အခန်း (၃၈၆-၃၈၇)
Vol. 16 Ch. 386-387
အခန်း(၃၈၆) ချစ်ဖို့ကောင်းလို့ ဟူကျစ် နာမည်ကြီးသွားခြင်း (၂)
ဟူကျစ်က အလွန်လိမ္မာပြီး စကားနားထောင်သည်။ သူ့ကိုခိုင်းတာမှန်သမျှ အကုန်လုပ်ပေးသည်။
ချင်းယုကျိုး၏ ခေါင်းပေါ်မှာတက်နေခိုင်းသောအခါ လိမ်လိမ်မာမာနဲ့ ခေါင်းပေါ်တက်ပေးခဲ့သည်။
ချင်းယုကျိုး၏ ပခုံးပေါ်မှာ လှဲခိုင်းသောအခါ သိမ်သိမ်မွေ့မွေ့လေး လှဲနေလိုက်သည်။
ချင်းယုကျိုး၏ ရင်ခွင်ထဲ ဝင်ခိုင်းပြီး လက်ကလေးများကို လျက်ခိုင်းသောအခါ လူတိုင်းမြင်အောင် သူ့လျှာနီနီလေးနဲ့ လက်ကလေးများကို လျက်လိုက်ပါသည်။
ကိုယ့်အမြှီးကိုယ် လိုက်ဖမ်းပြီး ဆော့ခိုင်းသောအခါ ခိုင်းသည့်အတိုင်း ဆော့ကစားခဲ့သည်။
အက်ရှင်ကော မျက်နှာပေးကော ဟူကျစ်ဘာမှဟာကွက်မရှိပါ။
စတူဒီယိုထဲက ဝန်ထမ်းတွေ အလွန်မှင်သက်ကုန်ကြသည်။ ဒီကြောင်လေးက လူလေးနဲ့ တူလိုက်တာ! စိတ်ဝင်စားဖို့ကောင်းတယ်!
အားလုံးထဲမှာ အပျော်ဆုံးက ကင်မရာကိုင်ထားသည့် ဆရာကြီးမောက်ဖြစ်သည်။
“ဟုတ်တယ် ဟုတ်တယ်။ အဲ့လိုလေးနေ!”
ဆရာကြီးမောက်က အခွင့်အရေးတစ်ခုမှ လက်လွှတ်မခံဘဲ ဓာတ်ပုံတိုင်းကို စိတ်ကျေနပ်စွာ အမိအရ ရိုက်ယူခဲ့သည်။
“ကောင်းတယ်ကွာ! ဓာတ်ပုံတွေ အကုန်လုံး ပြီးပြည့်စုံတယ်!”
ဆရာကြီးမောက် ဒီလိုစကားမျိုးပြောတာ ရှားသည်။ အရင်တုန်းက ဖိုတိုရှုတင်ပြီးတိုင်း ဘာမှမထူးခြားသလိုနေတတ်သူဖြစ်သည်။
အလွန်ဆုံး မော်ဒယ်တွေကို ချီးမွန်းတာမျိုးသာ ရှိပါသည်။
သူဒီလောက် ပျော်ရွှင်နေတာကို အားလုံး အခုမှ မြင်ဖူးခြင်းဖြစ်သည်။
ရိုက်ကူးရေးပြီးသောအခါ ချင်းယုကျိုးက ဟူကျစ်ကို ကြည့်ရင်း အံ့အားသင့်နေပါသည်။
“ဟူကျစ်။ မင်းဒီနေ့ အရမ်းတော်လွန်းနေတယ် မထင်ဘူးလား”။
“မြောင်~”။ ဒါပေါ့~ ငါက ရုပ်ချောတာကိုး~
ဟူကျစ်က ခေါင်းမော့ရင်ကော့နေသည်။
ချင်းယုကျိုးလည်း ဟူကျစ်ရဲ့ သခင် စူစူလေးကို မြင်ယောင်မိသည်။ ကြောင်ဖြစ်သူနဲ့ သခင်ဖြစ်သူတို့ အကျင့်စရိုက်ချင်း အတော်တူကြပါသည်။
နှစ်ယောက်စလုံးက ကြမ်းကြုတ်သော်လည်း ချစ်ဖို့ကောင်းသည်။
“ဒီနေ့အတွက် ကျေးဇူးပါ။ အိမ်ပြန်ရောက်တဲ့အခါကျရင် မုန့်ကျွေးမယ်။ ကတ်ဖု ကြိုက်သလောက် အဝစား!”။ ချင်းယုကျိုးက ဟူကျစ်၏ ခေါင်းလေးကို ပွတ်ပေးရင်း ကတိပေးလိုက်သည်။
“မြောင်~”။ ဒီလူသား တော်တယ်။ သူကျေနပ်သွားပြီ။
