်ဖြင့် ဆုပ်ကိုင်လိုက်ပါသည်။
ချူးယန်ရှီက သရုပ်ဆောင်လို့ကောင်းနေဆဲဖြစ်သဖြင့် ဘာတွေဖြစ်နေတာလဲ မသိလိုက်ချိန် စူစူလေးက သူမကို ခိုင်ခိုင်မြဲမြဲ ဖမ်းဆုပ်ထားပါပြီ။
“နင်… နင်ဘာလုပ်တာလဲ”။ ချူးယန်ရှီ အံ့အားသင့်စွာ မေးလိုက်သည်။
၃ စက္ကန့်ကြာသောအခါ စူစူလေး သူ့မေးခွန်းကို လက်တွေ့ပြန်ဖြေလိုက်ပါသည်။
ချူးယန်ရှီအား ချီမလိုက်ပြီး ကြာရေကန်ထဲ ပြန်ပစ်ချလိုက်သည်။
ဗွမ်း!
နောက်ထပ် အသံကျယ်ကြီးတစ်ခုနဲ့အတူ ချူးယန်ရှီ ရေကန်ထဲ ထပ်ပြုတ်ကျသွားပြန်သည်။
ဒီတစ်ခါတော့ အသံက ပိုကျယ်လောင်ပြီး ရေလှိုင်းတွေကလည်း ပိုမိုကြီးမားပါသည်။
အားလုံး ကြက်သေသေကုန်ကြသည်။
ချူးယန်ရှီကို ကယ်ဆယ်ပြီး သိပ်မကြာလိုက်ဘဲ စူစူလေးက ရေကန်ထဲ ပြန်ပစ်ချလိုက်တယ်!!!
“စူစူလေး”။ လုကျန်းယွီက စူစူလေးကို ကြည့်လိုက်သည်။
“သမီးကို မတရားစွပ်စွဲလို့ မရဘူး! သူက သူ့ကို သမီးတွန်းချတယ်လို့ ပြောနေတော့ တကယ်တွန်းချပေးလိုက်တာ!”။ စူစူလေးက ပြန်ပြောလိုက်သည်။
တခြား ဘာမှရှင်းပြစရာမလိုတော့ပါ။ မဟုတ်မမှန်စွပ်စွဲလျှင် တကယ်ဟုတ်သွားအောင် လုပ်ပေးလိုက်မည်။
ထိုစကားကြားပြီးနောက် လုကျန်းယွီ အချိန်အတော်ကြာ ဆွံ့အသွားခဲ့ပါသည်။ သို့သော် စူစူလေးကို ကြည့်ရင်း သူ့ရင်ထဲ ရယ်ချင်စိတ်တွေဖြစ်ပေါ်လာသည်။
စူစူလေးရဲ့ တွေးခေါ်ပုံက အမြဲတမ်းလိုလို ရိုးရှင်းသည်။ တဲ့တိုးဆန်သည်။ ထူးခြားသည်။
သူမရဲ့ တွေးပုံခေါ်ပုံတွေ အပြုအမူတွေကြောင့် လုကျန်းယွီ စိတ်ပျော်ရွှင်ခဲ့တာဖြစ်သည်။ သူမက ဟန်မဆောင်တတ်ပါ။
စူစူလေးက လုကျန်းယွီကို ကြည့်လျက် မေးလိုက်ပါသည်။ “ကိုကြီးက ဘာတွေရယ်နေတာလဲ”
လုကျန်းယွီက စူစူလေး၏ ခေါင်းကို ပုတ်ပေးရင်း ပြန်ဖြေလိုက်ပါသည်။ “စူစူလေးလုပ်တာ တော်လို့ ရယ်မိတာပါ”
“သမီးတကယ် တော်တာလား” စူစူလေး မေးလိုက်သည်။
“ဟုတ်တယ်။ ငါတို့ စူစူလေးကို မတရားစွပ်စွဲလို့မရဘူး”။ လုကျန်းယွီ ခေါင်းငြိမ့်လိုက်ပါသည်။
“အွန်း!”။ လုကျန်းယွီ၏ အားပေးမှုကြောင့် စူစူလေး ကျေနပ်သွားပါသည်။
