← Chapters

အခန်း (၃၈၂-၃၈၃)

Vol. 16 Ch. 382-383

အခန်း (၃၈၂-၃၈၃)

Vol. 16 Ch. 382-383

အခန်း(၃၈၂) ဝမ်းကွဲအစ်ကို စိမ်းကားတုန်းပဲ

“ငါ့တူလေးက တော်ပြီးသားပဲ! ဒေါ်လေးရဲ့ ဆယ်လီတူလေးပဲ ဥစ္စာ! အဲ့တာကြောင့်ကို တော်ဦးမှာ!”။ စူစူလေးက ပြောလိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အကောင်းဆုံး ကြိုးစားပါ့မယ်”။ ချင်းယုကျိုးက အပြုံးဖြင့် ပြန်ပြောလိုက်သည်။ စူစူလေး၏ အားပေးမှုကြောင့် အားတွေ ရှိသွားပါသည်။

သူ့ဘေးက ကလေးမလေးက စူစူလေးနဲ့ အသက်အရွယ်တူတူလောက် ရှိပြီး ချစ်ဖို့ကောင်းသော်လည်း ချင်းယုကျိုးက စူစူလေးကို ချစ်ဖို့အကောင်းဆုံးအဖြစ် သတ်မှတ်ထားပြီးသားဖြစ်သည်။ တခြားကလေးတွေမှာ မရှိသော အရှိန်အဝါမျိုးနဲ့ စကားပြောတတ်သည်။

“ကဲ စူစူလေး အိမ်ပြန်ကြစို့”

ချင်းယုကျိုးက စူစူလေးကို ပေါင်ပေါ်တင်လိုက်ပြီး ခြေအိတ်များနဲ့ ဖိနပ်တို့ ပြန်ဝတ်ပေးလိုက်သည်။

ကလေးတစ်ယောက်ကို ဒီလို ဖိနပ်ဝတ်ပေးရတာ ချင်းယုကျိုးအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် လက်တွေ ချိတုံချိတုံဖြစ်နေပါသည်။

ခြေအိတ်တွေကတော့ ဝတ်ပေးရတာ လွယ်ကူသည်။ သို့သော်လည်း ဖိနပ်တွေကတော့ အတော်လေး ခက်ခဲပါသည်။ ဘယ်လောက်ပဲ ကြိုးစားပမ်းစား ဝတ်ပေးပါစေ ပြန်ပြန် ကျွတ်သွားသည်။

အားနည်းနည်း ပိုသုံးလိုက်လျှင် စူစူလေး နာသွားမှာလည်း စိုးရိမ်ရသေးသည်။ ချစ်စရာ ခြေဖဝါးနုနုလေးများ နာသွားလို့ မဖြစ်ပါ။

မိနစ်တွေ အတော်ကြာသွားတာတောင် စူစူလေးခြေထောက်နဲ့ ဖိနပ်တို့ မပေါင်းစည်းနိုင်သေးပေ။

“အာ…”။ ချင်းယုကျိုး မတတ်နိုင်တော့ဘဲ စူစူလေးကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်သည်။

“ဒီလိုလုပ်။ ဖိနပ်ကြိုးကို ဖြည်ပြီး ဒီလိုဟလိုက်။ ပြီးရင် ခြေထောက်ကို အားနဲ့ ထိုးထည့်လိုက်”။ စူစူလေးက ဖိနပ်ဝတ်ပေးနည်း သင်ပေးလိုက်ပါသည်။

ဒီတူလေးကတော့ ဘာမှကို မလုပ်တတ်ဘူး။ ဒေါ်လေးတစ်ယောက်အနေနဲ့ သင်ပေးရတော့မှာပေါ့။

စူစူလေး သင်ပေးသလို လိုက်လုပ်မှ ချင်းယုကျိုး ဖိနပ်ကို အောင်အောင်မြင်မြင် ဝတ်ပေးနိုင်သွားပါသည်။

ထို့နောက် စူစူလေးကို ပွေ့ချီလျက် ချင်းယုကျိုး အိမ်ပြန်သွားခဲ့ပါသည်။

စူစူလေးမရှိတော့တာနဲ့ လုကျန်းယွီက ချူးယန်ရှီကို လှမ်းပြောလိုက်ပါသည်။ “နင်လည်း ပြန်လို့ရပြီ”

“စောသေးတယ်။ သမီးဝမ်းကွဲအစ်ကိုနဲ့ ဆော့ချင်သေးတယ်~”။ ချူးယန်ရှီက ခေါင်းလေးစောင်းလျက် ချိုမြိန်စွာ ပြောလိုက်သည်။

