← Chapters

ကောင်းကင်နတ်ဘုံအား တိုက်စစ်ဆင်ခြင်း

Vol. 134 Ch. 1727

ကောင်းကင်နတ်ဘုံအား တိုက်စစ်ဆင်ခြင်း

Vol. 134 Ch. 1727

လန်ဖုန်းတောင်ကြားသို့ ပထမဆုံး ရောက်ချလာသည့် စစ်ကူအဖွဲ့မှာ ရွှေအနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ စက်မှုလက်မှုပညာရှင်များ ဖြစ်ကြသည်။ သူတို့က ရောက်လျှင်ချင်း အလုပ်စကြတော့သည်။ ဒုတိယနေ့သို့ ရောက်သောအခါ နေရာရွှေ့ပြောင်းမုခ်ဝများအား တစ်ခုပြီးတစ်ခု တည်ဆောက်ပြီးစီးသွားချေပြီ။

ဒုတိယမြောက် ရောက်လာသည့် စစ်ကူအဖွဲ့မှာ တာအိုသခင်လင်းရွှမ်၊ တာအိုဘိုးဘေးကြီးနှင့် တာအိုဂိုဏ်းမှ သင်္ချာပညာရှင်များ ဖြစ်ကြသည်။ သူတို့က ရောက်သည်နှင့် ဤနေရာရှိ နေရာရွှေ့ပြောင်းမုခ်ဝများနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမြို့များထဲက နေရာရွှေ့ပြောင်းမုခ်ဝများ ဆက်သွယ်မိအောင် နေရာရွှေ့ပြောင်းမုခ်ဝတစ်ခုချင်းစီ၏ သင်္ချာသဘောတရားတို့အား ချက်ချင်း ထိန်းညှိပြောင်းလဲကြသည်။

နေရာရွှေ့ပြောင်းမုခ်ဝများမှ ထွက်လာသူများကတော့ တတိယစစ်ကူအဖွဲ့ ဆေးဆရာများ ဖြစ်ကြသည်။ ဆေးဆရာများကလည်း ရောက်ရောက်ချင်း ဆေးပေါင်းဖိုများကို ချက်ချင်း ထုတ်ကာ နေရာရွှေ့ပြောင်းမုခ်ဝများ ရေရှည်လည်ပတ်နိုင်အောင် လိုအပ်သော ဆေးကျောက်တုံးများကို စတင် ဖန်တီးကြတော့သည်။

ဤအရာများ ပြီးမြောက်သွားသောအခါ လန်ဖုန်းတောင်ကြားမှ နေရာရွှေ့ပြောင်းမုခ်ဝများသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမြို့များနှင့် ချိတ်ဆက်မိသွားချေပြီ။ ထို့နောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အမျိုးမျိုးသော နတ်ဘုရားမြို့များမှ နတ်ဘုရားမိစ္ဆာစစ်တပ်များက မုခ်ဝများမှတစ်ဆင့် စီတန်းလျက် ထွက်လာကြတော့သည်။။

နေရာရွှေ့ပြောင်းမုခ်ဝ ဆိုသည်မှာ နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းအပေါ် အခြေခံထားသော ရတနာ ဖြစ်သည်။ အလွန်တရာ ဝေးကွာသော ခရီးအတွက် နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းအား အသုံးပြုလျှင် မှော်စွမ်းအင် အမြောက်အမြား ကုန်ခမ်း၏။ ချင်မူပင် လင်းကွမ်၏ ကိုယ်ပွားများအား တိုက်ခိုက်ခဲ့စဉ်တုန်းက ထိုမျှများပြားသော မှော်စွမ်းအင်ကုန်ခမ်းမှုကို မခံနိုင်ခဲ့ပေ။

နေရာရွှေ့ပြောင်းမုခ်ဝများကမူ ဆေးကျောက်တုံးများကို အသုံးပြုသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာကဲ့သို့ ကြီးမားသော စစ်အင်အားကို ရွှေ့ပြောင်းရာ၌ ကုန်ကျမှုမှာ အလွန်တရာ ကြီးမားလှပေသည်။ သို့ဖြစ်၍ အရေးပေါ် အခြေအနေမှလွဲလျှင် နေရာရွှေ့ပြောင်းမုခ်ဝများမှ စစ်တပ်ရွှေ့ပြောင်းခြင်း မပြုကြပေ။

