အဆုံးသတ်တော့မယ်
Vol. 134 Ch. 1725
“ခင်ဗျားက ရှင်းအန်းပဲ”
ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့က ချုံဧကရာဇ်ဓားနတ်ဘုရား ပိုင်ချွီအာကို ဦးစွာ နှုတ်ဆက်လိုက်သည်။ ထို့နောက်မှသာ ရှင်းအန်းအရှေ့သို့ လျှောက်လာ၏။ သူက အကဲခတ်ကြည့်လိုက်သည်။ “ချုံဧကရာဇ်ဓားနတ်ဘုရားကို ကူညီပြီး နတ်ဗျူဟာလက်ဝဲတပ်ကို ချေမှုန်းခဲ့တာလား”
ရှင်းအန်း ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာဗလပွဖြင့် စုတ်ပြတ်သပ်နေသည်။ သို့သော် ရှင်းအန်းသည် နာကျင်မှုကို ခံစားသည့်စိတ်မရှိပေ။ တစ်ကိုယ်လုံးကို ဖြတ်ဆက်ထားသူ ဖြစ်သည့်အလျောက် နာကျင်မှုအား ခံစားနိုင်စွမ်းသည်လည်း မရှိတော့သည့်မှာ ကြာခဲ့ချေပြီ။
အမှန်တွင် လူသားဆန်သည့် စိတ်ပင် ပျောက်နေတတ်၏။
နှစ်ငါးရာမှ တစ်ခါသာ ပေါ်လာတတ်သည့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပါရမီရှင်နှစ်ဦး မျက်နှာချင်းဆိုင်နေကြသည်။ ရှင်အန်းက ကျန်းပိုင်ကွေ့ကို အကဲခတ်နေသည်။ ကျန်းပိုင်ကွေ့၏ မျက်နှာသည် သူကိုယ်တိုင်နှင့်ပင် အနည်းငယ် ဆင်တူနေသလို သတိထားမိသဖြင့် သူ့ရင်ထဲတွင် မုန်းတီးမှုကို ခံစားလိုက်ရသည်။
ဤမုန်းတီးမှုမှာ ကျန်းပိုင်ကွေ့၏ ဉာဏ်ပညာထုံမွှမ်းလျက် တဖိတ်ဖိတ် တောက်ပနေသော မျက်လုံးများနှင့် အမြော်အမြင်ရှိမှုအပေါ် အခြေခံသည်။ ရှင်းအန်းသည်လည်း ၎င်းတို့ကို ပိုင်ဆိုင်ထား၏။ သို့သော် လျှောက်သည့် လမ်း မတူပေ။
“မင်း နောက်ကျတယ်... ငါ ဒီတိုက်ပွဲကို မင်းအစား တိုက်ခိုက်ခဲ့ရတယ်” ရှင်းအန်းက မှင်သေသေ ပြောပြီးနောက် အကြည့်လွှဲလိုက်သည်။
ကျန်းပိုင်ကွေ့ ခေါင်းညိတ်သည်။
“အခု ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဟာ စစ်မီးလောင်ကျွမ်းနေပြီဆိုတော့ တစ်လောကလုံးမှာ မငြိမ်းချမ်းဆုံးနေရာ ဖြစ်နေခဲ့ပြီ... ရှင်းအန်း၊ ခင်ဗျားရဲ့ စွမ်းရည်တွေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်တာဟာ ခင်ဗျားရဲ့ အနာဂတ် ၊ ခင်ဗျားရဲ့ တာအိုအမွေအနှစ်ကို ကာကွယ်တာနဲ့ အတူတူပဲ”
ကျန်းပိုင်ကွေ့လည်း သူ၏အကြည့်ကို လွှဲလိုက်ပြီး ရှင်းဟန်၏ ဘယ်ဘက်သို့ သွားကာ သူနှင့် ပခုံးချင်းယှဉ် ရပ်လိုက်သည်။ သို့သော် သူတို့နှစ်ဦးမှာ ဆန့်ကျင်ဘက်အရပ်သို့ မျက်နှာမူထားကြသည်။ သူက ဆက်ပြောသည်။
"ကောင်းကင်နတ်ဘုံ ရှုံးမှာ သေချာတယ်... အနာဂတ်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ကမ္ဘာဦးဘုံ တစ်ခုလုံးနဲ့ ကောင်းကင်ဘုံတွေ၊ လောကတစ်သောင်းဆီ ပျံ့နှံ့သွားမှာပဲ... ခင်ဗျား လုပ်ဆောင်နိုင်တာတွေ အများကြီး ရှိပါသေးတယ်"
“မင်းက သူတော်စင် တန်ခိုးရှင် … ငါကတော့ မဟုတ်ဘူး…”
ရှင်းအန်းက ခေါင်းခါကာ ခြေရင်းရှိ သေတ္တာအား ကန်လိုက်သည်။ “ငါက တာအိုရှာဖွေသူ တစ်ယောက်ပဲ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာပဲ နိုင်နိုင် ကောင်းကင်နတ်ဘုံပဲနိုင်နိုင် ငါ ဆက်ရှင်သန်နိုင်သေးတယ်… ငါ့နှလုံးသားထဲမှာ ကျန်နေသေးတဲ့ ဒီလူ့စိတ်ကို သိပ်မုန်းမိတယ် ... အဲဒီစိတ်ကြောင့် ဆင်ခြင်တုံတရားမဲ့တဲ့ အပြုအမူတွေ လုပ်မိတယ်... ဒီတစ်ခေါက်ဆိုရင် ငါ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ စုဆောင်းမှုတွေအားလုံး ဖျက်ဆီးပစ်မိတော့မလို့ပဲ... ဒီအမှားမျိုးကို ငါက ရူးနေလို့ ဒုတိယအကြိမ် ထပ်လုပ်ရမှာလား. .. မင်း ရောက်လာပြီဆိုတော့ ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ထွက်သွားတော့မယ်... ကမ္ဘာဦးဘုံကနေ ထွက်သွားပြီး အခြေချဖို့ တခြားနေရာ ရှာမယ်"
“သူတော်စင် တန်ခိုးရှင်တဲ့လား...”