သို့သော်လည်း သူ ကတ်ဖုမစားချင်ပါ။ သူစားချင်တာ Wagyu အမဲသားဖြစ်သည်။ အရသာ အလွန်ရှိသော ထိပ်တန်းအဆင့် Wagyu အမဲသား စားချင်တာဖြစ်သည်။
ဟူကျစ် ဘာပြောချင်နေသလဲဆိုတာ ချင်းယုကျိုး သိပ်နားမလည်ပါ။ မျက်လုံးမှေးလျက် သူ့ရင်ဘတ်ကို လာပွတ်နေတာကိုသာ မြင်ပြီး ကျေနပ်နေတာဖြစ်မည်ဟု တွေးလိုက်ပါသည်။
ဆရာကြီးမောက်က ပြုံးပြုံးရွှင်ရွှင်နဲ့ သူတို့ဆီ လျှောက်လာသည်။ “မင်းကော မင်းကြောင်လေးကော နှစ်ယောက်စလုံး တော်ပါပေတယ်”
ဟူကျစ်ကြောင့်မဟုတ်ဘဲ ချင်းယုကျိုးကြောင့်ပါ ဒီနေ့ရှုတင် အခက်အခဲမရှိ အောင်မြင်ခဲ့တာဖြစ်သည်။
ဆရာကြီးမောက်ထင်ထားတာထက် ချင်းယုကျိုးက အများကြီး ပိုတော်နေပါသည်။
အစကတော့ ချင်းယုကျိုးကို သူ အထင်သေးခဲ့မိမှန်း ဝန်ခံရမည်။ ချင်းယုကျိုးကို ဘာအစွမ်းအစမှမရှိဘဲ ရုပ်ရည်သာရှိသည့် ကောင်လေးဖြစ်မည်ဟု ထင်ခဲ့၏။
သို့သော်လည်း တကယ်တမ်းတော့ ဒီကောင်လေးက ရုပ်ရည်ရှိသည့်အပြင် ကင်မရာရှေ့မှာလည်း စွမ်းဆောင်နိုင်စွမ်း ရှိသည်။
“ဆရာကြီးမောက်အသိအမှတ်ပြုတာကို ခံရတာ ဂုဏ်ယူစရာပါပဲ”။ ချင်းယုကျိုးက အပြုံးဖြင့် တည်ငြိမ်စွာ ပြောလိုက်ပါသည်။
ဆရာကြီးမောက်က ချင်းယုကျိုးအား သူ့လုပ်ငန်းကတ် ကမ်းပေးလိုက်သည်။ “ဒီမှာ ငါ့လုပ်ငန်းကတ်။ ဖုန်းနံပါတ်လည်း ပါတယ်။ မင်းအဆင်ပြေမယ်ဆိုရင် အိမ်ပြန်ရောက်တဲ့အခါ WeChat မှာ ငါ့ကို Add လိုက်ပါ။ မင်းနဲ့ တွဲလုပ်ချင်တဲ့ အလုပ်တချို့ ရှိသေးတယ်။ မင်းအားမယ်ဆို ငါတို့ဆွေးနွေးကြမယ်”
ထိုစကားလုံးများကိုကြားပြီး ချင်းယုကျိုး ထိတ်လန့်သွားသည်။
ဆရာကြီးမောက်က သူနဲ့အတူတူ အလုပ်တွဲလုပ်ချင်သေးတယ်လို့ ပြောလိုက်တာလား။
ဆရာကြီးမောက်က ဒီလောကထဲမှာ စံနှုန်းမြင့်မားသူဖြစ်သည်။ အမြဲတမ်းလိုလို အလွန်ကျော်ကြားသည့် ကြယ်ပွင့်တွေနဲ့သာ အလုပ်လုပ်တတ်သည်။
အခု သူ့ကို မြေတောင်မြှောက်ပေးဖို့ စဉ်းစားနေတာလား။
အေးဂျင့်ဖြစ်သူလည်း တုန်လှုပ်သွားခဲ့ပါသည်။ ဒီနေ့ ချင်းယုကျိုးကို ခေါ်လာခဲ့တုန်းက အမှားအယွင်း မဖြစ်ရင်ဘဲ ကျေနပ်ပါပြီဟု ဆုတောင်းခဲ့သည်။
သို့သော်လည်း အခုတော့ ဘာအမှားအယွင်းမှ မဖြစ်သင့်အပြင် တခြား အလုပ်အခွင့်အလမ်းတွေပါ ရလိုက်လေသည်။
… … …
အခန်း(၃၈၇) ချစ်ဖို့ကောင်းလို့ ဟူကျစ် နာမည်ကြီးသွားခြင်း (၃)
ကောင်းလိုက်တာ!