ယခုမူ အရေးပေါ်ဆုံး အခြေအနေပင် မဟုတ်လော။

ကောင်းကင်နတ်အရှင်ယွဲ့နှင့် နတ်ဘုရားဘုရင်လန်ဝူတို့ ပြန်ရောက်လာသောအခါ ကျန်းပိုင်ကွေ့ ရွှမ်တုစစ်မြေပြင်သို့ ရောက်သွားခဲ့ပြီဖြစ်ကြောင်း သစ်ခုတ်သမားဝမ်တျန်းကဲ သိလိုက်၏။ သို့ဖြစ်၍ သူတို့နှစ်ယောက် ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

“ရွှင်ပျော်ပျော်ကျေးရွာ … စစ်ချီလော့ …”

လန်ဖုန်းတောင်ကြားအတွင်းရှိ နတ်ဘုရားမြို့များ၏ တံခါးများ တဂျိန်းဂျိန်း ပွင့်လာကြပြီး ရွှင်ပျော်ပျော်ကျေးရွာမှ အသက်ရှင်ကျန်ခဲ့သော စစ်သည်တော်များ ထွက်လာကြသည်။ တိရီယွဲ့၊ လီရုံလန်၊ တျန်းရှု၊ ယန်ယွင်ရှီ၊ ကွမ်းချာ၊ ဟန်ထန်းနှင့် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ စစ်သူကြီးအိုများက စစ်တပ်များကို ဦးဆောင်လျက် လန်ဖုန်းတောင်ကြားမှ ထွက်ခွာပြီး ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းဆီသို့ ချီတက်သွားကြချေပြီ။

များပြားလှသော သူရဲကောင်းစစ်သည်တော်များက ချင်မူ၏ အခေါင်းကို အားကုန်သုံးလျက် ထမ်းမကာ ရှေ့ဆုံးမှ လျှောက်နေကြသည်။

လင်ယွိရှို့နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ စစ်သည်များက မြို့ရိုးမျှော်စင်ထက်၌ ရပ်လျက် ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်တပ်များ လန်ဖုန်းတောင်ကြားမှ ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။

ရွှင်‌ပျော်ပျော်‌ကျေးရွာစစ်တပ်သည် ရှေ့တန်းတပ် ဖြစ်၏။ ရှေ့တန်းတပ်ဆို သည်မှာ ရန်သူကို တစစီ ဆွဲဖြဲပေးရမည့် ဓားထက်ထက်ပမာ ပြုမူရသည်။ ရန်သူကို ဆွဲဖြဲနိုင်ခြင်း မရှိခဲ့လျှင် ထိုဓားသည် ကျိုးပဲ့သွားပေလိမ့်မည်။

ရွှင်‌ပျော်ပျော်‌ကျေးရွာစစ်တပ်အနေဖြင့် ယခုတစ်ကြိမ် စစ်ထွက်ရာ၌ မကြုံစဖူး ပြင်းထန်သော တိုက်ပွဲနှင့် ရင်ဆိုင်ရပေလိမ့်မည်။ မြို့မှ ထွက်ခွာသွားသူများအနက် မည်မျှ အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မည်နည်း။ မည်သူမျှ မသိနိုင်ပေ။

ကောင်းကင်နတ်ဘုံမှ ကျူးကျော်စစ် စတင်ခဲ့ကတည်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ရွှင်‌ပျော်ပျော်‌ကျေးရွာမှာ ခုခံကာကွယ်ရုံသာ တတ်နိုင်ခဲ့သည်။

ယခုအချိန်သည် ပထမဦးဆုံး အကြိမ်အဖြစ် စတင်၍ ထိုးစစ်ဆင်ခြင်း ဖြစ်ပေသည်။ ကောင်းကင်နတ်ဘုံ မည်မျှဒေါသူပုန်ထပြီး မည်မျှကြောက်မက်ဖွယ်ကောင်းစွာ တန်ပြန်ချေမှုန်းမည်ကို တွေးကြည့်နိုင်ပေသည်။

သို့သော်လည်း ဤတိုက်ပွဲကို အနိုင်ရလိုလျှင် ရွှင်ပျော်ပျော်ကျေးရွာဆိုသည့် ဤဓားထက်ထက်ဖြင့် မထိုးဖောက်နိုင်လောက်အောင် မာကြောသည် ထင်ရသော ကောင်းကင်နတ်ဘုံ၏ အပေါ်ယံအရေခွံကို ပြင်းပြင်းထန်ထန် ထိုးဖောက်ရန် လိုအပ်သည်။

“လီရုံလန်…”

ဇာမဏီနတ်မင်း ချီရှားယွီက မြို့ထဲမှ တစ်ယောက်တည်း ပြေးထွက်သွားကာ လှမ်းအော်ခေါ်လိုက်၏။ “ရှင်က လီရုံလန်ပဲ…”