ကျန်းပိုင်ကွေ့ ရယ်မောလိုက်သည်။ “နှစ်ငါးရာမှာ တစ်ခါ ပေါ်တယ်ဆိုတဲ့ ပါရမီရှင် ဆိုတာက အဲဒီကာလအတွင်း မွေးဖွားလာတဲ့ အမြင့်ဆုံး ဉာဏ်ပညာရှိသူ၊ ဉာဏ်အကောင်းဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို ဆိုလိုတာ... ခင်ဗျားနဲ့ ကျွန်တော့်လို လူတွေက သက်ဆိုင်ရာ နှစ်ငါးရာစီရဲ့ ဉာဏ်အကောင်းဆုံးသူတွေပဲ.... ခင်ဗျား အတိတ်ကို နှစ်တစ်သန်းလောက် ပြန်သွားကြည့်သည်ဖြစ်စေ၊ အနာဂတ်ကို နှစ်တစ်သန်းလောက် ရှေ့ဆက်သွားသည်ဖြစ်စေ ကျွန်တော်တို့ဟာ အသက်ရှင်ခဲ့သမျှထဲမှာ ဉာဏ်အကောင်းဆုံး လူတစ်စုထဲမှာ ပါဝင်နေဦးမှာပဲ"
ရှင်းဟန်က သူ့ကို လှည့်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အနည်းငယ် တွေဝေဟန်များ ဖြတ်ပြေးသွားသည်။ "ဒါဆို မင်း ဒါကို နားလည်တာပေါ... မင်းကိုယ်မင်း သူတော်စင် တန်ခိုးရှင်လို့ သတ်မှတ်ထားတယ် ထင်နေတာ... မင်း နားလည်မှတော့ ဒီလောကကြီးမှာ ငါတို့ အလေးထားရလောက်တဲ့လူ သိပ်မရှိတာကိုလည်း သိသင့်တယ်... လောကကြီးက အရူးတွေနဲ့ ပြည့်နေတာ...
“ဒါကြောင့်ပဲ ငါတို့က သူတို့နဲ့ မတူတဲ့ ဂြိုလ်သားတွေလို ဖြစ်သွားတာပဲ... တခြားသူတွေအတွက်တော့ ငါတို့က လူထူးဆန်းတွေလေ... ငါတို့ကိုယ်ငါတို့တော့ ပုံမှန်လို့ ထင်ပေမဲ့ သူတို့ကတော့ သူများတွေကတော့ လူစိတ်မရှိဘူး မြင်ကြတယ် ... တကယ်တမ်း လူစိတ်ဆိုတာ မိုက်မဲခြင်းရဲ့ သက်သေထက် မပိုဘူး"
ကျန်းပိုင်ကွေ့က လှည့်လာသဖြင့် နှစ်ယောက်လုံး မျက်နှာချင်း ဆိုင်သွားကြသည်။
“ဒါပေမဲ့ ဒီလောကမှာ သူတော်စင် တန်ခိုးရှင်တွေ ရှိတယ်”
ကျန်းပိုင်ကွေ့က ပြော၏။ "သူတော်စင် တန်ခိုးရှင် ဖြစ်ခြင်းဆိုတာ မွေးဖွားလာမှုအပေါ်မှာ မူမတည်ဘဲ လူတစ်ယောက်ရဲ့ စကားနဲ့ အပြုအမူအပေါ်မှာ မူတည်တယ်... ကျွန်တော်က နှစ်ငါးရာမှာ တစ်ခါမွေးတဲ့ သူတော်စင်တန်ခိုးရှင် မဟုတ်ချင် မဟုတ်မယ်၊ ဒါပေမဲ့ သူတော်စင် တန်ခိုးရှင်တစ်ယောက် ဖြစ်အောင် လုပ်နိုင်တယ်"
ရှင်းအန်းက ကျယ်လောင်စွာ ရယ်မောပြီး ခေါင်းခါလိုက်သည်။ "အသိသည် အလုပ်၊ အလုပ်သည် အသိ ဆိုတဲ့ဟာမလား.... သူတော်စင်တန်ခိုးရှင် ဖြစ်လို့ရော မင်းအတွက် ဘာအကျိုးရှိလို့လဲ... မင်းကို တာအိုရအောင် ကူညီနိုင်လို့လား... မသေအောင် ကာကွယ်ပေးနိုင်လို့လား... မင်းက ငါနဲ့ မတူဘူး ... ငါက မင်းထက် ပိုလွတ်လပ်တယ်...ကိုယ့်အသက်ကို ကာကွယ်ဖို့ နည်းလမ်းတွေလည်း အများကြီး ပိုရှိတယ်"
