လန်ဖုန်းတောင်ကြားတိုက်ပွဲ၏ အဆုံးအဖြတ်
Vol. 134 Ch. 1726
ချင်မူမှာ အခေါင်းထဲတွင် ထိုင်ရင်း ခေါင်းကို ဖြည်းဖြည်းချင်း လှည့်နေရသည်။ သတ်ဖြတ်ခြင်းတာအိုမှ နတ်သံချောင်း ငါးဆယ်မှာ အလွန်အမင်း နာကျင်စေသောကြောင့် သူ လှုပ်ရှားလိုက်တိုင်း စူးရှအောင့်မျက်စေသော ဝေဒနာကို ခံစားနေရသည်။
ကံကောင်းစွာပင် ထိုသံချောင်းများက သခင်လေးသုံးကြောင့် ရရှိခဲ့သော သူ၏ တာအိုဒဏ်ရာများကို ချုပ်ထားပေးသည်။ ထို့ကြောင့် ဤဒဏ်ရာများထဲတွင် ကိန်းဝပ်နေသော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား လေ့လာနိုင်သည်အထိ အားပြန်ပြည့်လာခဲ့သည်။
ချင်မူက ဤအခွင့်အရေးကို အသုံးချ၍ ကောင်းကင်ရတနာကို ပြန်လည်ဖွင့်လှစ်ကာ မူလဝိညာဉ်ကိုလည်း ပြန်လည်တည်ဆောက်ရင်း အတွင်းဒဏ်တို့အား ဖယ်ရှားနိုင်ခဲ့သည်။ ယခုတွင် ခန္ဓာကိုယ်ပေါ်ရှိ အပြင်ဒဏ်များသာ ကျန်ခဲ့ချေပြီ။ ဤနောက်ဆုံးပြဿနာကို ဖြေရှင်းနိုင်သည်နှင့် သူ၏ ကျင့်ကြံခြင်းအခြေခံသည် မူလအနေအထားသို့ ပြန်လည်ရောက်ရှိနိုင်လိမ့်မည်။ သို့မဟုတ် မူလထက်ပင် ပိုမိုကောင်းမွန်ခိုင်မာလာနိုင်သေး၏။
“သခင်လေးသုံးရဲ့ ကောင်းကင်နတ်သိုင်းက မီလော့နန်းတော်အရှင်သခင် တျန်းတုအရှင်သခင်ကို ရင်ဆိုင်ဖို့ ဖန်တီးခဲ့တဲ့ သိုင်းပညာပဲ.... ဒါက ငါ့ကို ရင်ဆိုင်နိုင်ခဲ့ပေမယ့် ငါ့လမ်းစဉ်က တျန်းတုအရှင်သခင်နဲ့ ကွဲပြားနေတော့ အသက်တစ်ခါတည်း ထွက်မသွားတာ”
သူက ဒဏ်ရာထဲရှိ တာအိုအကြွင်းအကျန်တို့အား အသေအချာ အကဲခတ်ပြီးနောက် တဟားဟား ထရယ်လေသည်။ “သခင်လေးသုံးက တုံးလိုက်တာဟ... ငါ့မှာ မီလော့နန်းတော်ကနေ တာအိုအမှတ်အသားတစ်ခုပဲ လေ့လာနိုင်ခဲ့ပေမယ့် သူက ငါ့ကို တာအိုသင်္ကေတအများကြီးအပြင် ဆရာ့ကောင်းကင်နတ်သိုင်းပါ ပေးသွားခဲ့ပြီ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လန်ဖုန်းတောင်ကြားထဲတွင် ချင်မူ့မိတ်ဆွေများသည် သူ့အခြေအနေကို သိရန် လျှောက်လာနေကြ၏။ ရုတ်တရက် အခေါင်းထဲမှ ရယ်သံအကျယ်ကြီး ကြားလိုက်ရသောအခါ တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်မိလိုက်ကြသည်။
"သူ မသေနိုင်မှန်း ငါသိပြီးသား"
ရွာသူကြီးက သားသတ်သမားကို ပြောလိုက်သည်။ "လူကောင်းတွေက အသက်မရှည်ဘူး၊ လူဆိုးတွေကတော့ သက်ဆိုးရှည်တယ်တဲ့ .... မူအာက ဘယ်လိုလုပ် သေနိုင်မှာလဲ"
သားသတ်သမားကလည်း သဘောတူစွာဖြင့် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
လင်ယွိရှို့မှာမူ ခပ်သွက်သွက်လေး လျှောက်နေသည်။ အခေါင်းထဲတွင် ထိုင်နေသော ချင်မူ၏ ဖျော့တော့တော့ မျက်နှာကို မြင်သောအခါ လင်ယွိရှို့ ရင်ထဲတွင် နာကျင်သွားမိသည်။
ချင်မူက သူမ၏ နွမ်းလျနေသော မျက်နှာလေးကို မြင်လျှင် ပြုံးလိုက်သည်။ "မိန်းမကလည်း ကိုယ့်ဒဏ်ရာတွေက မပြင်းပါဘူးကွာ.... အလွန်ဆုံး ဆယ်နှစ်၊ အနည်းဆုံး ငါးနှစ်အတွင်း ပျောက်သွားမှာပါ"
လင်ယွိရှို့က သူ့ခန္ဓာကိုယ်တွင် စိုက်ဝင်နေသော သံများကို မြင်သောအခါ ရေစီးကမ်းပြိုသလို မျက်ရည်များ တသွင်သွင် စီးကျလာပြီး ရှိုက်ကြီးတငင် ငိုတော့သည်။ "ဒီသံချောင်းတွေက ရှင်းအန်းရဲ့ လက်ရာ… သူ သိပ် ရက်စက်တာပဲ… ငါတို့မှာတော့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိုက်ရတာ .... သူကတော့ ..."