လီရုံလန်သည် ခေါင်းတွင်တွင်ယမ်းနေ၏။ “ဒကာမ… နာမည်နဲ့ ရုပ်ဆင်းကို စွဲလမ်းနေဖို့ မလိုပါဘူး… ကျွန်ုပ်ဟာ အမျက်ထွက်နေသော ဗုဒ္ဓတစ်ပါးဟာ … ဗုဒ္ဓဆိုတာ တထာဂတပဲ… သက်ရှိသတ္တဝါတွေအပေါ် တန်းတူညီမျှ ရှုမြင်တယ်… ရုပ်ဆင်းလည်း မရှိသလို၊ နာမည်လည်း မရှိပါဘူး…” သူက သူ၏စစ်တပ်ကို ဦးဆောင်၍ ထွက်ခွာသွားသည်။

ဇာမဏီနတ်မင်း ချီရှားယွီက ဇာမဏီငှက်သင်္ဘောကို ဆင့်ခေါ်ကာ အပေါ်သို့ ပျံတက်သွားသည်။ သင်္ဘောပေါ်တွင် ရပ်၍ အောက်သို့ ငုံ့ကြည့်ကာ မေးလိုက်၏။ “ရှင် အတိတ်ကို မေ့သွားပြီလား…”

လီရုံလန်မှာ ခေါင်းမော့၍ သူမ၏ လှပသော မျက်နှာလေးအား ကြည့်လိုက်မိသည်။ “ဒကာမ… ဒကာမနောက်မှာ ကာကွယ်ရမယ့် ဇာမဏီမျိုးနွယ် ရှိပါသေးတယ် … ပုဂ္ဂိုလ်ရေးရာ ခံစားချက်တွေအပေါ် မစွဲလမ်းပါနဲ့… ဒကာမက ကျွန်ုပ်ကို လီရုံလန်လို့ ထင်နေတယ်ဆိုရင် ကျွန်ုပ်က လီရုံလန်ပေါ့… ဗုဒ္ဓတစ်ပါးရဲ့ ကြီးမြတ်တဲ့ မေတ္တာဟာ အဆုံးမရှိဘူး… သက်ရှိသတ္တဝါ အားလုံးကို ချစ်ခင်သလို ဒကာမကိုလည်း ချစ်ခင်ပါတယ်… ပြန်ပါတော့…”

ချီရှားယွီမှာ ပြူးကျယ်ဝိုင်းစက်‌နေသော မျက်ဝန်းများဖြင့် သူ အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်နေမိလေသည်။

လန်ဖုန်းတောင်ကြား မြို့ရိုးမျှော်စင်ပေါ်တွင် ဧကရာဇ်ယန်ဖုန်းသည် ကြွလာပြီး လင်ယွိရှို့၏ ဘေးတွင် ရပ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “ဒီပထမဆုံးတိုက်ပွဲမှာ ကောင်းကင်နတ်ဘုံ စစ်စခန်းကို အပေါက်ဖြစ်အောင် ဆွဲဖြဲနိုင်မှ ရမယ် … ရွှင်ပျော်ပျော်ကျေးရွာ ဒီလို စစ်ထွက်သွားတာက အင်မတန် အန္တရာယ်များတယ်…”

လင်ယွိရှို့က ဖခင်ကို လှည့်ကြည့်လိုက်သည်။ ဧကရာဇ်ယန်ဖုန်းမှာလည်း အိုမင်းရင့်ရော်နေချေပြီ။ မည်သည့်အခက်အခဲများပင် ကြုံတွေ့ရပါစေ ပြုပြင်ပြောင်းလဲမှုအား မရမက အကောင်အထည်ဖော်ရန် စိတ်ပိုင်းဖြတ်ထားသော သက်လတ်ပိုင်း ဧကရာဇ်နှင့်မတူတော့ပေ။ လောကဓံ၏ လှိုင်းလုံးများအကြား နစ်မွန်းနေသော လူသားတစ်ဦးပမာ ရင့်ရော်နေတော့သည်။ သို့သော် သူ၏ စိတ်ဓာတ်နှင့် ခွန်အားကတော့ ပြည့်လျှံနေဆဲ ဖြစ်ပြီး တက်ကြွလန်းဆန်းနေသည်။

“ခမည်းတော် … ဒီတိုက်ပွဲကို ခမည်းတော်ပဲ ဦးဆောင်ညွှန်ကြားပေးပါ…” လင်ယွိရှို့က တောင်းဆိုလိုက်သည်။