ကျန်းပိုင်ကွေ့ ပြုံးလိုက်သည်။ "ကျွန်တော်က ထာဝရရှင်သန်ခြင်းသုံးမျိုး ဖြည့်ဆည်းပြီးပြီ .... တစ်မျိုးက ဉာဏ်အလင်းပြနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေကို ချန်ရစ်ခဲ့ခြင်းပဲ... အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာက လောကတစ်ခွင်ကို ပညာရေး ဖြန့်ကျက်ပေးနေတယ်... ဒါမှ လူတွေ အသိပညာမဲ့ မဖြစ်တော့မှာ၊ ထစ်ခနဲရှိ နတ်ဘုရားတွေကို ကိုးကွယ်မနေတော့မှာ ... ပညာတတ်လာရင် သူတို့တွေဟာ 'ဘာလဲ' ဆိုတာ သိရုံတင် မကဘဲ 'ဘာကြောင့်လဲ' ဆိုတာကိုပါ သိလာပြီး ကြောက်စိတ်တွေ ကင်းမဲ့သွားကြလိမ့််မယ်
“ဒုတိယတစ်မျိုးဟာ ကောင်းမွန်တဲ့ ကိုယ်ကျင့်သိက္ခာ တည်ဆောက်ခြင်း .... ဒါဟာ အသိပညာကို တည်ထောင်တာ၊ နားလည်မှုနဲ့ အသိဉာဏ်ကို ဖြန့်ဝေတာလို့ ဆိုလိုတယ်... ရုပ်ခန္ဓာဟာ အပုပ်ကောင်ကြီးမလို့ ဆွေးမြေ့ပျက်စီးသွားနိုင်တယ် ... မူလဝိညာဉ်ဆိုတာလည်း ပျက်သုဉ်းသွားနိုင်တယ်... ဒါပေမဲ့ ကိုယ်ကျင့်သိက္ခာကောင်းမွန်တဲ့ ပညာရှိ စကားလုံးတွေက ထာဝစဉ် တည်တံ့နိုင်တယ်... ပညာရှိတဲ့ စကားလုံးတွေကနေ တစ်ဆင့် မှန်ကန်စွာ ပြုမူဆောင်ရွက်နိုင်စွမ်း ရှိလာတယ်...
“တတိယတစ်မျိုးကတော့ ကောင်းမှုတည်ဆောက်ခြင်း.... ဒါက ကျွန်တော် အခု လုပ်နေတဲ့အရာပဲ... လမ်းစဉ်၊ တာအိုတွေကို မြှင့်တင်ပေးတာကတော့ အကြီးမားဆုံး ကောင်းမှုပေါ့... စီးပွားရေးနဲ့ စစ်ရေးကို တိုးချဲ့တာ၊ သတ္တဝါတွေကို တိုးတက်လာအောင် လမ်းဖွင့်ပေးတာတွေလည်း ကောင်းမှုတွေပဲ .... ကောင်းကင်နတ်ဘုံကို ဖျက်ဆီးပစ်တာလည်း ကောင်းမှုပဲ...
“ဒီ သုံးမျိုး ပြီးရင် ကျွန်တော် တာအို ရလိမ့်မယ်"
ရှင်းအန်းက သူ၏ အတွေးအခေါ်များကို တိတ်ဆိတ်စွာ နားထောင်နေသည်။ တခဏကြာပြီးနောက် သူက ပြော၏။ “လောကမှာ ငါတို့လို လူစားမျိုး နည်းတယ် … မင်းကို လေးစားပေမယ့် သဘောမတူဘူး…. ငါ့ကို တားစရာမလိုသလို မင်း တားလည်း မတားနိုင်ဘူး… ငါ သွားတော့မယ်”
သူ အဝေးသို့ လျှောက်သွားသည်။ သေတ္တာက ပိုင်ချွီအာ၏ ဘေးသို့ ရောက်လာ၏။ ၎င်းက သူမ ခြေထောက်ကို ပွတ်၍ နှုတ်ဆက်ပြီးနောက် ရှင်းအန်းအနောက်သို့ တဗြန်းဗြန်း မြည်သံများဖြင့် ပြေးလိုက်သွားတော့သည်။
ကျန်းပိုင်ကွေ့က သူ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် အကြည့်ရုတ်လိုက်၏။ “အစ်မတော်ပိုင်၊ ချုံဧကရာဇ်စစ်သည်တော်တွေဟာ သိပ်ကို လေးစားစရာပါ… လာမယ့်စစ်ပွဲတွေအတွက် အစ်မတော်ကို အနှောင့်အယှက် မပေးတော့ပါဘူး…”
