← Chapters

အခန်း (၃၆၅-၃၆၆)

Vol. 15 Ch. 365-366

အခန်း (၃၆၅-၃၆၆)

Vol. 15 Ch. 365-366

အခန်း(၃၆၅) မမလှလှကို အစ်ကိုကြီးတစ်ယောက် ခေါ်သွားပြီ (၃)

စူစူလေးက သူမရဲ့ မမလှလှကို အလွန်သဘောကျပြီး ဘာမှဖြစ်စေချင်မှာမဟုတ်မှန်း လုကျန်းယွီသိပါသည်။

“မမလှလှကို တစ်ယောက်ယောက် အနိုင်ကျင့်မလို့လား”။ စူစူလေး မေးလိုက်သည်။

“ဖြစ်နိုင်တယ်”

“ရပါတယ်။ အစ်ကိုကြီးက မမလှလှကို ကာကွယ်ပေးလိမ့်မယ်။ အဲ့အစ်ကိုကြီးက အရမ်းတော်တာ။ သူက လူတွေအများကြီးကို တစ်ယောက်တည်း တိုက်ခိုက်နိုင်တယ်။ မမလှလှက အဲ့အစ်ကိုကြီးဆီက တိုက်ခိုက်နည်းတွေ သင်ထားတာ”။ စူစူလေးက ပြောလိုက်ပါသည်။

“အဲ့တာဆို အခြေအနေတွေက ပိုပြီးတောင် အန္တရာယ်များသွားနိုင်တယ်”

သို့သော် အန္တရာယ်ရှိနေသူက စန်းကျစ်မဟုတ်ပါ။ ချင်းယုဟွိုင်းဖြစ်သည်။

“ဒါဆို မြန်မြန်သွားကြစို့! သူတို့ကို ကာကွယ်ပေးရမယ်!”

အန္တရာယ်ရှိနေသည်ဟု ကြားလိုက်ရသောအခါ စူစူလေး အရုပ်လုပ်ဖို့ စိတ်မဝင်စားတော့ပါ။

SpongeBob နဲ့ Peppa Pig က ဘယ်လောက်ပဲချစ်ဖို့ကောင်းနေပါစေ သူမရဲ့ တူကြီးနဲ့ မမလှလှလောက် အရေးမကြီးပါ။

“ဟုတ်ပြီ”။ လုကျန်းယွီလည်း ကိုင်ထားတာတွေချလိုက်ပြီး ချင်းမိသားစုကို အကြောင်းကြားဖို့ အိမ်တော်ထိန်းကျန်းအား လွှတ်လိုက်ပါသည်။

ထို့နောက် မိသားစုဒရိုင်ဘာကို လုကျန်းယွီ ခေါ်ခဲ့သည်။

ကားထဲတွင် လုကျန်းယွီက လက်ပ်တော့ ထုတ်လျက် စန်းကျစ်နဲ့ ချင်းယုဟွိုင်းတို့ ရှိနေနိုင်မည့် နေရာတွေကို စတင် ရှာဖွေလေသည်။

စူစူလေးက ဘေးမှာထိုင်ရင်း လည်ပင်းဆန့်လျက် လုကျန်းယွီ၏ ပေါင်ပေါ်က လက်ပ်တော့ကို ကြည့်နေပါသည်။ သူမ နားမလည်သည့် စာလုံးတွေကို မြင်ရသဖြင့် စူစူလေး ခေါင်းရှုပ်သွားသည်။

“ကိုကြီး ဘာတွေလုပ်နေတာလဲ”။ စူစူလေးက မေးလိုက်သည်။

“ကွန်ပျူတာသုံးပြီး စူစူလေးရဲ့ မမလှလှဘယ်မှာရှိလဲ ရှာနေတာ”

“အဲ့တာ မမလှလှ လုပ်သလိုပဲမလား”

“ဟုတ်တယ်”။ လုကျန်းယွီ ဖုံးကွယ်မထားပါ။ “အရင်က စူစူလေးကိုလည်း အဲ့လိုရှာတွေ့ခဲ့တာလေ”

“အဲ့လိုကိုး! ကိုကြီးက အရမ်းတော်တာပဲ!”။ စူစူလေးက လုကျန်းယွီကို လေးစားအားကျစွာ မော့ကြည့်လိုက်ပြန်ပါသည်။

