အခန်း (၃၇၃-၃၇၅)
Vol. 15 Ch. 373-375
အခန်း(၃၇၃) စူစူလေးနဲ့ ဟွော်ထျင်းရဲ့ ခင်မင်မှုကို ဖျက်ဆီးခြင်း
“မသိဘူး။ သူတို့ တစ်နေရာရာမှာ သွားကစားကြတာ ထင်တယ်”။ ချူးယန်ရှီက ပြန်ပြောလိုက်သည်။
စူစူလေးနဲ့ လုကျန်းယွီတို့ ဘယ်သွားတာလဲဆိုတာ သူမ တကယ်မသိပါ။
ဟွော်ထျင်းက ချင်းလောင်ယွင်ဘက်သို့ လှည့်ကာ မေးလိုက်ပါသည်။ “စူစူလေးနဲ့ အဲ့ဒီလုဆိုတဲ့ကောင် ဘယ်သွားတာလဲ နင်ကောသိလား”
ချင်းလောင်ယွင်က ခေါင်းခါလိုက်ပါသည်။ “မသိဘူး။ သူတို့အလောတကြီး ထွက်သွားကြတာပဲ သိတယ်။ ဒေါ်လေးစူစူက သမီးကို အိမ်စာကောင်းကောင်းလုပ်ဖို့ မှာခဲ့တယ်။ ဘယ်သွားမလဲဆိုတာတော့ ပြောမသွားဘူး”။
ချူးယန်ရှီ၏ စကားကို ချင်းလောင်ယွင်က အတည်ပြုပေးလိုက်ပါသည်။
“ဒီလောက် နောက်ကျနေပြီကို! ဟိုကောင်မလေး ဘာလို့ အပြင်ထွက်သွားတာလဲ။ ငါ့ကိုကော ဘာလို့ ပြောမသွားတာလဲ”။ ဟွော်ထျင်း ပိုစိတ်ရှုပ်သွားသည်။
ဒီခံစားချက်က သူအကြိုက်ဆုံးအရုပ်လေးကို သူများလုတာ ခံလိုက်ရသလိုပင်။ သို့မဟုတ် သူ ဂရုစိုက်သည့် လူတစ်ယောက်က သူ့ကို စွန့်ပစ်သွားသလိုခံစားချက်မျိုးဖြစ်သည်။
“သူတို့မှာ လျှို့ဝှက်ချက်တွေ ရှိလို့နေမှာပါ။ သူငယ်ချင်းတွေဆိုတာ လျှို့ဝှက်ချက်တွေ ထားတတ်ကြတယ်လေ”။ ချူးယန်ရှီက ရှင်းပြလိုက်ပါသည်။
“ဟွန်း!”။ ဟွော်ထျင်း မကျေမနပ်ဖြစ်သွားသည်။
သူတို့ကို မသိစေချင်ရအောင် ဘာလျှို့ဝှက်ချက်တွေမို့လို့လဲ။
ထိုစဉ် ချူးယန်ရှီက နားမလည်သော မျက်နှာလေးဖြင့် မေးလိုက်သည်။ “ဟွော်ထျင်း။ ကြီးလာရင် စူစူလေးက သမီးရဲ့ ဝမ်းကွဲယောက်မ ဖြစ်လာမယ်ထင်လားဟင်”
“ဘာလားဟ။ ဝမ်းကွဲယောက်မဆိုတာ ဘာကြီးလဲ”။ ‘ယောက်မဟူသည့် စကားကို ကြားဖူးသော်လည်း ဟွော်ထျင်း သိပ်နားမလည်ပါ။
“သမီးဝမ်းကွဲအစ်ကိုနဲ့ သူလက်ထပ်လိုက်ရင် သူက သမီးရဲ့ဝမ်းကွဲယောက်မ ဖြစ်သွားမှာလေ”။ ချူးယန်ရှီက ရှင်းပြလိုက်ပါသည်။
ထို့နောက် သူမ ဆက်ပြောသည်။ “ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ချစ်ခင်ပြီး လက်ထပ်လိုက်တဲ့အခါကျရင် သူတို့ရင်ထဲမှာ တခြားသူတွေအတွက် နေရာမရှိတော့ဘူးတဲ့”