ပိုင်ချွီအာ ခေါင်းခါသည်။ “ဒါက ချုံဧကရာဇ်ဟောင်းတွေရဲ့ စိတ်ဆန္ဒပါ… ငါ့ရဲ့ ဆန္ဒလည်း ဟုတ်တယ်”
ကျန်းပိုင်ကွေ့သည် သူမ၏ ရည်ရွယ်ချက်ကို ခံစားရသဖြင့် ဖြောင်းဖျရန် မကြိုးစားတော့ပေ။ “ဒါဆိုရင် ချက်ချင်းပဲ ချီတက်ကြတာပေါ့…”
ရီရှစ်ရှန်းက ဧကရာဇ်ကိုးပါးအား ခေါင်းတလာားများအတွင်း ပြန်ထည့်နေသည်။ သူ၏နောင်တော်ဧကရာဇ်များ ခေါင်းတလားများထဲ ပြန်ရောက်လျှင် ခေါင်းတလားမိစ္ဆာများအဖြစ် ပြန်ပြောင်းသွားမည်ကို မျှော်လင့်နေသည့်အလားပင်။ သို့သော် မဖြစ်နိုင်ပေ။
“ဧကရာဇ်အတိုင်ပင်ခံ၊ လန်ဖုန်းတောင်ကြားကို သွားဖို့ စီစဉ်ထားတာလား” ပိုင်ချွီအာက မေးသည်။
ကျန်းပိုင်ကွေ့ ခေါင်းခါရမ်းလိုက်သည်။ “လန်ဖုန်းတောင်ကြားကို ဆရာတန်ခိုးရှင်သစ်ခုတ်သမားက ခုခံကာကွယ်နေပါတယ်… သူ့ရဲ့ ဉာဏ်ရည်က ကျွန်တော့်ထက် မြင့်မားတာမလို့ ကာကွယ်နိုင်လိမ့်မယ်…. အခြေအနေကို ပြောင်းလဲပေးမယ့် တကယ့်စစ်ပွဲက လန်ဖုန်းတောင်ကြားမှာ မဟုတ်ဘူး ရွှမ်တုမှာပဲ…”
သူက ခေါင်းမော့ကြည့်လိုက်သည်။ ကောင်းကင်ရှိ မရေမတွက်နိုင်သော နေလုံးများမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ဝေးရာတွင် တည်ရှိနေကြ၏။ သို့ထိတိုင် လေထုက နှိုင်းယှဉ်၍မရနိုင်အောင် ပူလောင်နေသေးသောကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ နေရာတချို့မှာ မီးလောင်ပြာကျနေကြသည်။
ထိုနေလုံးများက မီးအိမ်ကြီးများကဲ့သို့ လှည့်ပတ်နေကြသည်။ ၎င်းတို့သည် ကောင်းကင်နတ်အရှင်ယွဲ့ နှင့် လန်ဝူတို့ အတတ်နိုင်ဆုံး တွန်းလှန်တိုက်ခိုက်ပေးခဲ့ကြသည့် ရွှမ်တုမှ နေစောင့်ရှောက်သူများနှင့် လစောင့်ရှောက်သူများ ဖြစ်ကြ၏။ သို့သော် ယွဲ့နှင့် လန်ဝူမှာ အင်အားကြီးမားလှသော နေ,လ စောင့်ရှောက်သူများအား ကြာမြင့်စွာ ခုခံမထားနိုင်ခုဲ့ချေ။
“ယိုတုက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့လက်အောက် ရောက်နေပြီ.. ရွှမ်တုလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ လက်ထဲ ရောက်မယ်ဆိုရင် အခြေအနေက သတ်မှတ်ပြီးသား ဖြစ်သွားလိမ့်မယ်..”
ကျန်းပိုင်ကွေ့က ရှင်းပြသည်။ “လန်ဖုန်းတောင်ကြား အနိုင်ရမယ်ဆိုရင်တောင် သေးငယ်တဲ့ နိုင်ပွဲတစ်ခုပဲ ဖြစ်မှာ.. ကျွန်တော့် ရည်ရွယ်ချက်က ကောင်းကင်နတ်ဘုံရဲ့ တိုက်စစ်ကို ခုခံဖို့ မဟုတ်ဘူး… ကောင်းကင်နတ်ဘုံကို အမြစ်ဖြုတ်ဖို့ပဲ... ရွှမ်တုက သိပ်ကို အရေးကြီးတယ်… ရွှမ်တုနဲ့ ယိုတု ရှိနေရင် ခံစစ်နဲ့ တိုက်စစ်က ပြောင်းလဲသွားလိမ့်မယ်...”
