အခန်း (၃၇၁-၃၇၂)
Vol. 15 Ch. 371-372
အခန်း(၃၇၁) အာပြဲစိန်ကို အကျင့်ဆိုးတွေ သင်မပေးနဲ့!
ချင်းလောင်ယွင်ကို ကြည့်သည့် ချူးယန်ရှီ၏ အကြည့်များက လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နေပါသည်။
ချင်းလောင်ယွင်က နှုတ်ခမ်းကိုက်လျက် ပြန်ပြောလိုက်ပါသည်။ “ဒေါ်လေးစူစူက ငါ့ကို ကာကွယ်ပေးတယ်။ မေကြီးကလည်း ငါ့အပေါ် ကောင်းတယ်”
ဒါတွေက မကြာသေးခင်ကမှ ချင်းလောင်ယွင် ခံစားမိလာတာတွေဖြစ်သည်။
“သူတို့က နင့်အပေါ် အဲ့လောက်ကောင်းတယ် ထင်လို့လား။ ချင်းစူစူ မလိုချင်တဲ့အရာတွေကိုပဲ နင့်ကို ပေးကြတာ။ နင့်ကို အဲ့လောက် ဂရုစိုက်မယ် ထင်လို့လား”။ ချူးယန်ရှီက သရော်ကာ ပြောလိုက်သည်။
“ဘာမှမဟုတ်ဘူး! နင်လျှောက်ပြောနေတာ!”။ ချင်းလောင်ယွင်က ပြန်ချေပသည်။
သို့သော်လည်း သူမရဲ့ လေသံက အနည်းငယ် တိုးညှင်းပြီး ယုံကြည်ချက် သိပ်မပါပေ။
ချူးယန်ရှီ၏ စကားလုံးများက သူမအဘိုးအဘွားတွေ ပြောဖူးသည့် စကားတချို့ကို ပြန်အမှတ်ရစေတာကြောင့် ဖြစ်သည်။ အဓိပ္ပာယ်ချင်းလည်း တူညီသည်။
သို့သော် ထိုစကားတွေက မဟုတ်မမှန်တာတွေဖြစ်သည်ဟု သူမ အမေ ပြောထားပါသည်။ သူမ အဘိုးအဘွားတွေကို အတုမယူဘဲ ဒေါ်လေးစူစူကိုသာ အတုယူဖို့လည်း မှာထားသေးသည်။
“နင့်သဘောပဲလေ။ ငါ့ကိုယုံအောင် ပြောနေတာ မဟုတ်ဘူး။ နင်အသက်ကြီးလာမှ လက်တွေ့ဘဝက ဘယ်လောက် ရက်စက်သလဲ နားလည်လာလိမ့်မယ်”။ ချူးယန်ရှီက တိကျသေချာစွာ ပြောလိုက်ပါသည်။
ချင်းလောင်ယွင်ရဲ့ အနာဂတ်ကို သူမ မြင်ပြီးပါပြီ။ ထို့ကြောင့် သူမ စကားကိုသူမ ယုံကြည်သည်။
ချင်းမိသားစုသာ ချင်းလောင်ယွင်ကို တကယ် ဂရုစိုက်လျှင် အနာဂတ်မှာ ချင်းလောင်ယွင် သူမ မြင်ခဲ့သလို ဖြစ်လာမှာ မဟုတ်ပါ။
ချင်းလောင်ယွင် နှုတ်ခမ်းစည်းလျက် ခေါင်းငုံ့ကာ သူမ လက်ထဲက ရွှံ့စေးလေးများဖြင့် အရုပ်ဆက်လုပ်နေလိုက်ပါသည်။ သို့သော် စိတ်ကတော့ အရင်ကလောက် မရွှင်တော့ပါ။
သူမ စိတ်ထဲမှာ ဒေါ်လေးစူစူနဲ့ တခြားသူတွေက သူမကို တကယ်သဘောကျရဲ့လားဟု တွေးမိသည်။
ထိုစဉ် အခန်းထဲ ဟွော်ထျင်း ရောက်လာခဲ့၏။
ခုနက စကားများရန်ဖြစ်ပြီးနောက် စူစူလေးရဲ့ အခြေအနေကို အကဲခတ်ဖို့ ဟွော်ထျင်း အောက်ဆင်းလာခဲ့တာ ဖြစ်သည်။ စူစူလေးက သူမ အမှားကို သူမ သိပြီး သူ့ကိုများလာတောင်းပန်မလားဟုလည်း မျှော်လင့်ထားသည်။
