အခန်း (၃၈၄-၃၈၅)
Vol. 16 Ch. 384-385
အခန်း(၃၈၄) မဂ္ဂဇင်းကာဗာရိုက်ကူးဖို့ ဟူကျစ်ကို ဖိတ်ကြားခြင်း (၂)
“သူက မူကြိုတက်နေတာ မဟုတ်ဘူးလား။ နည်းနည်းလောက် ခေါ်မေးလိုက်တာ ဘာဖြစ်လို့လဲ”။ အေးဂျင့်က ပြောလိုက်ပါသည်။
“အဲ… အဲ့တာ ဟုတ်တော့ဟုတ်ပါတယ်”။ ချင်းယုကျိုး တွန့်ဆုတ်သွားသည်။
“အောင်မယ်လေး! အချိန်ထပ်မဆွဲပါနဲ့တော့! ဒီအခွင့်အရေးက ရှားတယ်နော်။ နင့်အတွက် ငါအခက်အခဲတွေ အများကြီး ကျော်ဖြတ်ပြီးရအောင် ယူပေးထားရတာ။ ငါတို့အတတ်နိုင်ဆုံး အမြန်လုပ်သင့်တယ်။ ကောလဟာလတွေထွက်တုန်းက ဒီအခွင့်အရေးကို ဆုံးရှုံးရမလိုတောင် ဖြစ်ခဲ့တာ။ စောစောပြီးလေလေ မြန်မြန် စိတ်ချရလေပေါ့။ အချိန်ထပ်ဆွဲနေရင် ငါနင့်ရှေ့မှာ ထိုင်ငိုမှာနော်!”
ချင်းယုကျိုး ခေါင်းငြိမ့်လိုက်ရသည်။
ဒီလိုနဲ့ စူစူလေးကို သွားတွေ့ဖို့ သူတို့နှစ်ယောက် ဟုံဖုန်းမူကြိုဆီ သွားခဲ့ကြပါသည်။
စူစူလေး အတန်းပြီးခါစဖြစ်ပြီး ဆရာမကျူးက လှမ်းခေါ်သဖြင့် သွားခဲ့ပါသည်။
တံခါးဝကို ရောက်သောအခါ သူမကို လာတွေ့သူက ဆယ်လီတူလေးဖြစ်မှန်း မြင်လိုက်ရသည်။
“ဆယ်လီတူလေး ဘာလို့ရောက်လာတာလဲ။ သတိရလို့လား။ ဒါမှမဟုတ် မုန့်လာပို့ပေးတာလား”။ စူစူလေးက မေးလိုက်သည်။
တူချောလေးဆို သူမကို အမြဲတမ်း အရသာရှိသည့် မုန့်တွေ ကျွေးတတ်သည်။
“ဒီလိုပါ စူစူလေး။ စူစူလေးကို တောင်းဆိုစရာရှိလို့”။ ချင်းယုကျိုးက ပြောလိုက်သည်။
“ပြောလေ”။ စူစူလေးက သဘောကောင်းစွာ ပြောလိုက်သည်။
သူမ တူလေးတွေ အကူအညီတောင်းလျှင် ဒေါ်လေး တစ်ယောက်အနေဖြင့် တတ်နိုင်သမျှ ကူညီပေးရပါမည်။
စူစူလေး၏ အရှိန်အဝါကြီးမားမှုကို မြင်ပြီး အေးဂျင့်က ရယ်မောမိသွားပါသည်။ ဒီကလေးကတော့ တကယ့် မလွယ်ကြောလေးပဲ။
“ဒီလိုပါ…”။ ချင်းယုကျိုး အကုန်ရှင်းပြလိုက်သည်။
ချင်းယုကျိုးရှင်းပြတာကို နားထောင်ပြီး စူစူလေး သဘောတူလိုက်ပါသည်။ “ရတယ်လေ။ ဟူကျစ်ကို ခေါ်သွားပေါ့။ သူ့ကို ကြည့်ကောင်းအောင် ရိုက်ပေးနော်”။
စူစူလေးနဲ့ ဟူကျစ်တို့ နှစ်ယောက်စလုံးက ကင်မရာ မကြောက်တတ်ပါ။ ကြည့်ကောင်းကြတာကြောင့် ဖြစ်သည်။
“တကယ် သဘောတူတာလား”။ စူစူလေးက လွယ်လွယ်ကူကူ သဘောတူလိုက်သဖြင့် ချင်းယုကျိုး အံ့အားသင့်သွားခဲ့ပါသည်။
စူစူလေး အပြည့်အဝ နားမလည်မှာကိုတောင် သူစိတ်ပူနေတာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် စူစူလေးက မဂ္ဂဇင်း ကာဗာရိုက်တယ်ဆိုတာ ဘာမှန်းတောင် သိမှာ မဟုတ်ပါ။
“ဒါပေါ့! ငါ့တူလေးပဲဥစ္စာ! အားလုံးက ချင်းမိသားစုဝင်တွေပဲ အားနာစရာမလိုဘူး!”