“ငါလုပ်စရာရှိတယ်။ ကစားဖို့ အချိန်မရှိဘူး”။ လုကျန်းယွီက အေးစက်စွာ ပြောလိုက်သည်။။

“ဒါဆို သမီး ဒီနားမှာပဲ ရွှံ့စေးအရုပ်လေးတွေ လုပ်နေလိုက်မယ်လေ။ ဘာအသံမှ မထွက်စေရပါဘူး”။ ချူးယန်ရှီက တောင်းဆိုလိုက်သည်။

“ငါအလုပ်လုပ်နေတဲ့အချိန် ဘေးနားမှာ လူရှိတာ မကြိုက်ဘူး”

လုကျန်းယွီက အလွန်ပြတ်သားသည်။

“ဝမ်းကွဲအစ်ကို… သမီးလိမ်လိမ်မာမာ နေပါ့မယ်။ ကတိပေးပါတယ်”

ချူးယန်ရှီက လက်မလျှော့ချင်ပေ။ သူမက ချင်းစူစူထက်တောင် ပိုပြီး လိမ္မာပေးနိုင်သည်။ အခွင့်အရေးပေးပါက ချင်းစူစူထက် အရာရာပိုသာအောင် လုပ်နိုင်သည်။

ဘာမှ ထပ်မပြောတော့ဘဲ လုကျန်းယွီက ဝှီးချဲခလုတ်ကို နှိပ်လိုက်ပြီး အခန်းတံခါးဝဆီ ရွေ့သွားခဲ့ပါသည်။

“အိမ်တော်ထိန်းကျန်း”။ လုကျန်းယွီက လှမ်းခေါ်လိုက်သည်။ “သူ့ကို အိမ်ပြန်ပို့ပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ သခင်လေး”

လုကျန်းယွီ၏ အမိန့်ကြောင့် အိမ်တော်ထိန်းကျန်း အခန်းထဲ ဝင်လာခဲ့သည်။

“သခင်မလေးယန်ရှိ။ အိမ်ပြန်လိုက်ပို့ပေးပါရစေ”။ အိမ်တော်ထိန်းကျန်းက ယဉ်ကျေးစွာ ပြုံးလျက် ပြောလိုက်ပါသည်။

ချူးယန်ရှီ တစ်ကိုယ်လုံး တောင့်တင်းသွားပါသည်။

သူမ ဒီလောက်တောင် တောင်းပန်နေတာကို ဘာကြောင့် မလိုက်လျောနိုင်ရတာလဲ။

ချင်းစူစူကို လုကျန်းယွီ ဆက်ဆံသည့်ပုံစံကိုသာ မတွေ့ဖူးလျှင် ဒီလို သွေးအေးတာမျိုးကို ချူးယန်ရှီ လက်ခံနိုင်မှာ ဖြစ်သည်။ လုကျန်းယွီက အမြဲတမ်း သွေးအေးတတ်သူဖြစ်သည်ဟု တွေးရင်း ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်သေးသည်။

သို့သော်လည်း အခုတော့ ချင်းစူစူနဲ့ နှိုင်းယှဉ်မိပြီး လုကျန်းယွီ သူမအပေါ် ဆက်ဆံသည့်ပုံစံကို ဘယ်လိုမှ လက်မခံနိုင်တော့ပါ။

ချူးယန်ရှီ အချိန်အတော်ကြာအောင် စကားပြန်မပြောနိုင်ခဲ့ပါ။ သို့သော်လည်း အိမ်တော်ထိန်းကျန်းကတော့ သူမကို ပွေ့ချီလိုက်ပါပြီ။

ချူးယန်ရှီလည်း ဘာမှ မတုန့်ပြန်နိုင်ဘဲ အိမ်တော်ထိန်းကျန်း ခေါ်သွားတာကိုသာ နာနာခံခံ လက်ခံလိုက်ရတော့သည်။

အသက် ၄ နှစ်အရွယ် ကလေးလေးတစ်ယောက်ဖြစ်သည့်အတွက် ဒီအခြေအနေမှာ ငိုချင် ငိုနိုင်သည်။

သို့သော် သူမရဲ့ ပန်းတိုင်က လုကျန်းယွီနဲ့ နီးစပ်ဖို့ဖြစ်သည်။ သူမရဲ့ ပန်းတိုင်ကို မရောက်မချင်း မျက်ရည်ကျခွင့်ပေးမှာ မဟုတ်ပါ။

--- --- ---

ဒီနေ့က သောကြာနေ့ဖြစ်ပြီး စူစူလေး ကျောင်းစောစော သွားခဲ့သည်။

ချင်းယုကျိုး၏ အေးဂျင့်က မနက်အစောကြီး အိမ်ကိုရောက်လာခဲ့ပါသည်။

ချင်းယုကျိုး၏ အေးဂျင့်မှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုး ရှိသည်။ ထို့အပြင် ပျော်ပျော် နေတတ်ပြီး အလုပ် လုပ်တာကိုင်တာလည်း စည်းစနစ်ရှိသည်။