“အင်း”။ လုကျန်းယွီကလည်း ဒီလိုအကြည့်ခံရတာကို သဘောကျပါသည်။

“ကိုကြီး စိတ်မပူနဲ့နော်။ သမီးဘယ်သူ့ကိုမှ မပြောဘူး။ မမလှလှကလည်း သူ့အကြောင်း ဘယ်သူ့မှ မပြောဖို့ သမီးကို မှာထားတယ်။ အဲ့တာကြောင့် ကိုကြီးအကြောင်းကိုလည်း သမီးဘယ်သူမှ မပြောဘူး!”။ စူစူလေးက ကတိပေးလိုက်သည်။

“အင်းပါ ကျေးဇူးတင်ပါတယ်”။ လုကျန်းယွီက စူစူလေး၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပါသည်။

ခုတလော စူစူလေးရဲ့ ခေါင်းကို မကြာခဏ ပွတ်ပေးနေမိတာ သူ့ကိုယ်သူတောင် သတိမထားမိပါ။ သူမရဲ့ နူးနူညံ့ညံ့ ပျော့ပျော့ပြောင်းပြောင်း ဆံပင်လေးများက အလွန်ထိလို့ကောင်းပါသည်။

စူစူလေးက သူမ မွေးထားသည့် ကြောင်လေးလိုပင်။ အလွန်လိမ္မာပြီး ပွတ်သပ်ပေးခံရသည့်အခါ အလွန်ချစ်ဖို့ကောင်းပါသည်။

စန်းကျစ် ဘယ်မှာရှိနေသလဲဆိုတာ လုကျန်းယွီ အမြန်ရှာတွေ့သွားသည်။ ဖြစ်ချင်တော့ သူမ တည်းခိုနေသည့် ဟိုတည်က ချင်းယုဟွိုင်း စီမံနေသည့် လီထိုက်ဟိုတည်ဖြစ်သည်။

လီထိုက်ဟိုတည်ရှေ့သို့ သူတို့ကားရောက်ရှိသွားခဲ့သည်။

လုကျန်းယွီနဲ့ စူစူလေးတို့ ဟိုတည်ထဲ ဝင်လာခဲ့ကြ၏။

အသက် ၇ နှစ်ဝန်းကျင်အရွယ် ကောင်လေးနဲ့ အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေးတို့ အတူတူ ဝင်လာခဲ့ကြပါသည်။

နှစ်ယောက်စလုံးက အလွန်ကြည့်ကောင်းသည်။ သူတို့ အတူတူ လမ်းလျှောက်လာသည့်အခါ ဦးလေးကြီးတွေ အဒေါ်ကြီးတွေက ဝိုင်းကြည့်ကြပါသည်။

ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးတွေကို ဘယ်သူက မကြည့်ဘဲ နေနိုင်မှာလဲ။

သို့သော်လည်း ဘယ်လောက်ပဲ ချစ်ဖို့ကောင်းပါစေ ဟိုတည်လော်ဘီထဲ ကလေးနှစ်ယောက် ရောက်လာသဖြင့် ဧည့်ကြိုဝန်ထမ်းကောင်မလေးက ဇဝေဇဝါဖြစ်သွားပြီး သူတို့မိဘတွေ ပါသလားဟု မေးခဲ့ပါသည်။

လုကျန်းယွီ၏ သရုပ်မှန်ကို သေချာ ဖုံးကွယ်ထားတာဖြစ်သည်။ ဟွာချန့်မြို့က လူတိုင်းနီးပါး သူ့ကို မသိကြပါ။

ထို့အပြင် စူစူလေးက ချင်းမိသားစုရဲ့ သခင်မလေးတစ်ယောက်ဖြစ်သော်လည်း ဒီဟိုတည်ကို တစ်ခါမှ မရောက်ဖူးပါ။

“သမီးတူကြီးကို လိုက်ရှာနေတာ!”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။

“တူကြီးဟုတ်လား။ ဒီလောက်ငယ်ငယ်လေးနဲ့ တူကြီးတောင် ရှိနေပြီလား”။ ဧည့်ကြိုဝန်ထမ်းမလေးက အပြုံးဖြင့် မေးလိုက်ပါသည်။

… … …

အခန်း(၃၆၆) စီအီးအိုရဲ့ ဒေါ်လေး

“ဟုတ်တယ် သမီးမှာ တူတွေအများကြီး ရှိတယ်! အကုန်လုံး အရွယ်ရောက်နေကြပြီ။ သေးသေးလေး တစ်ယောက်လည်း ရှိတယ်။ သူက ဗိုက်ထဲကနေ ထွက်မလာသေးဘူး”။ စူစူလေးက ပြန်ဖြေလိုက်ပါသည်။