ရှင်းအန်းက သေတ္တာကို အနီးရှိ စွမ်းအင်အကူးအပြောင်းတံတားတစ်စင်းဆီသို့ ခေါ်လာသည်။ သေတ္တာကို စကားပြောနေသော်လည်း သူ့ကိုယ်သူ နားချနေသယောင် ထင်ရသည်။ “ကမ္ဘာဦးဘုံက ငါ့အတွက် မသင့်တော်ဘူး… အခု ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ထိုက်ချူက ငါ သေသွားပြီလို့ ထင်သွားကြပြီ… ဂိုဏ်းသခင်ချင်ကိုလည်း ကျေးဇူးကြွေး ပြန်ဆပ်ပြီးပြီ… ကျယ်ပြောလှတဲ့ ကောင်းကင်နဲ့ မြေကြီးတခွင် ငါ လွတ်လွတ်လပ်လပ် သွားနိုင်ပြီ.. ဘယ်သူ့အပေါ်မှ အကြွေးတင်မနေဘူး…”
သေတ္တာက သူ့အနောက်မှ လိုက်၍ သူ့ကို စကားပြန်ပြောနေသည့်အလား အဖုံးပိတ်လိုက် ပွင့်လိုက် ဖြစ်နေသည်။
“တခဏလေး ဒေါသထွက်သွားတာနဲ့ တစ်ဘ၀လုံး စုဆောင်းထားတာတွေ ပျောက်ကွယ်သွားရတယ်… မင်းရဲ့ နှလုံးသားလည်း နာကျင်နေတယ်မဟုတ်လား” ရှင်းအန်း ပြုံးလိုက်၏။
သူတို့နှစ်ယောက်သား ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စွမ်းအင်အကူးအပြောင်းတံတားမှတစ်ဆင့် အခြားကောင်းကင်ဘုံများဆီသို့ ရောက်လာသည်။ ရှင်းအန်းမှာ ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်များက ကြက်ကလေး ငှက်ကလေးများအလား ဖမ်းဆီးနေကြသောကြောင့် လူသားများ အသက်လု ပြေးလွှားနေကြရလေသည်။ ပိုင်ဆိုင်မှုတို့ကိုလည်း လုယက်နေကြသဖြင့် ဗြောင်းဆန်ရှုပ်ပွနေကြသည်။
ရှင်းအန်းမှာ ကောင်းကင်ဘုံဆယ်ဘုံကျော်အထိ ဖြတ်သန်းလာခဲ့သော်လည်း မျက်ခုံးများ ပို၍ပင် တွန့်ချိုးလာသည်။ ထိုကောင်းကင်ဘုံများသည် သူ လေ့လာသင်ယူရန် မသင့်တော်တော့ပေ။
ပြေးလွှားနေသော တချို့သူများသည် ချောင်ကျဝေးလံသော ကောင်းကင်ဘုံများဆီ ထွက်ပြေးကုန်ကြပြီး တချို့ဆိုလျှင် ကမ္ဘာဦးဘုံသို့ပင် ထွက်ပြေးနေ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ပူးပေါင်း၍ ကောင်းကင်နတ်ဘုံကို တွန်းလှန်ရန် မဟာမိတ်ဖွဲ့ကြသော နတ်ဘုရားမိစ္ဆာများစွာပင် ရှိကြသည်။
ရှင်းအန်းမှာ တစ်လောကလုံး၏ အခြေအနေကို စိတ်မဝင်စားခဲ့သော်လည်း ဤအခိုက်အတန့်တွင် အမှန်ကို မြင်နေရလေပြီ။
‘ကျန်းပိုင်ကွေ့က တကယ်ကို ပြီးခဲ့တဲ့ နှစ်ငါးရာအတွင်း ဉာဏ်အကောင်းဆုံး ပုဂ္ဂိုလ်ပဲ…. လောကရဲ့ အခြေအနေကို မြင်နိုင်တယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ လုပ်ရပ်တွေက လူသားနှလုံးသားတွေကို လုံး၀ဖျက်ဆီးပစ်လိုက်ပြီ… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဟာ လူသားတွေရဲ့ နှလုံးသား ဖြစ်လာပြီ… အချိန်ကြာလာတာနဲ့အမျှ အင်အားက ပိုပိုပြီး ကြီးထွားလာတော့မယ် … ကောင်းကင်နတ်ဘုံ မကြာခင် ဖျက်ဆီးခံရတော့မယ်…”
သူ၏ မျက်ဝန်းများသည် တောက်ပနေပြီး သူ့ခြေလှမ်းများက ဘိုးဘေးနန်းတော်ဆီသို့ လျှောက်သွားသည်။ ‘ကျန်းပိုင်ကွေ့ သူတော်စင် တန်ခိုးရှင်တစ်ယောက် ဖြစ်လာနိုင်သလို၊ ငါလည်း သူ့ထက် ဆိုးရွားမနေဘူး…’ သူက စိတ်ထဲမှ တွေးနေသည်။ ‘ငါ ကောင်းကင်နတ်ဘုံက နတ်ဘုရားမိစ္ဆာတွေကို နှံ့နှံ့စပ်စပ် လေ့လာပြီး ဦးနှောက်မျိုးစုံ စုဆောင်းခဲ့ပြီးပြီ…. ကောင်းကင်နတ်ဘုံမှာ ဆက်နေစရာ မလိုတော့ဘူး… အခု ငါ့အတွက် သိပ်ဆွဲဆောင်မှု ရှိတဲ့နေရာက တစ်ခုပဲ ကျန်တယ်…”
ရှင်းအန်းသည် ကြယ်တာရာကောင်းကင်တွင် လမ်းလျှောက်နေ၏။ ရှုရှန်းဟွာနှင့် လက်မတင်ကလေး လွဲသွားခဲ့သောကြောင့် ဘိုးဘေးနန်းတော်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှုများအကြောင်း မသိချေ။