ချူးယန်ရှီက ဘာမှနားမလည်သော ကလေးလေးတစ်ယောက်၏ လေသံမျိုးဖြင့် ရန်တိုက်ပေးလိုက်ပါသည်။
ဟွော်ထျင်းက လက်ထပ်သည့် ကိစ္စကို နားလည်သော်လည်း ချစ်ခြင်းမေတ္တာအကြောင်းတော့ အပြည့်အဝ နားမလည်ပါ။
ဟွော်ထျင်းနားလည်တာက သူတို့ လက်ထပ်လိုက်လျှင် လုကျန်းယွီက စူစူလေးရဲ့ တစ်ဦးတည်းသော သူငယ်ချင် ဖြစ်သွားကာ သူနဲ့ ကစားတော့မှာမဟုတ်သလို ဂရုစိုက်တော့မှာလည်း မဟုတ်ပေ။
ထိုအတွေးကြောင့် ဟွော်ထျင်း ဒေါသထွက်လာသည်။ သူ့ရဲ့ ကလေးဆန်သော မျက်နှာလေးပေါ်မှာ ဖုံးမကွယ်နိုင်သည့် ဒေါသတွေကို မြင်နေရပါသည်။
ဟွော်ထျင်း၏ ဒေါသကို ခံစားမိပြီး ချင်းလောင်ယွင်လည်း ဘာမှ ဝင်မပြောရဲတော့ပေ။ စူစူလေးက သူမရဲ့ ဒေါ်လေး ဖြစ်တာကြောင့် ဟွော်ထျင်းလို စိတ်ဆိုးတာမျိုး မဖြစ်ပါ။
ဒေါ်လေးဆိုတာ မိသားစုဝင်ဖြစ်ပြီး အမြဲတမ်း ယုံကြည်လို့ရသည်ဟု သူမ အမေ မှာထားသည်။
ထို့ကြောင့် စူစူလေး လက်ထပ်သွားမှာလည်း သူမ မကြောက်ပါ။ စူစူလေး လက်ထပ်သွားရင်တောင် သူမ ဒေါ်လေးအဖြစ်က ပြောင်းလဲသွားမှာ မဟုတ်ပေ။
အခြေအနေကို မြင်ပြီး ချူးယန်ရှီ စိတ်ကျေနပ်သွားကာ မီးလောင်ရာ လေပင့်ဖို့ ကြိုးစားလိုက်သည်။ “ခုနက သမီးဝမ်းကွဲအစ်ကိုနဲ့ သမီးလည်း လိုက်သွားချင်တာကို လိုက်ခွင့်မပေးဘူး။ ဝမ်းကွဲအစ်ကိုက သမီးကို သိပ်သဘောမကျဘူးလေ”
ပြောပြောဆိုဆိုနဲ့ ချန်းယွီက ဝမ်းနည်းသွားသော မျက်နှာလေး လုပ်ပြလိုက်သည်။
“အဲ့တာဆို ငါ့ကိုကော ဘာလို့ မပြောကြတာလဲ”။ ဟွော်ထျင်းက မေး၏။
ဧကန္တ ဟိုကောင်မလေးက သူ့ကိုလည်း သဘောမကျလို့များလား။
“အဲ့တာတော့မသိဘူး။ စူစူလေးက ဘာမှ မပြောသွားဘူး။ ဒါပေမယ့် သမီးရဲ့ ဝမ်းကွဲအစ်ကိုကို သူပိုပြီး သဘောကျလို့ ဖြစ်မယ်”။ ချူးယန်ရှီက စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
ချူးယန်ရှီ၏ စကားက ဟွော်ထျင်း၏ အရှိုက်ကို ထိသွားသည်။
စူစူလေးက လုကျန်းယွီကို သူ့ထက် အမြဲတမ်း ဦးစားပေးခဲ့သည်ဟု ဟွော်ထျင်း ခံစားနေခဲ့ရတာဖြစ်သည်။