ဧကရာဇ်ယန်ဖုန်းသည် ခေါင်းခါယမ်း၍ ပြုံးလိုက်၏။ “သမီးက အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပါပြီ… သမီးသာ ချင်မျိုးရိုးကို လက်မထပ်ခဲ့ရင် ခမည်းတော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဝန်ထုပ်ဝန်ပိုးကို ပြန်ထမ်းမိမှာ မဟုတ်ပေဘူး … သမီးက ဆုံးဖြတ်နိုင်စွမ်းမှာ ခမည်းတော်ကို မမီသေးပေမဲ့ ခမည်းတော်ထက် ပိုစေ့စပ်သေချာတယ်၊ ပိုစိတ်ရှည်တယ်.... အားနည်းချက်ကို ဘယ်လိုဖုံးကွယ်ရမလဲ... ထက်မြက်မှုကို မသိအောင် ဘယ်လိုလျှိုထားရမလဲ နားလည်တယ်… ဒီတိုက်ပွဲကို သမီးပဲ စီစဉ်ညွှန်ကြားလိုက်ပါ… ခမည်းတော်ကတော့ ကိုယ်တိုင် စစ်မြေပြင်မှာ ရန်သူကို သတ်ဖြတ်ချင်တယ်…”

လင်ယွိရှို့လည်း ခေါင်းညိတ်လက်ခံလိုက်ပြီး နောက်သို့ လှည့်ကာ ပြောလိုက်သည်။ “ဘိုးဘိုးမျက်ကန်း… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဝင်္ကပါပညာမှာ ဘိုးဘိုးကို ဘယ်သူမှ မယှဉ်နိုင်ဘူး… ဘိုးဘိုးရဲ့ နတ်မျက်လုံးက ပြိုင်ဘက်ကင်းတယ်… အခုကစပြီး ဘိုးဘိုးက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဝင်္ကပါပညာ ကောင်းကင်ဆရာသခင်ပဲ… ဘိုးဘိုး ကျွန်မဘေးမှာပဲ နေပေးပါ…”

မျက်ကန်းက လက်ခုပ်တီးလိုက်ရာ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ဝင်္ကပါပညာရှင် လူငယ်များစွာ ရှေ့သို့ ထွက်လာကြ၏။ မျက်ကန်းက ပြောလိုက်သည်။ “လူတစ်ယောက်ရဲ့ ဉာဏ်ပညာက အကန့်အသတ် ရှိတယ်… ဒီခေတ်ကြီးမှာ တာအိုပညာရပ်နဲ့ နည်းစနစ် ဗဟုသုတတွေဟာ ပေါက်ကွဲသလို တိုးတက်လာခဲ့တယ် … လူတစ်ယောက်တည်းနဲ့ နယ်ပယ်တစ်ခုမှာ အရာရာ ကျွမ်းကျင်သူ ဖြစ်လာဖို့ မလွယ်တော့ဘူး … ငါ့ကို တတပ်အား ကူညီဖို့ ဒီကလေးတွေ လိုအပ်တယ်…”

လင်ယွိရှို့ ဦးညွှတ်လိုက်သည်။ “ဒုက္ခခံပေးပါဦး ဘိုးဘိုးမျက်ကန်း…”

သူမက ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။ ယိုတုမှ မရေမတွက်နိုင်သော စက္ကူလှေများ ရှေ့သို့ တိုးလာကြသည်။ လှေဦးထိပ်များမှ စက္ကူမြင်းများက အဆက်မပြတ် ခုန်ထွက်လာကာ အမှောင်အတိပြီးသော ယိုတုထဲတွင် အရိုင်းဆန်စွာ ပြေးလွှားနေကြ၏။

ထိုစက္ကူမြင်းများ၏ ကျောပေါ်တွင်တော့ ဤကပ်ဘေးအတွင်း တိုက်ပွဲဝင်ရင်း သေဆုံးခဲ့ရသော နတ်ဘုရားနှင့် မိစ္ဆာများ ရှိနေသည်။ သေဆုံးသွားသော်လည်း တိုက်ခိုက်လိုစိတ် ပြင်းပြနေဆဲ ဖြစ်ပြီး ကောင်းကင်ဘုံ စစ်စခန်းဆီသို့ အလုံးအရင်း ချီတက်သွားကြချေပြီ။

စက္ကူလှေများပေါ်မှ မရဏတမန်တော်များက မီးအိမ်များ ကိုင်ဆောင်လျက် ရှေ့မှ လမ်းကို ထွန်းလင်းပေးထားသည်။

စက္ကူလှေများ၏ အထက်ကောင်းကင်ယံတွင်မူ မြေအောက်ဘုံအရှင်သခင်၏ သေခြင်းရှင်ခြင်းစာအုပ်က ရွှေစက္ကူတစ်ရွက်ပမာ ရွှေရောင် တဝင်းဝင်း တောက်ပလျက် ရှိပြီး အောက်သို့ ရောင်ခြည်များ ဖြာကျနေသည်။

