အခန်း (၃၉၀-၃၉၁)
Vol. 16 Ch. 390-391
အခန်း(၃၉၀) စိတ်အားထက်သန်ကြသော အစ်ကိုလတ်တို့လင်မယား
“ပြီးတာပဲ။ နင်တို့က ဒီအဘိုးကြီးအဘွားကြီးတွေဆိ လာလည်ဖို့ စိတ်ကူးရှိတာမှမဟုတ်တာ။ ညီမလေးတွေ သားတွေကိုကျတော့ ချစ်တယ်။ ဒီအဖေအမေတွေကျတော့ လမ်းဘေးက ကောက်ထားသလိုမျိုးပဲ”။ အဘွားချင်းက မျက်စောင်းထိုးကာ ပြောလိုက်သည်။
ထိုစကားကြောင့် ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ ထိတ်လန့်သွားကြသည်။
ချင်းယန်ကျစ်က ရှင်းပြလိုက်သည်။ “အမေကလည်း အမေတို့ကို ချစ်ပါတယ်! အမေ့အတွက် မစဉ်းစားဘဲ နေပါ့မလား!”
ရှောင်းပေပေကလည်း ဝင်ပြောသည်။ “အမေ။ စူစူလေးချစ်ဖို့ကောင်းတာက အမေ့သမီးလေးဖြစ်နေလို့ပေါ့! သူများသမီးဆို သမီးတို့ ဂရုစိုက်မှာမဟုတ်ဘူး!”
လင်မယားနှစ်ယောက်ရဲ့ စကားကြောင့် အဘွားချင်းရယ်မောလိုက်မိပါသည်။ “နင်တို့နှစ်ယောက်စလုံး အပြောကောင်းကြတယ်နော်!”
“ဒါပေါ့။ ကျွန်တော်တို့ကို ပျိုးထောင်ပေးထားတဲ့သူက ပေါ့သေးသေးမှ မဟုတ်တာ။ ဒီအိမ်က ထွက်ကုန်တိုင်းက အကောင်းစားတွေချည့်ပဲ!”။ ချင်းယန်ကျစ်က သူ့ကိုယ်သူကော သူ့အမေကိုကော မြှောက်ပင့်လိုက်ပါသည်။
“ထောက်ခံတယ်”။ ရှောင်းပေပေကလည်း ပြောသည်။ “သမီးယောက်ျား ထူးချွန်တာက ယောက္ခမတွေ ကောင်းကောင်း ပျိုးထောင်ပေးထားလို့ပေါ့။ မဟုတ်ရင် သူ့ကို သမီးလှည့်တောင် ကြည့်မှာမဟုတ်ဘူး!”
“နင်တို့ကတော့! အရှက်ကိုမရှိကြဘူး!”
အဘွားချင်းက ရှောင်းပေပေ၏ ပခုံးကို ရိုက်ရင်း ရယ်ရယ်မောမော ပြောလိုက်ပါသည်။ ရှောင်းပေပေလည်း နားရွက်တက်ချိတ်မတက် သွားဖြီးထားသည်။
စူစူလေးက သူတို့ ရယ်မောနေတာကို ကြည့်ရင်း သူမပါ ဝင်ရယ်ရမလား မသေချာပါ။
သူမ လိုက်မရယ်လျှင် သူတို့စကားဝိုင်းကို နားမလည်ဘူးဟု ထင်သွားနိုင်သည်။ သို့သော် လိုက်ရယ်လိုက်လျှင်လည်း သူမကို ပေါတောတောနိုင်သည်ဟု ထင်သွားလိမ့်မည်။
ထိုအချိန်တွင် ချင်းယန်ကျစ်က စူစူလေးဘက်သို့ အာရုံပြန်ရောက်သွားပြီဖြစ်သည်။ စူစူလေးက သူမအမေ ရင်ခွင်ထဲမှာ ဇိမ်ကျကျ မှီခိုနေပါသည်။ မျက်နှာလေးက အူတူတူလေးနဲ့ အလွန်ချစ်ဖို့ကောင်းနေသည်။