"ရှင်းအန်းလက်ရာတဲ့လား"
ချင်မူ အံ့အားသင့်သွားသည်။ " ဘယ်သူက ဒီလောက်ကြီးတဲ့ အားနည်းချက်ကို တမင် ချန်ထားခဲ့တာလဲ တွေးနေတာ ... လက်စသတ်တော့ ရှင်းအန်း ဖြစ်နေတာပါလား.. ရှင်းအန်းက အပြင်ပန်း အေးစက်ပေမဲ့ အတွင်းမှာတော့ နွေးထွေးတဲ့သူပဲ... ငါ သူ့ကို အထင်လွဲခဲ့မိတယ်"
ချင်မူမှာ မည်မျှပင် ဉာဏ်ကောင်းစေကာမူ ရှင်းအန်းသည် သူ့အတွက် တစ်ရာခိုင်နှုန်းသော အားနည်းချက်ကိုသာ ချန်ထားခဲ့မှန်း မသိပေ။ ထိုက်ချူက ရှင်းအန်း၏စကားကို အထင်လွဲကာ ယခုလို မှားခဲ့ခြင်း ဖြစ်သည်။
"မိန်းမရယ် ခေါင်းလေး ငုံ့မနေပါနဲ့... ခေါင်းကို မော့ထား... ရွှမ်တုစစ်ပွဲ ပြီးရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်က တန်ပြန်တိုက်ခိုက်ရတော့မယ်"
ချင်မူက ပြုံးနေသည်။ "အဲဒီအချိန်ကျရင် ကိုယ်တို့ ကလေးယူလို့ ရပြီ"
လင်ယွိရှို့မှာ မျက်နှာလေး နီမြန်းသွားပြီး တိုးတိုးလေး ဆူလေသည်။ "လူကြီးတွေ ရှိနေတာကို"
အခေါင်းအပြင်ဘက်မှ ချောင်းဟန့်သံများ ထွက်လာသည်။ ချင်မူမှာ ခေါင်းမလှည့်နိုင်သဖြင့် ပတ်ပတ်လည်ကို မမြင်ရသော်လည်း ထိုချောင်းဟန့်သံများအရ လူအပြည့် ရောက်နေမှန်း သိသာသည်။
"အရည်အသွေး အပျံစားပဲ"
အဘိုးကြီးမာက အခေါင်းကို အလေးအနက် တိုင်းတာရင်း မကြားချင် ယောင်ဆောင်ကာ ချီးကျူးလိုက်သည်။ "ငါ အရင်က အခေါင်းတွေ အများကြီး လုပ်ခဲ့ဖူးပေမဲ့ ဒီလောက် ကောင်းတဲ့ ပစ္စည်းမျိုးကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ ... ဒီလက်ရာက ရွှေအထက်တောင် မညံ့လောက်ဘူး"
မျက်ကန်းလည်း ရောက်လာသည်။ သူက အခေါင်းအပေါ်ရှိ သင်္ကေတအမှတ်အသားများအား ကြည့်ကာ ချီးကျူးလိုက်သည်။ "တကယ့်ကို ကောင်းတဲ့ အခေါင်းပဲဟ... မူအာ ထ မရတာ နှမြောစရာပဲ... မဟုတ်ရင် ငါကိုယ်တိုင် ဝင်လှဲပြီး သက်သောင့်သက်သာ နေကြည့်ချင်တာ"
"မူအာ မင်းတော့ ဘုရားမ,တာပဲကွ” နားကန်းက ကျယ်လောင်စွာ ချီးမွမ်းလိုက်သည်။
"ဆေးဆရာ၊ ဟုတ်တယ် မဟုတ်လား"
ဆေးဆရာ၏ အသံက ချင်မူ၏ ဦးခေါင်းအနောက်ဘက်မှ ထွက်လာသည်။ သူက ချင်မူ့ ဒဏ်ရာများနှင့် သံချောင်းများကို ကြည့်ရှုနေပုံရပြီး ဂရုမစိုက်သလို ပြန်ဖြေသည်။ "ဟုတ်တယ်၊ ဟုတ်တယ်... မူအာ မင်းကိုယ်ပေါ်က သံချောင်းတွေကလည်း သာမန်ပစ္စည်းတွေ မဟုတ်ဘူး... ဒီသံချောင်းတွေက အလောင်းရော ဝိညာဉ်ကိုပါ ချုပ်နှောင်နိုင်တယ်... ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တောင်မှ တစ်ချောင်း စိုက်မိရင် ဖုတ်ကောင် မဖြစ်နိုင်တော့ဘူး"
အဘွားစစ်က သူတို့ကို မျက်လုံးစိမ်းကြီးများဖြင့် စိုက်ကြည့်လိုက်သည်။ ရွာသူကြီးမှာ နောက်ပြောင်ရန် ပြင်နေသော်လည်း ထိုအကြည့်ကြောင့် ချက်ချင်း ပါးစပ်ပိတ်သွား၏။