သူတို့ စကားပြောနေစဉ် ချူးယန်ရှီအား ရေကန်ထဲမှ နောက်တစ်ခါ ထပ်ဆယ်ပေးလိုက်ကြရသည်။
ဒီတစ်ခါ ရေထဲကို အားဖြင့် ပစ်ချခံရသဖြင့် ပါးစပ်ထဲ ရေတွေအများကြီး ဝင်ကုန်သည်။ မျက်နှာလည်း နီရဲသွားပါသည်။
ထို့အပြင် ပစ်ချသည့် အရှိန်ကြောင့် ရေနစ်တာ ပိုနက်သွားခဲ့ပြီး ရေကန်အောက်မှ အနယ်တွေထကာ သူမ တစ်ကိုယ်လုံး ညစ်ပတ်သွားပါသည်။
သူမ သဘောနဲ့သူမ ရေကန်ထဲ ခုန်ချလိုက်တုန်းကထက် အများကြီး ပိုစုတ်ပြတ်သွားသည်။
လုကျန်းယွီကို သနားစရာကောင်းသော မျက်နှာလေးဖြင့် သူမ ကြည့်လိုက်သည်။ သူမကိုယ်စား တရားမျှတမှုကို တောင်းဆိုပေးဖို့ မျှော်လင့်နေပါသည်။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ သူမကို ချင်းစူစူ ရေကန်ထဲတမင်တကာ ပစ်ချလိုက်မှန်း လုကျန်းယွီ မြင်သွားတယ် မဟုတ်လား။
“ဝမ်းကွဲအစ်ကို… အီးဟီးဟီး…” ချူးယန်ရှီက မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလျက် လုကျန်းယွီကို အားကိုးတကြီး ခေါ်လိုက်ပါသည်။ သူမပုံစံလေးက တကယ် သနားစရာကောင်းလွန်းနေသည်။
… … …
အခန်း(၃၆၂) လုကျန်းယွီ၏ ကာကွယ်ပေးမှု
သို့သော်လည်း လုကျန်းယွီက ချူးယန်ရှီကို အေးတိအေးစက် မျက်လုံးများဖြင့်သာ ကြည့်လိုက်သည်။ သူမ မျှော်လင့်ထားသည့် ဂရုဏာတွေ စေတနာတွေ ဘာမှမတွေ့ရပါ။
ထို့နောက် သူပြောလိုက်သည်။ “စူစူလေး နင့်ကိုရေကန်ထဲပစ်ချလိုက်တာ အားလုံးမြင်တယ်။ နင့်မိဘတွေကို ကြိုက်သလို ပြန်ပြောပါ။ ငါဘာမှ ကန့်ကွက်စရာမရှိဘူး”
အိမ်ပြန်ရောက်သည့်အခါ မိဘတွေကို ချူးယန်ရှီ ဘယ်လိုပဲ ပြန်တိုင်ပါစေ စူစူလေးကို ကာကွယ်ပေးဖို့ နည်းလမ်းတွေ လုကျန်းယွီမှာ အပြည့်ရှိပါသည်။
“ဝမ်းကွဲအစ်ကို…”။ ချူးယန်ရှီ သူမနားတွေကို မယုံကြည်နိုင်ပါ။ တုန်လှုပ်မှုကို ချုပ်တည်းလျက် ဝမ်းနည်းစွာဖြင့် မေးလိုက်သည်။ “ဘာလို့ သမီးကိုအဲ့လိုပြောရတာလဲ။ အီးဟီးဟီး… သူသမီးကို ရေကန်ထဲ ပစ်ချတာကို… အစ်ကိုကြီးလည်း မြင်ရဲ့သားနဲ့…”