ထို့ကြောင့် အဘွားချင်းအား ချင်းယန်ကျစ် ပြောလိုက်သည်။ “အမေ ကျွန်တော့်ကို စူစူလေး ခဏပေးထားလေ။ အမေ ပင်ပန်းမှာပေါ့”
“ငါပင်ပန်းမှာစိုးရိမ်တာလား ငါ့အသဲလေးကို ချီချင်လို့လား”။ အဘွားချင်းက သူမသားအတွေးကို ဖောက်ထွင်းမြင်သည်။
“ဟဲဟဲဟဲ။ နှစ်ခုစလုံးပါပဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်လေ။ အမေတို့နှစ်ယောက်စလုံးက ကျွန်တော့်အတွက် အရေးအကြီးဆုံးလူတွေပဲ!”။ ချင်းယန်ကျစ်က သွားဖြီးပြီး ပြောလိုက်ပါသည်။
“စူစူလေး အစ်ကိုလတ်ဆီ သွားချင်လား”။ အဘွားချင်းက စူစူလေးကို ငုံ့မေးလိုက်သည်။
ထိုအချိန်တွင် စူစူလေးက သူမရဲ့ မျက်လုံးဝိုင်းဝိုင်းလေးများနဲ့ အစ်ကိုလတ်၊ ဒုတိယယောက်မတို့ကို အကဲခတ်နေသည်။ သူတို့နှစ်ယောက်က အချိန်မရွေး သူမကို ခုန်အုပ်ကာ အနမ်းမိုးတွေချွေတော့မည့်ပုံစံမျိုး ဖြစ်နေသည်။
“ရပါတယ် ရပါတယ် သမီးဖာသာ လမ်းလျှောက်နိုင်တယ်”။ စူစူလေးက ဘယ်သူချီတာမှ မခံတော့ဘဲ ကိုယ့်ဖာသာကိုယ် လမ်းဆင်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
သူမက အရှိန်အဝါကြီးသည့် ပိုင်ကျဲသားရဲဖြစ်သည်။ လူသားတွေကို အလွယ်တကူ နမ်းခွင့်ပေးလို့ ဖြစ်ပါ့မလား။
သူမ သိက္ခာကို ထိန်းသိမ်းရမည်။
စူစူလေးကို ချီခွင့်မရတော့သော်လည်း ချင်းယန်ကျစ် စိတ်မပျက်ပါ။
စူစူလေးကို သူပြောလိုက်သည်။ “ဟုတ်ပါပြီ။ ဒါဆို လက်ဆောင်လေးတွေ သွားဖွင့်ကြည့်။ အစ်ကိုလတ်က လက်ထောက်ကို အားတိုင်း ရှော့ပင်ထွက်ပြီး ဝယ်ခိုင်းထားတာ။ စူစူလေး ဘာကြိုက်တတ်သလဲမသိလို့ ကလေးအများစု ကြိုက်တတ်တဲ့ပစ္စည်းလေးတွေပဲ ဝယ်လာခဲ့တယ်။ ညီမလေး ကြိုက်တာပါမလားလို့ မြန်မြန်ဖွင့်ကြည့်လိုက်! တစ်ခုမှ မကြိုက်ရင် အစ်ကိုလတ် ထပ်သွားဝယ်ပေးမယ်!”
ချင်းယန်ကျစ်က သူ့ညီမလေး သူဝယ်လာသည့် လက်ဆောင်တွေကို သဘောကျပါစေဟု ဆုတောင်းနေမိပါသည်။
ဒါကိုကြားတော့ ရှောင်းပေပေကလည်း အကျောမခံဘဲ အမြန်ပြောလိုက်သည်။ “စူစူလေး။ ယောက်မကလည်း စူစူလေးအတွက် လက်ဆောင်လေးတွေ ပြင်ပေးထားတယ်။ ရာသီဥတုအေးလာရင် ဝတ်ဖို့ ဆွယ်တာလေး ထိုးပေးထားတယ်!”