မိသားစုနဲ့ ပတ်သတ်လာလျှင် စူစူလေးက အလွန်ရက်ရောပါသည်။
“ဟားဟားဟား”။ ထိုစကားကို ကြားသောအခါ ချင်းယုကျိုး ရယ်မောမိသွားသည်။ ထို့နောက် သူ ထောက်ခံလိုက်ပါသည်။ “ဟုတ်တယ် ဟုတ်တယ် ငါတို့က မိသားစုတွေပဲနော်!”
“သွားကြစို့။ ဟူကျစ်ကို သွားပြောရမယ်”။
အချိန်ဆွဲမနေတော့ဘဲ စူစူလေးက ချင်းယုကျိုး၏ လက်ကို ကိုင်ရင်း အိမ်ပြန်ဖို့ ပြင်လိုက်သည်။
“စူစူလေးကို ဒီတိုင်း သဘောတူလိုက်ရင် ရပြီမဟုတ်ဘူးလား။ ဟူကျစ်ကို ငါတို့ဖာသာ ခေါ်သွားလိုက်မယ်လေ”။ ချင်းယုကျိုးက ပြောလိုက်သည်။
“မရဘူး။ ဒေါ်လေးမပြောရင် ဟူကျစ်က လိုက်မှာမဟုတ်ဘူး”။ စူစူလေးက ပြောလိုက်သည်။
ဟူကျစ်က တစ်ခါတလေ ဆိုးသွမ်းတတ်သော်လည်း အရေးကြီးသည့် ကိစ္စတွေမှာတော့ စူစူလေးရဲ့ စကားကို နားထောင်ပါသည်။
ချင်းယုကျိုးနဲ့ အေးဂျင့်ဖြစ်သူတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
လူကြီးတွေဖြစ်သည့်အလျောက် ကြောင်လေးတစ်ကောင်က လူစကားနားလည်သည်ဆိုတာကို သူတို့ မယုံကြည်ကြပါ။
ကြောင်လေးက စူစူလေးကို ချစ်မှန်း သူတို့ သိသည်။ သို့သော်လည်း စူစူလေး ပြောမှရမည်ဆိုတာကတော့ အနည်းငယ် ချဲ့ကားရာ ကျပါသည်။
သို့သော် ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုနဲ့ ဖြူစင်မှုတို့ကို သူတို့ မဖျက်ဆီးချင်ပါ။ ထို့ကြောင့် ဟူကျစ်ကို အမိန့်ပေးဖို့အတွက် စူစူလေးကို အိမ်ပြန်ခေါ်လာခဲ့ကြပါသည်။
ဟုံဖုန်းမူကြိုနဲ့ ချင်းအိမ်တော်တို့က သိပ်မဝေးသဖြင့် အသွားအပြန်လုပ်ဖို့ အချိန်သိပ်မပေးရပါ။
စူစူလေး အိမ်ပြန်ရောက်သောအခါ ဟူကျစ်ကို မြင်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် ဟူကျစ်၏ လက်ကလေး ၂ ဖက်ကို ကိုင်ကာ သေချာ ညွှန်ကြားလိုက်ပါသည်။
“ဟူကျစ်။ ဆယ်လီတူလေးက နင့်ကို ဓာတ်ပုံရိုက်ဖို့ ခေါ်သွားချင်တယ်တဲ့။ အဲ့တာကြောင့် ကြည့်ကောင်းအောင် နေပြီး သူများတွေ သဘောကျအောင်လို့ ချစ်ဖို့ကောင်းအောင် လုပ်ပြလိုက်!’