သို့သော် ချင်းလောင်ယွင်ကို မဟုတ်တမ်းတရားတွေ ပြောနေသည့် ချူးယန်ရှီ၏ စကားတွေအကုန် ဟွော်ထျင်း ကြားသွားပါသည်။
“အာပြဲစိန်ကို နင်ဘာတွေ ပြောနေတာလဲ”။ ချူးယန်ရှီအား ဟွော်ထျင်း မေးလိုက်သည်။
အာပြဲစိန် လိမ္မာလာတာ သိပ်မကြာသေးပါ။ အခုတော့ ချူးယန်ရှီက သူမကို မဟုတ်တာတွေ ပြောနေပြန်ပြီ။ အာပြဲစိန် ထပ်ပြီး ဆိုးသွမ်းသွားရင် ဘယ်လိုလုပ်မလဲ။
ဟွော်ထျင်း၏ အသံကြောင့် ချူးယန်ရှီ လန့်သွားပြီး ဆတ်ခနဲ တုန်သွားပါသည်။
သူဘယ်တုန်းက ရောက်နေတာလဲ။ အကုန်ကြားသွားလား။ သူမ ကလေးတစ်ယောက် ဖြစ်သွားလို့ အာရုံခံနိုင်စွမ်းတွေ နည်းသွားတာလား။ တခြားတစ်ယောက် ရောက်နေတာကို ဘာလို့ သတိမထားမိခဲ့တာလဲ။
ဟွော်ထျင်းက ချင်းလောင်ယွင်ဆီ လျှောက်လာပြီး သေချာ မှာလိုက်သည်။ “အာပြဲစိန် ငါပြောတာ နားထောင်။ ဒီဟာမ ပြောတာကို ဘာမှ နားမယောင်နဲ့။ သူပြောနေတာတွေ အကုန်လုံးက ပေါက်တတ်ကရတွေ! နင်နဲ့ စူစူလေးတို့က မတူဘူး။ ဒါပေမယ့် ဖြစ်သင့်တာပဲမဟုတ်လား။ စူစူလေးရဲ့ မိဘတွေက အများကြီး ကြိုးစားခဲ့လို့ သူဒီလို ပြည့်ပြည့်စုံစုံ နေရတာ!”
ချင်းလောင်ယွင် နားလည်သယောင်ယောင်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ သို့သော်လည်း မျက်လုံးတွေကတော့ အူကြောင်ကြောင် ဖြစ်နေဆဲပင်။
အသက် ၇ နှစ်အရွယ် ဟွော်ထျင်း၏ ရှင်းပြချက်က အသက် ၄ နှစ်အရွယ် ချင်းလောင်ယွင်လေးအတွက် အနည်းငယ် ရှုပ်ထွေးနေဆဲဖြစ်ပါသည်။
ဟွော်ထျင်းက ဆက်ရှင်းပြသည်။ “စူစူလေးက နင့်အပေါ်ကောင်းပြီး လက်ဆောင်တွေပေးတာ နင့်ကို ဂရုစိုက်တဲ့ သဘောပဲ။ အဲ့တာကို မှတ်ထားပြီး ကျေးဇူးတင်ရမယ်။ သူနင့်ကို တစ်ခုခု မပေးတာနဲ့ စိတ်ဆိုးလို့မရဘူး။ အဲ့တာ သူ့အပြစ် မဟုတ်ဘူး! ဘယ်သူကမှ နင့်ကို လက်ဆောင်ပေးဖို့ တာဝန်ရှိတာ မဟုတ်ဘူး သိလား။ စေတနာ ရှိလို့သာ ပေးတာ”
ချင်းလောင်ယွင် နားလည်သလိုလိုဖြင့် ခေါင်းငြိမ့်လိုက်ပြန်ပါသည်။
ချင်းလောင်ယွင်ကို ပြောပြီးနောက် ဟွော်ထျင်းက ချူးယန်ရှီကို လှည့်ပြောလိုက်သည်။ “နင်က အဲ့ဒီ လုကျန်းယွီဆိုတဲ့ ကောင်ရဲ့ ညီမဖြစ်ဖြစ် ဝမ်းကွဲညီမဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ စူစူလေးကို ထိခိုက်အောင် လုပ်ရင် ဟွော်ထျင်းဆိုတဲ့ငါက နင့်ကို အရင်ဆုံးလာရှာမှာ!”
