အခန်း (၃၆၉-၃၇၀)
Vol. 15 Ch. 369-370
အခန်း(၃၆၉) သဝန်တိုနေတဲ့လူ (၃)
သူ့လေသံက အိမ်ထောင်ရေး ဖောက်ပြန်သူတစ်ယောက်ကို ဖမ်းမိသည့် လေသံကြီးလို ထူးဆန်းနေပါသည်။
ချင်းယုဟွိုင်း မျက်မှောင်ကြုတ်လိုက်ပြီး အခန်းထဲက လူတွေကို သေချာကြည့်လိုက်သည်။
အထူးသဖြင့် စူစူလေးကို ချီထားသည့် ရှောက်ကျင်းယန်ကို ဖြစ်သည်။
ရှောက်ကျင်းယန်ကလည်း ချင်းယုဟွိုင်းကို ပြန်ကြည့်နေပါသည်။
စန်းကျစ်ကို ချင်းယုဟွိုင်း မေးမြန်းနေသည့် မေးခွန်းများကို ကြားပြီးနောက် ပြဿနာ၏ အဓိကအချက်ကို ရှောက်ကျင်းယန် နားလည်သလိုလို ရှိလာသည်။
ထို့ကြောင့် ရှောက်ကျင်းယန် အကျယ်ကြီး အော်ရယ်လိုက်ပါသည်။
“အစ်ကိုကြီး ဘာတွေရယ်နေတာလဲ”။ စူစူလေးက အူတူတူဖြင့် မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ စူစူလေး ပျော်နေတာ မြင်ရတော့ အစ်ကိုကြီးလည်း ပျော်လို့ပါ”
ရှောက်ကျင်းယန် ထုတ်မပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။ လူငယ်တွေက ရှက်တတ်ကြသည်။ ထုတ်ပြောလိုက်ပါက သူတို့ ဆက်ဆံရေးအတွက် အနှောင့်အယှက်ဖြစ်သွားမှာကို စိုးရိမ်မိသည်။
“ဪ~”။ စူစူလေး နားမလည်သော်လည်း ခေါင်းငြိမ့်လိုက်ပါသည်။
“စူစူလေး အခန်းထဲဝင်ကြစို့”။ ရှောက်ကျင်းယန်က စန်းကျစ်နဲ့ ချင်းယုဟွိုင်းတို့ကို အချိန်ခဏလောက်ပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။
“ဪ ကိုကြီးကော!”။ အခုမှ လုကျန်းယွီကို စူစူလေး သတိရသွားသည်။
စူစူလေးက ရှောက်ကျင်းယန်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လုကျန်းယွီကို ရှာဖို့ အပြင်ထွက်သွားပါသည်။
လုကျန်းယွီကို စူစူလေး အခန်းထဲ ခေါ်လာသောအခါ ရှောက်ကျင်းယန်က အကဲခတ်လိုက်ပါသည်။
သူစိတ်ထင်တာပဲလား။ ဒီကောင်လေးကို မြင်ဖူးသလိုလိုပဲ။
“စူစူလေး ခုတလော ငါ့ကို ဖုန်းမဆက်ဘူးနော်။ ကိုကြီးအသစ်တစ်ယောက် ရထားလို့လား”။ ရှောက်ကျင်းယန်က စနောက်လိုက်ပါသည်။
စူစူလေး လေးလေးနက်နက် စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်တယ်”
ခုတလော သူမ အလုပ်တွေများနေသဖြင့် ရှောက်ကျင်းယန်ကို ဖုန်းဆက်ဖို့ မေ့နေခဲ့ပါသည်။
အားလုံးမှင်သက်သွားကြသည်။ သာမန်လူတွေဆို ဒီလိုမေးခွန်းမျိုး အမေးခံရလျှင် မဟုတ်တဲ့အကြောင်း ရှင်းပြကြမှာ မဟုတ်လား။
သို့သော်လည်း စူစူလေးကတော့ ရိုးရိုးသားသား ဝန်ခံလိုက်ပါသည်။
ရှောက်ကျင်းယန်က မျက်ရည်ကျအောင် ရယ်မောလိုက်ပါသည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။”
