အခန်း (၃၇၆-၃၇၇)
Vol. 16 Ch. 376-377
အခန်း(၃၇၆) ချိုးဖျက်မရတဲ့ ခင်မင်မှု
စူစူလေးရဲ့ ပုံထဲမှာ ဟွော်ထျင်းကော မဲလုံးကြီးကော ပါသည်။
မဲလုံးကြီးက မှတ်မိဖို့ အလွယ်ဆုံးဖြစ်၏။ အနက်ရောင် ရောင်စုံခဲတံဖြင့် ခွေးပုံဆွဲထားခြင်းကြောင့် ဖြစ်သည်။
မဲလုံးကြီးဘေးမှာ လည်ပတ်ကြိုးကိုင်ပြီး ရပ်နေသူက ဟွော်ထျင်းဖြစ်သည်။
ဝှီးချဲနဲ့လူက သံသယဖြစ်စရာမရှိအောင် ဟိုဘက်အိမ်ကကောင် ဖြစ်မည်။
ပုံထဲမှာ သူကော လုကျန်းယွီကော တန်းတူညီမျှ ပါဝင်နေပြီး တည်နေရာကလည်း ဆင်တူသလောက် ရှိနေတာကို ဟွော်ထျင်း မြင်လိုက်ရပါသည်။
ဒါဆို စူစူလေးရဲ့ ရင်ထဲမှာ သူကော လုကျန်းယွီကော သာတူညီမျှရှိနေတယ်လို့ ဆိုလိုတာလား
ပုံထဲက တခြားသူတွေကိုလည်း ဟွော်ထျင်း သိပါသည်။
မုတ်ဆိတ်ဖြူကြီးနဲ့က ဆရာကြီးရှုယီဖြစ်မည်။
အနက်ရောင် မျက်မှန်ကိုင်းနဲ့က သူမရဲ့ မမလှလှဖြစ်လိမ့်မည်။
စာမျက်နှာတစ်ခုပေါ်က ရုပ်ပုံလေးတစ်ပုံသာ ဖြစ်သော်လည်း ဟွော်ထျင်း အလွန်ကျေနပ်သွားပါသည်။ စူစူလေးက သူ့ကို သူငယ်ချင်းအဖြစ် သဘောထားမှန်း ကျိန်းသေသွားပြီ။
အမှန်ပင်။ သူမ ပုံဆွဲစွမ်းရည် ဒီ့ထက်ပိုကောင်းပြီး သူ့ကို ရုပ်ချောအောင် ဆွဲပေးရင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မည်.
… … …
“စူစူ!”
စူစူလေး အိမ်ပြန်လာပြီး ဧည့်ခန်းထဲခြေလှမ်းလိုက်စဉ် ဟွော်ထျင်းက လှေကားပေါ်မှ ပြေးဆင်းလာပါသည်။
အပေါ်ထပ် ပြူတင်းပေါက်မှ ဟွော်ထျင်း စောင့်ကြည့်နေခဲ့တာဖြစ်သည်။ ကားတစ်စီး ရောက်လာတာကို မြင်တာနဲ့ ဟွော်ထျင်း အောက်ထပ်သို့ ပြေးဆင်းလာခဲ့ပါသည်။
အိမ်မပြန်သေးသည့် ချူးယန်ရှီလည်း ထိုမြင်ကွင်းကို မြင်ပြီး ပြုံးမိသွားသည်။
ကောင်းတယ်။ သူငယ်ချင်းဆိုတဲ့ ဟာလေးတွေ ရန်ဖြစ် သတ်ပုတ်ကြတော့မယ်။
သူမ ထိုရန်ပွဲကို စောင့်မျှော်နေမိပါပြီ။
ဟွော်ထျင်းကို မြင်သောအခါ စူစူလေးက လက်ပိုက်လျက် မျက်နှာလွှဲလိုက်ပြီး ဟွော်ထျင်းကို ဂရုမစိုက်ချင်ယောင် ဆောင်လိုက်ပါသည်။
