အခန်း (၃၆၃-၃၆၄)
Vol. 15 Ch. 363-364
အခန်း(၃၆၃) မမလှလှကို အစ်ကိုကြီးတစ်ယောက် ခေါ်သွားပြီ (၁)
“ဒီလိုလုပ်လို့ရလား”။ စူစူလေးကို လုကျန်းယွီမေးလိုက်သည်။
သူ ရွှံ့စေးဖြင့် ပြုလုပ်ထားသည့် SpongeBog အရုပ်လေးအား စူစူလေး သဘောကျမလား မသိပါ။
စူစူလေးက SpongeBob အရုပ်လေးကို ကြည့်လိုက်သည်။ ထို့နောက် လုကျန်းယွီကို မော့ကြည့်လိုက်၏။
နောက်ဆုံးတော့ သူမ ပျော်ရွှင်စွာ ပြောလိုက်ပါသည်။ “ကိုကြီးက အရမ်းတော်တာပဲ!”
အစကတော့ ရွှံ့စေးနဲ့ ရိုးရှင်းတာတစ်ခုခု လုပ်ဖို့ စူစူလေး ရည်ရွယ်ထားတာဖြစ်သည်။ သူမရဲ့ တူလေးက ပန်းပွင့်ပုံစံလေး ကူလုပ်ပေးမည်ဟု ပြောထားသည်။ အလယ်မှာ စက်ဝိုင်းလေးတစ်ခုထားပြီး ဘေးမှာ ပွင့်ဖက် ၅ ဖက်လောက်ပါသည့် ပန်းပွင့်ကလေးဖြစ်သည်။
သို့သော်လည်း ကိုကြီးက SpongeBob အရုပ်တစ်ခု လုပ်ပေးခဲ့ပြီး တကယ်လည်း SpongeBob နဲ့ တူပါသည်။
စူစူလေးက လုကျန်းယွီကို လေးစား အားကျစွာ ကြည့်လိုက်ပါသည်။
ဒီလိုရွှံ့ရုပ်ကလေးက စူစူလေးကို အလွန်ပျော်ရွှင်သွားစေလိမ့်မည်ဟု လုကျန်းယွီ ထင်မထားပါ။
“တခြားဘာကြိုက်တာရှိသေးလဲ။ ကိုကြီး လုပ်ပေးမယ်လေ”။ လုကျန်းယွီက ပြောလိုက်သည်။
တကယ်တော့ ဒီလို အရုပ်ကလေးတွေကို လုကျန်းယွီ မလုပ်တာကြာပါပြီ။ စူစူလေးတို့ အရွယ်တုန်းက လုကျန်းယွီလည်း တီထွင်ဉာဏ်ရှိသော သူ့အမေနဲ့ အတူတူ အရုပ်ကလေးတွေ လုပ်ဖူးသည်။
“Peppa Pig အရုပ်လိုချင်တယ်!”။ စူစူလေးက အော်လိုက်ပါသည်။
“ဟုတ်ပြီ။ ပန်းရောင်ရွှံ့စေးလေး ရှာပေး”
“ဟုတ်!”
စူစူလေးက ပန်းရောင်ရွှံ့စေးလေးကို ရှာပြီး လုကျန်းယွီလက်ထဲ ထည့်ပေးလိုက်ပါသည်။
ခပ်လှမ်းလှမ်းမှ သူမကို စိုက်ကြည့်နေသည့် ချူးယန်ရှီအား စူစူလေး မမြင်ပါ။ လုကျန်းယွီက မြင်ပါသည်။ သို့သော် ချူးယန်ရှီကို ဂရုမစိုက်ပါ။
ချင်းယုဟွိုင်း အိမ်ပြန်လာသောအခါ တစ်ကိုယ်လုံး စိုရွှဲနေသည့် ချူးယန်ရှီအား မြင်သွားပြီး အိမ်စေတွေက ရှင်းပြသဖြင့် အကြောင်းစုံ သိခဲ့ရပါသည်။
“သူ့ကို အဝတ်အစားသွားလဲပေးလိုက်။ အအေးမမိစေနဲ့။ ဧည့်သည်က ဧည့်သည်ပဲ”။ ချင်းယုဟွိုင်း ပြောလိုက်ပါသည်။
ချင်းယုဟွိုင်းကို မြင်ပြီး ချူးယန်ရှီ မျက်လုံးများ တောက်ပသွားပါသည်။
ထို့နောက် ချင်းယုဟွိုင်းနား ချဉ်းကပ်ကာ သူမ ပြောလိုက်သည်။ “သမီးပြဿနာ ရှာမိတဲ့အတွက် တောင်းပန်ပါတယ်”
လိမ္မာသည့်ကလေးတွေကို လူကြီးတွေက ပိုသဘောကျတတ်သည်။
အနာဂတ်မှာ ချင်းယုဟွိုင်းက လုကျန်းယွီကို မမှီနိုင်သော်လည်း သူ့အစွမ်းအစနဲ့ အာဏာတွေက ရှိန်စရာ ကောင်းပါသေးသည်။