သစ်ခုတ်သမား ဝမ်တျန်းကဲက လျှောက်လာပြီး ပြောသည်။ “မူအာ ပြောတာ မှန်တယ်... ဒီစစ်ပွဲရဲ့ အရှိန်အဟုန်က ရွှမ်တုမှာပဲ မူတည်လာပြီ... ရွှမ်တုသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လက်အောက် ရောက်သွားရင် မင်းတို့လင်မယား စိတ်အေးလက်အေး ကလေးယူလို့ ရပြီ"
လင်ယွိရှို့၏ မျက်နှာလေးသည် ပို၍ နီရဲလာ၏။
"ရွှမ်တုတိုက်ပွဲက အဆုံးအဖြတ် ပေးနိုင်ပေမဲ့ ကောင်းကင်နတ်ဘုံရဲ့ အင်အားက ကြီးမားနေတုန်းပဲ"
သစ်ခုတ်သမားက ဆက်ပြောသည်။ "ငါ့ရဲ့ တတိယတပည့် ကျန်းပိုင်ကွေ့က ဗျူဟာပိုင်းမှာ ငါ့ထက်တောင် သာလွန်ပြီး အချိန်အခါကို အသုံးချနိုင်စွမ်းက ငါ့ထက် သာနေပြီ... သူ အခုထိ လန်ဖုန်းတောင်ကြားဆီ မရောက်သေးတာက ရွှမ်တုကို သွားနေလို့ပဲ ဖြစ်ရမယ်... ကောင်းကင်နတ်ဘုံဟာ စစ်သည်အင်အား တောင့်တင်းပြီး နတ်ဘုရားမိစ္ဆာတွေ မရေမတွက်နိုင်အောင် ပိုင်ဆိုင်ထားတယ်... အခုဆိုရင် သိုင်းအဆင့်မှာပါ အသာစီးရနေပြီ... ကောင်းကင်နတ်ဧကရာဇ်ဟောင်နားမှာလည်း ကောင်းကင်နတ်မင်းသုံးပါး အဆင့်သင့် ရှိနေတော့ ရွှမ်တုကို အချိန်မရွေး စစ်ကူသွားနိုင်တယ်.... ဒါကြောင့် ငါတို့ လန်ဖုန်းတောင်ကြားမှာ ဒီအတိုင်း နေလို့မဖြစ်ဘူး"
ပထမလူသားဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဆရာ၊ ဆိုလိုချင်တာက"
"ငါတို့က စပြီး တိုက်ခိုက်ရမယ်၊ ကျန်းပိုင်ကွေ့အပေါ်က ဖိအားကို လျှော့ချပေးရမယ်"
သစ်ခုတ်သမား၏ စကားဆုံးသည်နှင့် ရှိနေသူအားလုံး တိတ်ဆိတ်သွားကြသည်။
လန်ဖုန်းတောင်ကြားတိုက်ပွဲက ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အထိအခိုက် အကျအဆုံး များစေခဲ့ပြီးချေပြီ။ ယခု သွား၍ တိုက်ခိုက်လျှင် ကြက်ဥဖြင့် ကျောက်တုံးကို ပေါက်သကဲ့သို့သာ ဖြစ်ချေမည်။
သူတို့အားလုံး သစ်ခုတ်သမား၏ ရည်ရွယ်ချက်ကို နားလည်ကြသည်။ လန်ဖုန်းတောင်ကြားရှိ အင်အားဖြင့် ကောင်းကင်နတ်ဘုံ၏ ပင်မတပ်မကြီးကို တားဆီးထားပြီး ရွှမ်တုသို့ စစ်ကူ မပို့နိုင်အောင် ထိန်းထားရမည်။ ထိုအခါ ကျန်းပိုင်ကွေ့အနေဖြင့် အောင်ပွဲခံနိုင်မည်။
သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်အင်အားမှာ အလွန် နည်းပါးနေချေပြီ။ ကောင်းကင်နတ်ဘုံ၏ ပင်မတပ်မကြီးကို တားဆီးရန် အသက်ပေါင်းမည်မျှ စတေးရဦးမည်နည်း။
အချိန်အတော်ကြာသည်အထိ မည်သူမျှ စကားမပြောကြပေ။
သစ်ခုတ်သမားက လူအုပ်ကို တစ်ချက် ကြည့်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကောင်းကင်နတ်ဘုံကို အနားပေးထားလို့ မရဘူး...ငါ့ရဲ့ ရွှင်ပျော်ပျော်ကျေးရွာတပ်က ရှေ့ဆုံးက တိုက်ခိုက်ပေးမယ်"
အားလုံး တုန်လှုပ်သွားကြသည်။ ရွှင်ပျော်ပျော်ကျေးရွာစစ်တပ် ရှေ့ဆုံးက ထွက်လျှင် အသွားသာ ရှိပြီး အပြန်ရှိတော့မည် မဟုတ်ပေ။