သူမရဲ့ အပြုအမူကို မြင်ပြီး ဟွော်ထျင်း စိတ်ရှုပ်သွား၏။
သူ့ကို စူစူလေး စိတ်ဆိုးတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါ။
အရင်တစ်ခေါက် ဒီလိုဖြစ်တုန်းက သူအလျှော့ပေးပြီး အမှားတွေကို ဝန်ခံလိုက်မှသာ စူစူလေးက သူ့ကို သေချာ ပြန်ကြည့်တာဖြစ်သည်။
တခြားသူသာဆို ဟွော်ထျင်းရဲ့ စိတ်နဲ့ သေချာပေါက် ဒေါသထွက်မိမှာဖြစ်ပါသည်။
သို့သော်လည်း ဒါက စူစူလေး မဟုတ်လား။ သူ့ဘက်က စိတ်ဆိုးလိုက်လျှင် သူ့ကို တစ်သက်လုံး မခေါ်တော့ဘဲ နေသွားနိုင်သည်။
ဒီကောင်မလေးက သူ့ထက်တောင် ပိုပြီး စိတ်မာသေးသည်။
“ဟိုကောင်မလေး ငါ့ကို စိတ်မဆိုးနဲ့တော့!”။ ဟွော်ထျင်းက မသဲမကွဲအသံဖြင့် ပြောလိုက်ပါသည်။
သူမှားမှန်း သိပါပြီ။
“နင်က ဆိုးတယ်။ နင့်ကို စကားမပြောတော့ဘူး!”။ စူစူလေးက ဟွော်ထျင်းကို လှည့်မကြည့်သေးပါ။
“ငါ… ငါ့အမှားကိုငါ သိပါပြီ”။ ဟွော်ထျင်းက ပြောလိုက်၏။
“ဟွန်း”။ စူစူလေး လှည့်မကြည့်သေးပါ။
ဟွော်ထျင်း စိတ်ပူသွား၏။
သူဘာလုပ်ရမလဲ။ ဒီကောင်မလေး သူ့ကို တကယ်စိတ်ဆိုးနေတာထင်တယ်။
ချူးယန်ရှီတစ်ယောက် အံ့အားသင့်ကာ မယုံကြည်နိုင်ဖြစ်သွားပါသည်။
ခုနလေးတင်ကမှ ဟွော်ထျင်း အပေါ်ထပ်ကို ဒေါကြီးမောကြီး ပြေးတက်သွားခဲ့တာမဟုတ်လား။ စူစူလေးသာ ပြန်လာလျှင် ကျိန်းသေပေါက် ပွဲကြမ်းတော့မည်ဟု ချူးယန်ရှီ တွေးထားခဲ့တာဖြစ်သည်။
သို့သော်လည်း အခုတော့ ဟွော်ထျင်းက စူစူလေးရှေ့မှာ ကျိုးနွံစွာ တောင်းပန်နေလေသည်။
ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖြစ်သွားတာလဲ။
ဟွော်ထျင်းက ဆက်တောင်းပန်၏။ “ဟိုကောင်မလေး…။ နင်စိတ်မဆိုးတော့အောင် ငါဘာလုပ်ပေးရမလဲ။ ငါနင့်ကို ရွှေတွေအများကြီး ဝယ်ပေးမယ်လေ။ အဲ့တာဆို ပြန်ခေါ်မှာလား”
စူစူလေးက ရွှေကြိုက်တတ်မှန်းသိသဖြင့် ဟွော်ထျင်း ပြန်ချော့ဖို့ ကြိုးစားသည်။
“မလိုချင်ဘူး”။ စူစူလေးက ငြင်းဆန်ပါသည်။
စူစူလေးရဲ့ စိတ်ဆိုးမာန်ဆိုး မျက်နှာလေးကို ကြည့်ရင်း ဟွော်ထျင်း ဦးနှောက်ခြောက်ခံကာ စဉ်းစားလိုက်သည်။