“သူဘာလို့ နင့်ကို ပစ်ချလိုက်တာလဲ နင်သိသင့်တယ်။ စူစူလေးက လုပ်ရဲရင် တာဝန်ယူရဲတဲ့ ကလေးပဲ။ သူအမှားတစ်ခုခု လုပ်ထားရင် ငြင်းမှာမဟုတ်ဘူး။ သူမလုပ်ထားဘဲ လုပ်ပါတယ်လို့ တစ်ယောက်ယောက်က စွပ်စွဲလာရင် တကယ်ဖြစ်အောင် လုပ်ပေးတတ်တယ်”။ လုကျန်းယွီက စူစူလေးကိုယ်စား ရှင်းပြလိုက်သည်။
ထိုသို့ပြောပြီးနောက် လုကျန်းယွီက စူစူလေး၏ လက်ကလေးကို ကိုင်ကာ ပြောလိုက်သည်။ “အိမ်ထဲပြန်ဝင်ကြစို့ စူစူလေး”
“ဟုတ်!” စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
“ဒေါ်လေးစူစူ သမီးကိုစောင့်ဦး!”။ ချင်းလောင်ယွင်လည်း အနောက်မှ လိုက်သွားခဲ့ပါသည်။
လုကျန်းယွီတို့ထွက်သွားတာကို ချူးယန်ရှီ မယုံကြည်နိုင်စွာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
အားလုံးရှေ့မှာ ချင်းစူစူက သူမကို ရေကန်ထဲပစ်ချသွားတာလေ…။ သက်သေတွေ ဒီလောက် ထင်ရှားနေတာကို လုကျန်းယွီက ဘာလို့ ဒီလိုတုန့်ပြန်ရတာလဲ။
အစ်ကိုကျန်းယွီရဲ့ နောက်ဆုံးစကားလုံးများက ဘာကိုဆိုလိုသလဲ သူမ နားလည်ပါသည်။
အရင်ဘဝတုန်းက ဒီလိုအချိန်မှာ မိသားစုထဲက လူကြီးတွေရဲ့အကြောင်းကို ချူးယန်ရှီ ဘာမှ နားမလည်ခဲ့ပါ။ သူမရဲ့ ချူးမိသားစုက ထင်ထားသလောက် အစွမ်းအစမရှိတာကိုလည်း သူမ မသိခဲ့ပါ။
သူမ မိသားစု ပြိုလဲမှုနဲ့ ပျက်စီးမှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးပြီဖြစ်သဖြင့် ရွေးချယ်စရာမရှိဘဲ အစမှ ပြန်လည် စတင်ခဲ့ရသည်။ အခုတော့ ဒီအချိန်မှာ ချူးမိသားစုက လုမိသားစုကို အားကိုးပြီးရပ်တည်နေရတာဖြစ်မှန်း ချူးယန်ရှီ နားလည်သွားပါပြီ။
အပေါ်ယံမှာ တောက်ပြောင်နေကြသော်လည်း လုမိသားစုသာ လှည့်မကြည့်တော့လျှင် ချူးမိသားစု ပျက်စီးသွားလိမ့်မည်။
အစ်ကိုကျန်းယွီက ငယ်ရွယ်သေးသော်လည်း လုမိသားစုအတွင်း အာဏာကြီးမားသူဖြစ်သည်။
ထို့ကြောင့် အစ်ကိုကျန်းယွီက ကာကွယ်ပေးထားလျှင် ချင်းစူစူကို သူမ အဖေတောင် ဘာမှလုပ်နိုင်မှာ မဟုတ်ပါ။