သူငယ်ချင်းတွေဆိုတာ အချင်းချင်း စိတ်မဆိုးသင့်ကြောင်း အဖေဖြစ်သူ သင်ပေးထားသော်လည်း စူစူလေးနဲ့ ရန်ဖြစ်ပြီး ဟွော်ထျင်း စိတ်ဆိုးမိဆဲဖြစ်သည်။
ယခု ချူးယန်ရှီ၏ စကားများကြောင့် သူ့ရင်ထဲက မတရားမှုကို ခံစားရသော နှလုံးသားက ပြန်လည် နိုးထလာခဲ့သည်။
ဟွော်ထျင်း စိတ်အခြေအနေ ပြင်းထန်လာတာကို မြင်ပြီး ချူးယန်ရှီက နှစ်သိမ့်ပေးလိုက်ပါသည်။ “ဝမ်းမနည်းပါနဲ့ ကိုကြီးဟွော်ထျင်းရယ်။ စူစူလေးက ကိုကြီးနဲ့ မကစားရင် သမီးနဲ့ ယွင်ယွင်လေးတို့ ကစားပေးမယ်လေ”
… … …
အခန်း(၃၇၄) လူသားဆန်တတ်အောင် ဟူကျစ် သင်ပေးမယ် (၁)
ချူးယန်ရှီက ချင်းလောင်ယွင်ကိုပါ တမင်သက်သက် ဆွဲထည့်လိုက်သည်။
သူမ ပြောခဲ့သည့် စကားလုံးတိုင်းကို သေသေချာချာ စဉ်းစားသုံးသပ်ပြီးမှ ပြောခဲ့တာဖြစ်သည်။ ပထမဆုံး စူစူလေးကို ဟွော်ထျင်း စိတ်ဆိုးသွားအောင် လုပ်လိုက်သည်။ စူစူလေးက သူ့ကို စွန့်ပစ်သွားသည်ဟု ယုံကြည်သွားအောင် လုပ်ခဲ့သည်။
ထို့နောက် သူမကိုယ်သူမလည်း နှိမ့်ချကာ ဟွော်ထျင်း၏ ခံစားချက်ကို ကိုယ်ချင်းစာသလိုမျိုး ဖြစ်အောင် ပြောခဲ့သည်။
ထို့နောက် တစ်ယောက်ကိုတစ်ယောက် အဖော်ပြုနှစ်သိမ့်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ကြားထဲက ဆက်ဆံရေး ပိုမိုပြေပြစ်လာနိုင်သည်။
ချူးယန်ရှီတစ်ယောက် သူမရဲ့ အကြံအစည်တွေ အောင်မြင်ခါနီးပြီဟု တွေးလိုက်စဉ်မှာပင်…
“ဟွန်း! ငတုံးမ ချင်းစူစူ!”။ ဟွော်ထျင်း ဒေါသတကြီး ရေရွတ်လိုက်သည်။ ထို့နောက် အပေါ်ထပ်သို့ ရုတ်တရက် ပြေးတက်သွားခဲ့ပါသည်။
ဟွော်ထျင်း၏ တုန့်ပြန်မှုက ချူးယန်ရှီ မျှော်လင့်ထားသလို ဟုတ်မနေပါ။ ထို့ကြောင့် သူမ အနည်းငယ် အံ့အားသင့်ခဲ့ရသည်။
သူမ နည်းလမ်းတစ်ခုခု မှားသွားလို့လား။ ဒါမှမဟုတ် ဟွော်ထျင်းရဲ့ တွေးခေါ်ပုံက သာမန်လူတွေနဲ့ ခြားနားလို့လား။ အခု အပေါ်ထပ်ကို ဘာလို့ ပြေးတက်သွားတာလဲ။
စူစူလေးကို ဖုန်းဆက်ပြီး ရန်တွေ့မလို့လား။ တစ်ယောက်တည်း ကြိတ်ငိုမလို့လား။
စဉ်းစားကြည့်ပြီးနောက် ဘယ်လိုဖြစ်ဖြစ် ကိစ္စမရှိဘူးဟု ချူးယန်ရှီ ဆုံးဖြတ်လိုက်ပါသည်။