စူစူလေးနဲ့ ရန်ဖြစ်ထားသော်လည်း ဟွော်ထျင်းက စူစူလေးကို သူငယ်ချင်းအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။
သူငယ်ချင်းတွေက ရန်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူစိမ်းတွေက သူ့သူငယ်ချင်းတွေကို အကောက်ကြံတာကိုတော့ လက်မခံနိုင်ပါ။
ချူးယန်ရှီ အနည်းငယ် ထိတ်လန့်သွားသည်။
သူမရှေ့က ငယ်ရွယ်သော်လည်း အရှိန်အဝါကြီးသည့် ဟွော်ထျင်းကို ကြည့်ရင်း ချူးယန်ရှီ အကြောက်တရား တချို့ကို ခံစားလိုက်ရသည်။
… … …
အခန်း(၃၇၂) သဘောကောင်းလိုက်တာ
သို့သော်လည်း ခေတ္တသာဖြစ်ပြီး ချူးယန်ရှီ စိတ်ပြန်တည်ငြိမ်သွားပါသည်။
ဘာပဲဖြစ်ဖြစ် သူမက အသက် ၂၀ ကျော် ဘဝအတွေ့အကြုံရှိပြီးသား လူဖြစ်သည်။ အသက် ၇ နှစ်အရွယ် ကောင်လေး တစ်ယောက်ကို ဘာမှ ကြောက်စရာမလိုပါ။
ထို့အပြင် ဒီကလေးက နှစ် ၂၀ ကြာသည့်အခါ စာမတတ်ပေမတတ် ကလေကချေ ဖြစ်လာမည့်သူဖြစ်သည်။
ထိုအတွေးဖြင့် ချူးယန်ရှီ ပြန်တည်ငြိမ်သွားပြီး ဟွော်ထျင်းအား ရှင်းပြလိုက်ပါသည်။ “ဟွော်ထျင်း နားလည်မှုလွဲနေပြီ ထင်တယ်။ သမီးက စူစူလေးကို မကောင်းပြောတာ မဟုတ်ပါဘူး။ ယွင်ယွင်လေးကို သူ့မိသားစုက မပြေလည်တဲ့အကြောင်း၊ စူစူလေးလို နေချင်ရင် ကြိုးစားဖို့လိုတဲ့အကြောင်း ရှင်းပြနေတာပါ”
ချူးယန်ရှီက ဟွော်ထျင်းနဲ့ ရန်သူတွေ မဖြစ်ချင်သေးပါ။ အနာဂတ်မှာ ဟွော်ထျင်း ဘယ်လောက်ပဲ စည်းစိမ်တွေ ဖြုန်းတီးပါစေ၊ ပညာတွေ ဘယ်လောက်ပဲ မတတ်ဖြစ်ပါစေ သူ့အဖေ ဟွော်ချန်းယွီ ရှိနေသေးသရွေ့ သူ့အဆင့်အတန်းကို ဘယ်သူမှ လိုက်မမှီပါ။ ထို့ကြောင့် သူနဲ့ ရန်သူတွေ လုပ်တာ ကောင်းသည့် ရွေးချယ်မှု မဟုတ်ပေ။
ထို့ကြောင့် ချူးယန်ရှီ သူမစကားကိုသူမ ပြန်ပြင်လိုက်ပါသည်။
“ဒါပေမယ့် စူစူလေးက သူမလိုချင်တဲ့ အကျန်တွေပဲ ပေးတာလို့ အာပြဲစိန်ကို နင်ပြောနေတာ ငါကြားတယ်!”
