ငါက သူတော်စင်တန်ခိုးရှင် မဟုတ်ဘူး
Vol. 134 Ch. 1724
“ဂိုဏ်းသခင်ချင်ဟာ ငါ့အပေါ် ခွင့်လွှတ်ပေးခဲ့တယ်... သူ့မိန်းမ လင်ယွိရှို့ကလည်း ငါ့ကို ကောင်းကောင်းမွန်မွန် ကြည့်ရှုပေးခဲ့တယ်... အဲဒါကြောင့် ဟာကွက် တစ်, ရာခိုင်နှုန်း ချန်ခဲ့ပြီး တာအိုအသုဘခေါင်းတလားကနေ လွဝ်မြောက်အောင် လုပ်ခဲ့ပေးခဲ့ပြီးပြီ... ငါက တစ်, ရာခိုင်နှုန်းပဲ ချန်ခဲ့ပေမယ့် ထိုက်ချူက တစ်, ရာခိုင်နှုန်းကို တစ်ရာ, ရာခိုင်နှုန်း ဖြစ်အောင် လုပ်လိုက်တာပဲ... အဲဒီလူ ဘာတွေ တွေးနေခဲ့တာပါလိမ့်”
ရှင်းအန်းက သေတ္တာကို ခေါ်၍ လန်ဖုန်းတောင်ကြားမှ တိတ်တဆိတ် ဖြတ်သန်းကာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်ရောက်လာခဲ့သည်။
လန်ဖုန်းတောင်ကြားတိုက်ပွဲမှာ အလွန်တရာ ပြင်းထန်လှပြီး ကြေကွဲဖွယ် ကောင်းလှသည်။
စစ်မျက်နှာပြင်သည် အင်မတန် ကျယ်ပြန့်ရှည်လျားနေချေပြီ။ လန်ဖုန်းတောင်ကြားကို ဗဟိုပြုလျက် တောင်မျက်နှာမှ မြောက်မျက်နှာအထိ သာမက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အနောက်ခြမ်းရှိ နတ်ဘုရားမြို့တို့အထိ ကူးစက်ပျံ့နှံ့နေသည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ စစ်တိုက်နိုင်သည့် စစ်သည်တော်မှန်သမျှ စုစည်းခဲ့ရသည့်အပြင် အဖျက်စွမ်းအား ကြီးမားသော လက်နက်အမျိုးမျိုးကိုလည်း ချပြအသုံးပြုနေသည်။
ကောင်းကင်ယင်နတ်ဘုရားမသည်ပင် ကောင်းကင်ယင်ကမ္ဘာမှ နတ်ဘုရားမိစ္ဆာတို့အား ဦးဆောင်ကာ လန်ဖုန်းတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေသည်။
နှစ်ဖက်လုံးကား နတ်ဘုရားမြို့တစ်မြို့ပြီး တစ်မြို့အား ဝိုင်းလျက် သူမသာ၊ ကိုယ်မသာ၊ ရှေ့တိုးနောက်ဆုတ်အခြေအနေဖြင့် လွန်ဆွဲတိုက်ခိုက်နေကြရ၏။ စစ်ရေးဝင်္ကပါအခင်းအကျင်းတို့သည်လည်း တရစပ် ပြောင်းလဲနေတတ်ပြီး တစ်ခါပြောင်းလဲသွားတိုင်း အသွေးအသားစိုင်တို့က ဖွားခနဲ ဖွားခနဲ လွင့်စင်ထွက်လာတတ်လေသည်။
တိုက်ပွဲများက တဖြည်းဖြည်း မြို့များအတွင်း ရောက်ရှိသွားကြပြီး လမ်းကြိုလမ်းကြားများပင် ပြည့်သည်အထိ တိုက်ခိုက်လာကြသည်။ အကျအဆုံး၊ သွေးထွက်သံယို များပြားလာသည့်အလျောက် လမ်းကြားတိုင်းတွင် အလောင်းများဖြင့် ပြည့်နှက်နေတော့သည်။
လေတွင် ပျံဝဲနေသော နတ်ဘုရားမြို့ တစ်မြို့ပြီးတစ်မြို့သည် ပျက်စီးကုန်သည့်အခါ မီးခိုးလုံးများ တလူလူဖြင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ရွှင်ပျော်ပျော်ကျေးရွာမှ စစ်သည်တော်များသည်လည်း ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ခိုက်နေကြဆဲပင်။ သူတို့၏ အနောက်ဘက်တွင် အသစ်တည်ဆောက်ထားသော နတ်ဘုရားမြို့များစွာ အတန်းလိုက် စီနေသည်။ သင်္ဘောတစ်စင်းပြီး တစ်စင်းက နတ်ဘုရားမြို့ပျံများအား ဆွဲလာပြီး လက်နက်အပြည့်ဖြင့် ရှေ့တန်းတက်လာကြ၏။
