← Chapters

အခန်း (၃၇၈-၃၇၉)

Vol. 16 Ch. 378-379

အခန်း (၃၇၈-၃၇၉)

Vol. 16 Ch. 378-379

အခန်း(၃၇၈) လုမြေးအဖိုးရဲ့ ဦးစားပေးမှု (၁)

လုကျန်းယွီ မျက်မှောင် အနည်းငယ်ကြုတ်သွားသည်။ ချူးယန်ရှီကို ဂရုမစိုက်ဘဲ စူစူလေးကိုသာ ကြည့်နေခဲ့သည်။

စူစူလေး စိတ်ညစ်သွားမှာကို စိုးရိမ်လို့ဖြစ်သည်။

သို့သော်လည်း စူစူလေးက စိတ်မညစ်ပါ။ သူမ စိတ်တိုတာတစ်ခုခုရှိလျှင် ချက်ချင်းဖြေရှင်းတတ်သူဖြစ်သည်။

ချူးယန်ရှီကို မကျေနပ်တာတွေ မနေ့ကတည်းက ဖြေရှင်းပြီးသားဖြစ်သည်။ ထို့ကြောင့် အခုတော့ သူမကို သဘောမကျရုံသာ ရှိတော့သည်။

သူမ သဘောမကျသည့်လူတွေကို ဂရုစိုက်နေစရာ မလိုပါ။

“ကိုကြီး စကြတော့မလား”။ စူစူလေး မစောင့်နိုင်တော့ပါ။

စူစူလေးရဲ့ ရင်ထဲမှာ ချူးယန်ရှီက ရွှံ့စေးရုပ်လေးများလောက်ပင် အရေးမပါပေ။

“အင်းပါ”။ စူစူလေး စိတ်အနှောင့်အယှက် မဖြစ်သဖြင့် လုကျန်းယွီ စိတ်အေးသွားပါသည်။

လုကျန်းယွီနဲ့ စူစူလေးတို့ ပြူတင်းပေါက်ဘေးမှာ ထိုင်ရင်း ရွှံ့ရုပ်ကလေးများ ဆက်ဖန်တီးခဲ့ကြသည်။

ပြူတင်းပေါက်ရှေ့ရှိ ဆိုဖာခုံလေးပေါ်မှာ စူစူလေး ထိုင်နေပြီး လုကျန်းယွီကတော့ ဝှီးချဲပေါ်မှာသာ ထိုင်နေပါသည်။

လုကျန်းယွီက စူစူလေး၏ ဖိနပ်များကို ကူချွတ်ပေးလိုက်သည်။

ဝါဂွမ်းလေးလို ဖြူဖွေး နူးညံ့ပျော့ပြောင်းသော စူစူလေး၏ ခြေဖဝါးလေးများကို မြင်သောအခါ လုကျန်းယွီ ဖျစ်ညှစ်ပစ်ချင်စိတ်များ ပေါ်လာပါသည်။

“ကိုကြီးရော့!”။ စူစူလေးက မစောင့်နိုင်တော့ဘဲ လုကျန်းယွီကို သူမ အကြိုက်ဆုံး အရောင်နဲ့ရွှံ့စေးလေးကို ပေးလိုက်ပါသည်။

ထို့နောက် ကြည်ကြည်လင်လင် မျက်လုံးလေးများနဲ့ လုကျန်းယွီကို ငေးကြည့်လိုက်သည်။ မှော်ဆန်သည့် သူ့လက်များနဲ့ စူစူလေး အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်လေးများ ဖန်တီးပေးမှာကို စောင့်မျှော်နေပါပြီ။

လုကျန်းယွီက နွေးထွေးစွာ ပြုံးလိုက်သည်။ ထို့နောက် စူစူလေးရဲ့ စောင့်ကြည့်မှုအောက်မှာ လုပ်ငန်းစခဲ့ပါသည်။

လုကျန်းယွီနဲ့ စူစူလေးတို့ ကာတွန်းဇာတ်ကောင်လေးများ စတင်ဖန်တီးခဲ့ကြသည်။

ချူးယန်ရှီလည်း အတူတူ ပါချင်သည်။ သို့သော် အခွင့်အရေး မရခဲ့ပါ။

သူမ ကူညီပေးမည်ဟု လုကျန်းယွီကို ခဏခဏ ပြောခဲ့သော်လည်း လုကျန်းယွီက သူမကို ကိုယ့်ဖာသာကိုယ် သွားကစားဖို့သာ ပြောခဲ့ပါသည်။

