← Chapters

အခန်း (၃၈၀-၃၈၁)

Vol. 16 Ch. 380-381

အခန်း (၃၈၀-၃၈၁)

Vol. 16 Ch. 380-381

အခန်း(၃၈၀) လုမြေးအဖိုးရဲ့ ဦးစားပေးမှု (၃)

“ငါက အလုပ်ကိစ္စတွေ ဖြေရှင်းတဲ့ နေရာမှာပဲ တော်တာ။ စူစူလေးနဲ့ပတ်သတ်လာရင် မင်းက ပိုသိတယ်လေ”။ သခင်ကြီးလုက စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။

သခင်ကြီးလုက ကလေးမလေးတစ်ယောက်ကို ဘယ်လိုလုပ် ချော့တတ်မှာလဲ။

သူ့တစ်ဘဝလုံး ဒါမျိုး တစ်ခါမှ မလုပ်ဖူးပါ။

သူ့ဘဝမှာ ကလေး ၂ ယောက်သာ ရှိဖူးသည်။ တစ်ယောက်က သူ့သားဖြစ်ပြီး နောက်တစ်ယောက်က သူ့မြေးဖြစ်သည်။

သို့သော်လည်း နှစ်ယောက်စလုံးက ယောက်ျားလေးများ ဖြစ်ကြကာ ရင့်ကျက်ပြီး စကားနားထောင်ကြသူတွေ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို ချော့ဖို့ တစ်ခါမှ မလိုအပ်ခဲ့ပါ။

“ကိုယ့်အားကိုယ်ကိုးရမှာပဲ။ ကျွန်တော်လည်း မကူညီနိုင်ဘူး”။ ကျန်းယွီက ပြန်ဖြေလိုက်သည်။

မြေးဖြစ်သူ ငြင်းတာကို ခံလိုက်ရပြီးနောက် သခင်ကြီးလုလည်း ရွေးချယ်စရာမရှိတော့ဘဲ စူစူလေးကို သူ့အစွမ်းအစနဲ့သူသာ ဆက်ချော့ရတော့သည်။ “စူစူလေးက သဘောထားကြီးပါတယ်။ ဘိုးဘိုးလုကို ဒီတစ်ခါလေးပဲ ခွင့်လွှတ်ပေးလို့မရဘူးလား”။

“သမီးက သဘောထားမကြီးဘူး။ ဘိုးဘိုးက သမီးသူငယ်ချင်းကို အနိုင်ကျင့်ထားတာ! စိတ်ဆိုးတယ်! ဒါပေမယ့် အခုတော့ အဲ့လောက် စိတ်မဆိုးတော့ဘူး။ ဒီတိုင်း စကားမပြောချင်လို့”။ စူစူလေးက မျက်နှာတည်တည်တံ့တံ့ဖြင့် ပြန်ဖြေလိုက်ပါသည်။

“အဲ့တာဆို ဘိုးဘိုးကို စကားပြောချင်အောင် ဘာလုပ်ပေးရမလဲ”။ သခင်ကြီးလုက စိတ်ရှည်ပြီး ကြင်နာတတ်သော အပြုံးဖြင့် မေးလိုက်ပါသည်။

“အဲ့တာက…” စူစူလေး သေချာစဉ်းစားလိုက်သည်။ “သေချာ မစဉ်းစားရသေးဘူး”

ဘာပဲဖြစ်ဖြစ် အခု မစဉ်းစားချင်သေးပါ။

“ဒါဆို ဒီလိုဆိုရင်ကော။ စူစူလေး စိတ်ကျေနပ်တဲ့အထိ ဘိုးဘိုးကို အော်လေ”။ သခင်ကြီးလုက အကြံပေးလိုက်ပါသည်။

“အဲ့လိုလုပ်တာ မကောင်းဘူး။ သမီးက လိမ္မာတဲ့ ကလေး။ ရိုင်းရိုင်းစိုင်းစိုင်း စကားတွေ မပြောတတ်ဘူး”။ စူစူလေးက ပြတ်သားစွာ ပြောလိုက်၏။

လူသားကမ္ဘာမှာ သူမက အသက် ၃ နှစ်ခွဲသာ ရှိသေးသည်။ ၃ နှစ်ခွဲအရွယ် ကလေးတစ်ယောက်က စကားကို ရိုင်းရိုင်းစိုင်းစိုင်း မပြောသင့်ပါ။