သူမ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင်တောင် ဟွော်ထျင်းကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့သည်။
ဟွော်ထျင်းနဲ့ ချင်းစူစူတို့ရဲ့ ခင်မင်မှုကို သူမ အပြည့်အဝ ဖျက်ဆီးနိုင်ပါ့မလားဆိုတာ မသေချာသော်လည်း သူမဘက်က အရှုံးမရှိပေ။
သူမရဲ့ လုပ်ရပ်က သိက္ခာမရှိမှန်း သိသော်လည်း အာဏာပါဝါတွေနဲ့ ယှဉ်လိုက်လျှင် ဂုဏ်သိက္ခာဆိုတာ ဘာမှ တန်ဖိုးမရှိတော့ပါ။
ဖြစ်နိုင်လျှင် သူမလည်း လူကောင်းတစ်ယောက်လို နေချင်ပါသည်။ ယခင်ဘဝတုန်းက သူမ သဘောကောင်းတတ်သူ မဟုတ်သော်လည်း ဘယ်သူ့ကိုမှ ရည်ရွယ်ချက်ရှိရှိ မတိုက်ခိုက်ခဲ့ဖူးပါ။ သို့သော်လည်း ကံဆိုးမိုးမှောင်ကျခဲ့ရသည်။
အရင်ဘဝတုန်းကလို အမှားမျိုး ထပ်မလုပ်ချင်တော့သဖြင့် သူမရဲ့ အကျိုးအမြတ်အတွက် စတင် အကြံအစည်တွေ ထုတ်ခဲ့သည်။ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် သူမအတွက် အကျိုးအမြတ်ရရှိအောင် ဘယ်လို ပြောင်းလဲရမလဲဆိုတာ အစွမ်းကုန် စဉ်းစားခဲ့သည်။
ဟွော်ထျင်းနဲ့ စာရင်းရှင်းပြီးနောက် ချူးယန်ရှီ သာမန်ကလေးတစ်ယောက်လို ဟန်ဆောင်ရင်း ချင်းလောင်ယွင်နဲ့အတူ ရွှံ့စေးရုပ်လေးများ လုပ်နေလိုက်ပါသည်။
--- --- ---
အပေါ်ထပ်က အိပ်ခန်းထဲကို ရောက်သောအခါ ကုတင်ပေါ်ရှိ အမွေးပွအရုပ်များကို ဟွော်ထျင်း လက်သီးဖြင့် အကြိမ်ကြိမ် ထိုးလိုက်သည်။
“မြောင်~”
ရုတ်တရက် ကြောင်အော်သံတစ်သံကို ဟွော်ထျင်းကြားလိုက်ရပါသည်။
ဟွော်ထျင်း ငုံ့ကြည့်လိုက်ရာ သူ့ခြေဖဝါးဘေးမှာ ရပ်ပြီးအော်နေသည့် ဟူကျစ်လေးအား မြင်လိုက်ရပါသည်။
ဘေးမှာ မဲလုံးကြီးကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
မဲလုံးကြီးလို တုံးအသူမဟုတ်ဘဲ ဟူကျစ်က သူ့ဒေါသကို ရိပ်စားမိပုံရပြီး သူ့လက်ကို လာလျက်ပေးလေသည်။
ဟွော်ထျင်းက ဟူကျစ်ကို မ,ချီလိုက်ပြီး မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။
“မင်းငါ့ကို နှစ်သိမ့်ပေးနေတာလား”။ ဟွော်ထျင်းက မေးလိုက်၏။
“မြောင်~”။ မဟုတ်ပါဘူး။ ဒီတိုင်း အော်ချင်လို့ အော်နေတာ။