“အင်း”။ ချင်းယုဟွိုင်းက အေးတိအေးစက်သာ ပြန်ဖြေလိုက်ပြီး ချူးယန်ရှီကို အဝတ်အစားလဲပေးဖို့ အိမ်စေများအား အမိန့်ပေးလိုက်ပါသည်။
ထို့နောက် စူစူလေးရှိရာထံသို့ ချင်းယုဟွိုင်း တန်းသွားခဲ့သည်။
ချင်းယုဟွိုင်း၏ နောက်ကျောကိုကြည့်ရင်း ချူးယန်ရှီ ရင်ထဲ တင်းမာသွားသည်။
အရင်ဘဝက ဖြစ်ရပ်တွေကို ကြောက်ရွံ့ပြီး ကံကြမ္မာကိုပြောင်းလဲရန်အတွက် သူမ အားကိုးရာ ရှာဖွေချင်ခဲ့သည်။
သို့သော်လည်း အခုတော့ လုကျန်းယွီရှေ့မှာကော ချင်းယုဟွိုင်းရှေ့မှာကော သူမ ရပ်တည်ဖို့ အခွင့်အလမ်းမရှိပါ။
မရေရာသော အနာဂတ်အတွက် တွေးပူရင်း ချူးယန်ရှီတစ်ယောက် အဝတ်အစားလဲဖို့ အိမ်စေတွေနောက် လိုက်သွားခဲ့တော့သည်။
စူစူလေးနားသို့ ချင်းယုဟွိုင်းရောက်လာပါသည်။
“စူစူလေး”
ယခုချိန်မှာ စူစူလေး၏ အာရုံက လုကျန်းယွီ၏ ဖြူဖြူသွယ်သွယ်လက်တွေပေါ်မှာသာ ရှိနေပါသည်။
ချင်းယုဟွိုင်း၏ အသံကို ကြားမှ လှည့်ကြည့်လိုက်သည်။
“တူကြီးပါလား”
“ဘယ်နား နာသွားသေးလဲ”
“မနာပါဘူး”
“ဘယ်နေရာ နေလို့မကောင်းဖြစ်နေလဲ”
“မဖြစ်ပါဘူး”။ စူစူလေးက ဖြေလိုက်ပြီး ချင်းယုဟွိုင်းကို ပြန်မေးလိုက်ပါသည်။ “တူကြီး ဘာလို့အဲ့တာတွေ မေးနေတာလဲ”
“မေးကြည့်တာပါ။ နင် ဒဏ်ရာမရထားရင်ပြီးတာပါပဲ”။ သူပြောလိုက်သည်။
ထို့နောက် ချင်းယုဟွိုင်းက လုကျန်းယွီကို ကြည့်လိုက်ပြီး ကျေးဇူးတင်လိုက်ပါသည်။ “စူစူလေးကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်”။
“ရပါတယ်။ ကျွန်တော်တို့က သူငယ်ချင်းတွေပဲ”။ လုကျန်းယွီ ပြန်ပြောလိုက်ပါသည်။
သူငယ်ချင်းကောင်းဆိုတာ တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း ကူညီပေးရမည်။
“အိုကေ”။ ချင်းယုဟွိုင်း ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် ဒီနေ့ မပြီးပြတ်သေးသည့် အလုပ်ကိစ္စတွေကို ဆက်လုပ်ဖို့ စာကြည့်ခန်းထဲ ချင်းယုဟွိုင်း ခြေဦးလှည့်လိုက်ပါသည်။
ခြေလှမ်းနည်းနည်း လှမ်းပြီးမှ တစ်ခုခုကို သတိရသွားပြီး စူစူလေးကို လှည့်မေးလိုက်သည်။ “စူစူလေး မမလှလှ ဘယ်သွားတာလဲ”
မနေ့ညက အဖြစ်အပျက်တွေ ဖြစ်ပြီးနောက် စန်းကျစ်ပျောက်သွားသည်။ မနက်စာစားတုန်းကလည်း မရှိသလို အခု သူ အိမ်ပြန်လာတော့လည်း မတွေ့မိပါ။
ပုံမှန်ဆို ဒီလိုအချိန် သူမ အိမ်မှာရှိနေတတ်သည်။
“ခပ်မိုက်မိုက် အစ်ကိုကြီးက ခေါ်သွားတာ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
… … …