ဒီအခြေအနေက အလွန်ရှက်ဖို့ကောင်းသော်လည်း ချူးယန်ရှီ ထွက်မသွားခဲ့ပါ။

သွေးအေးသည့် လူတစ်ယောက်နဲ့ ရင်ဆိုင်ရတာ မလွယ်ကူပါ။ ကိုယ်တိုင်က အရေထူပြီး စိတ်ရှည်တတ်မှ ဖြစ်မည်။

ဒီချင်းစူစူကလည်း သူမအတွက် ခဏတာ အဆင်မပြေမှုသာဖြစ်သည်။ အရင်ဘဝက မှတ်ဉာဏ်များအရဆို သူမ အသက်ရှည်ရှည်နေရမှာ မဟုတ်ပေ။

ထိုအတွေးဖြင့် ချူးယန်ရှီ သူတို့ဘေးမှာ ဆက်နေခဲ့ပါသည်။

သခင်ကြီးလု အိမ်ပြန်လာသောအခါ မြေးဖြစ်သူနဲ့ စူစူလေးတို့ အခန်းထဲမှာ ကစားနေကြသည်ဟု ကြားသိရပြီး အမြန်လာကြည့်ခဲ့သည်။

အခန်းထဲဝင်လာပြီး လုကျန်းယွီနဲ့ စူစူလေးတို့ အရုပ်ကလေးများဖန်တီးနေသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ သခင်ကြီးလုရင်ထဲ နွေးထွေးသွားပြီး ပြုံးမိသွားပါသည်။

ဟိုဘက်အိမ်က ကလေးမလေးကတော့ တကယ့်အဖိုးတန်လေးပါပဲလား။ သူတို့ ကျန်းယွီအတွက် ပျော်ရွှင်စရာတွေ အများကြီး ယူဆောင်လာပေးခဲ့သည်။

စူစူလေးနဲ့ လုကျန်းယွီတို့ ကာတွန်းဇာတ်ကောင်အရုပ်လေးတွေ ဖန်တီးရင်း အာရုံများနေသဖြင့် သခင်ကြီးလု ဝင်လာတာကိုတောင် သတိမထားမိကြပါ။

ချူးယန်ရှီက ဟိုကြည့်ဒီကြည့်လုပ်နေသဖြင့် သခင်ကြီးလုကို အရင်ဆုံး မြင်သွားပါသည်။

“ဘိုးဘိုးလု!”။ ချူးယန်ရှီက ချိုမြိန်စွာ ခေါ်လိုက်ပါသည်။

သခင်ကြီးလုကို ကြည့်နေသည့် ချူးယန်ရှီ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။

ဒီလူကြီးက လုမိသားစု လုပ်ငန်းတွေအားလုံးကို စီမံထားတဲ့ နှစ်ယောက်မရှိသော သခင်ကြီးလု ဖြစ်သည်။

“အင်း”။ သခင်ကြီးလုက တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းငြိမ့်ပြလိုက်ပါသည်။

သခင်ကြီးလုအတွက် ချူးယန်ရှီက သူနဲ့ သွေးမတော်သားမစပ်သော ကလေးလေးတစ်ယောက်သာ ဖြစ်သည်။

ထို့အပြင် သခင်ကြီးလုက စိတ်ခံစားလွယ်သူ မဟုတ်ပါ။ ထို့ကြောင့် ချူးယန်ရှီအပေါ် သူစိမ်းဆန်တာက မထူးဆန်းပေ။

သို့သော်လည်း ချူးယန်ရှီကတော့ ရင်ထဲမှာ အလွန်စိတ်ကျေနပ်သွားပါသည်။

ဒီသခင်ကြီးရဲ့ မျက်နှာကို မြင်ရဖို့အတွက်တောင် လူပေါင်းများစွာက ခက်ခက်ခဲခဲ ကြိုးစားကြရသည်။ အောင်မြင်သူတွေကလည်း ရှားသည်။

သူမကလည်း ထိုလူတွေထဲက တစ်ယောက်ဖြစ်ပါသည်။

… … …

အခန်း(၃၇၉) လုမြေးအဖိုးရဲ့ ဦးစားပေးမှု (၂)