သူ သိခဲ့လျှင်တောင်မှ နောက်ဆုတ်မည် မဟုတ်။ ပို၍ပင် ၀မ်းသာနေပေလိမ့်မည်။
ရှုရန်းဟွာက ချင်မူ့ခေါင်းတလားကို သယ်၍ ကြာမြင့်စွာ ခရီးနှင်ခဲ့ရပြီး လန်ဖုန်းတောင်ကြားတိုက်ပွဲ၏ ကြေကွဲဖွယ်အကောင်းဆုံး အခိုက်အတန့်တွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာခဲ့သည်။
လန်ဖုန်းတောင်ကြားမှာ သွေးချောင်းစီးနေသော စစ်မြေပြင် ဖြစ်နေချေပြီ။ တောင်ကြားတစ်ခုလုံး ကောင်းကင်နတ်ဘုံ၏ နတ်ဆရာသခင်စစ်တပ်နှင့် ကောင်းကင်နတ်မြစ်ရေတပ်မှ ပင်မအင်အားစုတို့၏ တိုက်ခိုက်မှုများကို ခံနေရသည်။ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို သိမြင်နားလည်ထားသည်ဖြစ်စေ နားမလည်သည်ဖြစ်စေ အားလုံး တိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်နေကြရ၏။ ထိုက်ရှီ၊ လန်ယွီတျန်း၊ ပထမလူသားဧကရာဇ်၊ ရွာလူကြီး၊ တိရီယွဲ့၊ တောင်နတ်မင်း၊ မြောက်နတ်မင်းနှင့် အခြားသူတို့မှာလည်း ရှေ့တန်းစစ်မျက်နှာတွင် ၀င်ရောက်တိုက်ခိုက်နေကြသည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၌ သိုင်းပညာရှင်များစွာ ရှိသော်လည်း အင်အားကတော့ အတော်လေး လျော့နည်းနေ၏။ သူတို့အနေဖြင့် စစ်မျက်နှာအား ခုခံနိုင်ရန် ခက်ခဲနေတော့သည်။
ရှုရှန်းဟွာက တာအိုအသုဘခေါင်းတလားအား စစ်မြေပြင်သို့ သယ်ဆောင်လာ၏။ စစ်မြေပြင်ဆီ ရောက်သည်နှင့် ခေါင်းတလားပေါ်ရှိ သံများကို ဆွဲနှုတ်၍ အနည်းငယ် ဟလိုက်သည်။ ခေါင်းတလားထဲရှိ နတ်အလင်းတန်းတို့က ဟထားသည့် အက်ကွဲကြောင်းမှ သျှံကျလာသည်။
သိပ်သည်းလေးလံသော တာအိုအင်အားတစ်ရပ်သည် လောကအပေါ် ဖိနှိပ်လိုက်သဖြင့် အားလုံး အံ့ဩထိတ်လန့်သွားကြသည်။ ဤ ကြောက်မက်ဖွယ် တာအိုအင်အားကို မခံစားမိသူ မရှိချေ။
“ကောင်းကင်နတ်အရှင်မူရဲ့ ခေါင်းတလားပဲ…”
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ချက်ချင်းပင် တပ်ဖွဲ့များကို ပြန်လည်စုစည်း၍ အခြေအနေ စောင့်ကြည့်လိုက်သည်။ သူတို့မှာ သူတို့ဆီ လျှောက်လာနေသည့် ရှုရှန်းဟွာဆီသို့ စိုးရိမ်ပူပန်စွာ ကြည့်နေကြလေသည်။
ရှုရှန်းဟွာက အားကုန်ထုတ်၍ တာအိုအသုဘခေါင်းတလားအား ပစ်လိုက်သည်။ ဧရာမခေါင်းတလားကြီးက စစ်တပ်နှစ်တပ်ကို ဝှီးခနဲ ဖြတ်သန်းလျက် သူတို့အရှေ့သို့ ဝုန်းခနဲ ကျရောက်လာတော့သည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ချက်ချင်း ပေါင်းစည်းလိုက်ကြပြီး နှစ်ခြမ်းကွဲနေသာ ထိုက်ကျိသဲခုံမှာလည်း ဂျိန်းခနဲ စုစည်းသွားသည်။ ထိုက်ကျိလမ်းစဉ်၏ တာအိုအင်အားတို့ ပျံ့ထွက်လာပြီး သဲခုံ၏ ယင်နှင့်ယန်က လှည့်ပတ်နေ၏။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးက တာအိုကို အဆုံးအစွန်အထိ မြှင့်တင်၍ မမြင်ရနိုင်သော အခြေအနေများကို အချိန်မရွေး ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြသည်။
သန်းပေါင်းများစွာသော နတ်ဘုရားမိစ္ဆာတို့မှာလည်း ရင်တုန်စွာဖြင့် အသက်ပင် မရှူရဲဘဲ ခေါင်းတလားကိုသာ အပြည့်အ၀ အာရုံစူးစိုက်ကြည့်နေကြ၏။
ရှုရှန်းဟွာက ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်ကို ဖြတ်လျှောက်လာရင်း ပျက်စီးယိုယွင်းနေသည့် လန်ဖုန်းတောင်ကြားသို့ ရောက်လာသည်။
