အာဏာကို သိမ်းပိုက်ခြင်း၊
Vol. 134 Ch. 1728 (2)
ဝုန်း
ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်နှင့် အရှေ့ကောင်းကင်နတ်မင်းစစ်တပ်တို့ ဝင်တိုက်သွားချေပြီ။ ခေါင်းတလား သယ်ဆောင်ထားကြသည့် စစ်သည်တော်များမှာ ၎င်း၏ သက်ရောက်မှုကို ပထမဦးဆုံး တွေ့ကြုံခံစားကြရ၏။ ချက်ချင်းဆိုသလို သူတို့ထဲမှ တစ်ဝက်ကျော် သေဆုံးသွားကြသည်။
အရှေ့ဆုံးရှိ စစ်သည်တော်များ လဲကျသေဆုံးသွားသည့်အခါ အနောက်ရှိ စစ်သည်တော်များမှာ ချက်ချင်း တာအိုအသုဘခေါင်းတလား၏ အလေးချိန်မှန်သမျှကို ထမ်းပိုးလိုက်ရသည်။ သူတို့မှာ မျက်စိ၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ထွက်လာသည်အထိ ဖိချခံနေရ၏။ ပခုံးရိုးများ ကျိုးကြေနေသော်လည်း တောင့်ခံထားကြသေးပြီး လဲကျမသွားကြချေ။
သို့သော် လောကသစ်ပင်မှာ ချက်ချင်း တိမ်းစောင်းသွားသည်။ ရှေ့သို့ သွားရာလမ်းမှာ တားဆီးခံလိုက်ရပြီး လောကသစ်ပင်အပေါ်ရှိ စစ်သည်တော်အားလုံး ဟန်ချက်ပျက်သွားကြ၏။
တန်ခိုးရှင်သစ်ခုတ်သမား၏ အသံ ထွက်ပေါ်လာသည်။ “လုကျန်း၊ နျိုစန်းသွော၊ ခေါင်းတလားကို ရှေ့ကို သယ်သွားကြ… ခေါင်းတလားကို စောင့်ရှောက်ပြီး ကောင်းကင်နတ်အရှင်မူကို ကောင်းကင်နတ်ဘုံစစ်စခန်းဆီ သယ်သွားမှဖြစ်မယ်”
ငါးဦးသား ချက်ချင်း သစ်ပင်ပေါ်မှ ပြေးဆင်းသွားကြ၏။ လုကျန်း တဟားဟား ရယ်လျက် ပြောသည်။ "ညီအစ်ကိုတို့၊ ငါ မင်းတို့ကို ကာကွယ်ပေးမယ်… မင်းတို့ သိုင်းအဆင့်က နိမ့်တော့ ငါ့လောက် မသန်မာဘူး… ငါ ရှေ့ဆုံးက ကာပေးမယ်… ငါ့အတွက် စိတ်မပူကြနဲ့.. ငါ့မှာ မုန်လာဥတွေ ရှိတယ်”
သူတို့ငါးယောက်သား တာအိုအသုဘခေါင်းတလားကို မြှောက်လိုက်ကြ၏။ လုကျန်းက မာန်အပြည့်ဖြင့် ဟိန်းဟောက်လိုက်ရာ ကြွက်သားကြီးများ ဖောင်းကားလာသည်။ သူက ခါးကို ကုန်း၍ ရှေ့ဆုံးမှ နေရာယူလျက် အခေါင်းအား ထမ်းကာ ချီတက်သွား၏။
အရှေ့ကောင်းကင်နတ်မင်း၏ မရေမတွက်နိုင်သော နတ်မိစ္ဆာများ ချီတက်လာကြသည်။
တိရီယွဲ့သည် အပေါ်မှပျံဆင်းလာပြီး ဟွမ်ထျန်းရှီကို ရင်ဆိုင်တိုက်ခိုက်၏။ သူမအနေဖြင့် ဟွမ်ထျန်းရှီအား အချိန်တိုအတွင်း သတ်ဖြတ်ပြီး အရှေ့ကောင်းကင်နတ်မင်း၏ စစ်တပ်ကို ချေမှုန်းရပေမည်။ ထို့မှသာ ရွှင်ပျော်ပျော်ကျေးရွာမှ ကျန်စစ်သည်တော်များအား ကယ်တင်နိုင်လိမ့်မည်။
"တိရီယွဲ့၊ မင်းက ခိုင်ဧကရာဇ် ဖြစ်ဖို့ ထိုက်တန်လို့လား?"