ရုတ်တရက် ချင်မူက စကားပြောလာသည်။ "ကောင်းကင်နတ်ဘုံကို တိုက်ကို တိုက်ရမယ်... ဒါပေမဲ့ အရမ်း ဖိအားများမနေပါနဲ့... ဒီစစ်ပွဲကို တိုင်းပြည်ရဲ့ အင်အားအကုန် သုံးပြီး တိုက်ရမယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိသမျှ အင်အားအားလုံးနဲ့ ကောင်းကင်နတ်ဘုံကို တားဆီးထားပြီး ကျန်းပိုင်ကွေ့ကို ရွှမ်တုမှာ အောင်ပွဲခံနိုင်အောင် လုပ်ပေးရမယ်"
ဝေ့စွေ့ဖုန်းက မေးသည်။ "ညီလေး၊ မင်းရဲ့ အစီအစဉ်က"
"ခံစစ်အားလုံး စွန့်လွှတ်ပြီး ထိုးစစ်ဆင်မယ်"
ချင်မူက ပြတ်သားစွာ ပြောလေသည်။ "အနောက်နတ်မင်း ကျားဖြူနဲ့ နဂါးချီလင်က အနောက်ဘက်... မြောက်နတ်မင်း ရွှမ်းဝူနဲ့ အစ်ကိုကြီးက မြောက်ဘက်က တိုက်မယ် .... ယောက္ခမကြီးဧကရာဇ်ယန်ဖုန်းက နန်းစိုက်မြို့တော်ကို စွန့်ခွာပြီး ကိုယ်ရံတော်တပ်ဖွဲ့တွေနဲ့ မြေကမ္ဘာကောင်းမှုနန်းတော်သခင်မ ကုန်းစွန်းယန်နဲ့အတူ အမြန်ဆုံး စစ်ကူသွားရမယ်... နေရာရွှေ့ပြောင်းမုခ်ဝနဲ့ဆို ပိုမြန်လိမ့်မယ်...
“မြေကမ္ဘာကောင်းမှုနန်းတော်သခင်မ ကုန်းစွန်းယန်က ခန္ဓာကိုယ်အစစ်ကို မဖြစ်မနေ သုံးရမယ်... တာအိုဂိုဏ်း၊ ကျောက်စိမ်းမြို့တော်ငယ်၊ တာအိုဒဿနတက္ကသိုလ်၊ နန်းတွင်းကောလိပ်၊ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်... လီမြစ်တက္ကသိုလ်နဲ့ ကျန်တဲ့ ကောလိပ်ကျောင်းတွေ၊ တက္ကသိုလ်တွေအားလုံးက နတ်ဘုရားမှန်သမျှ စစ်မှုထမ်းရမယ်”
လူအုပ်ကြီးမှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။ မြို့တော်တွင် ဧကရာဇ်ယန်ဖုန်း ဦးဆောင်သော တပ်ဖွဲ့ ရှိသည်မှာ မှန်သော်လည်း စာသင်ကျောင်းများမှ နတ်ဘုရားများပါ စစ်မှုထမ်းရမည်ဆိုလျှင် ဤစစ်ပွဲ ရှုံးနိမ့်ပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အမွေအနှစ်လည်း အဆုံးသတ်သွားလောက်သည်။
"ယိုတုလည်း ပါဝင်ရမယ်" ချင်မူက လေးနက်သော အသံဖြင့် ပြောသည်။ "ကောင်းကင်နတ်အရှင်ရုံ၊ ယမမင်းနဲ့ ချင်ဖုန်းကျင့်တို့က ယိုတုကနေ ကောင်းကင်နတ်ဘုံတပ်မကြီးကို တိုက်ခိုက်ရမယ်... မြေအောက်ဘုံအရှင်သခင်ရဲ့ သေခြင်းရှင်ခြင်းစာအုပ်နဲ့ လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးကို သုံးလို့ရတယ်.... ဆရာ၊ ကျွန်တော့်အခေါင်းကို သယ်ပြီး ရှေ့တန်း ပို့ပေးပါ၊ ဒီစစ်ပွဲရဲ့ ဖိအားက ကြီးမားပေမဲ့ ကံတရားက ကျွန်တော်တို့ဘက်မှာ ရှိနေသေးတယ်"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် မြောက်နတ်မင်း ရွှမ်းဝူ၏ အသံက လေးပင်စွာ ထွက်ပေါ်လာသည်။ "ကောင်းကင်နတ်အရှင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကံကြမ္မာကို လောင်းကြေး ထပ်နေတာလား"
"လောင်းကြေးထပ်တာ မဟုတ်ဘူး"