ရှင်းအန်း ရောက်လာသည့်အခါ စစ်ပွဲမီးလျှံတို့သည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ပင် ပျံ့နှံ့နေခဲ့ချေပြီ။ လက်နက်ထုတ်စက်ရုံအားလုံး လူအင်အားအပြည့်ဖြင့် လည်ပတ်နေကြပြီး သတ္တုတွင်းများကိုလည်း နေ့ရောညပါ တူးဖော်နေကြသည်။ ယခင်ကကဲ့သို့ ငြိမ်းချမ်းသာယာသော မြင်ကွင်းမျိုး မဟုတ်တော့သဖြင့် ရှင်းအန်းအတွက် လေ့လာသင်ယူရာတွင်သာ စိတ်နှစ်မြှုပ်ထားရန် မသင့်တော်တော့ပေ။
လမ်းခရီးတွင် ရွှမ်တုမှ နေစောင့်ရှောက်သူနှင့် လစောင့်ရှောက်သူစစ်တပ်များကိုလည်း တွေ့ခဲ့ရသည်။ သူတို့က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နေစောင့်ရှောက်သူနှင့် လစောင့်ရှောက်သူ စစ်တပ်များဖြင့် ရင်ဆိုင် တိုက်ခိုက်နေကြ၏။ မြေပြင်နှင့် ကောင်းကင်ယံတွင် သွေးသံတရဲရဲ တိုက်ပွဲများ ဖုံးလွှမ်းနေချေရာ အလွန်တရာ ဆို့နင့်ဝမ်းနည်းစရာကောင်းလှသည်။
တထာဂတကျန်းခုံးသည် ဗုဒ္ဓဘုံ၏ စစ်သည်တော်များကို ဦးဆောင်လျက် လန်ဖုန်းတောင်ကြားရှိ မြို့ရိုးများအား ကာကွယ်နေ၏။ ဗုဒ္ဓစစ်သည်တော်များက လန်ဖုန်းတောင်ကြားသို့ တိုးဝင်လာသော အသေးစားတပ်ဖွဲ့များကို တိုက်ခိုက်နေကြသောကြောင့် ကောင်းကင်နတ်ဘုံစစ်သည်တော်များမှာ အလဲလဲအပြိုပြို ကျဆုံးနေကြလေသည်။
ရှင်းအန်း မျက်မှောင်ကြုတ်လိုက်မိသည်။ “အဲဒီဘုန်းကြီးတွေ…”
သူ ဆက်မနေချေ။ သူ့အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ပြုပြင်ပြောင်းလဲမှုတို့ စုဝေးရာ အသိုက်အမြုံသာ ဖြစ်သည်။ သူနှင့်မသက်ဆိုင်သော တိုက်ပွဲများတွင် ဝင်ရောက်ဆင်နွှဲလိုခြင်း မရှိပေ။
ရှင်းအန်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် တစ်ယောက်ကို တစ်ယောက် အသုံးချနေကြခြင်းသာ ဆိုရမည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် ပြုပြင်ပြောင်းလဲမှု တိုးတက်စေရန် သူ၏ ဗဟုသုတနှင့် ဉာဏ်ပညာတို့ကို လိုအပ်ပြီး သူသည်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု ရလဒ်များကို လိုအပ်သည်။ ထိုမျှသာ...။
ရှင်းအန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သားတစ်ယောက်လည်း မဟုတ်ပေ။ သူ မွေးဖွားခဲ့စဉ်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာဆိုသည်မှာ ရှိပင် မရှိသေးသလို၊ တိုင်းပြည်ပင် မထူထောင်ရသေးချေ။
အချို့သူများက သူ့ကို နှစ်ငါးရာအတွင်း တစ်ခါ ထွန်းပေါက်သော တန်ခိုးရှင်ဟု ခေါ်ကြသည်။ သို့သော် သူ၏ စိတ်ထဲတွင်တော့ ထိုသို့တစ်ခါမှ မတွေးခဲ့ချေ။
သူ ဆိုသည့် ရှင်းအန်းသည် တာအိုကို ဆည်းပူးလေ့လာသူတစ်ဦးသာ ဖြစ်သည်။
လမ်းတွင် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများစွာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အလယ်ဗဟိုသို့ ဦးတည်ပြေးဝင်နေကြသည်ကို တွေ့ခဲ့ရ၏။ သူတို့က အရာအားလုံးကို မီးရှို့၊ သတ်ဖြတ်ကာ နေရာတိုင်းတွင် လုယက်နေကြသည်။ သို့သော် ရှင်းအန်းသည် လှုပ်ရှားခြင်း မရှိ။ သူ့အတွက် ဤအရာအားလုံးက သူ့ဘဝလမ်းတွင် တခဏမျှ မြင်တွေ့ရသော မြင်ကွင်းတစ်ခုသာ ဖြစ်သည်။ ထို့ထက် မပို။