အရင်ဘဝတုန်းက ချူးမိသားစု ဒုက္ခရောက်နေချိန် သခင်ကြီးလုကို တွေ့ရဖို့ ချုးယန်ရှိ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ ချူးမိသားစုကို ကယ်တင်ပေးဖို့ အကြိမ်ကြိမ် တောင်းပန်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူ့မျက်နှာကိုတောင် မြင်ခွင့်မရခဲ့ဘဲ ချူးယန်ရှီ သေဆုံးသွားခဲ့သည်။

ယခုတော့ သူ့ကို အလွယ်တကူ တွေ့နိုင်ကာ ချဉ်းကပ်နိုင်ပြီဖြစ်သည်။

ထိုအတွေးဖြင့် အရင်ဘဝက ချင်းယူရှီ အလွန်တုံးအခဲ့သည်ဟု သူမ လှောင်ပြောင်လိုက်ပါသည်။

ဒီလောက် အရေးကြီးသည့် ဆက်ဆံရေးတစ်ခုကို သူမ လျစ်လျူရှုခဲ့သည်။ သူများတွေ သွေးထိုးတာကို နားယောင်ပြီး မိထွေးဖြစ်သူကို မုန်းတီးခဲ့သည်။ မိထွေးနဲ့ ပတ်သတ်သူတွေ အားလုံးကိုပါ မုန်းတီးခဲ့ပါသည်။

သူမ မိထွေးရဲ့ အဆက်အသွယ်ကျယ်ပြန့်မှုမျိုးကို ချူးမိသားစု ဆယ်သက်ကြိုးစားရင်တောင် မရရှိနိုင်ပါ။

အခုတော့ အဖေဖြစ်သူကို ချူးယန်ရှီ နားလည်နိုင်ပါပြီ။ မိထွေးလို မိန်းမမျိုးက မလှပရင်တောင် လက်ထပ်လိုက်လျှင် သူမတို့ မိသားစုအတွက် အကျိုးအမြတ်တွေ ယူဆောင်လာပေးနိုင်သူဖြစ်သည်။

အောက်ပိုင်းသေနေသည့် ဒုက္ခိတ လုကျန်းယွီလည်း အတူတူပဲဖြစ်သည်။

နှစ် ၂၀ လောက်ကြာရင်တောင် လုကျန်းယွီ ခြေထောက်တွေ ပြန်ကောင်းမလာနိုင်မှာကို ချူးယန်ရှီသိသည်။ သို့သော်လည်း လုမိသားစုရဲ့ စီးပွားရေးအင်ပါယာကို လုကျန်းယွီ ထိန်းချုပ်သွားမှာကတော့ သေချာပါသည်။

ထိုအသံကို ကြားပြီး စူစူလေးနဲ့ လုကျန်းယွီတို့ နှစ်ယောက်စလုံး မော့ကြည့်လိုက်ကြပါသည်။

သခင်ကြီးလုကို မြင်သောအခါ စူစူလေး ချက်ချင်း မျက်နှာပြန်လွှဲသွား၏။

ဟွန်း ဘာမှ ဂရုစိုက်စရာ မလိုဘူး!

အရင်တစ်ခေါက်က ဦးလေးပိုင်ဟူကျစ်ကို ဒီလူကြီး အနိုင်ကျင့်ထားတာ!

သူမ ကိုကြီးရဲ့ အဘိုးဖြစ်နေတာကြောင့်သာ မဟုတ်ရင် ဒီအိမ်ကို ဇောတ်ထိုးဖြစ်အောင် လုပ်ပစ်လိုက်ပြီ!

စူစူလေး၏ မောက်မာသော အပြုအမူကြောင့် ချူးယန်ရှီ အံ့အားသင့်ရပြန်သည်။

ဒီချင်းစူစူက ဘာလဲ။ သခင်ကြီးလုကို တွေ့တာတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေတာလား။ သခင်ကြီးလုက ဘယ်လိုလူမျိုးလဲဆိုတာ မသိဘူးလား။ ပေကျင်းမှာ သခင်ကြီးလုကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံဖို့ နေနေသာသာ ဘယ်သူမှ မလေးမစား မလုပ်ရဲကြတာ သူမ မသိဘူးလား။ ဒီလူကြီး ဆန္ဒရှိရင် လူတစ်ယောက်ကို ခြေရာလက်ရာမကျန် ပျောက်သွားအောင် လုပ်နိုင်တာ မသိတာလား။