ချင်မူက စိတ်ကို တည်ငြိမ်အောင် ထား,ထားသော်လည်း သူ၏ မျက်လုံးများက စူးရှစွာ တောက်ပနေသည်။ "ဒါက ကျွန်တော်တို့မှာ ကောင်းကင်နတ်ဘုံကို ယှဉ်ပြိုင်နိုင်တဲ့ အင်အား ရှိနေပြီဆိုတဲ့ အမှန်တရားပဲ... ရွှမ်တုတိုက်ပွဲမှာ ညီလေးကျန်း ကိုယ်တိုင် ဦးစီးနေတာမလို့ ဒီတိုက်ပွဲက ရှုံးဖို့ မဖြစ်နိုင်တော့ဘူး"
သူ့မှာ ထရန် ကြိုးစားသော်လည်း မလှုပ်ရှားနိုင်သဖြင့် လေးနက်စွာ ဆိုသည်။ "ဒီစစ်ပွဲရဲ့ အဓိကအချက်က ရန်သူဘက်မှာ ထိုက်ချူ၊ ကောင်းကင်နတ်ဧကရီနဲ့ ကောင်းကင်နတ်အရှင်ဟောင်ဆိုတဲ့ တာအိုရပြီးသား ပုဂ္ဂိုလ်သုံးယောက် ရှိနေတာပဲ... ဒါက သူတို့ရဲ့ အကြီးမားဆုံး အားသာချက်....
“ဒါပေမဲ့ ညီလေးကျန်း ရွှမ်တုဆီ ရောက်သွားတာနဲ့ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ လန်ဝူ ပြန်လာလိမ့်မယ်.... ကျွန်တော်တို့ဘက်မှာ ကောင်းကင်နတ်အရှင်အဆင့် အတိုက်အခိုက်စွမ်းရည် ပိုင်ဆိုင်ထားတဲ့ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ရုံ၊ လန်ဝူ၊ အဘိုးချင်းဟွမ်၊ နတ်မင်းရွှမ်း၊ နတ်မင်းဝူ၊ ပိုင်ချွီအာ၊ ကောင်းကင်ယင်နတ်ဘုရားမအပြင် ထိုက်ရှီလည်း ရှိတယ်... ကောင်းကင်နယ်စားမင်းကတော့ ရွှမ်တုမှာမလို့ သူ့ကို ထည့်မတွက်ဘူး"
သစ်ခုတ်သမား ဝမ်တျန်းကဲက ဝင်ထောက်သည်။ "ရန်သူ့ဘက်မှာ ကောင်းကင်နတ်အရှင်အဆင့် အတိုက်အခိုက်စွမ်းရည် ပိုင်ဆိုင်ထားတာက ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၊ နတ်ဗျူဟာလက်ယာတပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်သိုင်းတပ်ဖွဲ့ ၊ လက်ဝဲလက်ယာ ယွီလင်နန်းစောင့်တပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်အင်အားတပ်ဖွဲ့တွေပဲ.... ကောင်းကင်နတ်အရှင်အရေအတွက်မှာ ငါတို့ အသာစီးရနိုင်ပေမဲ့ တာအိုရပြီးသား ပုဂ္ဂိုလ်တွေကို တစ်ယောက်ယောက်က ရင်ဆိုင်ရလိမ့်မယ်... ဒါက သိပ်ကို အန္တရာယ်များတယ်"
ချင်မူ ပြန်ပြောသည်။ "လက်ဝဲနဲ့ လက်ယာ ယွီလင်တပ်တွေက ကျွန်တော့်အခေါင်းကို ဘိုးဘေးနန်းတော်ဆီ ပို့ဆောင်ဖို့ တာဝန်ယူခဲ့ပေမဲ့ ရှုရှန်းဟွာက ကြားဖြတ်တားဆီးခဲ့တယ်... သူတို့ ကောင်းကင်နတ်ဘုံဆီ ပြန်သွားဖို့ မဖြစ်နိုင်တော့ဘူး... ဒါဆို ကောင်းကင်နတ်အရှင်အဆင့် တပ်ဖွဲ့နှစ်ခု လျော့သွားပြီ ... ထိုက်ရှီ"
ထိုက်ရှီ ရှေ့သို့ တိုးလာသည်။
ချင်မူသည် လေးနက်သောအမူအရာဖြင့် နားချ၏။ "တာအိုနောင်တော်၊ ထိုက်ကျိရှေးဟောင်းနတ်ဘုရားတွေက နောင်တော့်ရဲ့ တာအိုမိတ်ဆွေတွေ ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး"
ထိုက်ရှီ တိတ်ဆိတ်သွားသည်။
ချင်မူက ဆက်ပြောသည်။ "သူတို့က ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ တစ်သားတည်း ဖြစ်သွားပြီ... အဲဒီလမ်းကို ရွေးချယ်လိုက်ကတည်းက နောက်ပြန်လှည့်လို့ မရတော့ဘူး... နောင်တော် သူတို့ကို မကယ်တင်နိုင်ဘူး... သူတို့လည်း အမှားကို မြင်လာမှာ မဟုတ်ဘူး"