ရုတ်တရက် ဟွော်ထျင်း အကြံတစ်ခုရသွားသလို မျက်လုံးများ တောက်ပသွားပါသည်။
“စူစူလေး။ လူသားပေါက်စတွေက ဉာဏ်တုံးတယ်လို့ နင်ပြောဖူးတယ်လေ။ အဲ့တာကြောင့် အမှားလုပ်မိရင် အမှန်ပြင်ဖို့ အခွင့်အရေးပေးရမယ်ဆို။ အဲ့တာ နင့်စကားပဲ မဟုတ်ဘူးလား”
“ဟုတ်တယ် အဲ့လိုပြောထားတာ”။ စူစူလေးက ပြောလိုက်ပါသည်။
“အဲ့တာဆို ငါလည်း လူသားပေါက်စပဲလေ။ ငါ့ကိုလည်း အခွင့်အရေးပေးပါ!”။ စူစူလေးရဲ့ ခွင့်လွှတ်မှုကို ရဖို့အတွက် ဟွော်ထျင်း ကိုယ့်သိက္ခာကိုယ်တောင် မငဲ့တော့ပါ။
လူသားပေါက်စဖြစ်သည်ဟု ဝန်ခံလိုက်ခြင်းက စူစူလေး လျစ်လျူရှုတာကို ခံရမှာထက်စာလျှင် မပြောပလောက်ပါ။
“အဲ့တာက…”။ စူစူလေး လေးလေးနက်နက် စဉ်းစားလိုက်ပါသည်။
သူမရဲ့ အဖြေကို ဟွော်ထျင်း စိတ်ပူပန်စွာ စောင့်မျှော်နေပါသည်။
… … …
အခန်း(၃၇၇) စိတ်ဆိုး ပြေလွယ်သူ
ဟွော်ထျင်းတစ်ယောက်တည်း မဟုတ်ဘဲ ချူးယန်ရှီကပါ စူစူလေးကို စူးစူးစိုက်စိုက် စောင့်ကြည့်နေပါသည်။
သူမ စိတ်ထဲမှလည်း ရေရွတ်လိုက်သည်။ အဲ့လောက် လွယ်လွယ် ခွင့်မလွှတ်လိုက်နဲ့!
ဒီလို အခြေအနေမျိုးမှာ သူတို့ ရန်ဖြစ်သတ်ပုတ်နေရမှာ! တစ်ယောက်ကိုတစ်ယောက် မခေါ်နိုင်မပြောနိုင် ဖြစ်နေရမှာ!
အားလုံးရဲ့ စောင့်ကြည့်မှုအောက်မှာ စူစူလေး ပြန်ပြောလိုက်သည်။
“ဟုတ်ပြီလေ။ အဲ့တာဆို ခွင့်လွှတ်တယ်!”
စူစူလေး ၃ စက္ကန့်လောက်သာ စဉ်းစားလိုက်ပြီး ဟွော်ထျင်းကို ပျော်ပျော်ကြီး ခွင့်လွှတ်ပေးလိုက်ပါသည်။
စူစူလေး၏ အဖြေကြောင့် ဟွော်ထျင်းကော ချန်းယွီကော အံ့အားသင့်သွားရသည်။
တစ်ယောက်က ပျော်ရွှင်စွာ အံ့အားသင့်သွားခြင်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပြဿနာ ဘယ်လောက်တောင် လွယ်လွယ်ကူကူ ပြေလည်သွားသလဲဆိုတာကို အံ့အားသင့်သွားခြင်း ဖြစ်ပါသည်။
“တကယ်ကြီးလား။ ငါ့ကို ခွင့်လွှတ်တယ်ပေါ့”။ ဟွော်ထျင်း မေးလိုက်သည်။
“အွန်း”။ စူစူလေးက ခေါင်းငြိမ့်ကာ အတည်ပြုပေးလိုက်ပါသည်။
သူ့အမှားသူ ဝန်ခံမှတော့ ခွင့်လွှတ်ပေးရတာပေါ့!