ထို့နောက် သူ့အဖွဲ့ဝင်များကိုလည်း ရှောက်ကျင်းယန် လှည့်ပြောလိုက်သည်။ “ကဲကဲ တံခါးရှေ့မှာပဲ ရပ်မနေကြနဲ့လေ။ Suite က အကျယ်ကြီးကို တခြားနေလို့ရတဲ့နေရာအများကြီးရှိတယ်”
ရှောက်ကျင်းယန်၏ အမိန့်ကြောင့် အဖွဲ့သားများ အမြန်လူစုခွဲလိုက်ကြသည်။
သို့သော်လည်း မသွားခင် ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ကို ခိုးကြည့်သွားကြပါသည်။
ဘယ်သူမှ ငတုံးမဟုတ်ကြပါ။ သူတို့စကားတွေက ဘာအဓိပ္ပာယ်လဲဆိုတာ အားလုံးသိကြသည်။
တကယ်တော့ စူစူလေး ရောက်မလာခင်ကတည်းက အပြင်က အသံတွေကို သူတို့ကြားပါသည်။ သို့သော် ဘာဆက်ဖြစ်မလဲ သိချင်သဖြင့် ထွက်မလာကြဘဲ ခိုးစပ်စုနေကြခြင်းဖြစ်သည်။
စူစူလေး ရောက်လာမှ အားလုံး ပြေးထွက်လာခဲ့ကြပါသည်။ မတတ်နိုင်ပေ။ စူစူလေးက ချစ်ဖိ့အလွန်ကောင်းသည်။ ပွဲကြည့်ဖို့က အရေးကြီးသော်လည်း စူစူလေးနဲ့ တွေ့ခွင့်ကို အဆုံးရှုံးမခံနိုင်ကြပါ။
စိတ်ရှုပ်စရာလူတွေ မရှိတော့သောအခါ ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့သာ ကျန်ခဲ့ပါသည်။
စန်းကျစ် နားမလည်နိုင်သေးပါ။ သူမရဲ့ အနက်ရောင် မျက်မှန်ကိုင်းများနောက်မှ မျက်လုံးပြူးပြူးလေးများမှာ ချင်းယုဟွိုင်းကို အူတူတူဖြင့် ကြည့်နေမိသေးသည်။
ချင်းယုဟွိုင်းကလည်း စန်းကျစ်ကို စိုက်ကြည့်နေပါသည်။ သူ့မျက်လုံးများက အသူရာချောက်နက်ကြီးလို နက်ရှိုင်းသည်။
စန်းကျစ် ထိုမျက်လုံးတွေကို ကြည့်လိုက်သောအခါ ချောက်နက်ကြီးထဲ ပြုတ်ကျတော့မလို ခံစားရသည်။
“ရှင်… ရှင်ဒီကို ဘာလုပ်ဖို့ လာခဲ့တာလဲ”။ အတော်ကြာမှ စန်းကျစ်က စမေးလိုက်ပါသည်။
“ဘာမှမဟုတ်ဘူး”။ ချင်းယုဟွိုင်း မေးခွန်းကို ရှောင်လိုက်ပါသည်။
အခုချိန်မှာ သူ့မျက်နှာသူ ဘယ်လိုထားရမှန်းတောင် မသိတာကြောင့် ဖြစ်သည်။
တခြားယောက်ျားတစ်ယောက်နဲ့ စန်းကျစ် ဟိုတည်ခန်းထဲ အတူတူရှိနေသည်ဟု သိလိုက်ရပြီးနောက် သူ နှစ်ခါ ပြန်မစဉ်းစားပဲ ပြေးထွက်လာခဲ့မိသည်။
အခု နားလည်မှုလွဲတာတွေ မရှိတော့မှ သူ့ကိုယ်သူ ဘယ်လောက် ရူးမိုက်ခဲ့သလဲ နားလည်သွားပါသည်။
“ဘာမှမဟုတ်ဘူးတဲ့လား”။ စန်းကျစ်က ထပ်မေးသည်။
“မင်း မကောင်းတဲ့လူနဲ့ တွေ့မှာစိုးလို့။ စူစူလေးက မင်းကို အရမ်းဂရုစိုက်တယ်။ အဲ့တာကြောင့် မင်းတစ်ခုခု ဖြစ်သွားရင် သူလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ အခု သူက လူဆိုးမဟုတ်ဘူးဆိုတာ ရှင်းသွားပြီဆိုတော့ ဘာမှစိတ်ပူဖို့ မလိုတော့ဘူး”။ ချင်းယုဟွိုင်းက ရှင်းပြလိုက်ပါသည်။