စူစူလေး၏ အဖြေကြောင့် ဧည့်ကြိုဝန်ထမ်းမလေးများ ရယ်မောသွားကြသည်။

“ချစ်စရာကောင်းလိုက်တာ”။ ဧည့်ကြိုဝန်ထမ်းမလေးတစ်ယောက်က အပြုံးဖြင့် ပြောလိုက်သည်။ သို့သော် စူစူလေး ပြောတာကို ဘယ်သူမှ မယုံကြည်ကြပါ။

“ချစ်ဖို့ကောင်းပေမယ့် သမီးတကယ်ပြောနေတာ။ သမီးရဲ့ တူကြီးကို လိုက်ရှာနေတာလေ သူ့နာမည်က ချင်းယုဟွိုင်းတဲ့”။ စူစူလေးက စကားလုံးတိုင်းကို ပီပီသသ ပြောလိုက်ပါသည်။

ချင်းယုဟွိုင်း ဟုတ်လား။

အဲ့တာ သူတို့ စီအီးအိုနာမည် မဟုတ်ဘူးလား။

အခုတော့ ဧည့်ကြိုဝန်ထမ်းမလေးများ မပြုံးနိုင်တော့ပါ။

“ညီမလေး ချင်းယုဟွိုင်းဆိုတဲ့နာမည်ကိုတော့ အစ်မတို့သိတယ်။ သူက အစ်မတို့ရဲ့ စီအီးအိုလေ။ ဘော့စ်ကြီးပေါ့။ ဒါပေမယ့် သူ့မှာဒေါ်လေးတစ်ယောက် မရှိဘူးထင်တယ်နော်”။ ဧည့်ကြိုဝန်ထမ်းမလေးက ရှင်းပြလိုက်ပါသည်။

ကြယ် ၅ ပွင့် ဟိုတည်တစ်ခု၏ ဧည့်ကြိုဝန်ထမ်းများဖြစ်ကြသဖြင့် ဆက်ဆံရေး အလွန်ပြေပြစ်ကြသည်။ ထို့အပြင် ဒီလို ချစ်စရာ က‌လေးမလေးကို သူတို့ ရိုင်းစိုင်းစရာလည်း အကြောင်းမရှိပါ။

“ရှိတယ် ရှိတယ်။ သူ့မှာ ဒေါ်လေးရှိတယ်။ အဲ့တာသမီးလေ!”။ စူစူလေးက ပြန်ဖြေလိုက်သည်။

“ချစ်ဖို့ကောင်းလိုက်တာ။ ဒါပေမယ့် မမတို့ရဲ့ စီအီးအိုမှာ တကယ် ဒေါ်လေးမရှိပါဘူး။ ပြီးတော့ သမီးက အရမ်းငယ်နေတာ မမတို့ရဲ့ စီအီးအိုက မကြာခင် အသက် ၃၀ တောင် ပြည့်တော့မယ်။ သူ့ဒေါ်လေးသာဆိုရင် သခင်ကြီးချင်းကို အဖေလို့ ခေါ်ရမှာပေါ့ ဟုတ်လား”

“ဟုတ်တယ်လေ!”

ဘာလို့ မဟုတ်ကမှာလဲ။

ဧည့်ကြိုဝန်ထမ်းမလေးနှစ်ယောက် တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လုကျန်းယွီက ဝင်ပြောလိုက်၏။ “သူက တကယ်ချင်းမိသားစုရဲ့ သခင်မလေးတစ်ယောက်ပါ။ ဒီမှာ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံရှိတယ်”

လုကျန်းယွီက ဓာတ်ပုံတစ်ပုံ ထုတ်ပြလိုက်သည်။

ဓာတ်ပုံကို ဖိုတိုရှော့ လုပ်ထားသည်ဟု သံသယဖြစ်မှာစိုးသဖြင့် ချင်းယုဟွိုင်းနဲ့အတူ တီဗီမှာ စူစူလေး အင်တာဗျူးခံရတုန်းက ဓာတ်ပုံတစ်ပုံအား ထုတ်ပြခဲ့ပါသည်။