“ငါ တာအိုဒဿနတက္ကသိုလ်ဆီ ရောက်လို့ သင်ရမယ့်ပညာအသစ်တွေ ရှိရင် လေ့လာစူးစမ်းဖို့ ဆက်နေမယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပျက်စီးသွားရင် ထွက်သွားမယ်… ငါဟာ ဘာနစ်နာမှုမှ မရှိဘဲ လွတ်လပ်နိုင်ပြီ” သူက စိတ်ထဲမှ တွေးနေသည်။
ထိုစဉ် အလောင်းချီတို့က ကောင်းကင်အထိ မြင့်တက်သွားသည်။ ရှင်းအန်းမှာ ရုတ်တရက်ဖြစ်၍ ထိတ်လန့်သွားကာ ရှေ့သို့ ကြည့်လိုက်၏။ အလွန်တရာ သိပ်သည်းထူထပ်နေသော အလောင်းချီတို့သည် အနက်ရောင်မီးခိုးလုံးကြီးများအလား အောက်ခြေမှ မြင့်တက်၍ ကောင်းကင်တွင် ပြင်းထန်စွာ လှုပ်ခတ်နေသည်ကို တွေ့လိုက်ရသည်။
ဤမျှသိပ်သည်းအားကောင်းသော အလောင်းချီမျိုး ရှင်းအန်း မမြင်ဖူးချေ။
‘ဒီလောကမှာ မိစ္ဆာ နတ်ဆိုး မကောင်းဆိုးဝါးတွေ အကုန်ပေါ်လာပြီပဲ… စုစရာ ပစ္စည်းကောင်းတွေ အများကြီး ရှိလာတော့မယ် ….’ သူ့မှာ စိတ်လှုပ်ရှားလာတော့သည်။
သူ ရှေ့သို့ တက်သွားသည့်အခါ နတ်ဘုရားတစ်ထောင်ကျော်သည် ဧရာမခေါင်းတလာကြီးကိုးခုကို တိမ်တိုက်လှည်းများနှင့် တွန်းပို့သယ်ဆောင်လာသည်ကို တွေ့လိုက်ရ၏။ ခေါင်းတလားများကို သံကြိုးများဖြင့် ချည်နှောင်ထားပြီး အရှေ့အရပ်သို့ ဦးတည်ထားကြသည်။
ချီတက်လာသော နတ်ဘုရားများအနက် အဆင့်မြင့် သိုင်းပညာရှင်များများစားစား မပါပေ။ ဧကရာဇ်ပလ္လင်အဆင့် မျက်မမြင်အဘိုးအိုကြီးတစ်ဦးနှင့် ခွန်အားက လှည့်ကြည့်စရာပင် မတန်သော အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးသာ ပါသည်။ ရှင်းအန်းအတွက် သူတို့က အရာမဝင်ချေ။
‘ခေါင်းတလားရဲ့ အရွယ်အစားအရ ဧကရာဇ်ခေါင်းတလားဖြစ်လောက်တယ်’
သူ၏နှလုံးသားမှာ လှုပ်ခတ်သွားပြီး လှည့်ကြည့်လိုက်သည်။ ဤပုဂ္ဂိုလ်များသည် လန်ဖုန်းတောင်ကြား အနောက်ဘက်ကို စောင့်ရှောက်ကာကွယ်နေသင့်သည် မဟုတ်လော။ ထိုနေရာတို့တွင် လူသားမြို့များစွာ ရှိနေသေးသည်။
‘ငါနဲ့ ဘာမှမဆိုင်ဘူး’
သူ ဧကရာဇ်ခေါင်းတလားကို သွားလုတော့မည့်အချိန်တွင် ရုတ်တရက် ခေါင်းတလားအရှေ့မှ နတ်အလင်းတန်းနှင့် မိစ္ဆာအလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ အံ့သြဖွယ်ကောင်းစွာနှင့် ကောင်းကင်နတ်ဘုံ၏ နတ်ဗျူဟာလက်ဝဲစစ်တပ်ဖြစ်ပြီး အရပ်လေးမျက်နှာမှ ပြေးဝင်လာနေကြသည်။
“၀င်္ကပါ”
အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးက ဓားကို မြှောက်ကာ အော်ဟစ်လိုက်သည်။ “ရန်သူကိုတိုက်ခိုက်ဖို့ ပြင်ဆင်ကြ…”
ထောင်သောင်းပေါင်းများစွာသော နတ်ဘုရားမိစ္ဆာများက ၀င်္ကပါများ အသီးသီး ဖွဲ့တည်လိုက်ကြသော်လည်း အလွန်တရာ စိုးရိမ်ပူပန်နေကြ၏။ သူတို့ထဲမှ တချို့မှာ ကလေးရုပ်ပင် မပျောက်ကြသေးပေ။
မျက်မမြင်အဘိုးအို ရီရှစ်ရှန်းက ဧကရာဇ်ခေါင်းတလားကိုးလုံး၏ သံကြိုးများကို ဖြည်ကာ အဖုံးဖွင့်လိုက်သည်။ သူက ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်၏။ “နောင်တော်တို့ ဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံးတိုက်ပွဲပါပဲ..”