… … …
အခန်း(၃၇၀) နင့်ကိုယ်နင် မသနားဘူးလား
ချင်းယုဟွိုင်းက ဒီနေ့ သူ့လုပ်ရပ်များအတွက် အကြောင်းပြချက်ကောင်းကောင်း ရှာဖွေနေသည်။
ချင်းယုဟွိုင်း ရှင်းပြပြီးသောအခါ သူတို့နှစ်ယောက် အချိန်အတော်ကြာအောင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြသည်။
စန်းကျစ်လည်း ဘာပြောရမှန်း မသိပါ။
ခဏကြာမှ စန်းကျစ် ပြောလိုက်သည်။ “ဒါဆို… ရှင်အလုပ်ပြန်သွားဖို့ မလိုဘူးလား”
သူဒီမှာ ဒီတိုင်းရပ်နေလျှင် စန်းကျစ် ဘာလုပ်ရမှန်း သိမှာ မဟုတ်ပေ။
“စူစူလေး ရှိနေသေးတယ်”။ ချင်းယုဟွိုင်းကလည်း ပြန်ဖို့ စိတ်ကူးမရှိပါ။
“ဪ ဟုတ်သားပဲ။ ဒါပေမယ့် ကျွန်မသူ့ကို အိမ်ပြန်ခေါ်လာလို့ ရတယ်လေ”
“မင်းက ဘယ်လောက် နောက်ကျမှာလဲ”။ ချင်းယုဟွိုင်းက မေးလိုက်သည်။
“နည်းနည်းတော့ နောက်ကျမယ်”
“ဘယ်နှရက်လောက် အလုပ်လုပ်ရမှာလဲ”
“သေချာတော့ မပြောတတ်ဘူး။ ဒါပေမယ့် ရက်တော့ နည်းနည်းကြာနိုင်တယ်”
ဒီနေ့က တာဝန်ပထမဆုံးနေ့ဖြစ်သည်။ အရင်တုန်းက အတွေ့အကြုံများကို ကြည့်ခြင်းအားဖြင့် အလုပ်အားလုံး အချောသပ်ဖို့ဆို လဝက်လောက် ကြာနိုင်ပါသည်။
“ဒီမှာ နေ့တိုင်း အလုပ်လာလုပ်ရမှာလား”
“အင်း”။ စန်းကျစ် ခေါင်းငြိမ့်လိုက်ပါသည်။ ဒီနေ့ ချင်းယုဟွိုင်း ဘာတွေဖြစ်နေသလဲ သူမ မသိပါ။ ဘာကြောင့် မေးခွန်းတွေ အများကြီး မေးနေရတာလဲ။
“ဟုတ်ပြီ…။ လိုအပ်တာရှိရင် ငါ့ကို ပြောပါ”။ ချင်းယုဟွိုင်း ပြောလိုက်သည်။
စန်းကျစ် ခေတ္တ တွန့်ဆုတ်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။ “အင်း နားလည်ပါပြီ”
ထို့နောက် သူတို့ ပြန်တိတ်ဆိတ်သွားကြပြန်သည်။
“အဲ… တခြား ပြောစရာမရှိတော့ရင်… ကျွန်မ အလုပ်ပြန်လုပ်တော့မယ်နော်”။ စန်းကျစ်က သတိထားပြီး ပြောလိုက်ပါသည်။
“အင်း။ ငါလည်း လိုက်ခဲ့မယ်။ စူစူလေးကို တွေ့ချင်လို့”
ချင်းယုဟွိုင်းကလည်း ပြန်ဖို့ စိတ်ကူးမရှိပါ။ စူစူလေးကို အကြောင်းပြကာ အရှက်မရှိ ဆက်နေဖို့ ဆုံးဖြတ်ထားသည်။
ချင်းယုဟွိုင်းကို ကြည့်ရင်း တစ်ခုခုမူမမှန်တာကို စန်းကျစ်သိပါသည်။ သို့သော် ပြဿနာ အတိအကျကိုတော့ မပြောတတ်ပါ။ ထို့ကြောင့် သူနဲ့အတူ အစည်းအဝေးခန်းထဲသာ ဝင်သွားခဲ့ရတော့သည်။
--- --- ---
ချူးယန်ရှီ ရေမိုးချိုးကာ အဝတ်အစားလဲပြီးနောက် လုကျန်းယွီနဲ့ စူစူလေးတို့ အိမ်မှာ မရှိကြတော့ပေ။
ကလေးများအတွက် သီးသန့်ဖွဲ့ပေးထားသော အခန်းလေးထဲတွင် ချင်းလောင်ယွင် တစ်ယောက်တည်းသာ ကျန်ခဲ့ပါသည်။