ဟွမ်ထျန်းရှီက သူမအား တစ်စက်လေးမှ မကြောက်ရွံ့ဘဲ ဟားတိုက်ရယ်မောနေသည်။ သူ၏ ဦးခေါင်းနောက်တွင် ကောင်းကင်နန်းဆောင်များ ပေါ်ထွက်လာပြီး မဟာကောင်းကင်နတ်ဘုံတစ်ခု ဖွဲ့တည်လိုက်၏။ "မင်းက ငါ့အောက် အဆင့်သုံးဆင့်နဲ့ တစ်၀က်တောင် နိမ့်တယ်… ငါ့ပြိုင်ဘက် မဟုတ်ဘူး… မင်းက ခိုင်ဧကရာဇ်ခေတ်မှာ ပါရမီအရှိဆုံးပုဂ္ဂိုလ်… နတ်ဘုရားတစ်ပိုင်းလည်း ဖြစ်တယ်.. ဘာလို့ လူသားမျိုးနွယ်ကို ကူညီရတာလဲ”
" ငါက ပြီးခဲ့တဲ့နှစ်လေးသောင်းအတွင်း ပါရမီအရှိဆုံးလူဆိုတာ နင်သိတယ်ပေါ့”
တိရီယွဲ့က အော်ဟစ်လိုက်သည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ဖြတ်သန်းသွားသည့်အချိန်တွင် တိရီယွဲ့၏ လက်မောင်းမှာ ဟွမ်ထျန်းရှီကြောင့် ပြတ်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် တိရီယွဲ့ အနောက်တွင် ကျယ်ပြန့်သော ဘိုးဘေးနန်းတော်တစ်ခု ပေါ်ထွက်လာ၏။ ကောင်းကင်မုခ်၀လေးခုက တစ်ခုကိုတစ်ခု မျက်နှာချင်းဆိုင်နေကြသည်။ နဂါးသွဲ့ပင်လယ်၊ နဂါးသွဲ့စင်မြင့်တို့၏ တာအိုက နက်ရှိုင်းကျယ်ပြန့်နေပြီး နတ်ဘုရားစီရင်ရာစင်မြင့်တွင်လည်း အသတ်ဖြတ်အရှိန်အဝါတို့ ပြည့်နှက်နေ၏။ ကောင်းကင်ပင်လယ်သည် မှန်ကဲ့သို့ တောက်ပငြိမ်သက်နေပြီး အကျဉ်ထောင်ကိုးထပ်စင်မြင့်က အသူရာချောက်နက်ကဲ့သို့ နက်ရှိုင်းနေသည်။
သူမ၏ ဘိုးဘေးနန်းတော်ထဲတွင် ကျောက်တုံးတွင်းလေးတွင်း၏ အရိပ်အယောင်များပင် မြင်သာနေပြီဖြစ်သည်။ ထိုက်ရှီသတ္တုကြောသာ မပေါ်သေးပေ။ သတ္တုကြောကြီးလေးခုမှ မဟာတာအိုလေးခု၏ အလင်းတန်းများက တဖြည်းဖြည်း တောက်ပလာသည်။ တိရီယွဲ့၏ မူလဝိညာဉ်က အလင်းတန်းများကို စုစည်း၍ သူမ၏ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက်သို့ ရွေ့လျားသွား၏။ ချက်ချင်းဆိုသလို မူလဝိညာဉ်သည် ဟွမ်ထျန်းရှီ၏ ကောင်းကင်နတ်ဘုံငယ်ကို ထိုးဖောက်ကာ နတ်ကောင်းကင်ခန်းမထဲသို့ ဝှစ်ခနဲ ဖြတ်သန်းသွားသည်။
နတ်ကောင်းကင်ခန်းမထဲရှိ ဟွမ်ထျန်းရှီ၏ မူလဝိညာဉ်မှာ ဝုန်းခခနဲ ပေါက်ကွဲကာ ပြာကျသွားချေပြီ။
ဟွမ်ထျန်းရှီ၏ အလောင်း မြေပေါ်သို့ လဲကျသွားပြီးသည့်အခါ ဖရိုဖရဲဖြစ်နေသော စစ်တပ်ကြီးထဲတွင် ချက်ချင်း နင်းချေခံရ၍ အသားအစပင် မကျန်တော့ပေ။
တိရီယွဲ့က သူမ၏ ဘယ်လက်မောင်းပြတ်ကို မကောက်ချေ။ ထိုအစား သွေးတိတ်အောင် ချုပ်၍ ရှေ့သို့ ပြေးကာ ရန်သူ့တပ်ထဲသို့ ဝင်ရောက်တိုက်ခိုက်တော့၏။