“ဒါဆို ဘိုးဘိုးကို ၂ ချက်လောက် ရိုက်လိုက်”။ သခင်ကြီးလုက အကြံပေးသည်။

“အဲ့လိုလည်း မဖြစ်ပါဘူး။ ဘိုးဘိုးက ကိုကြီးရဲ့ အဘိုးလေ။ ဒီ့ထက် ဆိုးရွားတာ တစ်ခုခု မလုပ်ရင် ရိုက်စရာ မလိုဘူး”

သခင်ကြီးလု ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

ဒီကလေးမလေးရဲ့ အကြောင်းပြချက်က အလွန်ချစ်ဖို့ကောင်းပြီး သခင်ကြီးလု ရင်ထဲ နွေးထွေးသွားပါသည်။ သို့သော်လည်း အခု ဒီကလေးမလေးက သူ့ကို စိတ်ဆိုးနေတာဖြစ်သဖြင့် သွားရယ်လို့ မကောင်းပါ။

သခင်ကြီးလု ရွေးချယ်စရာမရှိတော့ပေ။

စူစူလေးကို ချော့မည့်ကိစ္စအား ခေတ္တ လက်လျှော့ထားရမည်။

မဟုတ်ပါက စူစူလေးကို စိတ်ပြေအောင် မလုပ်နိုင်သည့်အပြင် ဒေါသပိုထွက်သွားအောင် လုပ်မိနိုင်သည်။

စူစူလေးကို သခင်ကြီးလု ကောင်းကောင်းဆက်ဆံရသည့် အကြောင်းအရင်းများစွာ ရှိပါသည်။

ပထမတစ်ချက်က သခင်ကြီးလု အပြစ်ရှိသလို ခံစားနေရတာကြောင့်ဖြစ်သည်။ ဆရာကြီးရှုယီကို ပြန်ပေးဆွဲတာက တကယ်ပဲ သူ့အမှားဖြစ်သည်။ စူစူလေးမှာ စိတ်ဆိုးခွင့်ရှိပါသည်။

ဒုတိယအချက်က စူစူလေးကို သခင်ကြီးလု အလွန်ကျေးဇူးတင်မိတာကြောင့်ဖြစ်သည်။ ဒီကောင်မလေးကြောင့် သူ့မြေး မျှော်လင့်ချက်တွေ ပြန်ပြည့်ဝခဲ့ရတာ မဟုတ်လား။

ထို့အပြင် ဒီကလေးမလေးကို စိတ်ညစ်အောင်လုပ်လျှင် ဆရာကြီးရှုယီက သူ့မြေးအား ဆေးကုမပေးတော့ဘူးဟုလည်း ပြောထားသည်။

သို့သော် ချူးယန်ရှီကတော့ ဒါတွေ ဘာမှ မသိပါ။ ဂုဏ်သရေရှိ သခင်ကြီးလုတစ်ယောက် ချင်းစူစူကို စိတ်ကျေနပ်အောင် တောင်းပန်နေသည့် မြင်ကွင်းကိုသာ သူမ မြင်သည်။

ချူးယန်ရှီ သိချင်စိတ်တွေ သေလောက်အောင် ပြင်းပြနေပါသည်။

သို့သော် သူမ မမေးရဲပါ။

တခြားကလေးတွေကို မေးရဲသော်လည်း သခင်ကြီးလုလို မြေခွေးအိုကြီးကိုတော့ အမှုမဲ့အမှတ်မဲ့ မမေးရဲပါ။ သူမကို သံသယတွေဝင်ပြီး မလိုအပ်သည့် အကျိုးဆက်တွေဖြစ်လာမှာ စိတ်ပူပါသည်။

သခင်ကြီးလုက အလုပ်မအားသဖြင့် ကြာကြာ ဆက်မနေခဲ့ပေ။ သို့သော် ပြန်ထွက်မသွားခင် ကလေးတွေကို သေချာ ဂရုစိုက်ဖို့ အိမ်စေများအား သေချာ မှာခဲ့ပါသည်။

သခင်ကြီးလု ထွက်သွားပြီး သိပ်မကြာခင် ချင်းယုကျိုး ရောက်လာသည်။

စူစူလေးကို အိမ်ပြန်ဖို့ လာခေါ်တာဖြစ်သည်။

ကလေးတွေရဲ့ အခန်းကို ရောက်သောအခါ စူစူလေး ဆိုဖာပေါ်မှာ ခြေဗလာနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့နေတာကိုမြင်ပြီး ချင်းယုကျိုး အလိုလို ပြုံးမိသွားပါသည်။