သူမလည်း မူကြိုက အိမ်စာပေးထားသည့် ရွှံ့အရုပ်ကလေးတွေ လုပ်နေသည်။
သူမ အမေက အလုပ်နောက်ကျတတ်သဖြင့် မူကြိုက အိမ်စာပေးလိုက်တိုင်း အဘွားချင်းက သူမတို့အိမ်မှာသာ စူစူလေးနဲ့အတူ လုပ်ခိုင်းသည်။
ဒီနေ့ စူစူလေး အပြင်ထွက်သွားသော်လည်း မသွားခင် သူမကို အိမ်စာပြီးအောင် လုပ်ဖို့ မှာသွားသည်။
ချူးယန်ရှီက ချင်းလောင်ယွင်ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပါသည်။
ရွှံ့ရုပ်လေးတွေ လုပ်နေသည့် ချင်းလောင်ယွင်ကို ကြည့်ရင်း ချူးယန်ရှီတစ်ယောက် အနာဂတ်က သူမ ကြုံဖူးသည့် ရွှေကြာမကို ပြန်မြင်ယောင်လာသည်။
ထိုအချိန်တုန်းက ချင်းလောင်ယွင်လည်း အသက် ၂၀ ကျော်နေပြီဖြစ်ပြီး ပေကျင်းမြို့ရဲ့ အသိုင်းအဝိုင်းကြီးတွေထဲ ကျင်လည်ကာ သူဌေးတစ်ယောက်ကို အရယူဖို့ ကြိုးစားနေခဲ့သည်။
သူမက ရုပ်ရည်ပြေပြစ်ပြီး လှပသဖြင့် သူဌေးသားတချို့နဲ့ တကယ်ပဲ တွဲနိုင်ခဲ့သည်။ သို့သော်လည်း ထိုသူဌေးသားတွေက သူမကို အပျော်တွဲတာသာဖြစ်ပြီး လက်ထပ်ဖို့အထိ မစဉ်းစားထားပါ။
သူမကို ချူးယန်ရှီ ပထမဆုံး မြင်ဖူးခဲ့တုန်းက အထင်အမြင်သေးခဲ့သည်။ သိုက်တူးသမားဟု ထင်ခဲ့သည်။
သူမရဲ့ အလှအပကို အသုံးချပြီး လူ့အဆင့်အတန်းလှေကားကို တက်ဖို့ စိတ်ကူးယဉ်ခဲ့၏။ သို့သော်လည်း အသိုင်းအဝိုင်းကြီးတွေက သူမကို လှပသည့် ကပ်ပါးကောင်တစ်ကောင်ဟုသာ မြင်ကြမှန်း ချင်းလောင်ယွင် မသိခဲ့ပေ။
သို့သော် ချူးမိသားစု၏ ငွေရပေါက်များ ပိတ်သွားသောအခါ ချူးယန်ရှီလည်း စည်းစိမ်တွေ အာဏာတွေနဲ့ ယှဉ်လိုက်ပါက ဂုဏ်သိက္ခာက ဘာမှ အသုံးမဝင်မှန်း နားလည်လာရသည်။
ထို့ကြောင့် ချင်းလောင်ယွင်ကို သူမ မမုန်းပါ။ အထင်သေးခဲ့ရုံသာ ရှိသည်။
ထိုစဉ် ချင်းလောင်ယွင်က ခေါင်းလေးမော့လျက် သူမကို ကြည့်နေသည့် ချူးယန်ရှီအား မြင်သွားကာ မေးလိုက်သည်။ “နင်ဘာလုပ်နေတာလဲ”
လူကြီးတွေ အနားမှာ မရှိသဖြင့် ချူးယန်ရှီက သူမရဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားဘဲ ချင်းလောင်ယွင်အား ပြောလိုက်သည်။ “နင့်ကိုယ်နင် သနားစရာကောင်းတယ်လို့ မထင်မိဘူးလား”
ချင်းလောင်ယွင်လည်း ချူးယန်ရှီ ဘာကို ဆိုလိုသလဲဆိုတာ နားမလည်ဘဲ တွန့်ဆုတ်သွားခဲ့ပါသည်။
“ချင်းစူစူကို ကြည့်ပြီး နင့်ကိုယ်နင် သနားစရာကောင်းတယ်လို့ မထင်ဘူးလား။ မျိုးရိုးနာမည် ချင်းဆိုတာချင်း တူတာတောင် သူစားသလို နင်မစားရဘူး။ သူဝတ်သလို နင်မဝတ်ရဘူး။ သူလိုချင်တာတွေ ပိုင်ဆိုင်ရသလို နင်မပိုင်ဆိုင်ရဘူးလေ”
… … …