“မင်းရဲ့ သခင်သာ မင်းလောက် သိတတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ”။ ဟွော်ထျင်းက ပြောသည်။
“မြောင်~” အဲ့တာ ဘာကို ဆိုလိုတာလဲ။
“မင်းသခင်က လုကျန်းယွီဆိုတဲ့ ကောင်နဲ့ အပြင်ထွက်သွားတာ ငါ့ကိုတောင် မခေါ်ဘူး”။ ဟွော်ထျင်းက စူပုပ်လျက် ပြောလိုက်ပါသည်။
“မြောင်~”။ စိတ်လျှော့ပါ ငါ့ကိုလည်း ခေါ်မသွားပါဘူးဟ။
ဟူကျစ်၏ အော်သံလေးတွေကို ကြားပြီး ဟွော်ထျင်း ရုတ်တရက် စိတ်အနည်းငယ် တည်ငြိမ်သွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် ဟူကျစ်၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပါသည်
“ဟိုကောင်မလေးကို ငါလည်း သူငယ်ချင်းတစ်ယောက်လို သဘောထားတာပဲကို။ ငါ့ကျတော့ သူများတွေလောက် ဘာလို့ ဂရုမစိုက်တာလဲ”။ ဟွော်ထျင်း နားမလည်ပါ။
သူ့ဘဝမှဦ ပထမဆုံးအကြိမ် သူငယ်ချင်းထားဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူနဲ့ ရန်ဖြစ်ပြီး ဘာဆက်လုပ်ရမှန်း မသိပါ။ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာလည်း မသိပါ။
“မြောင်~”။ မင်းတစ်ခုခု အမှားလုပ်ထားတာ သေချာပါတယ်။
“မင်းသခင်က အရမ်းအားကြီးတာလေ။ အဲ့တာကြောင့် သူများကို မတော်တဆ တွန်းချမိတာ ပုံမှန်ပဲ။ သူ တမင်တကာ လုပ်တာလို့ ငါလည်း မပြောပါဘူး။ ဒီတိုင်းဖြစ်နိုင်ချေရှိတာလို့ ပြောတာ”။ ဟွော်ထျင်းပြောလိုက်သည်။
“မြောင်~”။ ဟူကျစ်က ရုတ်တရက် လက်တစ်ဖက် ထုတ်လိုက်ပြီး ဟွော်ထျင်းကို ပါးရိုက်လိုက်လေသည်။
… … …
အခန်း(၃၇၅) လူသားဆန်တတ်အောင် ဟူကျစ် သင်ပေးမယ် (၂)
တခြားကြောင်တွေက လက်သည်းဖြင့် ကုတ်တတ်သော်လည်း ဟူကျစ်က ထိုးတာကြိတ်တာ၊ ပါးရိုက်တာမျိုးသာ လုပ်သည်။ ဒါမှ ဒဏ်ရာ မကျန်ခဲ့မှာဖြစ်ပါသည်။
“ဘာလို့ ရိုက်တာလဲဟ”။ ဟွော်ထျင်း ဟူကျစ်ကို စိုက်ကြည့်ကာ မေးလိုက်ပါသည်။
အိမ်မွေးတိရိစ္ဆာန်တွေက သခင်နဲ့တူတယ်လို့ ဒါကြောင့် ပြောတာလား။
“မြောင်!”။ ဟူကျစ်က ဟွော်ထျင်း၏ လက်ထဲမှ ခုန်ချလိုက်ပြီး ရုတ်ခြည်းဆိုသလို အခန်းပြင် ပြေးထွက်သွားခဲ့ပါသည်။
ဟူကျစ် ထွက်ပြေးသွားတာကို ဟွော်ထျင်း ကြောင်စီစီ ရပ်ကြည့်နေမိသည်။