သူမ အရှေ့ကောင်းကင်နတ်မင်းစစ်တပ်ကို ဖောက်၀င်သွားသည့်အခါ ကောက်းကင်နတ်ဘုံ၏ စစ်တပ်များ တဟုန်ထိုး ချီတက်လာနေသည်ကို တွေ့လိုက်ရသည်။
"ဒီတိုက်ပွဲမှာ ငါ ကောင်းကင်နတ်ဘုံစစ်စခန်းထဲ မဖြစ်မနေ ထိုးဖောက်၀င်ရောက်ပြီး ကောင်းကင်နတ်အရှင်မူရဲ့ ခေါင်းတလားကို စစ်စခန်းထဲ ထားခဲ့ရမယ်"
တိရီယွဲ့သည် လက်တစ်ဖက်ဖြင့် ဓားကိုင်ထားပြီး သူမ၏ မူလဝိညာဉ်ကမူ သတ္တုကြောကြီးလေးကြောထဲတွင် မျောလွင့်နေ၏။ သူမက တဟုန်ထိုး ချီတက်လာနေသာ ကောင်းကင်နတ်ဘုံ၏ စစ်တပ်အမျိုးမျိုးကို ကြည့်ကာ ရေရွတ်နေသည်။ "လောကသစ်ပင် ကောင်းကင်နတ်ဘုံစစ်စခန်းထဲ ရပ်တည်နိုင်မှ ရွှင်ပျော်ပျော်ကျေးရွာက ကောင်းကင်နတ်ဘုံရဲ့ အရှိန်အဝါကို ဖြတ်တောက်နိုင်တဲ့ ဓားသွားတစ်ခု ဖြစ်လာနိုင်လိမ့်မယ်"
ဝုန်း…
ကောင်းကင်နတ်ဘုံ၏ နောက်ထပ်စစ်တပ်တစ်ဖွဲ့ ပြေး၀င်လာပြီး သူမကို ဝါးမြိုဖုံးအုပ်သွား၏။
တိရီယွဲ့၏ ပုံရိပ်မှာ လှိုင်းလုံးကြီးများ ထန်နေသည့် ပင်လယ်ပြင်ကျယ်မှ လှေငယ်တစ်စင်းအလားပင်။ လှိုင်းလုံးများအကြားတွင် ခပ်ရေးရေးသာ မြင်နေရပြီး ဝါးမျိုခြင်း မခံရသေးပေ။
အုန်း…
နောက်ထပ် စစ်တပ်ကြီးတစ်တပ် ပြေး၀င်လာပြန်သည်။ ထို့နောက် တတိယစစ်တပ်ကြီး ထပ်မံ ရောက်ရှိလာ၏။ လောကသစ်ပင်အပေါ်တွင် ဝမ်တျန်းကဲက အမိန့်ပေးလိုက်ရာ ယန်ယွင်ရှီ၊ လီရုံလန်နှင့် အခြားသူများ ဆင်းသက်သွားကြပြီး တိရီယွဲ့အား ကူညီတိုက်ခိုက်ပေးကြသည်။ အားလုံးက သွေးပင်လယ်လှိုင်းများကို ဖြတ်ကျော်ကာ ဆက်လက်ချီတက်နေကြ၏။ မရေမတွက်နိုင်သော ရန်သူ့အလောင်းများကလည်း သွေးပင်လယ်ထဲတွင် လွင့်စင်နေကြသည်။
"မြောက်ကောင်းကင်မုခ်၀ကို စတေးလိုက်” ရန်သူ့စစ်စခန်းမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။
ကောင်းကင်မုခ်၀တစ်ခု ပေါ်ထွက်လာသည်နှင့် မရဏလေအေးတို့ တိုက်ခတ်လာပြီး တစ်လောကလုံးကို အေးခဲလာစေသည်။
အခေါင်းထမ်းနေသော လုကျန်းနှင့် အခြားသူများမှာ အသည်းခိုက်အောင် အေးလာကြသည်။ သူတို့ဦးခေါင်းနှင့် မျက်နှာတွင် ရေခဲမှုန်များ တွဲလဲခိုလာ၏။
ဤကောင်းကင်မုခ်၀သည် ဘိုးဘေးနန်းတော်မှ အထွတ်အမြတ်နယ်မြေတစ်ခု ဖြစ်သည့် မြောက်ကောင်းကင်မုခ်၀ပင်။ ကောင်းကင်နတ်ဘုံက ၎င်းအား သယ်ဆောင်လာ၍ လောကသစ်ပင်နှင့် ရင်ဆိုင်တိုက်ခိုက်ပေးမည့် ကောင်းကင်လက်နက်ပမာ အသုံးပြုနေသည်။ မြောက်ကောင်းကင်မုခ်၀ကို အသုံးပြု၍ ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်အပေါ် ဖိနှိပ်ကာ ရွှင်ပျော်ပျော်ကျေးရွာ ရှေ့ဆက် ချီမတက်လာနိုင်အောင် တားဆီးနေခြင်းပင်။