အေးဂျင့်က ချင်းယုကျိုးကို တံတောင်ဖြင့် တွတ်ပြီး ဆရာကြီးမောက် ကမ်းပေးနေသည့် ကတ်အား ယူဖို့ အချက်ပေးလိုက်ပါသည်။
ချင်းယုကျိုးလည်း အသိစိတ်ပြန်ကပ်ကာ လုပ်ငန်းကတ်ကို ယူပြီးနောက် ပြုံးလျက် ပြန်ပြောလိုက်သည်။ “အခုလို ကျွန်တော့်ကို အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် ဆရာကြီးမောက်။ နောက်လည်း ဒီလိုပဲ အလုပ်တွဲလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”
“အင်း”။ ဆရာကြီးမောက်က ခေါင်းငြိမ့်လိုက်ပြီး ချင်းယုကျိုး ချီထားသည့် ဟူကျစ်ကို ကြည့်လိုက်သည်။ “အဲ့ကြောင်လေးကိုပါ ခေါ်လာဖို့ မမေ့နဲ့။ ငါမြင်ဖူးသမျှထဲ ချစ်စရာအကောင်းဆုံး ကြောင်လေးပဲ။ ငါသဘောကျတယ်”
ချင်းယုကျိုးလည်း ဟူကျစ်လေးကို ငုံ့ကြည့်လိုက်သည်။ မှန်ပါသည်။ ဟူကျစ်က အလွန်ချစ်ဖို့ကောင်းသည်။
“စိတ်မရှိပါနဲ့။ အဲ့တာတော့ အတိအကျ ပြောလို့မရဘူး။ ဒီကြောင်လေးက စူစူလေးရဲ့ ကြောင်လေးမို့လို့ပါ။ သူ့ကို ခေါ်လာလို့ရမရက စူစူလေးသဘောတူမှ ဖြစ်မှာ”။ ချင်းယုကျိုးက ရှင်းပြလိုက်ပါသည်။
“စူစူလေး ဟုတ်လား”
“ဟုတ်ကဲ့။ သူက ကျွန်တော့်…”။ စူစူလေးရဲ့ သရုပ်မှန်ကို ပြောပြဖို့ ချင်းယုကျိုး တွန့်ဆုတ်သွားသည်။
‘ဒေါ်လေး’ဟူသည့် စကားလုံး သူ့လျှာဖျားမှ ထွက်မိတော့မလို ဖြစ်သွားသည်။
အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ချင်းယုကျိုး ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်သည်။
“သူက ကျွန်တော့်ဒေါ်လေးပါ။ အသက် ၃ နှစ်ခွဲရှိပြီ။ သူ့ကြောင်လေးထက်တောင် ပိုပြီး ချစ်ဖို့ကောင်းသေးတယ်”။ ချင်းယုကျိုးက ရှင်းပြလိုက်သည်။
“အသက် ၃ နှစ်ခွဲအရွယ် ဒေါ်လေးဟုတ်လား”။ ဆရာကြီးမောက် မျက်လုံးပြူးသွားသည်။
“ဟုတ်ပါတယ်။ ကျွန်တော့် အဘိုးနဲ့အဘွားက သူ့ကို အသက်ကြီးမှ မွေးထားကြတာ။ အဲ့တာကြောင့် ကျွန်တော့် ဒေါ်လေးဖြစ်နေတာပါ”။ ချင်းယုကျိုး ရှင်းပြလိုက်လေသည်။
“အဲ့လိုကိုး…။ ဒါဆိုလည်း အခွင့်အရေးရရင် သူ့ကိုပါ ခေါ်ခဲ့လေ”။ ဆရာကြီးမောက် ခွင့်ပြုပါသည်။
သူတို့ အနုပညာအသိုင်းအဝိုင်းမှာလည်း အသက်ကြီးမှ ကလေးမွေးတာတွေ မြင်ဖူးသည်။ ထို့ကြောင့် ဆရာကြီးမောက် သိပ်မအံ့ဩပေ။
“ကျွန်တော့် ဒေါ်လေးက ငယ်သေးလို့ ကြော်ငြာတွေ ဘာတွေ မရိုက်ပါဘူး”
“ကြော်ငြာရယ်လို့ မဟုတ်ပါဘူး။ ဒီတိုင်း သာမန် ဓာတ်ပုံရိုက်ရရင်ပဲ ကျေနပ်ပါပြီ”။ ဆရာကြီးမောက်က ပြောလိုက်သည်။