… … …

အခန်း(၃၈၁) ဆယ်လီတူလေးအတွက် ဆု

ဒီကလေးမလေးရဲ့ ရယ်သံက အလွယ်ချစ်ဖို့ကောင်းသည်။ သူတို့ရဲ့ ဒေါ်လေးဟု မပြောရဘဲ သူတို့အားလုံးထက် အများကြီး ပိုကြည့်ကောင်းပါသည်။

“စူစူလေး အိမ်ပြန်ကြစို့”။ ချင်းယုကျိုးက ပြောလိုက်သည်။

“အွန်း။ ဒီမှာ ဆယ်လီတူလေးအတွက်”။ စူစူလေးက ရွှံ့စေးဖြင့် ပြုလုပ်ထားသည့် ဆုတံဆိပ်ပြားလေးကို ချင်းယုကျိုးအား ပေးလိုက်ပါသည်။

လုကျန်းယွီက စူစူလေးအတွက် ကာတွန်းရုပ်လေးတွေ လုပ်ပေးနေစဉ် စူစူလေးကတော့ ထိုဆုတံဆိပ်ပြားလေးကို ပြုလုပ်နေခဲ့တာဖြစ်သည်။

“ဆုတွေဘာတွေတောင် ပေးတယ်ဆိုတော့ ငါက အဲ့လောက်တော်လို့လား”

ချင်းယုကျိုး အံ့အားသင့်သွားပါသည်။ စူစူလေးဆီက တကယ်ကြီး ဆုရလိုက်တာလား။

သူ့လက်ထဲက ရွှံ့စေး ဆုတံဆိတ်ပြားလေးကို ကြည့်ရင်း ချင်းယုကျိုး ပြုံးမိသည်။

ဆုတံဆိပ်ပြားလေးက အရုပ်ဆိုးပါသည်။ စူစူလေးရဲ့ လက်သေးသေးလေးများနဲ့ လုပ်ထားတာ သေချာသည်။

သိပ်မလှသော်လည်း သူမ စိတ်ပါလက်ပါ ပြုလုပ်ပေးခဲ့တာက ပိုအရေးကြီးသည်။

ထို့ကြောင့် ချင်းယုကျိုးရင်ထဲ နွေးထွေးသွားခဲ့ပါသည်။

“အွန်း။ ဆယ်လီတူလေးက ဘာဆုမှ မရဖူးဘူးလို့ တူလေးယုကျီးပြောတယ်။ အဲ့တာ သနားစရာကောင်းလို့ ဒေါ်လေး ဆုတစ်ခု လုပ်ပေးထားတာ။ အဲ့တာဆို သနားစရာမကောင်းတော့ဘူး!”။ စူစူလေးက ရှင်းပြသည်။

ချင်းယုကျိုး တွန့်ဆုတ်သွား၏။

အရင်တုန်းက သူ့ကိုယ်သူ သနားစရာကောင်းသည်ဟု တစ်ခါမှ မထင်ခဲ့ဖူးပါ။ သို့သော်လည်း စူစူလေးရဲ့ စကားကြောင့် သူ့ရင်ထဲ ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာသည်။

သူ အနုပညာလောကထဲ ဝင်ရောက်ခဲ့တာ ၂ နှစ်ကျော်ကြာပြီဖြစ်သော်လည်း ဘာဆုမှ မရရှိခဲ့ဖူးပါ။

ဆုမရသည့်အပြင် ကောလဟာလတွေကြောင့် အနုပညာအလုပ်မှ အနားယူရလုနီးပါး ဖြစ်ခဲ့သည်။

ချင်းယုကျိုး သူ့နှာခေါင်းသူ ပွတ်လိုက်ပြီး စူစူလေးအား ကတိပေးလိုက်ပါသည်။

“ဒီဆုတံဆိပ်လေးကို တန်ဖိုးထားပါ့မယ်။ ငါ့အနုပညာသက်တမ်းမှာ ပထမဆုံး ရဖူးတဲ့ ဆုလေးပဲ။ မကြာခင် ဒုတိယမြောက်ဆု၊ တတိယမြောက်ဆုတွေ ရလာစေရမယ်။ ဒီဆုတံဆိပ်သေးသေးလေးကနေ ဆုအကြီးကြီးတွေ မွေးဖွားပေးလိုက်သလိုမျိုးပေါ့”

“ဟုတ်ပြီ! ကြိုးစားထား ဆယ်လီတူလေး။ ကြိုးစားမယ်ဆို ကျိန်းသေ လုပ်နိုင်တယ်!”။ စူစူလေးက အားပေးလိုက်သည်။

စူစူလေးရဲ့ ယုံကြည်မှုကိုခံစားမိပြီး ချင်းယုကျိုး မနေနိုင်ဘဲ စူစူလေး၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပါသည်။