သူက ချင်မူ့ကို စစ်တပ်နှစ်တပ်အရှေ့သို့ ပစ်ချထားပြီး လန်ဖုန်းတောင်ကြားထဲသို့ သယ်ဆောင်သွားလိုသည့် ဆန္ဒမရှိသယောင်ပင်။
နှစ်ဖက်လုံး၏ စစ်တပ်များမှာ အပ်ကျသံပင် ကြားနိုင်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ မရေမတွက်နိုင်သော မျက်လုံးများက ခေါင်းတလားကို စိုက်ကြည့်နေကြပြီး သားရဲကမ္ဘာမှ ဆင့်ခေါ်ထားသည့် ကမ္ဘာဦးသားရဲများမှာလည်း မအီမသာ ညည်းညူနေကြ၏။
ရှုရှန်းဟွာ၏ ပြိုင်ဘက်ကင်းသော ဆွဲဆောင်နိုင်စွမ်းကို မည်သူမှ ဂရုမစိုက်ချေ။ သူတို့၏ အကြည့်အားလုံးကို ခေါင်းတလားကသာ ဆွဲဆောင်ထားသည်။
ကောင်းကင်နတ်မြစ်ရေတပ်နှင့် နတ်ဆရာသခင်စစ်တပ်တို့၏ စစ်သည်တော်တို့မှာ များပြားလှ၏။ ချွေးတို့က သွေးများနှင့် ရောယှက်လျက် သူတို့၏ နတ်သံချပ်ကာတို့အကြားထဲ စီးကျနေကြသည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ မျက်နှာထက်တွင်လည်း ချွေးများ တပေါက်ပေါက် စီးကျနေ၏။ သူတို့သည် ခေါင်းတလားကို စစ်ဆေးရန် တစ်စုံတစ်ယောက်ကို စေလွှတ်ချင်သော်လည်း အမိန့်မပေးရဲ ဖြစ်နေသည်။
လေထုမှာ အတော်လေး သိပ်သည်းလေးလံနေ၏။
အဝေးတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိုက်ချူတို့မှာလည်း စိတ်နှလုံးသားများ တင်းကြပ်စွာဖြင့် ခေါင်းတလားအား စိုက်ကြည့်နေကြသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ထိုက်ချူ စိတ်လိုက်မာန်ပါဖြင့် ကောင်းကင်နတ်အရှင်ရှင်းအန်းအား သတ်ဖြတ်ခဲ့သည်ကို ကြိမ်းမောင်းဆူပူခဲ့သ၏။ သို့သော် ရှုရှန်းဟွာ ခေါင်းတလားအား သယ်ဆောင်လာသည်ကို မြင်သည်နှင့် ထိုက်ချူအပေါ် မှားခဲ့မိကြောင်း သိလိုက်ရသည်။
ရုတ်တရက် လက်ချောင်းအချို့က ခေါင်းတလား၏ အပေါက်ထဲမှ ထွက်လာကြသည်။
အားလုံး၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ ထိုလက်ချောင်းများက ခေါင်းတလားအဖုံးကို ကိုင်၍ အနည်းငယ် ရွှေ့လိုက်သည်။ ခေါင်းတလားထဲမှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာချေပြီ။ စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်နေသောကြောင့် ထိုအသံက နားကွဲမတတ် ကျယ်လောင်လှသည်။
ဝုန်း….
ခေါင်းတလားအဖုံးက မြေပြင်သို့ ကျသွားသည်။ သန်းနှင့်ချီသည့် အင်အားရှိသော ကောင်းကင်နတ်မြစ်ရေတပ်က ပြိုင်တူ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြ၏။ သူတို့က လက်ထဲရှိ ကောင်းကင်လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြလေသည်။
ရုတ်တရက် စစ်တပ်ထဲရှိ ကမ္ဘာဦးသားရဲကြီးတစ်ကောင်က တစ်လောကလုံးကို တုန်လှုပ်စေသည့် အော်သံကြီးတစ်ခုကို ထုတ်လွှတ်လျက် ထွက်ပြေးသွားရာ စစ်သည်တော်များ နေရာယူထားသည်အား ပျက်ယွင်းသွားစေသည်။
“မလှုပ်ကြနဲ့…” ထိုက်ယင်နတ်ဘုရားက အက်ကွဲစွာ အမိန့်ပေးလိုက်သော်လည်း အခြားသူများ ကြားခြင်းရှိ၊ မရှိ မသိရချေ။
ခေါင်းတလားထဲမှ အလင်းတန်းများက ကောင်းကင်အထိ မြင့်တက်၍ ကန့်လန့်ကာကြီးတစ်ခုအလား နေရာယူသွားသည်။ လောကသစ်ပင်ကြီးတစ်ပင်သည် အလင်းတန်းများထဲမှ ဖြည်းဖြည်းချင်း မြောက်တက်လာ၏။
သို့သော် မည်သူကမှ လောကသစ်ပင်ကို မကြည့်ကြချေ။ သူတို့၏အကြည့်များက ခေါင်းတလားကိုသာ အာရုံစူးစိုက်ထားကြသည်။
ဝုန်း….