‘နောက်ဆုံးတိုက်ပွဲ’ ဆိုသည့် စကား ကြားလိုက်ရသည့်အခါ ရှင်းအန်း ဇဝေဇဝါဖြစ်သွားသည်။ “ဒီခေါင်းတလားတွေက ချုံဧကရာဇ်ခေတ်ရဲ့ ဧကရာဇ်အခေါင်းတွေနဲ့ အရွယ်အစားတူတယ် … ဒီခေါင်းလားကိုးခုထဲမှာ ချုံဧကရာဇ်ခေတ် ကောင်းကင်နတ်ဧကရာဇ်တွေရဲ့ အလောင်းတွေများ ရှိနေတာလား… ငါ ချုံဧကရာဇ်ခေတ် ကောင်းကင်နတ်ဧကရာဇ်တစ်ပါးကို တစ်ခါမှ သိမ်းမထားခဲ့ဖူးဘူး…”
သူ ထိုသို့တွေးနေသည့် အချိန်မှာပင် သူ့ခြေထောက်ဘေးရှိ သေတ္တာသည် စိတ်လှုပ်ရှားစွာဖြင့် ခြေခြောက်ချောင်းကို ဆန့်ကားကာ သူ့ကို ထားခဲ့၍ အဖြူရောင်၀တ်ရုံနှင့် အမျိုးသမီးထံ ပြေးသွားတော့၏။
ရှင်းအန်း ကြောင်သွားသည်။ သေတ္တာသည် သခင်ကို တွေ့လိုက်ရသည့် ခွေးတစ်ကောင်နှယ် ဝမ်းသာအားရ ပြေးလွှားရင်း တောင်အောက်ပြေးဆင်းကာ အမျိုးသမီးဘေးသို့ ရောက်သွားချေပြီ။ ထို့နောက် သူမ၏ခြေထောက်များကို အလွန်တရာ ချစ်ခင်သဘောကျသော အမူအရာဖြင့် ပွတ်သပ်နေသည်။
အမျိုးသမီးသည်လည်း သေတ္တာကို မြင်လျှင် အလွန်တရာ အံ့အားသင့်ကာ ပျော်ရွှင်သွား၏။ သူမက ခါးလေးကို ကိုင်းညွှတ်လိုက်ရင်း သေတ္တာအား တယုတယ ပွတ်သပ်ပေးကာ တစ်စုံတစ်ခု ပြောလိုက်သည်။ သေတ္တာမှာ ခုန်ဆွခုန်ဆွဖြင့်် အတော်လေး ပျော်ရွှင်နေသည့်ပုံပင်။
ရှင်းအန်းလည်း သူတို့ဆီ လျှောက်သွားသည့်အခါ အမျိုးသမီးသည် ဣန္ဒြေကြီးမြတ်၍ တိတ်ဆိတ်ငြိမ်သက်သူဖြစ်ကြောင်း သတိထားမိလိုက်၏။ သူမ၏ ပုံပန်းသွင်ပြင်က နူးညံ့ချိုသာသော ဟန်ပန်ရှိပြီး နဂါး ဦးချိုသေးသေးလေးများက ဆံနွယ်များထဲတွင် ကွယ်ဝှက်နေကြသည်။
နဂါးမျိုးနွယ်မှ ဖြစ်ပေလိမ့်မည်။
“ချုံဧကရာဇ် ဓားနတ်ဘုရားလား”
ရှင်းအန်း ခေါင်းငဲ့၍ တခဏ စဉ်းစားနေမိသည်။ “မင်း ငါ့သေတ္တာနဲ့ ရင်းနှီးနေတာ အံ့ဩစရာ မရှိဘူးပဲ… ဂိုဏ်းသခင်ချင်က ငါ့ရဲ့သေတ္တာကို အသိစိတ်သွင်းပေးခဲ့ပြီး လွန်ခဲ့တဲ့ နှစ်လေးသောင်းကို အတူသွားခဲ့ဖူးတယ်လေ… အဲ့ဒီမှာ မင်းကို ငါ တွေ့ဖူးတယ် ...”