မရဏတမန်တော်ကိုယ်ပွားစစ်တပ်၏ နောက်တွင်တော့ ချင်ဖုန်းကျင့်က ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် လိုက်ပါလာသည်။ သူ၏ ခေါင်းတစ်လုံးစီတွင် မျက်လုံးသုံးလုံးစီနှင့် ဦးခေါင်းထက်တွင် ကွေ့လိမ်ကောက်ကွေးနေသော ချိုတစ်စု ရှိလေသည်။

ချင်ဖုန်းကျင့်၏ အနောက်တွင် လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးက တဝှီးဝှီး လည်ပတ်နေသည်။ ကောင်းကင်လှည်းဘီး၏ လမ်းကြောင်းခြောက်ခုက မတူညီသော လားရာများသို့ ဖြာဆင်းကာ သူ့နောက်မှ လိုက်ပါနေ၏။

အုန်း

လန်ဖုန်းတောင်ကြား၌ နေရာယူထားသော နတ်ဘုရားမြို့များကလည်း ရှည်လျားသော မီးအလင်းတန်းများ မှုတ်ထုတ်လျက် ဖြည်းညင်းစွာ လှုပ်ရှားကာ ကောင်းကင်နတ်ဘုံ စစ်စခန်းဆီသို့ ပျံသန်းသွားကြသည်။

မြို့များအထဲမှ သင်္ဘောများက ကောင်းကင်ယံသို့ တဖွဲဖွဲ ပျံတက်သွားကြသည်။ ၎င်းတို့၏ အရှိန်က နတ်ဘုရားမြို့တော်များထက် များစွာ ပိုမြန်သည့်အပြင် စနစ်တကျ စုဖွဲ့လျက် ထွက်ခွာသွားကြ၏။ သင်္ဘောများ၏ ကုန်းပတ်ပေါ်တွင်မူ ပျံသန်းနိုင်သော ယာဉ်များ တန်းစီလျက် နေရာယူထားသည်။

အကြီးစားယာဉ်ပျံများအပေါ်၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ဆေးဆရာများက ယာဉ်တို့၏ ဆေးပေါင်းဖိုများကို ပြင်ဆင်ရင်း အလုပ်များနေကြပြီး စစ်သည်တော်များကမူ အမျိုးမျိုးသော နတ်လက်နက်များကို ယာဉ်ပျံများအပေါ် လျင်မြန်စွာ ရွှေ့ပြောင်းနေကြသည်။

ပြင်ဆင်ပြီးသွားသောအခါ သင်္ဘောတို့ပေါ်မှ တပ်မှူးများက အမိန့်ပေးလိုက်သည်။ ဆေးပေါင်းဖိုများ အသက်ဝင်လာကာ ယာဉ်ပျံတပ်ဖွဲ့က သင်္ဘောများပေါ်မှ ပျံထွက်သွားကြသည်။ သူတို့၏ အရှိန်သည် သင်္ဘောများထက် များစွာ ပိုမြန်ပြီး လေခွင်းသံ တဝှီးဝှီးဖြင့် ထွက်ခွာသွားတော့သည်။

ရွာလူကြီးက ချီစွမ်းအင်ကို ထုတ်ဖော်လိုက်ရာ လူငယ်အသွင် ပြောင်းသွားပြီး ခါးတွင် နတ်ဓားတစ်လက် ချိတ်ဆွဲထားသည်။ သူက လေကို ဆန်၍ မားမားမတ်မတ် ရပ်လိုက်ရင်း ရှေ့ဆုံးမှ ယာဉ်ပျံအပေါ်တွင် ရပ်နေသည်။ ဤယာဉ်ပျံတပ်ဖွဲ့သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ဓားသိုင်းပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။

ဝှစ်…

ဇာမဏီနတ်မင်း ချီရှားယွီ၏ ဇာမဏီငှက်သင်္ဘောကလည်း အတောင်ပံများ တဖျပ်ဖျပ် ခတ်လျက် နတ်ဘုရားမြို့မှ ပျံထွက်သွားသည်။ သူမ၏ နောက်တွင်တော့ ဇာမဏီစစ်တပ်ကြီး လိုက်ပါလာသည်။ ဇာမဏီငှက်တစ်ကောင်စီ၏ ကျောတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ စစ်သည်ဆယ်ယောက်ကျော် ရပ်နေကြပြီး တစ်ယောက်ချင်းစီက လူတစ်ရပ်ထက် ရှည်သော ဓားတို့အား သယ်ပိုးထားကြသည်။ သူတို့၏ ခါးတွင်လည်း ဓားစက်လုံးများ သိုဝှက်ထားသည့် ဓားအိတ်များ ချိတ်ဆွဲထားကြသည်။