တစ်ချိန်တည်းမှာပင် လောကသစ်ပင်ကို တိုက်ခိုက်နေကြသော ကောင်းကင်နတ်ဘုံ စစ်သည်တော်များသည် သစ်ပင်ပေါ်သို့ သွေးရူးသွေးတန်း တွယ်တက်နေကြပြီး သတ်ဖြတ်တိုး၀င်နေကြ၏။
အခေါင်းထမ်းနေသော လုကျန်း၊ နျိုစန်းသွောနှင့် အခြားသူများမှာ ပို၍ပင် ကြီးမားသော အန္တရာယ်များဖြင့် ရင်ဆိုင်နေရသည်။ လုကျန်းက ကျောဖြင့် တာအိုအသုဘခေါင်းတလားကို ထမ်းထားပြီး လက်နှစ်ဖက်ဖြင့် တိုက်ခိုက်နေ၏။ နျိုစန်းသွောကလည်း ပခုံးဖြင့် ခေါင်းတလားကို ထမ်းထားပြီး လက်နှစ်ဖက်ဖြင့် တိုက်ခိုက်နေသည်။ သူတို့မှာ ရန်သူများဖြင့်သာ ဝိုင်း၀န်းခံထားရပြီး ကောင်းကင်လက်နက်များက ဘက်ပေါင်းစုံ တိုက်ခိုက်နေသည့်အလား ခံစားနေရကာ အရှင်းမသတ်ဖြတ်နိုင် မတားဆီးနိုင်ကြပေ။
ဤတိုက်ပွဲကား မည်သည့်အချိန်မှ အဆုံးသတ်မည်နည်း။
ရုတ်တရက် မြောက်ကောင်းကင်မုခ်၀၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုံစစ်သည်တော်များ အတုံးအရုံး လဲကျသွားကြ၏။ မည်သို့ ဖြစ်ပျက်သွားမှန်း မသိရချေ။ ကောင်းကင်နတ်ဘုံ၏ အကြီးအကဲတစ်ဦးက တစ်စုံတစ်ခုကို ခံစားမိလိုက်ဟန်ဖြင့် မျက်နှာပျက်သွားပြီး ဟိန်းဟောက်လိုက်သည်။ “ရန်သူတိုက်ခိုက်လာပြီ… ယိုတုကနေ တိုက်ခိုက်လာတာ…. သေခြင်းရှင်ခြင်း ကောင်းကင်ရတနာထဲ ၀င်လာကြပြီ… ရန်သူက ငါတို့ရဲ့ မူလဝိညာဉ်ကို လုပ်ကြံလာကြလိမ့်မယ်… သတိထားကြ"
သူ၏ ကောင်းကင်နန်းဆောင် ဘွားခနဲ ထွက်ပေါ်လာသည့်အချိန် ဓားမတစ်လက်သည် ကောင်းကင်နန်းဆောင်များအား ပိုင်းဖြတ်သွားရင် မူလဝိညာဉ်ကိုပါ သတ်ဖြတ်လိုက်၏။
မင်တုကောင်းကင်နတ်မင်းတျန်းရှုပင် ဖြစ်ချေသည်။
တျန်းရှုက တော်ဝင်မုခ်ဝနတ်ဓားမကို လှုပ်ခါလိုက်ရာ ဓားမရောင်တို့ မျက်စိကျိန်းဖွယ် တောက်ပလာကြသည်။ ဓားရောင်တို့ ဖြာထွက်သွားသည့်အချိန်မှာပင် သေဆုံးသူတို့၏ ရှင်သန်ရာ ကမ္ဘာဆိုသော နယ်နိမိတ်ကျောက်တုံး ပေါ်လွင်လာသည်။ ဖုန်းတု၏ အရှင်ဘုရင် ယမမင်းကား ဖုန်းတုတစ္ဆေနတ်ဘုရားများကို ဦးဆောင်ကာ ယိုတုမှတစ်ဆင့် ကောင်းကင်နတ်ဘုံ နတ်ဘုရားမိစ္ဆာများ၏ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာများထဲသို့ ဝင်ရောက်တိုက်ခိုက်နေချေပြီ။
တျန်းရှု၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးမားလာပြီး ခြေထောက်နှစ်ချောင်းကို ကားလိုက်သည်။ သူက မြောက်ကောင်းကင်မုခ်၀အဖြစ် ဖွဲ့တည်ပေးထားသော တောင်ထိပ်နှစ်လုံးအပေါ် နင်းကာ ခက်ထန်စွာ ဟစ်ကြွေးလိုက်သည်။ "ရှေ့တက်ကြ..”