မဂ္ဂဇင်းကာဗာဆိုတာ စူစူလေး ဘာမှန်းမသိသော်လည်း ဓာတ်ပုံရိုက်ရတာကိုတော့ သိပါသည်။
ဓာတ်ပုံရိုက်ရမည်ဆို သူတို့ ကြည့်ကောင်းနေမှဖြစ်မည်။
ထိုစကားကြားသောအခါ ဟူကျစ် မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပါသည်။
… … …
အခန်း(၃၈၅) ချစ်ဖို့ကောင်းလို့ ဟူကျစ် နာမည်ကြီးသွားခြင်း (၁)
ထို့နောက် ချင်းယုကျိုးဆီ ပြေးသွားကာ ဘောင်းဘီပေါ် ကုတ်တက်လေသည်။ သိပ်မကြာလိုက်ဘဲ ချင်းယုကျိုး၏ ပခုံးပေါ်ကို ရောက်သွားပါသည်။
“မြောင်~”။ ပို့စ်ပေးပြီး ဓာတ်ပုံရိုက်ဖို့ အချိန်ကျပြီ!
ချင်းယုကျိုးနဲ့ အေးဂျင့်ဖြစ်သူတို့ အံ့အားသင့်သွားကြသည်။
ဒီကြောင်လေးက တကယ်လူစကားနားလည်တဲ့ပုံပဲ!
“မြောင်~”။ အချိန်မဆွဲနဲ့! ဓာတ်ပုံသွားရိုက်ကြရအောင်~
ဟူကျစ်က ချင်းယုကျိုးကို နှစ်ချက်လောက် အော်လိုက်သည်။ အမြန်သွားဖို့ တိုက်တွန်းနေသည့်အလား။
“အေးပါ အေးပါ။ သွားကြမယ်”။ အေးဂျင့်က အမြန်ပြောလိုက်၏။
သူတို့အချိန်ဖြုန်းတာ နည်းနည်းများသွားပါပြီ။ ကြောင်လေးကလည်း လိမ္မာသဖြင့် အချိန်ထပ်မကုန်တော့ပါ။
ထို့ကြောင့် စူစူလေးကို မူကြို ပြန်ပို့ပေးပြီးနောက် သူတို့နှစ်ယောက် ဟူကျစ်ကို ခေါ်ပြီး စတူဒီယိုသို့ သွားခဲ့ပါသည်။
စတူဒီယိုထဲတွင် အင်တာနေရှင်နယ်ဓာတ်ပုံဆရာကြီးမောက်က ကင်မရာပြင်ဆင်ရင်း စောင့်နေပါသည်။
ဆရာကြီးမောက်မှာ ဆံပင်ရှည်ရှည်ကောက်ကောက်များရှိပြီး ဝါရင့် အနုပညာရှင်တစ်ယောက်မှန်း သိသာစေသည်။
သူ့ပုံစံက တစ်ယောက်တည်းအေးဆေးနေတတ်ပြီး ပြောရဆိုရခက်မည့်ပုံစံဖြစ်သည်။
“ဆရာကြီးမောက်”။ အေးဂျင့်က ချင်းယုကျိုးကိုခေါ်ပြီး ဆရာကြီးမောက်အား အပြုံးဖြင့် နှုတ်ဆက်လိုက်ပါသည်။ “ဒါ ချင်းယုကျိုးလေ။ ဆရာကြီးနဲ့ အခုလို အလုပ်တွဲလုပ်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ကျွန်မတို့ အဆင်မပြေတာ တစ်ခုခု လုပ်မိရင်လည်း ခွင့်လွှတ်ပေးပြီး သင်ကြားပေးပါဦး”
ချင်းယုကျိုးလို နာမည်မရှိသည့် အနုပညာရှင်ကို မြင်လိုက်ရသောအခါ ဆရာကြီးမောက် အထင်သေးမိပါသည်။
ချင်းယုကျိုးကို တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး သူ့ကင်မရာသူ ပြန်အာရုံစိုက်နေလိုက်သည်။
ချင်းယုကျိုးကိုကော သူ့အေးဂျင့်ကိုကော ဘာစကားမှ မပြောပါ။
အင်တာနေရှင်နယ်မှာ နာမည်ကြီး သရုပ်ဆောင်တွေ၊ မော်ဒယ်တွေနဲ့ သူ အလုပ်လုပ်ဖူးပါသည်။ ချင်းယုကျိုးလို အဆင့်ကို သူအထင်မကြီးပါ။
ဒီလို စိမ်းကားခံရတာမျိုးက ချင်းယုကျိုးနဲ့ သူ့အေးဂျင့်အတွက် မထူးဆန်းတော့ပေ။
“မြောင်~~”
ရုတ်တရက် ကြောင်တစ်ကောင်၏ အသံကို ဆရာကြီးမောက် ကြားသွားသည်။