“ရှင်က ရှန်းအန်းလား”
ပိုင်ချွီအာလည်း အံ့အားသင့်နေသည်။ သူမက သေတ္တာကို ဆက်လက်ပွတ်သပ်ပေးနေရင်း ပြော၏။ “ဟုတ်ပါတယ် ချင်မူနဲ့ ကျွန်မက ဒီသေတ္တာလေးကို စီးခဲ့ရတာလေ… ကောင်းကင်နတ်ဘုံ ကျွန်မတို့ကို လိုက်ဖမ်းနေတာကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တာ ဒီသေတ္တာလေးပဲ ... သူ့ကို သိပ်ကို ကျေးဇူးတင်မိတယ်”
ရှင်းအန်းသည် ခေါင်းညိတ်ပြီး ဧကရာဇ်ခေါင်းတလားများဆီသို့ လျှောက်သွားသည်။ သူက အထဲသို့ တစ်ချက် ကြည့်လိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်တွေက သေသွားတာ ကြာလှနေပြီ…” သူက သံသယမကင်းစွာ ပြောသည်။ “အခု သူတို့က အလောင်းမိစ္ဆာအဖြစ် ပြောင်းသွားကြပြီဆိုတော့ အစွဲစိတ်က အားကောင်းလွန်းတာ နေမှာ ... အဲ့အစွဲစိတ် အားကောင်းရုံလောက်နဲ့ မင်း နတ်ဗျူဟာလက်ဝဲတပ်နဲ့ ထိပ်တိုက်တွေ့မယ်ဆိုရင် မနိုင်ဘူး … နတ်ဗျူဟာလက်ဝဲတပ်ရဲ့ အင်အားက ကောင်းကင်နတ်အရှင်တစ်ပါးနဲ့ ယှဉ်နိုင်တယ်…. မင်းရဲ့အလောင်းတွေ အစွဲစိတ် ခပ်မြန်မြန်ပဲ ပျောက်ကွယ်သွားလိမ့်မယ်… အကောင်းအတိုင်း ကျန်နိုင်ခဲ့မှာမဟုတ်ဘူး”
သူက ခေါင်းတခါခါဖြင့် ချုံဧကရာဇ်ခေတ်၏ နတ်ဘုရားတို့အား လှည့်ကြည့်လိုက်သည်။ “မင်းတို့ ဆယ့်ငါးမိနစ်ထက် ပိုပြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး… အကုန် ဒီနေရာမှာ သေကြရလိမ့်မယ်”
ခေါင်းတလားထဲတွင် ချုံဧကရာဇ်တစ်ပါး၏ အလောင်းက ထထိုင်လိုက်သည်။ သူ၏မျက်လုံးထဲတွင် တစ္ဆေမီးတောက်များ တောက်လောင်နေပြီး သူ၏ အလောင်းချီတို့က လေထဲတွင် တထောင်းထောင်း ထလာသည်။ သူက သုန်မှုန်စွာ ပြောသည်။ “ငါတို့က သေနေပြီပဲ ဘာ ကြောက်စရာလိုလို့လဲ”
ရှင်းအန်း မအောင့်နိုင်ဘဲ ရယ်လိုက်မိသည်။ “မင်းတို့ရဲ့ ဒီတိုက်ပွဲက ဘာမှအသုံးမ၀င်ဘူး… တောင့်ခံနိုင်မှာ မဟုတ်ဘူး”
ပိုင်ချွီအာသည် ရှေ့သို့တက်၍ တည်ကြည်လေးနက်စွာ တုံ့ပြန်၏။ “နတ်ဗျူဟာတပ်ဖွဲ့တွေနဲ့ ယိုတုမိစ္ဆာတပ်ဖွဲ့တွေ အလျင်စလို လာနေကြတာက ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့ဟာ စစ်တပ်ကို ဦးဆောင်ပြီး သူတို့နောက်က လိုက်ဖမ်းနေလို့ပဲ… ကျွန်မတို့ တစ်ရက်လောက် ထိန်းထားနိုင်တာနဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ခံက သူ့စစ်တပ်နဲ့အတူ ရောက်လာနိုင်လိမ့်မယ်…”
ရှင်းအန်း ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ခေါင်းရမ်းကာ ပြော၏။ “နတ်ဗျူဟာလက်ဝဲတပ်အပေါ် ငါ နားလည်ထားသလောက်ဆိုရင် မင်းတို့အားလုံး အလောင်းတောင် မကျန်ခင် ဆယ့်ငါးမိနစ်ပဲ တောင့်ခံထားနိုင်လိမ့်မယ်… မင်းတို့က ချုံဧကရာဇ်ရဲ့ ပြည်သူတွေ မဟုတ်လား …. ဘာလို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ဖို့ အသက်စွန့် တိုက်ခိုက်နေရတာလဲ…”
“ငါတို့ ကာကွယ်နေတာက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ မဟုတ်ဘူး…”
ချုံဧကရာဇ်အလောင်းတစ်ခုက ပြောသည်။ “ဒီမြေကြီး နဲ့ ဒီမြေကြီး ပေါ်မှာ ရှင်သန်နေကြတဲ့ လူတွေကို ကာကွယ်နေတာ”
ရှင်းအန်း ရင်ထဲ ထိသွားသော်လည်း ချက်ချင်းပင် ခေါင်းရမ်း၍ ပြုံးလိုက်၏။ “မင်း လုပ်နိုင်တာ ဘာမှမရှိဘူး… သက်သက်မဲ့ အသေခံနေတာပဲ… သေတ္တာ၊ သွားကြစို့”
သူ ရှေ့သို့ ဆက်လျှောက်သွားသော်လည်း သေတ္တာမှာ တွန့်ဆုတ်နေသည်။ ထို့နောက် လိုက်လာလေသည်။ သို့သော် လမ်းခုလတ်တွင် ပြန်ရပ်ကာ သူနှင့် ပိုင်ချွီအာအကြားတွင် မည်သူ့နောက် လိုက်ရမည်လဲ ဒွိဟဖြစ်နေသည်။
ရှင်းအန်း မျက်မှောင်ကြုတ်ပြီး ရပ်လိုက်သည်။ “သေတ္တာ၊ ငါ့နောက် လိုက်ခဲ့စမ်း..”