… … …

အခန်း(၃၈၃) မဂ္ဂဇင်းကာဗာရိုက်ကူးဖို့ ဟူကျစ်ကို ဖိတ်ကြားခြင်း (၁)

ချင်းမိသားစုအိမ်ထဲ သူမ အလောတကြီးဝင်လာပြီး လှေကားပေါ်မှ ဆင်းလာသည့် ချင်းယုကျိုးနဲ့ တည့်တည့်တိုးလေသည်။

“ဘယ်လိုဖြစ်နေတာလဲ။ ငါ့ဝင်တိုက်မိပြီး လက်ထဲက နွားနို့တွေမှောက်ကျကုန်တော့မှာပဲ! ဒါ စူစူလေးအတွက် နွားနို့နော်”

ချင်းယုကျိုးက ပွစိပွစိပြောရင်း နွားနို့ခွက်ကို စားပွဲပေါ် တင်လိုက်ပါသည်။

ထို့နောက် ထိုင်ခုံမှာ ပျင်းရိပျင်းတွဲ ဝင်ထိုင်ရင်း ချင်းယုကျိုး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ ငါ နာမည်ထပ်ဖျက်ခံရပြန်ပြီလား။ ဒါမှ မဟုတ် အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပြန်ပြီလား”

နာမည်ဖျက်ခံရတာတွေ၊ အွန်လိုင်းပေါ်မှာ ပေါ်ပြူလာဖြစ်တာတွေကို ချင်းယုကျိုး တော်တော်လေး အသားကျနေပါပြီ။

“တစ်ခုမှ မဟုတ်ဘူး! အန်းအန်းဖြစ်တာ! အန်းအန်းနဲ့ ဖောက်ပြန်နေတဲ့လူကို ဖော်ထုတ်နိုင်သွားပြီ! ကော်ပိုရေးရှင်းတစ်ခုက စီအီးအိုကြီးတဲ့! ပြီးတော့ အိမ်ထောင်လည်းရှိတယ်!”။ အေးဂျင့်က ပျော်ရွှင်စွာ ပြောလိုက်သည်။

ပျော်လွန်းသဖြင့် မျက်ရည်တောင် ဝဲမိပါသည်။ ထိုသတင်းကို ကြားခါစက အမွှေးတိုင်တွေထွန်းပြီး နတ်ဘုရားတွေကို ပူဇော်ဖို့တောင် စဉ်းစားမိသေးသည်။

“ဪ…” ချင်းယုကျိုးက သိပ်အံ့ဩပုံမပေါ်ပေ။

အန်းအန်းနဲ့ ဖောက်ပြန်နေသူကို ဖော်ထုတ်ခဲ့တာ သူ့မိသားစုဖြစ်နေတာကြောင့်ပင်။

“နင်ဘာလို့ အဲ့လောက် တည်ငြိမ်နေတာလဲ”။ ချင်းယုကျိုး၏ တုန့်ပြန်မှုအား သူမ မယုံနိုင်ပါ။

“ဘာဖြစ်လို့လဲ။ ငါဘာအမှားမှ မလုပ်ခဲ့ဖူးဘူး။ အဲ့တာကြောင့် အမှန်တရားပေါ်လာတာ ဘာထူးဆန်းလို့လဲ”။

“နင်နဲ့ အန်းအန်းနဲ့ ဘာမှမဆိုင်တာ ငါသိပါတယ်။ ဒါပေမယ့်လည်း နင့်ပုံစံက အရမ်းတည်ငြိမ်လွန်းတယ်။ နင်မဟုတ်တဲ့ အတိုင်းပဲ!”

“လူဆိုတာ ရင့်ကျက်လာရမှာပဲလေ။ အမြန်တန်း စိတ်လှုပ်ရှားနေလို့ မဖြစ်ဘူး။ အဲ့လိုဆို အနုပညာလောကထဲ ရှင်သန်နိုင်မှာ မဟုတ်ဘူး”။ ချင်းယုကျိုးက အေးအေးလူလူ ပြန်ပြောလိုက်သည်။

ချင်းယုကျိုး၏ စကားကြောင့် အေးဂျင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ချင်းယုကျိုးကို ၂ ပတ်လောက် ပတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဘယ်ဆိုးလို့လဲ ချင်းယုကျိုး။ ဒီအဖြစ်အပျက်ကြောင့် နင်တော်တော်ရင့်ကျက်သွားတာပဲ!”