စူစူလေး၏ ခေါင်းကို ပွတ်ပေးနေစဉ် တစ်စုံတစ်ယောက် စိုက်ကြည့်နေတာကို ချင်းယုကျိုး ခံစားမိသည်။

ခေါင်းလှည့်ကြည့်လိုက်သောအခါ ချူးယန်ရှီနဲ့ အကြည့်ချင်းဆုံသွားလေသည်။

သူမက ချင်းလောင်ယွင်၊ စူစူလေးတို့အနဲ့ အသက်တူတူလောက်ရှိသည့် ကလေးမလေးဖြစ်သည်။ သို့သော်လည်း သူ့ကို ကြည့်နေသည့်အကြည့်မျိုးက သာမန်ကလေးတစ်ယောက်ရဲ့ အကြည့်မျိုးနဲ့ ခြာနားသည်။ သူမရဲ့ မျက်လုံးတွေထဲမှာ ရင့်ကျက်မှုတချို့ ရှိနေပါသည်။

ချူးယန်ရှီလည်း တကယ်ပဲ ချင်းယုကျိုးကို စိုက်ကြည့်နေတာဖြစ်သည်။

ဒီလူ့ကို သူမ သိပါသည်။ အနာဂတ်မှာ Role အသေးစားတွေသာ ရိုက်ကူးဖို့ ကံပါလာသည့် အနုပညာရှင်ဖြစ်သည်။

အခုချိန်မှာ ချင်းယုကျိုး နာမည်ကြီးကောင်း ကြီးနေနိုင်သည်။ အွန်လိုင်းပေါ်မှာ ပေါ်ပြူလာ ဖြစ်နေနိုင်သည်။

သို့သော် သူ့ရဲ့ အနုပညာလမ်းခရီးက အလွန်ကြမ်းတမ်းပါသည်။ ရရှိသမျှ အခွင့်အရေးတိုင်းကို ဆုံးရှုံးခဲ့ရသည်။ ထို့နောက် လူတွေမေ့မေ့လျော့လျော့ ဖြစ်သည်အထိ နာမည်ကျသွားခဲ့သည်။

အရင်ဘဝတုန်းက ချင်းယုကျိုးအကြောင်း ချူးယန်ရှီ သိရခြင်းမှာ ချင်းယုဟွိုင်းရဲ့ ဝမ်းကွဲညီဖြစ်နေတာကြောင့်ပင်။

ထိုတော်စပ်မှုကြောင့် ချူးယန်ရှီ အွန်လိုင်းပေါ်မှာ သူ့အကြောင်းရှာဖွေခဲ့ကာ အနည်းငယ် သိခဲ့ရခြင်းဖြစ်သည်။

“ဟယ်လို ညီမ‌လေး။ အစ်ကို့ကိုကြည့်နေတာလား”။ ချင်းယုကျိုးက အပြုံးဖြင့် မေးလိုက်သည်။

ချူးယန်ရှီက ချစ်စရာကောင်းစွာ ပြုံးပြလိုက်ပါသည်။ “ဟယ်လို။ ကိုကြီးက ချောလိုက်တာ။ တီဗီထဲမှာ မြင်ဖူးသလိုပဲ”

ချူးယန်ရှီက ယဉ်ကျေးမှုအရ ပြောလိုက်တာဖြစ်သည်။ ချင်းယုကျိုးကို စိတ်ဝင်စားလို့ မဟုတ်ပါ။ သူ့ကို ဖားနေလို့ ဘာမှ မတန်ပါ။

သို့သော် အနားမှာ လုကျန်းယွီရှိနေသဖြင့် သူမ ချစ်ဖို့ကောင်းအောင် နေရပါမည်။

“ချီးကျူးပေးလို့ ကျေးဇူးပါ”။ ချင်းယုကျိုး ပြုံးလိုက်ပြီး နှိမ့်ချကာ ပြောလိုက်သည်။ “အစ်ကို နည်းနည်းတော့ နာမည်ကြီးနေတုန်းပဲ ထင်တယ်”

ချူးယန်ရှီ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေသော်လည်း ချင်းယုကျိုး၏ စကားကို အထင်သေးမိသည်။

နာမည်ကြီးနေတုန်းပဲ ဟုတ်လား။ အခုတောင် ပရိတ်သတ်က ဒီလောက်နည်းနေတာ။ နောက်နှစ် နည်းနည်းလောက်ကြာရင် ရှိစုမဲ့စု ပရိတ်သတ်လေးပါ ပျောက်သွားလိမ့်မယ်။

… … …

All Chapters