သေတ္တာသည် သူ၏ အော်သံကြောင့် သူ့ထံသို့ ခြေလှမ်းနှစ်လှမ်းမျှ လျှောက်လာ၏။ ရုတ်တရက် သေတ္တာအဖုံးက ဗြုန်းခနဲ ပွင့်လာကာ အထဲမှ ရတနာများစွာ တဝေါဝေါ ထွက်ကျလာသည်။
သေတ္တာက ကိုယ်အတွင်းတွင် ရှိသမျှအရာအားလုံးကို အန်ချပေးပြီးနောက် အဖုံးပိတ်ကာ ပိုင်ချွီအာထံ ပြန်ပြေးသွားတော့သည်။
ရှင်းအန်းမှာ ဒေါသထွက်လွန်းသဖြင့် ခပ်ရွဲ့ရွဲ့ ရယ်လိုက်မိသည်။ “မင်း ဘာလုပ်နေတာလဲ…. မင်းမှာ တိုက်ခိုက်နိုင်စွမ်းတောင် မရှိဘဲနဲ့ ထင်းစိုက်တာ ခံချင်နေတာလား… ပစ္စည်းတွေ ပြန်ထည့်ပြီး ငါ့နောက် လိုက်လာခဲ့စမ်း...”
သေတ္တာက တုတ်တုတ် မလှုပ်ချေ။
ရှင်းအန်းလည်း အမျက်ချောင်းချောင်း ထွက်သွားပြီး လက်ဝှေ့ရမ်းကာ ရတနာများအား သူ၏ကောင်းကင်ရတနာထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။ သူက နှာခေါင်းရှုံ့လိုက်သည်။ “ထားလိုက်… ငါလည်း မင်းကို ဂရုစိုက်မနေဘူး… တစ်သက်လုံး ငါတစ်ယောက်တည်း နေလာခဲ့တာ… ဘာ သူငယ်ချင်း၊ ဘာအဖော်မှ မလိုဘူး… မင်းက ငါ အပျင်းပြေဖို့ သုံးခဲ့တဲ့ သေတ္တာတစ်လုံးသက်သက်ပဲ… မင်းကို မလိုတော့ဘူး.. သူတို့နဲ့သာ အတူသေလိုက်တော့”
သူက ချာခနဲ လှည့်၍ ဆောင့်ဆောင့်အောင့်အောင့် ထွက်ခွာသွားသည်။ မနီးမဝေးသို့ ရောက်သည်နှင့် ပြန်လှည့်ကြည့်လိုက်သော်လည်း သေတ္တာသည် ပိုင်ချွီအာအား တစ်စုံတစ်ခု ပြောနေသည့်အလား အဖုံးပွင့်လိုက်ပိတ်လိုက် ဖြစ်နေသည်ကိုသာ တွေ့လိုက်ရ၏။
“ဘာသူငယ်ချင်းမှ မလိုဘူးကွ”
ရှင်းအန်း နှာမှုတ်၍ အင်္ကျီလက်စများကို ခါလိုက်သည်။ သူသည် အပူအပင်ကင်းမဲ့သည် မဟုတ်ပါလော။ “ဂိုဏ်းသခင်ချင် အသိစိတ်ထည့်ပေးခဲ့တဲ့ သေတ္တာတစ်လုံးသက်သက်ပဲ…. ဘယ်တုန်းကမှ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့တာ မဟုတ်ဘူး… ငါလား အထီးကျန်မှာ… ချုံဧကရာဇ်တွေရဲ့ သောက်ရေးမပါတဲ့ တရားမျှတမှုကြောင့် အသေမခံဘူးကွ… ဟားဟားဟား”
သူက တဟားဟား ရယ်မောလျက် ထွက်ခွာသွားတော့သည်။
မကြာမီ ရှင်းအန်းတစ်ယောက် ကျောက်တုံးကြီးပေါ်တွင် မေးထောက်လျက် ထိုင်နေသည်။ သေတ္တာက သူ့အနောက်မှ လိုက်မလာသေးပေ။
တစ်ခဏကြာသော် ရှင်းအန်းကား မည်းမှောင်ပုပ်သိုးနေသော မျက်နှာကြီးဖြင့် ပိုင်ချွီအာဘေးတွင် ရပ်နေချေပြီ။ သေတ္တာက သူ့ခြေထောက်အား သဘောကျစွာ ပွတ်သပ်နေသည်။
ရှင်းအန်၏ မျက်နှာကြီးက မှိုင်းညှို့နေ၏။ “လာမထိနဲ့… မင်းကို ဘယ်သူက စိတ်ပူလို့လဲ.. လာမထိနဲ့ဟ… အေး ပြီးရော… ရတနာတွေ သိမ်းထားခွင့် ပြန်ပေးလိုက်မယ်… ငါ့ လာမထိနဲ့လို့ ပြောနေတယ်… မင်းကို ဘယ်သူကများ စိုးရိမ်တယ် ပြောမိလို့လဲ..”