သားသတ်သမားက ထွားကြိုင်းသန်မာသော သူ၏ခန္ဓာကိုယ်ကြီးဖြင့် ဇာမဏီငှက်တစ်ကောင်၏ ကျောပေါ်တွင် ရပ်နေသည်။ ဇာမဏီငှက်နှစ်ကောင်က သူ့ဘေးတွင် ပျံသန်းနေပြီး ကောင်းကင်မဓားမ လော့ဝူရွှမ်က သူ့ဘယ်ဘက်တွင် ရှိနေသည်။ မိစ္ဆာဓားမ ကျဲ့ဟွလီကမူ သူ့ညာဘက်တွင် ပေါ်လာသည်။ ပါ့ရှန်ကတော့ သူတို့နောက်မှ အသည်းအသန် လိုက်နေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားမနတ်ဘုရားလေးပါး နောက်တွင်တော့ ဓားမလမ်းစဉ်် ကျင့်ကြံထားသော ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ လူငယ်မျိုးဆက်များ ရှိနေသည်။

“သူ ဘာလို့ လိုက်လာတာလဲ…”

ကျဲ့ဟွလီက ပါမောက္ခပါ့ရှန်ဆီ လှည့်ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ “သူက နတ်ဓားမတပ်ဖွဲ့ကမှ မဟုတ်တာ … သူ လျှောက်နေတဲ့ လမ်းစဉ်က သိုင်းကွက်နဲ့ မှော်ပညာ ပေါင်းစည်းထားတဲ့ လမ်းစဉ်… သစ္စာဖောက်”

ပါမောက္ခပါ့ရှန် ဒေါသထွက်သွား၏။ “ခွေးကောင်လေး… သတ္တိရှိရင် ရပ်လိုက်စမ်း…”

“သူ့ကို ဂရုမစိုက်နဲ့…”

သားသတ်သမားက နောက်ပြန်မလှည့်ဘဲ ပြောလိုက်သည်။ “မင်း သူ့ကို ဂရုစိုက်လေလေ၊ သူ ပိုပျော်ပြီး ပိုအသံကျယ်လေလေပဲ… မူအာနဲ့ တျန်းရှု မရှိတော့ သူ့ကို လူစေ့အောင် ခေါ်လာရတာ…”

ပါမောက္ခပါ့ရှန်၏ မျက်နှာကြီးမှာ စိမ်းပုပ်သွားပြီး အော်ဟစ်လိုက်သည်။ “ဆရာ… ခင်ဗျားက သူ့ဘက်က ပါနေတာပေါ့လေ … ကျုပ်ကမှ ခင်ဗျားရဲ့ တပည့်အရင်းနော်…”

သားသတ်သမား၏ မျက်နှာကြီး ပြာနှမ်းသွားသည်။

လော့ဝူရွှမ်းမှာ စိတ်ရှုပ်ထွေးစွာဖြင့် သူ့ဘာသာ တွေးလိုက်မိသည်။ “ကောင်းကင်ဓားမက ဘယ်လောက်တောင် သူရဲကောင်းဆန်ပြီး ဂုဏ်သိက္ခာ ကြီးမြတ်လိုက်သလဲ… ဗဟုသုတကြွယ်ဝပြီး စကားပြောရင် ကဗျာတစ်ပုဒ်လိုပဲ… ဘာလို့ သူ့တပည့်က ယဉ်ကျေးမှု မရှိတဲ့ လူကြမ်းကြီး ဖြစ်နေရတာပါလိမ့်…”

ကောင်းကင်နတ်မြစ်၏ အစိတ်အပိုင်းတစ်ခု ပျံသန်းထွက်ပေါ်လာပြီး ပိုပို၍ ရှည်လျားလာကာ တဝုန်းဝုန်းမြည်သံများဖြင့် လှိုင်းထန်လာသည်။ နတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့က လိပ်နက်ကြီးနှင့် မြွေပျံကြီးအဖြစ် ပြောင်းလဲသွားပြီး မြစ်ထဲတွင် တိုက်ကြီးတစ်တိုက်ပမာ ကူးခတ်လာသည်။

လိပ်နက်နှင့် မြွေပျံတို့၏ နောက်တွင်တော့ ပို၍ ကြီးမားသော နွံအိုင်ကြီး ပါလာသည်။ ၎င်းကနတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့၏ ဘိုးဘေးနယ်မြေ ဖြစ်လေသည်။