နတ်ဘုရားများနှင့် ကောင်းကင်နတ်မြစ်ရေတပ်စစ်သည်တော်များ ကြောက်လန့်တုန်လှုပ်ကုန်သည်။ သူတို့အားလုံး ချာခနဲလှည့်၍ ခြေဦးတည့်ရာ ထွက်ပြေးကြတော့၏။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ တပ်ဖွဲ့များ ပြန်လည်စုစည်းရန် အမိန့်ပေးနေကြသော်လည်း မည်သူကမှ သူတို့စကား နားမထောင်ကြချေ။
အလွန်တရာ ကြောက်လန့်တုန်လှုပ်နေကြသောကြောင့် ကမ္ဘာဦးသားရဲများအပါအဝင် ရှိသမျှသူအားလုံးမှာ ကောင်းကင်နတ်ဘုံစစ်စခန်းရှိရာသို့ ထွက်ပြေးနေကြတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နတ်ဘုံစစ်စခန်းမှနေ၍ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးအား ဆုတ်ခွာလာရန် အမိန့်ပေးလိုက်သည်။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ပျက်စီးနေသော လန်ဖုန်းတောင်ကြားကို ခံပြင်းစွာ လှမ်းကြည့်လိုက်ကြ၏။ သို့သော် ချင်မူနှင့် အကြည့်ချင်း ဆုံသွားကြသည်။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးလည်း အံ့ဩမှင်သက်စွာဖြင့် ချက်ချင်း ပြန်ဆုတ်သွားကြ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ဒီရေလှိုင်းလုံးများကဲ့သို့ ကောင်းကင်နတ်ဘုံစစ်စခန်းထံ ပြေး၀င်လာနေသော နတ်ဘုရားမိစ္ဆာစစ်တပ်ကြီးကို မြင်လျှင် ရေလှိုင်းများဖြင့် အုပ်မိုးခံလိုက်ရသည့်အလား ရင်ထဲ ဟာခနဲ ခံစားလိုက်ရ၏။
သူက တွေးနေသည်။ “အခွင့်အရေး ရှိသေးတယ်… သခင်လေးသုံး အနီရောင်ကြိုးထုံးချိပ်တံဆိပ်ကို ချိုးဖျက်နိုင်သရွေ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်…ဒီနှစ်အနည်းငယ်အတွင်း ကောင်းကင်နတ်ဘုံရဲ့ အခြေအနေကို ခုခံနိုင်တယ်”
“ကောင်းကင်နတ်အရှင်မူ”
တစ်လောကလုံးကို လှုပ်ခါသွားစေနိုင်သည့် အားပေးသံတို့က လန်ဖုန်းတောင်ကြားမှ ဟိန်းထွက်လာသည်။ ရွှင်ပျော်ပျော်ကျေးရွာနှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမိစ္ဆာတို့က အော်ဟစ်အားပေးနေကြသည်။ အစတွင် သူတို့အသံများက ဆူညံနေသော်လည်း နောက်ဆုံးတွင် တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် ဟစ်ကြွေးသံကြီးအဖြစ် ပေါင်းစည်းသွားကြ၏။
“ကောင်းကင်နတ်အရှင်မူ… ကောင်းကင်နတ်အရှင်မူ”
ဤလှိုင်းလုံးကြီးမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကဲ့သို့ပင် ပြင်းထန်လှပြီး မီးပွားလေးမှ မီးဟုန်းဟုန်း တောက်သွားသကဲ့သို့ ပျံ့နှံ့သွားကာ နတ်ဘုရားမြို့တော်တစ်ခုပြီးတစ်ခုသို့ ဖြတ်သန်းရင်း ပိုမိုကျယ်လောင်လာသည်။ ထိုမှတစ်ဆင့် နှလုံးသားကို တုန်လှုပ်စေသော ဟစ်ကြွေးသံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရှုရှန်းဟွာ လန်ဖုန်းတောင်ကြားထဲ ဝင်လာလျှင်ချင်း လန်ယွီတျန်းက အမောတကော ပြေးလာကာ နားမလည်နိုင်စွာ မေးလိုက်သည်။ “တာအိုမိတ်ဆွေရှု၊ ကျွန်တော့်အစ်ကိုကြီးက အဲဒီမှာ ထိုင်နေပြီး ဘာလို့ ထမလာသေးတာလဲ... သူ့လှုပ်ရှားမှုတွေက ဘာကြောင့် သိပ်ကို နှေးကွေးနေတာလဲ... ခေါင်းလှည့်နေတာကလည်း အရမ်း နှေးလွန်းတယ်”
“ဂိုဏ်းသခင် ခေါင်းကို ဖြည်းဖြည်းပဲ လှည့်နိုင််တာက သူ့ဒဏ်ရာထဲကို အင်မတန် ရှည်တဲ့ သံချောင်း အချောင်းငါးဆယ် ရိုက်သွင်းထားလို့ပါ”
ရှုရှန်းဟွာက ရှင်းပြသည်။ “သူ ထလိုက်ရတဲ့အချိန်တုန်းကလည်း သေမတတ် နာကျင်နေတာ ... အသားတွေဆို တဆတ်ဆတ် တုန်နေတုန်းပဲ... ခေါင်းလှည့်ရတော့ ပိုတောင် နာသေးတယ်... သံတွေကလည်း သိပ်ရှည်တာဆိုတော့”
လင်ယွိရှို့လည်း ပြေးလာသည်။ သူ့စကားကို ကြားလျှင် သူမမှာ ပို၍ပင် စိုးရိမ်သွားတော့သည်။ “သူ့ကို အဲဒီမှာ ထားခဲ့တာလား...”
“ဘာမှ မဖြစ်ပါဘူး”
ရှုရှန်းဟွာက နှစ်သိမ့်ပေးသည်။ "ဂိုဏ်းသခင်ချင်က သေသွားရင်တောင်မှ သြဇာအရှိန်အဝါ ရှိနေဦးမှာပဲ၊ အခု သူ အသက်ရှင်နေသေးတာဆိုတော့ ပြောစရာတောင် မလိုဘူး"