အရှေ့တွင် နတ်ဗျူဟာလက်ဝဲတပ်နှင့် မိစ္ဆာစစ်တပ်တို့က ပိုပို၍ နီးကပ်လာနေသည်။ ချုံဧကရာဇ်နတ်ဘုရားများ အတော်လေး စိုးရိမ်ပူပန်နေကြ၏။ သူ့ဘေးရှိ တပ်မှူးတစ်ယောက်က မျက်နှာဖုံး ချွတ်ကာ အနည်းငယ် ရှက်အမ်းအမ်း ပြုံးပြလိုက်သည်။ “ကျွန်တော့်နာမည်က လော့ရှုပါဗျ… မိုးကုပ်စက်ဝန်းထက်က ထွန်းတောက်လာတဲ့ နေလေး ဆိုပြီး မှည့်ထားတာ... ကျွန်တော့်အမေက သမီးလေး လိုချင်ပေမယ့် ကျွန်တော့်ကို မွေးခဲ့လို့ ဒီနာမည်ဖြစ်နေတာဗျာ … ပြီးခဲ့တဲ့ နှစ်နှစ်တုန်းကမှ နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာ အစ်ကိုကြီးရှင်းအန်းရဲ့ … ကျွန်တော့်နာမည်က ထူးဆန်းသလို အစ်ကိုကြီးနာမည်ကလည်း ထူးဆန်းတာပဲနော်…. တစ်လှေတည်း စီးနေသလို ခံစားရတယ်ဗျာ…. အစ်ကိုကြီး စိတ်မလှုပ်ရှားဘူးလားဗျ…”
ရှင်းအန်း၏ မျက်နှာကြီးက တောင့်တင်းနေ၏။ သူသည် သူစိမ်းများနှင့် စကားပြောရသည်ကို အသားမကျပေ။
“နောက်ပိုင်းတော့ ညီမလေးတစ်ယောက် ရခဲ့ပေမယ့် နာမည်ကတော့ ပြောင်းမသွားပါဘူးဗျာ… မိန်းကလေးနာမည်နဲ့မလို့လည်း လှောင်ခံခဲ့ရသေးတယ်… ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူတို့ ကျွန်တော့်ကို မလှောင်ရဲတော့ပါဘူး…”
လော့ရှုက ယုံကြည်ချက် အပြည်ဖြင့် ပြုံးလိုက်သည်။ “ကျွန်တော် မကြောက်ဘူး … ဒီတိုက်ပွဲမှာ ယောက်ျားသားတစ်ယောက်လို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့တာကို သူတို့ဆီ ပြန်ပြောပြမယ်”
ရှင်းအန်က တစ်ဖက်သို့ မျက်နှာလွှဲသွားသည်။
နောက်ဆုံးတွင် နတ်ဗျူဟာလက်ဝဲတပ် ရောက်လာသည်။ ချုံဧကရာဇ်တို့၏ အလောင်းများက ကောင်းကင်သို့ ပျံတက်သွားကြပြီး ရီရှစ်ရှန်းလည်း ပျံတက်သွား၏။ သူက ချုံဧကရာဇ်အလောင်းကိုးခုနှင့်အတူ ၀င်္ကပါတစ်ခု ခင်းကျင်းကာ နတ်ဗျူဟာလက်ဝဲတပ်ကို ကြိုဆိုလိုက်သည်။
ဝုန်း….
နှစ်ဖက်လုံး ၀င်တိုက်သွားကြ၏။ နတ်ဗျူဟာလက်ဝဲတပ်မှူး ယိုပြန့်ကျွင်းက ချုံဧကရာဇ်ခေတ် ကောင်းကင်နတ်ဧကရာဇ်ဟောင်းများကို တွေ့လျှင် ဟားတိုက်ရယ်သည်။ “သေသွားတဲ့ ချုံဧကရာဇ် ခေတ် ကောင်းကင်နတ်ဧကရာဇ်တွေပေါ့လေ… ဗြဟ္မဗုဒ္ဓ့ကိုတောင် ငါ သတ်ခဲ့တာ… အလောင်းတွေကများ ငါ့ နတ်ဗျူဟာတပ်ကို လမ်းပိတ်ချင်နေတယ်ပေါ့…”
မိစ္ဆာစစ်တပ်က နတ်ဗျူဟာလက်ဝဲတပ်၏ တစ်ဖက်တစ်ချက်မှ နေ၍ ဒီရေလှိုင်းများအလား တဝုန်းဝုန်း ပြေး၀င်လာသည်။ ပိုင်ချွီအာက သူမ၏ နတ်ဓားကို အသက်သွင်းကာ အော်ဟစ်လိုက်သည်။ “အပေါ်ကနေ တားကြ”
လော့ရှုမှာ စိတ်လှုပ်ရှားလွန်းစဖြင့် မျက်နှာ နီရဲနေသည်။ သူက အခြားစစ်သည်တော်များအနောက်မှ ပြေးလိုက်သွားပြီး သံကုန်ဟစ်ကြွေးလိုက်သည်။ “သေတဲ့အထိ တိုက်ခိုက်ကြစို့…”