ဒီနေ့ ချင်းစူစူ သူမကို ရေကန်ထဲပစ်ချတာမကလို့ သေလုမျောပါးဖြစ်အောင် ရိုက်သတ်ရင်တောင် ရွေးချယ်စရာမရှိဘဲ ခွင့်လွှတ်ပေးရလိမ့်မည်။
လေပြည်အေးတစ်ချက် တိုးဝှေ့လာသောအခါ ချူးယန်ရှီ နှာချေမိသွားသည်။
ထို့နောက် အားလုံးထွက်သွားကြပြီဖြစ်မှန်း သူမ သတိထားမိသွားသည်။ သူမတစ်ယောက်တည်း ကြာရေကန်ဘေးက မြက်ခင်းပေါ်မှာ ထိုင်လျက်သား ကျန်ရစ်ခဲ့ပါသည်။
သူမကို ရေကန်ထဲမှ ဆယ်ပေးခဲ့ကြသူတွေကလည်း သူမ ရေမနစ်အောင်သာ ကယ်တင်ပေးခဲ့ကြခြင်းဖြစ်သည်။ သူမ အအေးမိသွားမလား၊ အဝတ်အစားလဲဖို့လိုမလား ဘယ်သူမှ ဂရုမစိုက်ကြပါ။
ထိုအချိန်တွင် ချူးယန်ရှီတစ်ယောက် ခန္ဓာကိုယ် အေးစက်နေရုံသာမကဘဲ နှလုံးသားထဲမှာလည်း အေးစက်သွားပါသည်။
ကောင်းကင်ဘုံက သူမကို ကံကြမ္မာပြောင်းလဲဖို့ အခွင့်အရေးပေးကာ ပြန်လည်မွေးဖွားစေခဲ့သော်လည်း ဒီကမ္ဘာကြီးရဲ့ ရက်စက်မှုတွေကို သူမ ခံစားနေရဆဲဖြစ်သည်။
အာဏာပါဝါ… အခုချိန်မှာ သူမအလိုချင်ဆုံးအရာက အာဏာပါဝါတွေဖြစ်သည်။
အာဏာတွေ ပါဝါတွေရှိမှ ဒီလို အထီးကျန်မှုမျိုးကို ရှောင်လွှဲနိုင်မှာ သေချာသည်။
လုကျန်းယွီ၏ အနာဂတ်အဆင့်အတန်းနဲ့ အာဏာတွေအကြောင်း စဉ်းစားရင်း ချူးယန်ရှီတစ်ယောက် သူမရဲ့ အခြေအနေကို ပိုပြီး လက်မခံနိုင်ဖြစ်သွားသည်။
အချိန်အတော်ကြာအောင် စဉ်းစားလိုက်ပြီး ချူးယန်ရှီ မတ်တပ်ပြန်ရပ်လိုက်ပါသည်။
သူမ အလွယ်တကူ အရှုံးပေးမှာ မဟုတ်ပါ။ အရင်ဘဝတုန်းက ရင်ဆိုင်ခဲ့ရသည့် ဒုက္ခတွေနဲ့ ယှဉ်လိုက်လျှင် ယခု ကြုံတွေ့နေရသည့် အခက်အခဲတွေက ဘာမှမပြောပလောက်ပါ။
သူမ အသက်ရှင်နေသေးသရွေ့ ကြိုးစားမကြည့်ဘဲ အရှုံးမပေးနိုင်ပါ။
အိမ်ထဲ ပြန်ရောက်လာသောအခါ စူစူလေးကို မူကြိုကပေးလိုက်သည့် အိမ်စာတွေ လုကျန်းယွီ ကူလုပ်ပေးနေတာကို ချူးယန်ရှီ မြင်လိုက်ရသည်။
လုကျန်းယွီရဲ့ နူးညံ့သိမ်မွေ့သည့် အပြုအမူတွေက ချူးယန်ရှီအား နာကျင်သွားစေသည်။
သူမ တောင့်တခဲ့တာ ဒီလို နူးညံ့မှုမျိုးဖြစ်သည်။ သို့သော်လည်း လုကျန်းယွီက ဘယ်ကမှန်းမသိ ပေါ်လာသည့် ချင်းစူစူကိုသာ အရာအားလုံး ပေးအပ်ထားလေသည်။
… … …