လုကျန်း၊ နျိုစန်းသွော၊ ငါးနီမောင်နှံနှင့် ကျားနက်နတ်မင်းတို့သည် အခေါင်းထမ်းလျက် ရှေ့သို့ ဆက်လက်ချီတက်သွားကြ၏။ ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော စစ်သည်တော်များက အရပ်လေးမျက်နှာမှ တိုးဝင်လာကြသည်။ အလောင်းများက တောင်များအလား ပုံနေပြီး သွေးပင်လယ်တို့ စီးဆင်းနေကြတော့သည်။
လမ်းတစ်လျှောက်တွင် တိုက်ပွဲပေါင်း မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့ပြီး ရွှင်ပျော်ပျော်ကျေးရွာ စစ်သည်တော်များလည်း မရေမတွက်နိုင်အောင် သေဆုံးဒဏ်ရာရခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် ကောင်းကင်နတ်ဘုံစစ်စခန်းအရှေ့သို့ ရောက်လာကြ၏။
အပေါ်မှ ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကင်လက်နက်များစွာ တဖွဲဖွဲ ကျဆင်းလာနေကြသည်။ ရွှင်ပျော်ပျော်ကျေးရွာ စစ်သည်တော်များက အားကုန်သုံး၍ ခုခံပေးကြသောကြောင့် အတုံးအရုံး သေဆုံးနေကြကာ လောကသစ်ပင်ပေါ်မှ တဘုန်းဘုန်း ပြုတ်ကျနေကြလေသည်။
ကောင်းကင်နတ်ဘုံ၏ မြို့ရိုးသည် ထူထဲကြီးမားလှသည်။ လုကျန်းက အော်ဟစ်လိုက်၏။ "ငါ အခေါင်း ထမ်းထားမယ်.. နွားကြီး၊ မင်း သွားပြီး မြို့တံခါးကို ဖျက်လိုက်"
နျိုစန်းသွောက မာန်အပြည်ဖြင့် အော်ဟစ်ရင်း ပြေးထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြီးမားလာပြီး ကြွက်သားများက ကြောက်မက်ဖွယ် ဖောင်းကားလာသည်။ သူက လက်သီးနှစ်ဖက်ဖြင့် မြို့တံခါးကို ထိုးလိုက်ရာ မြို့တံခါးနှင့် မြို့ရိုးမှာ တဝုန်းဝုန်း တုန်ခါသွား၏။
ကောင်းကင်နတ်ဘုံ စစ်သည်တော်များသည် မြို့ရိုးပေါ်မှ ခုန်ချတိုက်ခိုက်နေကြပြီး အရေအတွက်မှာ တဖြည်းဖြည်း များပြားလာသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုံ စစ်သည်တော်များက အရပ်လေးမျက်နှာမှ ပြေး၀င်လာကြချေပြီ။
လုကျန်းသည် အခေါင်းကို ကျောတွင် ထမ်းထားရင်း ခပ်ပြတ်ပြတ် ပြောသည်။ "ကြောင်လေး၊ ငါးနီ … ငါ ကာထားမယ်… မင်းတို့ နွားအိုကြီးကို ကာကွယ်”
ကျားနက်နတ်မင်းနှင့် ငါးနီမောင်နှံက ချက်ချင်းပင် အခေါင်းမထမ်းတော့ဘဲ နျိုစန်းသွောကို ကာကွယ်ရန် အားကုန်သုံးတိုက်ခိုက်နေကြ၏။
နျိုစန်းသွောက မြို့ရိုးတံခါးကို အသည်းအသန် ထုရိုက်နေသော်လည်း မြို့တံခါးကား မပျက်စီးသေးပေ။ ရုတ်တရက် သူက ဒေါသတကြီး ဟိန်းဟောက်ကာ မြို့တံခါးကို ခေါင်းဖြင့် ပြေးဆောင့်လိုက်သည်။