ထို့အပြင် ထိုစည်းမျဉ်းတွေကို သူမကိုယ်တိုင်ချမှတ်ခဲ့တာဖြစ်သဖြင့် ကိုယ်တိုင် လိုက်နာဖို့ လိုအပ်သည်။
နောက်ဆုံးတော့ ဟွော်ထျင်းရဲ့ ရင်ဘတ်ထဲက အလုံးကြီး ကျသွားခဲ့ပါပြီ။
ဒီကောင်မလေးက ချစ်ဖို့ကောင်းလိုက်တာ!
“အဲ့တာဆို ငါတို့က သူငယ်ချင်းတွေနော် ဟုတ်တယ်မလား”။ ဟွော်ထျင်းက စူစူလေးနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်ပါသည်။
“အွန်း! သူငယ်ချင်းတွေ!”။ စူစူလေးက ခေါင်းငြိမ့်လိုက်ပါသည်။
စူစူလေးနဲ့ ဟွော်ထျင်းတို့ လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူလိုက်သောအခါ ချူးယန်ရှီရဲ့ အကြံအစည်လည်း ပျက်စီးသွားရတော့သည်။
ချူးယန်ရှီ ဒေါသဖြင့် အံကြိတ်လိုက်ပြီး အသက်ရှူတွေတောင် ကြပ်သွားပါသည်။
ဟွော်ထျင်းနဲ့ စူစူလေးတို့ကြား ပဋိပက္ခဖြစ်အောင် သူမ အစွမ်းကုန်ကြိုးစားခဲ့တာတောင် စကားလုံးလေး တစ်လုံးနှစ်လုံးတည်းနဲ့ သူတို့ ပြန်အဆင်ပြေသွားတာ ဖြစ်သင့်ရဲ့လား။
ကလေးတွေရဲ့စိတ်ကို သူမကပဲ နားမလည်နိုင်တာလား။ ဒါမှမဟုတ် ဒီကလေးနှစ်ယောက်ရဲ့ တွေးခေါ်ပုံက သာမန် ကလေးတွေနဲ့ မတူလို့လား။
ချူးယန်ရှီတစ်ယောက် စိတ်တွေရှုပ်လွန်းနေသဖြင့် သူမရဲ့ မျက်နှာထားကို စူးစူးရှရှ အကဲခတ်နေသည့် မျက်လုံး တစ်စုံကို သတိမထားမိခဲ့ချေ။
လုကျန်းယွီလည်း စူစူလေးနဲ့အတူ ပြန်ပါလာသည်။
အိမ်ထဲရောက်လာပြီးနောက် စူစူလေးနဲ့ ဟွော်ထျင်းတို့ကိုတင်မဟုတ်ဘဲ ချူးယန်ရှီကိုပါ လုကျန်းယွီ အဝေးမှ စောင့်ကြည့်နေခဲ့ပါသည်။
လုကျန်းယွီ ဝှီးချဲပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်ပြီး ချူးယန်ရှီ ရှိရာထံသို့ သွားခဲ့ပါသည်။
“ဝမ်းကွဲအစ်ကို..”
“သွားကြမယ်”။ လုကျန်းယွီဥ ပြောလိုက်သည်။
ချူးယန်ရှီကို ချင်းမိသားစုထံမှ ခေါ်သွားဖို့က သူ့တာဝန်ဖြစ်သည်။
“ဟုတ်ကဲ့”။
လုကျန်းယွီ အနားရောက်လာသောအခါ ချူးယန်ရှီရဲ့ မျက်နှာပေါ်က ဒေါသတွေ ပျောက်သွားပြီး ၄ နှစ်သမီး တစ်ယောက်၏ ချစ်စရာကောင်းပြီး ဖြူစင်သော မျက်နှာမျိုးလေး အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ချူးယန်ရှီကို လုကျန်းယွီ အိမ်ပြန်ခေါ်သွားခဲ့သည်။
စူစူလေးက လုကျန်းယွီကို တာ့တာပြလျက် နှုတ်ဆက်လိုက်ပါသည်။ “ကိုကြီး တာ့တာ!”