ထိုက်ရှီက ဩရှအက်ကွဲနေသောအသံဖြင့် ပြန်ပြော၏။ “ငါ နားလည်ပါတယ်"
ချင်မူ သူ့ကို စိုက်ကြည့်ရင်း လေးနက်စွာ ပြောသည်။ "သူတို့ကို သတ်ရလိမ့်မယ်... ညှာလို့ မရဘူး ... နောင်တော် တွေဝေနေရင် လူတွေအများကြီး သေလိမ့်မယ်... နောင်တော့်ဘေးက ဒီလူတွေအားလုံး နောင်တော့်ကြောင့် သေသွားနိုင်တယ်"
ထိုက်ရှီလည်း ပတ်ပတ်လည်မှ မျက်နှာများကို ကြည့်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ခါးသီးစွာ ကတိပေးသည်။ "စိတ်ချပါ၊ ငါ မညှာတော့ဘူး"
ချင်မူ မျက်လုံးများကို မှိတ်လိုက်ပြီး ဖြည်းညင်းစွာ လှဲချလိုက်သည်။ "အားလုံးပဲ၊ သွားပြီး ပြင်ဆင်ကြတော့... အခေါင်းအဖုံးလည်း ပိတ်သွားပေးဦး .... သံတော့ မရိုက်ခဲ့နဲ့ ... ဒီစစ်ပွဲကြီးအတွက် ပြင်ဆင်ဖို့ အချိန်လိုတယ်"
သစ်ခုတ်သမားက မျက်မှောင်ကြုတ်၍ မေးသည်။ "မင်း ကောင်းကင်နတ်အရှင်တွေကို တာဝန်ခွဲပေးပြီးပြီ... ဒါပေမဲ့ တာအိုရပြီးသား ပုဂ္ဂိုလ်တွေကို ဘယ်လို ရင်ဆိုင်မှာလဲ"
ချင်မူ၏ အသံက အခေါင်းထဲမှ ပျံ့လွင့််လာသည်။ "ရှန့်ကျွင်းက ထိုက်ချူကို ရင်ဆိုင်မယ်... ရှုရှန်းဟွာနဲ့ လန်ယွီတျန်းက ကောင်းကင်နတ်ဧကရီကို တိုက်ခိုက်မယ်... ကောင်းကင်နတ်အရှင်ဟောင်ကိုတော့ ကျွန်တော်ကိုယ်တိုင် ဒီအခေါင်းထဲက ထွက်ပြီး ရင်ဆိုင်မယ်... ကျွန်တော့်ကို မနှောင့်ယှက်ကြပါနဲ့တော့.... ကျွန်တော် အနားယူဖို့ လိုတယ်"
လူအုပ်ကြီးလည်း အခေါင်းဖုံးကို မပြီး တာအိုအသုဘခေါင်းတလားအား ပိတ်လိုက်ကြသည်။
အခေါင်းထဲတွင် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားချေပြီ။
ချင်မူမှာ မျက်လုံးများ မှိတ်ထားရင်း တဖြည်းဖြည်း အိပ်မက်ကမ္ဘာထဲသို့ နစ်မျောသွားသည်။ အခေါင်းထဲတွင် အိပ်မက်ဘုံများ အလွှာလိုက် ပေါ်ထွက်လာပြီး ကောင်းကင်ဘုံများအဖြစ် ပြောင်းလဲသွားသည်။ သူ၏ အိပ်မက်များထဲမှ ချင်မူအသေးစားလေးများ ထွက်လာကာ သူ၏ ဒဏ်ရာများတဝိုက်တွင် ဟိုဟိုသည်သည် သွားလာရင်း အချင်းချင်း ဆက်သွယ်နေကြသည်။
ဝမ်တျန်းကဲက လူအုပ်ကြီးကို ဦးဆောင်၍ ထွက်လာစဉ် ရုတ်တရက် မေးလိုက်သည်။ "တာအိုမိတ်ဆွေရှု၊ မူအာရဲ့ ဒဏ်ရာအခြေအနေအမှန်က ဘယ်လိုရှိလဲ"
ရှုရှန်းဟွာ ပြန်ဖြေသည်။ "သိပ်ကို ပြင်းထန်တယ်... ဒါပေမဲ့ မူလဝိညာဉ်တော့ မထိခိုက်ပါဘူး.... ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေက အရမ်းကြီးမားတော့ သူ မလှုပ်ရှားနိုင်ဘူး... နည်းနည်းလေး လှုပ်လိုက်တာနဲ့ တာအိုဒဏ်ရာတွေ ပြန်ထလာပြီး သူ့ရဲ့ မူလဝိညာဉ်ကိုပါ အန္တရာယ်ဖြစ်စေနိုင်တယ်"
သစ်ခုတ်သမား မှင်သက်သွားသည်။ "ဒါပေမဲ့ သူ ခုနက အနည်းဆုံး ငါးနှစ်နဲ့ ပျောက်နိုင်တယ်လို့ ပြောသွားတယ်လေ..."