ခဏကြာတော့ ဟူကျစ် ပြန်ရောက်လာ၏။
ပါးစပ်ထဲမှာလည်း မှတ်စုစာအုပ်လေးတစ်အုပ် ချီလာသည်။
ထိုစာအုပ်ကို ဟွော်ထျင်းရှေ့မှာ ချပေးလိုက်ပါသည်။
ဟွော်ထျင်းလည်း မှတ်စုစာအုပ်ကို ဖွင့်ကြည့်လိုက်ရာ စူစူလေး လက်ရေးလေ့ကျင့်သည့် စာအုပ်ဖြစ်မှန်း သိလိုက်ရသည်။
မူကြိုစတက်နေပြီဖြစ်သည့် စူစူလေးက ရိုးရှင်းသော စာလုံးလေးများကို အရေးလေ့ကျင့်နေပြီဖြစ်သည်။
မှတ်စုစာအုပ်လေးထဲမှာ လက်ရေးစုတ်စုတ်လေးများဖြင့် ရေးသားထားသည့် စာလုံးများဖြင့် ပြည့်နှက်နေပါသည်။
စူစူလေး ဝီရိယရှိရှိ လေ့ကျင့်ထားတာ သိသာသည်။
“လက်ရေးက စုတ်လိုက်တာ!”။ လက်ရေးစုတ်သည်ဟု ပြောသော်လည်း သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်နေပါသည်။
တကယ်တော့ ချစ်ဖို့ကောင်းပါသည်။
ထို့နောက် ဟွော်ထျင်း၏ ခြေထောက်နားသို့ ခဲတံတစ်ချောင်း လိမ့်လာသည်။ ဟူကျစ်က တွန်းပေးလိုက်တာ ဖြစ်ပါသည်။
“ဘာဖြစ်လို့လဲ။ ငါ့ကို တစ်ခုခု ရေးစေချင်လို့လား”။ ဟွော်ထျင်းက နားမလည်ဘဲ မေးလိုက်ပါသည်။
“ဖြောင်း!”
ဟွော်ထျင်းကို ဟူကျစ် ပါးရိုက်လိုက်ပြန်သည်။
အားသိပ်မပါသဖြင့် မနာသော်လည်း စော်ကားရာကျသည်။
“ဘာလို့ ထပ်ရိုက်တာလဲဟ” ဟွော်ထျင်း စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါသည်။
“မြောင်~”။ မင်းက တော်တော်တုံးတာကိုး!
ဟူကျစ်က သူ့လက်ကလေးဖြင့် ကြမ်းပြင်ပေါ်ရှိ ခဲတံကို ပုတ်နေပါသည်။ ထို့နောက် အားနည်းနည်း ထည့်လိုက်ရာ ခဲတံ ကျိုးသွားလေသည်။
“ငတုံးကောင် ဟူကျစ်! စူစူလေးရဲ့ ခဲတံကို ဘာလို့ ချိုးပစ်လိုက်တာလဲ!”
ဟွော်ထျင်းက ကြမ်းပြင်ပေါ်ရှိ ခဲတံကို ခပ်မြန်မြန်ကောက်လိုက်သည်။
ကျိုးသွားသော ခဲတံလေးကို ကြည့်ရင်း ဟွော်ထျင်း တစ်ခုခုကို တွေးမိသွားသည်။ ထို့နောက် မှတ်စုစာအုပ်ထဲက စူစူလေး လက်ရေးစုတ်စုတ်လေးများနဲ့ ရေးထားသည့် စာလုံးတွေကိုကြည့်ရင်း နားလည်သွားသည်။
“မင်းသခင်က ခဲတံနဲ့ စာရေးနိုင်တယ်ဆိုတော့ သူ့ခွန်အားကိုသူ ထိန်းနိုင်တယ်လို့ ပြောချင်တာလား”
“မြောင်~”။ ဒါပေါ့!