“မဆိုးဘူးမလား”။ ချင်းယုကျိုးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ပြီးတော့ ငါ့မှာ သတင်းကောင်းပါသေးတယ်”။ အေးဂျင့်က ဆိုသည်။

“ပြောလေ”

“အဲ့ဒီကောင်မလေးကို နင်ကယ်တုန်းက ပါပါရာဇီတွေ ဗီဒီယိုရိုက်ခဲ့ကြတာ မှတ်မိလား။ အဲ့ဒီ ဇာတ်လမ်းက ဆိုရှယ် မီဒီယာပေါ်မှာ နာမည်ကြီးသွားပြီး Netizen တွေက အဲ့ကလေးမလေးနဲ့ ကြောင်မလေးကို အရမ်းချစ်နေကြတယ်”

“ငါပြောပြီးသွားပြီ။ အဲ့ကလေးမလေးကို ငါထုတ်ပြမှာမဟုတ်ဘူး။ သူက ငယ်ငယ်လေးပဲရှိသေးတယ်။ ဘာကြော်ငြာမှ ရိုက်ခွင့်မပေးနိုင်ဘူး”။ ချင်းယုကျိုးက ကြိုသတိပေးထားလိုက်ပါသည်။

“ငါသိပါတယ်ဟ။ ငါကလေးမလေးကိုပြောတာမဟုတ်ဘူး။ ကြောင်လေးကို ပြောနေတာ”

“ကြောင်လေး ဟုတ်လား”

“ဟုတ်တယ် အဲ့ကြောင်လေးက တကယ်ချစ်ဖို့ကောင်းတာ။ Netizen တွေ တော်တော်များများကလည်း ချစ်နေကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရင်တစ်ခေါက်က ငါတို့နဲ့ အလုပ်လုပ်ဖူးတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ကြီးက ကာဗာအတွက် ငါတို့နဲ့ အလုပ်ဆက်လုပ်ချင်တယ်လို့ ပြောတယ်။ ဒါပေမယ့် တောင်းဆိုချက်တစ်ခုပဲရှိတယ်။ အဲ့ဒီကြောင်လေးနဲ့အတူ ရိုက်ရမှာ”

“ဘာလို့ကြောင်ကိုပါ ထည့်ရမှာလဲ”

“အယ်ဒီတာချုပ်က မတူညီတဲ့ စတိုင် စမ်းကြည့်ချင်လို့တဲ့။ ရုပ်ချောချောကောင်လေးနဲ့ ချစ်စရာကြောင်လေး။ အဲ့လို ပေါင်းစပ်လိုက်ရင် ဆန်းသစ်တဲ့ ကာဗာပုံလေးတစ်ပုံ ဖြစ်လာလိမ့်မယ်လို့ ထင်နေတယ်”။ အေးဂျင့်က ရှင်းပြသည်။

အဓိပ္ပာယ်တော့ရှိပါတယ်…။

သို့သော်လည်း ချင်းယုကျိုး ချက်ချင်း ပြန်မဖြေခဲ့ပါ။

အေးဂျင့်က အမြန်မေးလိုက်၏။ “အဲ့ဒီကြောင်က နင့်ကြောင်မလား။ ဓာတ်ပုံလေးနည်းနည်းပဲ ရိုက်ရမှာပါ။ ဘာမှ ပြဿနာမရှိဘူး။ ကလေးမလေးကို လူရှေ့ထုတ်မပြချင်ဘူးဆိုရင်တောင် ကြောင်လောက်ကတော့ ဘာမှမဖြစ်ဘူးမလား”

“ငါကန့်ကွက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီကြောင်က စူစူလေးကြောင်။ ငါသုံးခွင့်မရှိဘူး”။ ချင်းယုကျိုးက ရှင်းပြလိုက်ပါသည်။

“အဲ့တာဆိုလည်း သူ့ကို ခွင့်တောင်းကြတာပေါ့”။ အေးဂျင့်က ထပ်မစောင့်နိုင်တော့ဘဲ ပြောလိုက်သည်။

“အေးပါ။ ညနေ ကျောင်းဆင်းမှ သူ့ကို မေးကြည့်လိုက်မယ်”

“အခုမေးလို့မရဘူးလား။ အယ်ဒီတာချုပ်ကြီးက စောင့်နေပြီ!”။ အေးဂျင့် စိတ်မရှည်ဖြစ်လာပါပြီ။

“မရဘူး။ စူစူလေး ကျောင်းတက်နေတာကို မနှောင့်ယှက်နိုင်ဘူး”။ စူစူလေးရဲ့ ပညာရေးက အရေးကြီးပါသည်။

… … …

All Chapters