“အဲ့လို စွန့်ကြဲပေးကမ်းတာ လူတွေကို ကူညီရာရောက်တယ် မဟုတ်ဘူးလား”။ ချူးယန်ရှီက ဇဝေဇဝါဖြစ်သွားသော မျက်နှာလေး လုပ်ပြီး မေးလိုက်ပါသည်။
“ဘယ်ဟုတ်မလဲ! အဲ့… အဲ့တာက…”။ ဟွော်ထျင်း ရှင်းပြဖို့ကြိုးစားသော်လည်း သေချာပြန်စဉ်းစားကြည့်မှ စွန့်ကြဲပေးကမ်းခြင်းဆိုတာ တကယ်ပဲ လူတွေကို ကူညီရာရောက်ပါသည်။
ဒီလိုသာဆို ‘အကျန်တွေပေးသည်’ဟူသည့် စကားနဲ့ မသင့်တော်တော့ပါ။
ချူးယန်ရှီရဲ့ စကားက တစ်ခုခု မူမမှန်တာကို ဟွော်ထျင်း သိသည်။ သို့သော်လည်း ဉာဏ်မမှီသေးသဖြင့် ဘာက မှားနေသလဲ သေချာ မပြောနိုင်ပါ။
ခေတ္တစဉ်းစားပြီးနောက် ဟွော်ထျင်း စကားလမ်းကြောင်းလွှဲဖို့ ဆုံးဖြတ်လိုက်သည်။ “အဲ့တာဆို အာပြဲစိန်ကို သူတို့က တကယ်ဂရုမစိုက်ဘူးဆိုတဲ့ စကားမျိုးလည်း ပြောသေးတယ်လေ!”
“သမီးပြောတာ မှားလို့လားဟင်”။ ချူးယန်ရှီက မျက်တောင်တဖျပ်ဖျပ်ခတ်လျက် အပြစ်ကင်းစင်စွာ ပြောလိုက်သည်။ “လူဆိုတာ ကိုယ့်အားကိုယ်ကိုးသင့်တယ်လို့ သမီးထင်ထားတာ။ သူများတွေက သဘောကောင်းတာနဲ့ပဲ မှီခိုနေလို့ မဖြစ်ဘူးလေ!”