“အဲ့တာဆို… ဟိုကောင်မလေးကို ငါအထင်မှားသွားတာလား”။ ဟွော်ထျင်း တွန့်ဆုတ်သွားပါသည်။
“မြောင်~”။
“ဒါပေမယ့်… အဲ့ဒီ ချူးယန်ရှီက ဘာလို့ သူ့ဖာသာသူ ရေကန်ထဲ ခုန်ချရမှာလဲ။ ရေတွေက ဒီလောက် အေးစက်ပြီး ညစ်ပတ်တာကို”။ ဟွော်ထျင်းက ဇဝေဇဝါဖြင့် မေးလိုက်ပါသည်။
ဟွော်ထျင်းက ဘဝအတွေ့အကြုံနည်းပါးပြီး ဉာဏ်လည်း မမှီသေးသဖြင့် ဒီလိုအပြုအမူမျိုးကို နားမလည်နိုင်ပါ။
သူ့ကို ဖားပြီး ဆက်ဆံခဲ့သည့်လူတွေ အများကြီးကို မြင်ဖူးသည်။ သို့သော်လည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် ရေကန်ထဲ ခုန်ချသွားသူတွေကိုတော့ မမြင်ဖူးပါ။
ထို့ကြောင့် စူစူလေးဘက်က မတော်တဆ တွန်းချမိတာဖြစ်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
“မြောင်~”။ ငတုံး လူသားတွေ။ ရိုးအလိုက်တာ!
“ငါ့ကို အော်ပဲ အော်မနေနဲ့”။ ဟွော်ထျင်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ဘာကြောင့်မှန်းမသိသော်လည်း ဒီကြောင်က သူ့ကို အထင်အမြင်သေးစွာ ကြည့်နေသလိုပင်။
သူစိတ်ထင်တာပဲ နေမှာပါ ဟုတ်တယ်မလား…။
“မြောင် မြောင် မြောင်~”
ဟူကျစ်က ဂျစ်ကန်ကန်နိုင်သော ကြောင်ဖြစ်သည်။ သူ့ကို မအော်ဖို့ပြောလျှင် ပိုကျယ်ကျယ် အော်တတ်ပါသည်။
“အေးပါ အေးပါ ငါမှားမှန်း သိပါပြီ!”။ ဟွော်ထျင်း အရှုံးပေးလိုက်ပါပြီ။
အသက် ၄ နှစ်အရွယ် ကလေးမလေးတစ်ယောက်က သူ့ဖာသာသူ ရေထဲခုန်ချပြီး သူများကို အပြစ်ပုံချတတ်လိမ့်မည်ဟု သူထင်မိမှာ မဟုတ်ပေ။
အဲ့ဒီ ချူးယန်ရှီက ဘာတွေ တွေးနေတာလဲ။
ဟူကျစ်က မှတ်စုစာအုပ်လေးကို လက်ဖြင့် ပုတ်ကာ လည်သည်းကို အသုံးပြုလျက် စာမျက်နှာ လှန်ပေးလိုက်သည်။
ဟူကျစ်က သူ့ကို ဘာပြချင်နေတာလဲ ဟွော်ထျင်း မသိပါ။ သို့သော် ဟူကျစ်လက်သည်းများကြောင့် စာအုပ် ပြဲသွားမည် စိုးရိမ်သဖြင့် သူပဲ လှန်ပေးလိုက်ပါသည်။
စာအုပ်နောက်မှာ ဆရာမပေးထားသည့် ပုံဆွဲအိမ်စာဖြစ်သည်။
အိမ်စာနာမည်က “ကျွန်ုပ်နှင့် အခင်ဆုံးသူငယ်ချင်းများ” ဟူ၍ ဖြစ်ပါည်။
စူစူလေးက လူ ၁၀ ယောက်ကျော် ပါဝင်သည့် ပုံလေးတစ်ပုံ ဆွဲထားသည်။
စူစူလေး၏ ပုံဆွဲစွမ်းရည်က ဆိုးရွားပြီး ကလေးဆန်သည်။ သို့သော်လည်း ပုံထဲမှာ ဇာတ်ကောင်တစ်ကောင်ကို မြင်လိုက်ရတာနဲ့ သူ့ကိုရည်ရွယ်ပြီး ဆွဲထားမှန်း ဟွော်ထျင်း တန်းသိနိုင်ပါသည်။
… … …