“အင်း မနက်ဖြန်မှ တွေ့ကြမယ်နော်”။ လုကျန်းယွီက ညင်သာစွာ ပြောလိုက်ပါသည်။
လုကျန်းယွီကို နှုတ်ဆက်ပြီးနောက် စူစူလေးအား ဟွော်ထျင်း မေးလိုက်ပါသည်။ “မနက်ဖြန်လည်း သူနဲ့ အစီအစဉ် ရှိတယ်လား”
“အွန်း မနက်ဖြန် ကိုကြီးအိမ်ကို သွားလည်မလို့လေ။ ငါ့အတွက် Peppa Pig မိသားစုရုပ်လေးတွေ လုပ်ပေးမှာတဲ့”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။
ဒီနေ့ Peppa ရုပ်တစ်ရုပ်တည်းသာ လုပ်နိုင်ခဲ့သည်။ Daddy Pig, Mommy Pig နဲ့ George တို့ ကျန်သေးသည်။
“အေးပါ”
ဟွော်ထျင်း အနည်းငယ် မနာလိုဖြစ်သွားသော်လည်း ထပ်ပြီး မသောင်းကျန်းရဲတော့ပါ။
သူလည်း စွမ်းရည်တစ်ခုခုကို သင်ယူရမည်ဟု ဟွော်ထျင်း သန္နိဌာန်ချလိုက်ပါသည်။ မဟုတ်ပါက သူ့ကို လုကျန်းယွီ ကျော်တက်သွားလိမ့်မည်။
ဟွော်ထျင်းက ဆိုးသွမ်းသော်လည်း အနိုင်ရလိုစိတ် ပြင်းပြသည်။
သူဘယ်သူ့ကိုမှ မရှုံးနိမ့်ချင်ပါ။ အထူးသဖြင့် လုကျန်းယွီကို မရှုံးနိမ့်ချင်ပါ။
--- --- ---
နောက်တစ်နေ့ ကျောင်းဆင်းသောအခါ လုကျန်းယွီတို့အိမ်သို့ စူစူလေး သွားလည်ခဲ့ပါသည်။
လုကျန်းယွီကလည်း သူမကို ကြိုစောင့်နေသည်။
သို့သော်လည်း စူစူလေး တစ်ယောက်တည်းသာမဟုတ်ဘဲ ချူးယန်ရှီပါ ပါလာလေသည်။
ချူးယန်ရှီကို စူစူလေး ခေါ်လာတာ မဟုတ်ပါ။ ချူးယန်ရှီနဲ့ အတူတူလည်း မလာချင်ခဲ့ပါ။
သို့သော်လည်း ချူးယန်ရှီက သူမဝမ်းကွဲအစ်ကိုကို လာတွေ့တာဟုဆိုသဖြင့် စူစူလေး ငြင်းစရာအကြောင်း မရှိပါ။
ထို့နည်းတူစွာ လုမိသားစု၏ အိမ်စေတွေ အိမ်စောင့်တွေကလည်း ချူုးယန်ရှီကို ဒီတိုင်း ပြန်လွှတ်လိုက်လို့ မရပေ။
ထို့ကြောင့် စူစူလေးနဲ့ ချူးယန်ရှီတို့ လုကျန်းယွီထံ အတူတူ ရောက်လာခဲ့ကြသည်။
“ဝမ်းကွဲအစ်ကို!”
လုကျန်းယွီကို မြင်သောအခါ ချူးယန်ရှီက အားလုံးထက်အရင် အပြေးနှုတ်ဆက်လိုက်ပါသည်။
… … …