အဲ့တာက…
ချူးယန်ရှီ၏ မျက်နှာလေးကို ကြည့်ရင်း ဟွော်ထျင်း ယုံချင်သလိုလို ဖြစ်လာသည်။
“အဲ့တာဆို ဒီနေ့ ကြာရေကန်မှာ ဟိုကောင်မလေးကို စိတ်ညစ်အောင် ဘာလို့ လုပ်ခဲ့တာလဲ”။ ဟွော်ထျင်းက ထပ်မေး၏။
“သူ… သူတမင်သက်သက် လုပ်တာမဟုတ်ဘူးဆိုတာ သမီးသိပါတယ်။ ဒါပေမယ့် သမီးကို ရေထဲ ပစ်ချတာတော့ သမီးဝမ်းနည်းတယ်…”။ ချူးယန်ရှီ စကားပြောရင်းနဲ့ အနိုင်ကျင့်ခံရသော ကလေးတစ်ယောက်သဖွယ် မျက်နှာမျိုး လုပ်ပြလိုက်သည်။
ဒီတစ်ခေါက် သူမ ခံစားချက်က စစ်မှန်ပါသည်။
ထိုအတွေးကြောင့် သူမ မျက်လုံးများ နီမြန်းသွား၏။
“အေးပါအေးပါ ဝမ်းနည်းမနေနဲ့တော့။ ဟိုကောင်မလေးက မရည်ရွယ်ဘူး။ သူက လူကောင်းတစ်ယောက်ပဲ။ အားနည်းနည်းသန်တာပဲ ရှိတာ။ တစ်ခါတလေ သူ့ကိုယ်သူ သန်မှန်းလည်း မသိဘူး။ အဲ့တာကြောင့် သူ့ကို အပြစ်မတင်နဲ့”။ ဟွော်ထျင်းက နှစ်သိမ့်ပေးလိုက်ပါသည်။
“ဟုတ်ပါတယ်။ သူမရည်ရွယ်ဘူးဆိုတာ သမီးသိပါတယ်။ စိတ်မဆိုးပါဘူး”။ ချူးယန်ရှီက ခေါင်းငြိမ့်လိုက်ပါသည်။
“ဟုတ်ပြီ အဲ့လိုမှပေါ့!”။ ဟွော်ထျင်းက ရင့်ကျက်ချင်ယောင်ဆောင်ပြီး ပြောလိုက်ပါသည်။
သက်တူရွယ်တူတွေထက် စကားတတ်သော်လည်း သူက အသက် ၇ နှစ်အရွယ်သာ ရှိသေးသဖြင့် တစ်ခါတလေ လှည့်စားမှုများသည့် အလိမ်အညာတွေကို သတိထားမိမှာ မဟုတ်ပါ။
ချူးယန်ရှီ ရှင်းပြလိုက်သောအခါ ဟွော်ထျင်း ယုံကြည်သွားခဲ့သည်။
ဟွော်ထျင်း၏ တုန့်ပြန်မှုကို မြင်ပြီး ချူးယန်ရှီ ကျေနပ်သွားသော အပြုံး ပြုံးလိုက်ပါသည်။
လုကျန်းယွီသာ ဟွော်ထျင်းလောက် လှည့်စားရလွယ်ကူခဲ့ရင် ဘယ်လောက်ကောင်းမလဲ။
သူမရဲ့ အလိမ်အညာတွေကို အလွယ်တကူ ယုံကြည်သွားသော ဟွော်ထျင်းကို ကြည့်ရင်း ချူးယန်ရှီ အကြံတစ်ခု ရသွားသည်။ လောလောဆယ် လုကျန်းယွီကို သူမ ဘာမှလုပ်လို့မရသေးသဖြင့် ဟွော်ထျင်းနဲ့ ချင်းစူစူတို့ရဲ့ ဆက်ဆံရေးကို အရင်ဆုံး ပျက်စီးသွားအောင် လုပ်ရမည်။
ထိုအတွေးဖြင့် ဟွော်ထင်းအား ချူးယန်ရှီ ပြောလိုက်ပါသည်။ “ဪ ဟုတ်သားပဲ။ စူစူလေးနဲ့ သမီးဝမ်းကွဲအစ်ကိုတို့ အပြင်ထွက်သွားကြတယ်နော်”
“အပြင်ထွက်သွားတယ်ဟုတ်လား။ ဘာသွားလုပ်ကြတာလဲ”။ ထိုသတင်းကို ကြားသောအခါ ဟွော်ထျင်း စိတ်ရှုပ်သွားသည်။
အဲ့ဒီ လုကျန်းယွီဆိုတဲ့ကောင်နဲ့ ဟိုကောင်မလေး ဘာလို့ အပြင်ထွက်သွားပြန်တာလဲ။
သူ့ကိုကျတော့ ရန်ဖြစ်ထားတာတောင် လာမချော့ဘဲ ဒီတိုင်း လျစ်လျူရှုထားတာလား။
… … …