အခန်း(၃၆၄) မမလှလှကို အစ်ကိုကြီးတစ်ယောက် ခေါ်သွားပြီ (၂)
ခပ်မိုက်မိုက် အစ်ကိုကြီး ဟုတ်လား။
ယောက်ျားလေးလား။
ချင်းယုဟွိုင်း၏ တည်ကြည်ခန့်ညားသော မျက်နှာက တစ်ခုခုကို အလိုမကျသလို မျက်မှောင်ကြုတ်သွားပါသည်။
တူကြီးမေးသည့် မေးခွန်းကို ဖြေပြီးနောက် စူစူလေးက တူကြီးရဲ့မျက်နှာကိုတောင် ဂရုမစိုက်အားဘဲ လုကျန်းယွီ လုပ်ပေးနေသည့် Peppa Pig ရွှံ့ရုပ်ကလေးကို ပြန်ကြည့်နေလိုက်ပါသည်။
အတန်ကြာအောင် စဉ်းစားပြီးနောက် စူစူလေးနား ချင်းယုဟွိုင်း ပြန်လျှောက်လာပြီး ဆောင့်ကြောင့် ထိုင်လိုက်ကာ ထပ်မေးလိုက်သည်။ “ခုနကပြောတဲ့ ခပ်မိုက်မိုက် အစ်ကိုကြီးဆိုတာ ဘယ်လိုလူမျိုးလဲ”
“အရပ်ရှည်ရှည်၊ ရုပ်ချောချောနဲ့ အစ်ကိုကြီးလေ။ အရမ်းကြည့်ကောင်းတယ်။ အရမ်းလည်း တော်တယ်”။ စူစူလေးက ပြန်ဖြေလိုက်ပါသည်။
“အသက်က ဘယ်လောက်လဲ။ စူစူလေးရဲ့ တူလေးတွေလောက်လား အစ်ကိုကြီးတွေလောက်လား”
စူစူလေးခေါ်သည့် “အစ်ကိုကြီး”ဆိုတာ အမျိုးမျိုး ဖြစ်နိုင်သည်။ ချင်းယုဟွိုင်းအဖေလို အသက်ကြီးသည့် လူကြီးပိုင်းလည်း ဖြစ်နိုင်သလို လုကျန်းယွီလို အသက် ၇ နှစ် ၈ နှစ်အရွယ် ကလေးတစ်ယောက်လည်း ဖြစ်နေနိုင်သည်။
“အဲ့တာက…”။ စူစူလေး ခေတ္တစဉ်းစားကြည့်လိုက်သည်။ “တူကြီးနဲ့ တူတူလောက်ပဲ!”
သူ့အသက် ဘယ်လောက်လဲ စူစူလေး သေချာမသိပါ။
စူစူလေး၏ စကားကြောင့် ချင်းယုဟွိုင်း မျက်မှောင်ပိုကြုတ်သွားခဲ့သည်။
“မမလှလှနဲ့ အဲ့ဒီလူနဲ့ ဘယ်သွားတာလဲသိလား”။ ချင်းယုဟွိုင်း ထပ်မေးလိုက်သည်။
“သွားချိန်းတွေ့တာလေ!”။ စူစူလေးက ပြန်ဖြေလိုက်ပါသည်။
ချိန်းတွေ့သည်ဆိုသည့် စကားလုံးကို တူလေးဆီက ကြားဖူးတာဖြစ်သည်။
ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အပြင်တူတူထွက်သွားလျှင် သွားချိန်းတွေ့တာဖြစ်သည်ဟု တူလေးယုကျီးက သင်ပေးထား၏။
တွေ့လား။ သူမက ဉာဏ်ကောင်းပါတယ်!
“ချိန်းတွေ့တာဟုတ်လား”။ ချင်းယုဟွိုင်း မျက်နှာ သိသိသာသာ မှောင်မိုက်သွားခဲ့ပါသည်။
စူစူလေးက သတိမထားမိသော်လည်း လုကျန်းယွီက မြင်ပါသည်။
အသက် ၇ နှစ်ကျော်သာ ရှိသေးသော်လည်း သက်တူရွယ်တူတွေထက် အရိပ်အကဲ ပိုကြည့်တတ်ပြီး ချင်းယုဟွိုင်း၏ မျက်နှာကိုလည်း အကဲခတ်တတ်ပါသည်။
သို့သော်လည်း သူ ထုတ်မပြောခဲ့ပါ။ ဒါတွေက သူဝင်ပါရမည့် ကိစ္စမဟုတ်ပေ။
ချင်းယုဟွိုင်းက စူစူလေးကို ဆက်မေးသည်။ “သူတို့ ဘယ်မှာသွားချိန်းတွေ့တာလဲ သိလား”
စူစူလေး စဉ်းစားလိုက်သည်။ “ဟို အိပ်စရာနေရာမှာလေ…”
အိပ်စရာနေရာ…?