“အင်း… ကျွန်တော် အိမ်ပြန်ရောက်ရင် စူစူလေးကို မေးကြည့်လိုက်မယ်။ သူ့ဖာသာသူ ဆုံးဖြတ်နိုင်စွမ်းရှိတော့ ကျွန်တော် ဆုံးဖြတ်ပေးရင် မကောင်းလို့ပါ”။
“ဟုတ်ပါပြီ။ ဒါဆို ငါသတင်းကောင်း စောင့်နေမယ်နော်”
--- --- ---
ဖိုင်နယ် ဓာတ်ပုံတွေကို အမြန်ရရှိခဲ့ပြီး အယ်ဒီတာချုပ်ကြီးက သူအကြိုက်ဆုံး ဓာတ်ပုံကို မဂ္ဂဇင်းကာဗာမှာ အသုံးပြုဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့ပါသည်။
ထို့အပြင် ကျန်ဓာတ်ပုံတွေကိုလည်း မဂ္ဂဇင်းထဲမှာ ဟိုတစ်စ ဒီတစ်စ ထည့်ဖို့ ဆုံးဖြတ်ခဲ့သေးသည်။
တစ်ချိန်တည်းမှာပင် ထိုမဂ္ဂဇင်း၏ တရားဝင် Weibo အကောင့်မှ ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံတွေအားလုံး တင်ပေးခဲ့ပါသည်။
သူတို့ မဂ္ဂဇင်းတိုက်က အနုပညာလောကထဲမှာ အလွန်နာမည်ကြီးပြီး ဓာတ်ပုံအသစ်တွေ ထွက်လာတိုင်း အလွန်ပေါ်ပြူလာဖြစ်လေ့ရှိသည်။
ဒီတစ်ခေါက်လည်း ချွင်းချက်မရှိပါ။
ဟူကျစ်လေးပါ ပါသဖြင့် လူစိတ်ဝင်စားမှု ပိုမြင့်တက်ခဲ့သည်။
ချစ်စရာကြောင်ဖြူလေးတစ်ကောင်နဲ့ ဆွဲဆောင်မှုရှိသော ဆယ်လီကောင်လေးတစ်ယောက်။
ထိုပေါင်းစပ်မှုကြောင့် Netizen တွေအားလုံးရဲ့ နှလုံးသားများ လှုပ်ခါသွားကြသည်။
ညနေစောင်းသောအခါ ထိပ်တန်းရေပန်းစားစာရင်းထဲမှာ ထိုဓာတ်ပုံတွေအကြောင်း တက်လာခဲ့ပါပြီ။
#ချင်းယုကျိုးနဲ့ကြောင်ဖြူလေးဖိုတိုရှုတင်# ဟူသည့်အကြောင်းအရာက ထိပ်တန်း ရေပန်းစား အကြောင်းအရာ ၃ ခုထဲမှာ ပါဝင်သွားကြီး နာရီပေါင်းများစွာ ကြာရှည်ခံခဲ့သည်။
ထို့နောက် ချင်းယုကျိုးရဲ့ အကောင့်ထဲ Follower တွေ အများကြီး တက်လာခဲ့ပါသည်။
ယခင်တုန်းက Follower သုံးသိန်းမှ ယခု ကိုးသိန်းအထိ တက်သွားခဲ့သည်။
ဒါကိုမြင်တော့ ချင်းယုကျိုး၏ အေးဂျင့် ဆွေ့ဆွေ့ခုန်နေမိပါပြီ။
ချင်းယုကျိုး အနုပညာလောကထဲဝင်လာတာ ၂ နှစ်ကျော်ကြာပါပြီ။ သို့သော် မကြာသေးခင်ကမှ အွန်လိုင်းပေါ်မှာ ခဏခဏ နာမည်ကြီးလာခဲ့သည်။
ထို့အပြင် ပရိတ်သတ်တွေလည်း ဆက်တိုက်ဆိုသလို တိုးလာခဲ့ပါသည်။
“ချင်းယုကျိုး ဒီနှစ် နင်တော်တော် ကံကောင်းနေတာပဲ!”။ အေးဂျင့်က ရေရွတ်လိုက်မိပါသည်။ “အရင်တုန်းက နင့်အကြောင်း ပြန်တွေးကြည့်ပါဦး။ ဘာပဲလုပ်လုပ် ဘယ်လောက်ပဲကြိုးစားကြိုးစား အမြဲတမ်း အခက်အခဲကြုံနေရတာ။ ရင်းနှီးမြှုပ်နှံသူတွေက ပြဿနာဖြစ်ရတာနဲ့ ရှုတင်လုပ်နေတုန်း အမှားအယွင်းဖြစ်ရတာနဲ့။ နင်ရိုက်ကူးထားတဲ့ ဒရမ်မာကိုတောင် မထုတ်လွှင့်နိုင်ဘူး”
ချင်းယုကျိုး၏ အဖြစ်ဆိုးများကို ပြန်စဉ်းစားရင်း အေးဂျင့်ဖြစ်သူ မျက်ရည်ဝဲမိသည်။
… … …