ချင်မူ့အကြောင်း သိသော ရှုရှန်းဟွာက ရှင်းပြသည်။ "သူ ဆိုလိုတာက အိပ်မက်ထဲမှာ ငါးနှစ်အချိန်ပေးပြီး အဖြေရှာရင် တာအိုဒဏ်ရာတွေ ပျောက်ကင်းသွားနိုင်တယ် ပြောတာပါ... ဒါပေမဲ့ သူသာ ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ တိုက်ခိုက်ရမယ်ဆိုရင်..."
သူ မျက်မှောင်ကြုတ်လိုက်သည်။ "ဒဏ်ရာတွေ ပြန်ထလာပြီး သူ့ရဲ့ မူလဝိညာဉ်ပါ ထိခိုက်သွားနိုင်တယ်... အဲဒီအခါကျရင် ပျောက်ဖို့ မလွယ်တော့ဘူး ”
သစ်ခုတ်သမားလည်း မျက်မှောင်ကြုတ်သွားမိသည်။ သူက ဆေးဆရာကို လှမ်းကြည့်ရာ ဆေးဆရာက ခေါင်းခါပြသည်။ "မူအာ့ဆေးပညာက ငါ့အောက် မနိမ့်ကျဘူး.... သူ့ဒဏ်ရာတွေကို ငါတောင် နားမလည်နိုင်တော့ဘူး"
"မူအာက သူ့အသက်ကို စွန့်စားနေတာပဲ” အဘွားစစ်က တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒီခေတ်ကြီးထဲမှာ ဘယ်သူကရော အသက်ကို မစွန့်စားဘဲ နေလို့လဲ"
လင်ယွိရှို့က လန်ဖုန်းတောင်ကြားအလယ်သို့ လျှောက်သွားသည်။ "အားလုံးပဲ၊ ပြင်ဆင်မှုတွေကို အမြန်ဆုံး လုပ်ကြရအောင်... ဧကရာဇ်ယန်ဖုန်းကို အကြောင်းကြားရမယ်.... အနောက်နတ်မင်းကျားဖြူနဲ့ တွေ့ရမယ့်သူတွေ အမြန်ဆုံး သွားကြပါ... တပ်ဖွဲ့တွေ စုစည်းပြီးတာနဲ့ အဆုံးအဖြတ်တိုက်ပွဲအတွက် ချီတက်ကြမယ်"
သူမသည် ဧကရာဇ်တစ်ပါးအဖြစ် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့်အတွက် သူတို့အထဲတွင် အုပ်ချုပ်နိုင်စွမ်း အကောင်းဆုံး ဖြစ်၏။ သူမက အမိန့်များ ထုတ်ပြန်လိုက်သည်။ "ဘိုးဘိုးဆေးဆရာ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အကောင်းဆုံး ဆေးဆရာတွေ ခေါ်ပြီး ဒဏ်ရာရ စစ်သည်တွေကို ကုသပေးပါ
“ဘိုးဘိုးမျက်ကန်း၊ ဝင်္ကပါဆရာသခင်အားလုံးကို ဦးဆောင်ပြီး ပျက်စီးနေတဲ့ ဝင်္ကပါအခင်းအကျင်းတွေကို လိုက်ပြင်ပါ...