လုကျန်းယွီက ဝင်မေးလိုက်သည်။ “ဟိုတည်ကို ပြောတာလား”
စူစူလေးက ‘ဟိုတည်’ဟူသည့် စကားလုံးနဲ့ မရင်းနှီးတာဖြစ်မည်ဟု လုကျန်းယွီ ခန့်မှန်းမိပါသည်။
စူစူလေး ခေါင်းငြိမ့်လိုက်၏။ “ဟုတ်တယ် အဲ့လိုခေါ်တာ”
ဟိုတည်?!
လုကျန်းယွီက ချင်းယုဟွိုင်းကိုယ်စား ဝင်မေးပေးလိုက်ပါသည်။ “ဟိုတည်ကို ဘာလုပ်ဖို့ သွားတာလို့ ပြောသွားသေးလဲ”
“သမီးသိတယ်! မမလှလှနဲ့ ဖုန်းပြောနေတုန်းက စိတ်လှုပ်ရှားစရာကောင်းတာ တစ်ခုခုလုပ်မှာလို့ အဲ့ဒီအစ်ကိုကြီးက ပြောတယ်!”။ စူစူလေးက ပြန်ဖြေလိုက်ပါသည်။
သူမ နားစွန်နားဖျား ကြားတာဆိုရင်တောင် ဉာဏ်ကောင်းသဖြင့် အကုန်မှတ်မိပါသည်။
စူစူလေးက ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းမော့ရင်ကော့နေသည်။ သူမ တူကြီးရဲ့မျက်နှာ မီးသွေးခဲလို မည်းသထက် မည်းလာမှန်း သတိမထားမိသေးပေ။
ချင်းယုဟွိုင်း မတ်တပ်ပြန်ရပ်လိုက်ပြီး အပေါ်ထပ်စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် ဖုန်းဖွင့်ကာ စန်းကျစ် Check-in လုပ်ထားသည့် ဟိုတည်ကို ရှာဖွေဖို့ သူ့လက်ထောက်အား တာဝန်ပေးလိုက်သည်။
ချင်းယုဟွိုင်းကိုယ်တိုင်က ဟွာချန့်မြို့ရှိ တစ်ခုတည်းသော ကြယ်ငါးပွင့် ဟိုတည်ကြီး၏ ပိုင်ရှင်ဖြစ်သည်။ ထို့ကြောင့် ဟွာချန့်မြို့ရှိ ဟိုတည်လုပ်ငန်းအားလုံးနဲ့ သိကျွမ်းပြီး အဆက်အသွယ်လည်း ရှိပါသည်။
စန်းကျစ်၏ မှတ်တမ်းကို ရှာတွေ့ဖို့ အချိန်သိပ်မယူလိုက်ရပါသည်။
ဖြစ်ချင်တော့ သူမ Check-in လုပ်ထားသည့် ဟိုတည်က တခြားဟိုတည်မဟုတ်ဘဲ ချင်းယုဟွိုင်း၏ ဟိုတည် ဖြစ်နေသည်။
ထို့ကြောင့် သူ့လက်ထောက် ရှာရတာ လုံးဝ မခက်ခဲခဲ့ပါ။
လက်ထောက်ပို့ပေးလိုက်သည့် စာရင်းကိုကြည့်ရင်း ချင်းယုဟွိုင်းမျက်နှာ ကြောက်ဖို့ကောင်းလောက်အောင် အုံ့မှိုင်းလာသည်။
ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ ဟိုတည်မှတ်တမ်းထဲမှ စန်းကျစ်ဟူသည့်အမည်ကို အလွန်စူးရှသော သူ့မျက်လုံးများက မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းတွေကိုလည်း အလွန်စည်းတင်းထားသည်။
အတန်ကြာမှ လက်ထဲက စာရွက်စာတမ်းတွေကို ပစ်ချပြီး အောက်ထပ်သို့ ဆင်းသွားပါသည်။
စူစူလေးက အောက်ထပ်မှာ လုကျန်းယွီနဲ့ အရုပ်တွေ လုပ်နေဆဲဖြစ်သည်။ သူမရဲ့တူကြီး အလောတကြီး အပြင်ထွက်သွားတာကို မြင်သောအခါ ကြောင်စီစီဖြစ်သွားပါသည်။ “တူကြီးက အလောတကြီး ဘယ်သွားဦးမလို့လဲ မသိဘူး”
လုကျန်းယွီက ချင်းယုဟွိုင်း ဒေါသဖြင့်ထွက်သွားတာကို ကြည့်ရင်း စူစူလေးအား မေးလိုက်သည်။ “စူစူလေး သူ့နောက် လိုက်ကြည့်ချင်လား။ စူစူလေးရဲ့ မမလှလှ ဒုက္ခရောက်တော့မယ်ထင်တယ်”
… … …