ဒီထဲဝင်လာကတည်းက အခြေအနေကို သူကြိုမြင်ခဲ့သည်။ ထို့ကြောင့် စူစူလေး ဧည့်ကြိုဝန်ထမ်းများနဲ့ စကားများနေစဉ် လုကျန်းယွီက ဖုန်းထဲမှာ ဓာတ်ပုံရှာနေပါပြီ။

စူစူလေးက သတင်းတွေပေါ်မှာကော တီဗီတွေထဲမှာကော ပါဖူးသည်။ ဧည့်ကြိုဝန်ထမ်းမလေးများက သတင်းမကြည့်သဖြင့် မသိတာဖြစ်ပါလိမ့်မည်။

ဓာတ်ပုံကို မြင်သောအခါ ဧည့်ကြိုဝန်ထမ်းမလေးများ အံ့အားသင့်သွားခဲ့ကြ၏။

စူစူလေးနဲ့ ဓာတ်ပုံကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်ကြပြီး သူတို့ စီအီးအိုချင်းနဲ့ အတူတူ ဓာတ်ပုံရိုက်ထားတာ တကယ်ပဲ ဒီကောင်မလေးဖြစ်နေမှန်း အတည်ပြုနိုင်ခဲ့ပါ။

ဧကန္တ ဒီကောင်မလေးက သူတို့ စီအီးအိုချင်းရဲ့ ဒေါ်လေးဆိုတာ တကယ်များလား။

သေချာစေရန်အတွက် ဓာတ်ပုံပေါ်က အချက်အလက်များကို ယူပြီး ဧည့်ကြိုဝန်ထမ်းမလေး တစ်ယောက်က အွန်လိုင်းပေါ်မှာ မူရင်းဗီဒီယိုကို ရှာကြည့်လိုက်သည်

“တကယ်ကြီးဟ!”

“သူက ငါတို့စီအီးအိုချင်းရဲ့ တကယ့်ဒေါ်လေးပဲ!”

ဗီဒီယိုကိုကြည့်ပြီး ဧည့်ကြိုဝန်ထမ်းမလေးများ အံ့အားသင့်စွာ ထအော်မိကြသည်။

အခုချိန်မှာ သူတို့စိတ်ထဲ တွေးမိနေသော တစ်ခုတည်းသောအရာက သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ အတော်လေး ကျန်းမာသန်စွမ်းနေကြဆဲ ဆိုတာပင်။

အထင်ကြီးဖို့ကောင်းလိုက်တာ!

“ကျွန်တော်တို့ အပေါ်တက်လို့ရပြီလား”

“ရပါတယ်။ ဒါပေမယ့် စီအီးအိုချင်းနဲ့ ဘာလို့ တွေ့ချင်ရတာလဲ။ စီအီးအိုချင်းက ဒီနေ့ အလုပ်ပြီးသွားပြီလေ”။ ဧည့်ကြိုဝန်ထမ်းမလေးက ရှင်းပြလိုက်ပါသည်။

“ရပါတယ်။ ကျွန်တော်တို့ကို အခန်း ၁၉၀၈ ဆီပဲ လိုက်ပို့ပေးပါ”။ လုကျန်းယွီ ပြောလိုက်သည်။

သူ့ပုံစံက အလွန်တည်ငြိမ်ကာ ၇ နှစ်သားကောင်လေး တစ်ယောက်နဲ့ လုံးဝ မတူပေ။

“အခန်း ၁၉၀၈ လား”။ ဧည့်ကြိုဝန်ထမ်းမလေးက အခန်းအချက်အလက်ကို အမြန်ရှာဖွေလိုက်သည်။

စူစူလေး၊ လုကျန်းယွီနဲ့ ဧည့်ကြိုစာရေးမလေးတို့ စကားပြောနေကြစဉ် ချင်းယုဟွိုင်းကတော့ သူ့ကိုယ်ပိုင် ဓာတ်လှေကားဖြင့် ၉ ထပ်မြှောက်ကို တက်သွားခဲ့ပါပြီ။

အခန်း ၁၉၀၈ ရှေ့မှာ ရပ်ရင်း ချင်းယုဟွိုင်းတစ်ယောက် မန်နေဂျာကတ်ကို အသုံးပြုပြီး အခန်းတံခါး ဖွင့်လိုက်ပါသည်။

အခန်းထဲ ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့ကို ဒီတစ်ညနေလုံး စိတ်ဒုက္ခပေးနေသော မိန်းကလေး စန်းကျစ်ကို မြင်လိုက်ရလေသည်။

… … …

All Chapters