“ဘိုးဘိုးသားသတ်သမား၊ အဘွားစစ်... စစ်သည်အားလုံးကို နောက်ဆုံးပေါ် နတ်ဘုရားလက်နက်တွေ၊ ချပ်ဝတ်တန်ဆာတွေ လဲလှယ်တပ်ဆင်ပေးပါ... ပျက်စီးနေတဲ့ လက်နက်၊ ချပ်ဝတ်တွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကုန်ထုတ်စက်ရုံတွေဆီ ပြန်ပို့ပြီး အမြန်ဆုံး ပြန်ပြင်ခိုင်းပါ"
သူမက အမိန့်တစ်ခုပြီးတစ်ခု ဆက်လက်ထုတ်ပြန်သည်။ "အထွတ်အမြတ်နယ်မြေတွေနဲ့ စာသင်ကျောင်းတွေက နတ်ဘုရားအားလုံး စစ်တပ်ထဲ ချက်ချင်း ဝင်ပြီး စစ်ရေးပြင်ဆင်မှုတွေ၊ ဝင်္ကပါအခင်းအကျင်းတွေနဲ့ အကျွမ်းတဝင် ဖြစ်အောင် ချက်ချင်း လေ့ကျင့်ခိုင်းပါ... တာအိုဂိုဏ်းက တာအိုဘိုးဘေးကြီးနဲ့ တာအိုသခင် လင်းရွှမ်၊ ကျောက်စိမ်းမြို့တော်ငယ်က နတ်ဝိဇ္ဇာဘုရင်နဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ကောင်းကင်နတ်မင်းတွေ၊ အစောင့်အရှောက်တွေအားလုံး ဆင့်ခေါ်လိုက်ပါ"
"ပထမလူသားဧကရာဇ်၊ ဘိုးဘိုးရွှေအနဲ့အတူ သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာက စက်မှုလက်မှုပညာရှင် တစ်သိန်း ခေါ်လာပါ.... သူတို့ကို လန်ဖုန်းတောင်ကြားမှာ ကုန်ထုတ်စက်ရုံဆယ်ရုံ အမြန်ဆုံး ဆောက်ခိုင်းပြီး နတ်လက်နက်တွေကို အချိန်မရွေး ပြင်ဆင်နိုင်အောင် လုပ်ရမယ်... ဒါ့အပြင် ဒီမှာရှိတဲ့ လက်နက်ကြီးတွေအားလုံးကို တစ်လအတွင်း အပြီးပြင်ဆင်ရမယ်"
"ဘိုးဘိုးနားကန်း၊ ပန်းချီဆရာအားလုံး ခေါ်ပြီး ဘိုးဘိုးမျက်ကန်းကို ဝင်္ကပါပုံစံအသစ်တွေ ဆွဲရာမှာ ကူညီခိုင်းပါ... ဒါ့အပြင် ကူးယူရေးဆွဲပြီး ယိုတုက ကောင်းကင်နတ်အရှင်ရုံဆီ ပို့ပေးပါ... ပြီးတော့ ကောင်းကင်နတ်အရှင်ရုံရဲ့ ကိုယ်ပွားကို ကျွန်မဆီ လာတွေ့ခိုင်းပါ"
"အစ်ကိုကြီးဝေ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက သိုင်းပညာရှင်တွေကို စုစည်းပြီး နောက်တန်းက နေရာရွှေ့ပြောင်းမုခ်ဝတွေနဲ့ စွမ်းအင်အကူးအပြောင်းတံတားအားလုံး အလုပ်လုပ်နေအောင် ကြီးကြပ်ပါ.... မုခ်ဝတစ်ခု၊ တံတားတစ်စင်းမှ ပျက်စီးလို့ မဖြစ်ဘူး.... ပြီးတော့ ကောင်းကင်ဘုံအသီးသီးဆီ သံတမန်တွေ လွှတ်ပြီး ရိက္ခာတွေ ပိုတောင်းပါ... ဒီက စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ နတ်ဘုရားမိစ္ဆာတွေ လိုအပ်တယ်လို့လည်း ပြောလိုက်ပါ"
သူမ လန်ဖုန်းတောင်ကြားအလယ်သို့ ရောက်သည့်အချိန်တွင် အမိန့်အားလုံး ထုတ်ပြန်ပြီးဖြစ်နေသည်။ တောင်ကြားတစ်ခုလုံး ချက်ချင်းပင် အလုပ်များသွားပြီး စစ်သည်တော်အားလုံး သူမ၏ အမိန့်များကို စနစ်တကျ အကောင်အထည်ဖော်နေကြသည်။
မကြာမီပင် ကောင်းကင်နတ်အရှင်ရုံ၏ ကိုယ်ပွား ရောက်လာသည်။ လင်ယွိရှို့က မေးလိုက်၏ “ကောင်းကင်နတ်အရှင်၊ ရှဲ့ဝူကျိနဲ့ မင်းသားမင်ရကို ဆက်သွယ်လို့ ရနိုင်မလား"
ကောင်းကင်နတ်အရှင်ရုံက သူမ၏ ရည်ရွယ်ချက်ကို နားလည်ပြီး ထွက်ခွာသွားသည်။
လင်ယွိရှို့က ခေါင်းလှည့်လိုက်ပြီး လန်ဖုန်းတောင်ကြားနှင့် ကောင်းကင်နတ်ဘုံစစ်စခန်းကြားတွင် တည်ရှိနေသော တာအိုအသုဘခေါင်းတလားဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ရီဝေနေသောမျက်ဝန်းလေးများဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။ "လူတိုင်း သူတို့အသက်ကို စွန့်စားနေကြတာပဲ… လူတိုင်း…"