ဘိုးဘေးမြေထဲတွင် ရွှမ်းမျိုးနွယ်နှင့် ဝူမျိုးနွယ်တို့သည် စိတ်အားထက်သန်နေကြပြီး ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်စီ အဖော်ရှာကာ ဝင်္ကပါဖွဲ့တည်ရန် တွဲဖက်ထားကြ၏။

ကောင်းကင်ယံတွင် ဝေစွေ့ဖုန်း ပျံသန်းနေပြီး အင်္ကျီလက်အိုးများ တဖျပ်ဖျပ် လွင့်ခတ်နေသည်။ သူ့နောက်တွင်တော့ ယွီလင်နန်းစောင့်စစ်သည်တော် ထောင်သောင်းချီက အတောင်ပံများ ခတ်ကာ ပျံသန်းနေကြသည်။

နတ်မင်းဝူမှ အသွင်ပြောင်းထားသော အတောင်တစ်ထောင်နှင့် မြွေပျံက ခေါင်းမော့၍ ရယ်မောလိုက်သည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ် … ဒီတိုက်ပွဲမှာ သတိထားဦး… နင့်နာမည်အတိုင်း ဖြစ်မသွားအောင် သတိထား…”

“ဖွီ…”

ဝေ့စွေ့ဖုန်းက တဟားဟား ရယ်မောလိုက်သည်။ “ကျုပ်က ဒီလောကကြီးမှာ မပြောင်းလဲသော ကောင်းကင်နတ်သိုင်း သုံးနိုင်တဲ့ လူအနည်းစုထဲက တစ်ယောက်ပဲ… မပြည့်စုံပေမဲ့ အသက်ကို ကာကွယ်ဖို့တော့ လုံလောက်ပါတယ်… ခင်ဗျားတို့ လင်မယားနှစ်ယောက်သာ ဂရုစိုက်သင့်တယ်…”

“ကံကောင်းပါစေ…”

နတ်မင်းရွှမ်း အသွင်ပြောင်းထားသော လိပ်နက်က ခေါင်းမော့၍ ပြုံးလိုက်သည်။ “ငါက ဗေဒင်ကျွမ်းတယ်… ဗေဒင် တွက်ကြည့်ပြီးပြီ… ဒီခရီးက အောင်မြင်လိမ့်မယ်…”

လန်ဖုန်းတောင်ကြားမှ နတ်ဘုရားမြို့များလည်း တဖြည်းဖြည်း အရှိန်မြှင့်လာကြသည်။

တောင်ကြားထဲတွင် ရွှေအက စက်မှုလက်မှုပညာရှင်ထောင်ပေါင်းများစွာကို ဦးဆောင်၍ အသစ်ဆောက်လုပ်ထားသော လက်နက်စက်ရုံများကို ဖွင့်လှစ်ကာ ကုန်ခမ်းသွားမည့် လက်နက်များအတွက် အသစ် ထပ်မံ သွန်းလုပ်နေသည်။

တစ်ချိန်တည်းမှာပင် များစွာသော ကောင်းကင်နတ်သိုင်းပညာရှင်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ စွမ်းအင်ဆေးလုံးများ၊ အစွမ်းထက်ဆေးဝါးများနှင့် နတ်ဘုရားသတ္တု၊ တွင်းထွက်ပစ္စည်းများကို သယ်ယူပို့ဆောင်နေကြသည်။

ကောင်းကင်ယံတွင် နတ်ဘုရားမြို့တော်တစ်ရာခန့်က နေဝင်ဆည်းဆာ၏ နောက်ဆုံးအလင်းရောင်အောက်တွင် ကောင်းကင်နတ်ဘုံ စစ်စခန်းဆီသို့ ချီတက်နေကြသည်။

နတ်ဘုရားမြို့တများ၏ အောက်တွင်တော့ အဘွားစစ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မြေပြင်တပ်ဖွဲ့ကို ဦးဆောင်နေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ စစ်သည်များက ချီတက်ရင်းနှင့် ဆင့်ခေါ်ခြင်း နတ်ဘုရားသိုင်းကို ထုတ်သုံးလိုက်ကြသည်။ နတ်ဘုရားမြို့များ အောက်ရှိ ကောင်းကင်ယံက တရစပ် ကွဲအက်သွားပြီး အဆုံးအစမဲ့ ကျယ်ပြန့်သော သားရဲကမ္ဘာ ပေါ်ထွက်လာသည်။

ကမ္ဘာခေတ်ဦး သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် ခေါင်းပြူထွက်လာပြီး ဆင်းသက်လာကြသည်။