အံ့အားသင့်သွားပြီးနောက် ချူးယန်ရှီ ကျေနပ်သွားပါသည်။

သခင်ကြီးလုက အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေးကို အငြှိုးထားမှာ မဟုတ်ရင်တောင် သဘောကျမှာ မဟုတ်တော့ပါ။

ဒါမျိုးကို ချူးယန်ရှီ အားပေးသည်။

စူစူလေး လျစ်လျူရှုသွားတာကိုမြင်ပြီး သခင်ကြီးလုက သူတို့နား ခပ်သုတ်သုတ် ချဉ်းကပ်လာခဲ့သည်။

ထို့နောက် ပြူတင်းပေါက်ရှေ့ ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး စူစူလေးကို အပြုံးများဖြင့် ကြည့်လိုက်သည်။

စူစူလေးက သူ့ကို အဖတ်မလုပ်သေးပါ။

ထို့ကြောင့် သခင်ကြီးလု ချော့ပြောလိုက်ရသည်။ “စူစူလေး ဘိုးဘိုးကို စိတ်ဆိုးနေတုန်းလား”

ဒီကလေးမလေးက ကျေးဇူးရှင်လေး! စိတ်ဆိုးအောင် လုပ်လို့ မဖြစ်ဘူး!

ထိုမြင်ကွင်းကို မြင်ပြီး ချူးယန်ရှီ ကြက်သေသေသွားသည်။

သူမ အမြင်မှားသွားတာလား။ သခင်ကြီးလုက ချင်းစူစူကို တောင်းပန်တော့မလို့လား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ချူးယန်ရှီ၏ စိတ်ထဲမှာတော့ စူစူလေးကို သခင်ကြီးလု ဒေါသမထွက်တာတောင် ကျေးဇူးတင်ဖို့ ကောင်းနေပြီဟု တွေးထားတာဖြစ်သည်။

စူစူလေးကို သခင်ကြီးလု တောင်းပန်နေသည်ဆိုတာမျိုးက သူမ စိတ်တောင် မကူးဖူးသည့် အရာဖြစ်သည်။

“ဟွန်း!”။ စူစူလေးက သခင်ကြီးလုကို မကျေမနပ် မျက်စောင်းထိုးလိုက်ပါသည်။

သူမရဲ့ မျက်နှာလေးကို ကြည့်ရုံနဲ့ သိသာပါသည်

“စူစူလေး။ ဘိုးဘိုး မှားမှန်းသိပါပြီ။ အခွင့်အရေးတစ်ခါလောက် ထပ်ပေးပါနော်”

“မပေးချင်ဘူး”။ စူစူလေးက ငြင်းဆန်လိုက်သည်။

သခင်ကြီးလုကို စူစူလေး ပြတ်ပြတ်သားသား ထပ်ငြင်းလိုက်ပြန်ပြီ။

သို့သော် သခင်ကြီးလုက စိတ်မဆိုးပါ။

သခင်ကြီးလုက သူ့မြေးကို အကူအညီလှမ်းတောင်းရသည်။ “ကျန်းယွီ၊ စူစူလေးကို တောင်းပန်ဖို့ အဘိုးကို ကူညီပါဦး”

ချူးယန်ရှီ သူမ မျက်လုံးတွေကို မယုံကြည်နိုင်တော့ပါ။

ဘာတွေဖြစ်နေတာလဲ။

ချင်းစူစူက ဘာတွေလုပ်ပေးထားလို့ သခင်ကြီးလုက ဒီလောက် ချိုချိုသာသာ ဆက်ဆံနေရတာလဲ။

သို့သော်လည်း လုကျန်းယွီကပါ သူ့အဘိုးကို ကူညီပေးချင်စိတ်မရှိပါ။ “အဘိုးပဲ ပြောထားတယ်လေ။ ကိုယ်ရှာထားတဲ့ ပြဿနာ ကိုယ့်ဖာသာကိုယ် ရှင်းရတယ်တဲ့။ စူစူလေးကို စိတ်ဆိုးအောင်လုပ်တာ အဘိုးဆိုတော့ အဘိုးဖာသာပဲ ပြန်တောင်းပန်ရမှာပေါ့”

… … …

All Chapters