နှစ်ဖက်လုံး၏ စစ်တပ်ကြီးများ တဒုန်းဒုန်း ၀င်တိုက်သွားကြ၏။ မိစ္ဆာနတ်ဘုရားများသည် သန်မာထွားကြိုင်းသော ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားကြပြီး အတိုက်အခိုက်စွမ်းရည်ကလည်း အံ့ဩမှင်သက်ဖွယ် ကောင်းလွန်းသည်။ ချုံဧကရာဇ်နတ်ဘုရားတစ်၀က်ကျော်မှာ ချက်ချင်း အသတ်ခံလိုက်ရချေပြီ။
ရှင်းအန်းက မှင်သေသေ မျက်နှာအမူအရာဖြင့် သေတ္တာအား ခပ်တိုးတိုး ပြောသည်။ “သူတို့နဲ့အတူ ပြေးလိုက်မသွားနဲ့… ငါ့နားမှာပဲ နေ”
သူ့စကားဆုံးသည်နှင့် ဦးခေါင်းတစ်လုံး ဒုတ်ခနဲ ပြုတ်ကျလာပြီး သူ့ခြေထောက်နားသို့ လိမ့်လာသည်။ ဤသည်ကား စောစောက လော့ရှုဟု ခေါ်သော နတ်ဘုရားငယ်၏ ဦးခေါင်းပင် ဖြစ်ချေသည်။
လော့ရှုသည် ပြူးကျယ်နေသော မျက်လုံးများဖြင့် ကောင်းကင်အား အသက်မပါစွာ စိုက်ကြည့်နေ၏။
ရှင်းအန်းမှာ နှလုံးသားအား ဖြစ်ညှစ်လိုက်သလို တုန်လှုပ်သွားပြီး အကြည့်လွှဲလိုက်မိသည်။ “တောက်… ဘာလို့ မျက်ရည်တွေ ကျလာတာတုန်းကွာ…”
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ပတ်ပတ်လည်တွင် မိစ္ဆာများ လှုပ်ရှားတိုက်ခိုက်နေကြ၏။ မိစ္ဆာနတ်ဘုရားတို့၏ မျက်နှာများက ပုံပျက်၍ ဝိုးတဝါး ဖြစ်နေကြသည်။
ရှင်းအန်းက လော့ရှု၏ မျက်၀န်းများထဲသို့ စိုက်ကြည့်လိုက်၏။ လူငယ်၏ ကြည်လင်တောက်သော မျက်လုံးများမှာ တဖြည်းဖြည်း မှိန်လျော့ရီဝေလာချေပြီ။
“ငါ…”
ရှင်းအန်း၏ လည်စလုတ်က ခက်ခက်ခဲခဲ လှုပ်ရှားသွား၏။ သေတ္တာက ရုတ်တရက် သူ့ကို ထားခဲ့ပြီး မိစ္ဆာအုပ်ထဲ ပြေး၀င်သွားတော့သည်။
“ငါက သူတော်စင် တန်ခိုးရှင် မဟုတ်ဘူးကွ…” ရှင်းအန်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည့်အခါ သေတ္တာက ရုတ်တရက် ပွင့်သွားသည်။
ရှင်းအန်းသည် ကြောက်မက်ဖွယ်ရာ အရှိန်အဝါအား ထုတ်လွှတ်လျက် လေပေါ် ပျံတက်လိုက်၏။ ထိတ်လန့်ကြောက်စရာကောင်းသော ရတနာမျိုးစုံလည်း သေတ္တာထဲမှ ထွက်လာကြသည်။
ဝုန်း….
တုန်လှုပ်ချောက်ချားဖွယ်ရာ တုန်ခါလှိုင်းတစ်ခု ပျံ့နှံ့လာပြီး မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများ လွင့်ထွက်သွားကြသည်။ ရှင်းအန်းကား တစ်လောကလုံးတွင် ကြောက်စရာအကောင်းဆုံးသော မိစ္ဆာနတ်ဘုရားပမာ အားလုံးကို လိုက်လံသတ်ဖြတ်နေချေပြီ။
တစ်ရက်ကြာပြီးနောက် ကျန်းပိုင်ကွေ့က စစ်တပ်ကို ဦးဆောင်၍ အလောတကြီး ရောက်ချလာသည်။ မိုင်ထောင်ပေါင်းများစွာ အ၀န်းရှိသည့် ဧရိယာမှာ ပြားပြားဝပ် ပျက်စီးနေပြီး အလောင်းများ နေရာတိုင်းတွင် ပုံနေကြသည်။ နတ်ဗျူဟာလက်ဝဲတပ်နှင့် ယိုတုမိစ္ဆာတပ်ရှိ စစ်သည်တော်အားလုံးနီးပါး သေဆုံးနေချေသည်။
ရှင်းအန်းက သေတ္တာပေါ်တွင် ထိုင်နေပြီး သူ့ဘေးတွင် အဖြူရောင်ဝတ်ရုံတစ်ခုလုံး သွေးများစိုရွှဲနေသည့် အမျိုးသမီးတစ်ဦးမှာ ဓားကိုင်ကာ အသက်ပြင်းပြင်း ရှူသွင်းနေသည်။ ဧကရာဇ်ကိုးပါးအလောင်းဘေးတွင်တော့ မျက်ကန်းအဘိုးအို တစ်ယောက်တည်း ရပ်နေသည်။
ချုံဧကရာဇ်ကိုးပါး သေဆုံးသွားကြပြီဖြစ်ပြီး သူတို့၏ အစွဲစိတ်သည်လည်း ပျောက်ကွယ်သွားလေပြီ။