အဘွားစစ်က စစ်သည်များအား ဦးဆောင်၍ ထိုသားရဲကြီးများ၏ ကျယ်ပြန့်သော နောက်ကျောများအပေါ်သို့ တက်လိုက်ကြသည်။ သားရဲကြီးများက မြေတစ်ပြင်လုံး တသိမ့်သိမ့် တုန်ခါသည့်တိုင်အောင် နင်းခြေရင်း အရှိန်ပြင်းပြင်း ပြေးနေကြသည်။

အဘွားစစ်မှာ ဘေးသို့ တစ်ချက် ကြည့်လိုက်သောအခါ လူငယ်ဂိုဏ်းချုပ်ဝမ်ယွမ်နှင့် ဟွာရွှမ်းရှို့တို့ သားရဲကြီးတစ်ကောင်၏ နောက်ကျောပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် ကမန်းကတန်း မှာလိုက်သည်။ “ဝမ်ယွမ်၊ နင့်ညီမကို ကောင်းကောင်း ဂရုစိုက်… သူက ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်”

လူငယ်ဂိုဏ်းချုပ်ဝမ်ယွမ်မှာ မတရားခံရသလို ခံစားလိုက်ရပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ “အသက်ကြီးတဲ့ ဇာမဏီငှက်ဟာ ကြက်တစ်ကောင်လောက်တောင် အသုံးမဝင်ဘူးတဲ့ … အခု ငါ့အဆင့်အတန်းကလည်း ကျဆင်းသွားပြီ… ငါလည်း မူအာလို အသက်ကြီးလို့ တန်ဖိုးကျသွားပြီလား မသိဘူး…”

အဘွားစစ်က ဟွာရွှမ်းရှို့၏ လုံခြုံရေးအတွက် စိုးရိမ်နေဆဲ ဖြစ်သဖြင့် ကျန်းယွင်ကျန့်ကိုလည်း မှာနေသည်။ “ယွင်ကျန့်… မင်းရဲ့ သိုင်းအဆင့်က ပိုမြင့်တယ်… ညီမလေးဟွာကို ကောင်းကောင်း ဂရုစိုက်နော်”

ကျန်းယွင်ကျန့်သည် လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ သူ ဤတစ်ခေါက် ဦးဆောင်လာသော စစ်တပ်မှာ နတ်မင်းလေးပါး ကောင်းကင်လက်နက်တပ်ဖွဲ့ ဖြစ်ပြီး စစ်သည်တိုင်း၏ နောက်ကျောတွင် မိုးကြိုးငါးသွယ်ဒယ်အိုးကဲ့သို့သော လက်နက်များကို သယ်ပိုးထားကြသည်။

လူငယ်ဂိုဏ်းချုပ်ဝမ်ယွမ်နှင့် ဟွာရွှမ်းရှို့တို့၏ နောက်တွင်တော့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်နှင့် နန်းတွင်းကောလိပ်မှာ ပညာရှင်များ၊ ပါမောက္ခများဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကြီး ရှိနေသည်။ ဤလူများက ယခင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှ ဖြစ်ပြီး ကောင်းကင်နတ်မင်းများ၊ ဂိုဏ်းစောင့်အကြီးအကဲများ အဆင့် ရှိသည့် ဝါရင့်သိုင်းပညာရှင်များ ဖြစ်ကြလေသည်။

ချင်မူက ဂိုဏ်းချုပ် ဖြစ်လာပြီးနောက် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့သည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ မူလက နာမည်ကောင်း မရှိဘဲ ကောင်းကင်နတ်ဆိုးဂိုဏ်းဟု အမည်တွင်ခဲ့၏။ ယခုအခါတွင်တော့ နာမည်ကောင်း ပြန်ရလာပြီ ဖြစ်၏။

လူငယ်ဂိုဏ်းချုပ်ဝမ်ယွမ်မှာ ဤမျိုးဆက်၏ ဂိုဏ်းချုပ် ဖြစ်သော်လည်း နာမည်ခံသက်သက်သာ ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်တပ်အားလုံး ချီတက်လာကြပြီး နှစ်ရက်အကြာတွင် ကောင်းကင်နတ်ဘုံ စစ်စခန်းကို လှမ်းမြင်လာရသည်။ ထိုအခိုက်၌ ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်မှာ ကောင်းကင်နတ်ဘုံ စစ်စခန်းမှ စစ်တပ်နှင့် ထိပ်တိုက်တွေ့နေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တန်ပြန်တိုက်စစ် .... ပထမဆုံးသော တိုက်ပွဲ စတင်ချေပြီ။

All Chapters