အောက်ကို ငုံ့ကြည့်လိုက်ရာ ဒီရှုတင်ရဲ့ အဓိကဇာတ်ကောင်တစ်ကောင်ဖြစ်သော ဟူကျစ်အား တွေ့လိုက်ရပါသည်။
“မြောင်~~”
ဟူကျစ်က ဆရာကြီးမောက်၏ ခြေထောက်နားသို့ လျှောက်လာပြီး ခေါင်းဖြင့် ပွတ်သပ်လိုက်သည်။
ထို့နောက် ခေါင်းလေးမော့လျက် ဆရာကြီးမောက်ကို ၂ ချက်လောက်အော်ပြောလိုက်ပါသည်။ “မြောင်~ မြောင်~”
ဟူကျစ်လေး၏ ချစ်စရာကောင်းသော ပုံစံလေးနဲ့ အော်သံလေးများကြောင့် ကြောင်ချစ်တတ်သော ဆရာကြီးမောက် နှလုံးသား အရည်ပျော်သွားသည်။
ကြောင်ချစ်တတ်သူတွေအတွက် ဒီလိုချစ်ဖို့ကောင်းပြီး နူးညံ့သည့်ကြောင်မျိုးကိုမြင်လျှင် ဘယ်လိုမှ စိတ်မထိန်းနိုင်ပါ။
ဒီနေ့ရှုတင်မှာ ကြောင်တစ်ကောင်ပါမည်ဖြစ်ကြောင်း ဆရာကြီးမောက် ကြိုသိထားသော်လည်း ဒီလောက် ချစ်ဖို့ကောင်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။
စိတ်မထိန်းနိုင်တော့သဖြင့် ဆရာကြီးမောက် ဟူကျစ်ကို ကောက်ချီလိုက်ပါသည်။
“အောင်မယ်လေး။ ပူကြူးလေး ချစ်စရာကောင်းလိုက်တာ။ မျက်လုံးထဲမှာ စကြဝဠာတွေ၊ သမုဒ္ဒရာတွေများ ရှိနေတာလား”။ ဆရာကြီးမောက်က ဟူကျစ်လေးကို မြှောက်ပင့်ကာ ပြောလိုက်သည်။
“မြောင်~”။ ဒီလူသားက ဉာဏ်ရည်ကောင်းသားပဲ~
ဆရာကြီးမောက်၏ အပြုအမူကို မြင်ပြီး စတူဒီယိုထဲက လူတွေ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သူတို့အမြင်မှာ ဆရာကြီးမောက်က အမြဲတမ်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး နေတတ်သူဖြစ်သည်။
သူ့အိမ်မှာ ကြောင်တွေအများကြီးမွေးထားမှန်း ကြားဖူးသော်လည်း အလုပ်မှာ ကြောင်တွေနဲ့ ကစားတာမျိုးကိုတော့ ဘယ်သူမှ မမြင်ဖူးကြပါ။ ထို့ကြောင့် ကြောင်တွေကို သူဘယ်လို ဆက်ဆံသလဲ ဆိုတာကိုလည်း မသိကြပေ။
ခုနကလို မဟုတ်တော့ဘဲ ချင်းယုကျိုးကို ဆရာကြီးမောက် လှည့်ပြောလိုက်ပါသည်။ “မြန်မြန်ပြင်ကြ။ ရှုတင်စကြမယ်”
ထိုစကားကြားပြီးနောက် အေးဂျင့် အပျော်လွန်သွားပြီး ချင်းယုကျိုးကိုယ်စား ဝင်ဖြေပေးလိုက်ပါသည်။ “ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ ကျွန်မတို့ အသင့်ပြင်လိုက်ပါ့မယ်”
မကြာမီ ဖိုတိုရှုတင် စတင်ခဲ့သည်။
ဆရာကြီးမောက်က ချင်းယုကျိုးနဲ့ ဟူကျစ်တို့အား ပို့စ်အမျိုးမျိုး ပေးခိုင်းခဲ့သည်။
ရှုတင်ချိန်မှာ အားလုံး အဆင်ပြေချောမွေ့စေဖို့အတွက် စတူဒီယိုဝန်ထမ်းများက ကြောင်စာတွေ၊ ကြောင်ဆေးပင်တွေအစုံ ပြင်ဆင်ထားသည်။
ဖိုတိုရှုတင်လုပ်နေစဉ် အစားအသောက်ကိုအသုံးချပြီး ဟူကျစ်ကို ပို့စ်အမျိုးမျိုး ပေးခိုင်းဖို့ စီစဉ်ထားတာဖြစ်သည်။
သို့သော်လည်း ဘယ်သူမှ ထင်မှတ်မထားသည့်အရာတွေဖြစ်ပျက်သွားခဲ့သည်။
… … …