မြေပြင်ကို တုန်ခါသွားစေသည့် အသံကြီးတစ်သံ ပဲ့တင်ရိုက်ခတ်သွားပြီး မြို့ရိုးတံခါးသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ ပြိုကျသွား၏။ နျိုစန်းသွော၏ ဦးချိုနှစ်ချောင်းလုံး ကျိုးသွားပြီး ခေါင်းမှလည်း သွေးများ ထွက်လာသည်။ သို့သော် သူက ဂုဏ်ယူစွာ ပြုံးလျက် ပြောနေသည်။။ "သောက်မြည်း ... မြို့တံခါး ပွင့်ပြီ… မြို့တံခါး ပွင့်ပြီကွ… အခေါင်းကို မြို့ထဲ သွင်းလိုက်တော့”
လုကျန်းမှာ တာအိုအသုဘခေါင်းတလားကို ကျောတွင် ထမ်းထားလျက် မလှုပ်မယှက် ရပ်နေဆဲပင်။ သူ၏ ကိုယ်ပေါ်တွင် အမျိုးမျိုးသော ကောင်းကင်လက်နက်များ စိုက်ဝင်နေသည်။
" သောက်မြည်း"
ကျားနက်နတ်မင်းက ပြေး၀င်လာနေသော ကောင်းကင်နတ်ဘုံ စစ်သည်တော်များကို တိုက်ထုတ်ပြီး ပြေးသွား၏။ လုကျန်းကာ... ကျန်သော မျက်လုံးတစ်လုံးတည်းကို ပြူးကျယ်စွာ ဖွင့်ထားပြီး သေနေချေပြီ။ သူ၏ ပါးစပ်နားရှိ ဂျင်ဆင်းအရုပ်လေးတွင်လည်း မုန်လာဥခေါင်းသာ ကျန်တော့သည်။
မုန်လာဥခေါင်းသည် လုကျန်း၏ မိတ်ဆွေကောင်း ဖြစ်သည်။ မုန်လာဥကို အားတိုင်း ကိုက်၍ စားလေ့ ရှိသော်လည်း ခေါင်းကိုတော့ မကိုက်ချေ။ ထိုသို့လုပ်ပါက သူ့မိတ်ဆွေ သေသွားမည်ကိုလည်း သိသည်။
"အခေါင်းကို မြို့ထဲ သွင်းတော့"
ကျားနက်နတ်မင်းက မျက်ရည်များ သုတ်ကာ ခွန်ဇနီးမောင်နှံဆီသို့ အော်ဟစ်လိုက်၏။
အခေါင်းထမ်းရန် သူတို့သုံးဦးသာ ကျန်တော့သည်။ တာအိုအသုဘခေါင်းတလားသည် အလွန်လေးလံသဖြင့် သုံးဦးစလုံး သွေးအန်သည်အထိ ဖိချခံနေရ၏။ နျိုစန်းသွောက ရှေ့မှ လမ်းဖွင့်ပေးပြီး သူ၏ ကိုယ်ခန္ဓာဖြင့် တိုးဝင်လာနေသည့် စစ်သည်တော်တို့၏ တိုက်ခိုက်မှုကို ကာကွယ်ပေးကာ ကျားနက်နတ်မင်းတို့သုံးဦးအတွက် သွေးစီးနေသော လမ်းအား ဖွင့်ပေးနေသည်။
နောက်ဆုံးတော့ သူတို့ မြို့တွင်းသို့ ရောက်သွားကြချေပြီ။
အဝေးရှိ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားမြို့ထဲတွင် လင်ယွိရှို့သည် လောကသစ်ပင် ကောင်းကင်နတ်ဘုံစစ်စခန်းသို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရ၏။ ထိုအခိုက်အတန့်မှာပဲ သူမ၏ မြှောက်ထားသော လက်မောင်းသည် ဓားတစ်လက် ကျဆင်းသွားသကဲ့သို့ အောက်သို့ ကျသွားတော့သည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်တပ်များက တရဟော ပြေးထွက်သွားကြပြီး ကောင်းကင်နတ်ဘုံစစ်စခန်းဆီသို့ အလုံးအရင်း ချီတက်သွားကြလေပြီ။