“ပေပေ နင်က ဆွယ်တာထိုးထားတယ်ဟုတ်လား။ နင်ချည်မထိုးတာ နှစ်တော်တော်ကြာနေပြီ မဟုတ်ဘူးလား”။ အဘွားချင်းက အံ့အားသင့်စွာ မေးလိုက်ပါသည်။
… … …
အခန်း(၃၉၁) စိတ်အားထက်သန်ကြသော အစ်ကိုလတ်တို့လင်မယား (၂)
ရှောင်းပေပေက အဘွားဖြစ်သူထံမှ လက်မှုပညာသင်ယူခဲ့ခြင်းဖြစ်သည်။ သူမရဲ့ ဆွယ်တာထိုး စွမ်းရည်များက ပရော်ဖက်ရှင်နယ်အဆင့် ရှိပါသည်။
သို့သော်လည်း ရှောင်းပေပေက ဆွယ်တာထိုးရတာကို သဘောမကျပေ။
သူမရဲ့ စရိုက်က သွက်သွက်လက်လက်ရှိပြီး အရာရာကို မြန်မြန်ဆန်ဆန် လုပ်တတ်သူဖြစ်သည်။ ချည်ထိုးရတာက စိတ်ရှည်ရသည်။
ငယ်စဉ်တုန်းက သူမကို အဘွားဖြစ်သူက စိတ်ရှည်တတ်အောင် သင်ပေးခဲ့သည်။
သို့သော် သူမကို ဆုံးမမည့်သူ မရှိတော့သောအခါ ရှောင်းပေပေ ပိုလို့တောင် လွတ်လပ်သွားပါသေးသည်။
ယောက်ျားဖြစ်သူ ချင်းယန်ကျစ်တောင် ဟန်းနီးမွန်းထွက်တုန်းက ရှောင်းပေပေ ထိုးပေးထားသည့် ဆွယ်တာလေး တစ်ထည်သာ ရဖူးသည်။
ရှောင်းပေပေက အပြုံးဖြင့် ရှင်းပြလိုက်သည်။ “စူစူလေးက ချစ်ဖို့ကောင်းလွန်းလို့ သူ့မျက်နှာလေးကို မြင်ယောင်လိုက်ရုံနဲ့ သမီးစိတ်ထဲ ဒီဇိုင်းအိုင်ဒီယာတွေ အများကြီးပေါ်လာတာ! အဲ့ဒါကြောင့် စူစူလေး ဝတ်တာကို ကြည့်ချင်လို့ သမီး ထိုးခဲ့တာ”
ရှောင်းပေပေက သူမရဲ့ ယောက်မလေးဖြစ်သော စူစူလေးကို အလွန်ချစ်မြတ်နိုးသည်။
ဒီကလေးမလေးက အလွန်လိမ္မာပြီး ချစ်ဖို့ကောင်းသည်။ သူမ ရောက်လာကတည်းက အိမ်မှာပြဿနာတွေ တစ်ခုပြီးတစ်ခု ပြေလည်သွားခဲ့သည်။
လူကြောက်တတ်သည့် သူမရဲ့သားဖြစ်သူတောင် အခုတော့ သူ့စိတ်ကူးနဲ့သူ စားသောက်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေပါပြီ။
အဘွားချင်းက ရှောင်းပေပေ၏ စကားကိုကြားပြီး ကျေနပ်သွားပါသည်။
ထို့နောက် စူစူလေးကို ချီရင်း ခရီးဆောင်အိတ်ကြီးများထံ လျှောက်သွားလိုက်သည်။
“သမီးလေး။ သမီးလေးရဲ့ယောက်မ ထိုးပေးထားတဲ့ ဆွယ်တာလေးတွေ စမ်းဝတ်ကြည့်ကြမလား”
“ဟုတ်ကဲ့!”
စူစူလေးက ခရီးဆောင်အိတ်များကို ကြည့်ရှုလိုက်ပြီး SpongeBob ပုံလေးပါသည့် ခရီးဆောင်အိတ်လေးအား သဘောကျသွားပုံရသည်။
ဒါကိုမြင်တော့ ရှောင်းပေပေ ကျေနပ်သွားပြီး ချင်းယန်ကျစ်အား စိန်ခေါ်သည့်အကြည့် ကြည့်လိုက်ပါသည်။
တွေ့လား! စူစူလေး ဘာကြိုက်တတ်သလဲဆိုတာ သူမ သိပြီးသား!
ချင်းယန်ကျစ်လည်း စိတ်ထဲမှတွေးလိုက်သည်။ အဲ့တာ မင်းညစ်ပတ်လို့လေ! စူစူလေး ဘာကာတွန်းကား ကြိုက်တတ်လဲဆိုတာ ငါ့အမေကို ခိုးမေးထားလို့ မဟုတ်ဘူးလား!
စူစူလေးက SpongeBob ပုံပါ ခရီးဆောင်အိတ်လေးကို ဖွင့်လိုက်ပါသည်။
အထဲမှာ သူမအတွက် ရှောင်းပေပေထိုးပေးထားသော အမွေးပွ အဝတ်အထည်များစွာ ပါဝင်သည်။ ဆွယ်တာလေးများ၊ လက်အိတ်လေးများ၊ ဦးထုပ်လေးများ၊ မာဖလာလေးများ စသည်ဖြင့် စုံလင်လွန်းပါသည်။
အားလုံးက ကာတွန်းရုပ်ပုံလေးတွေဖြစ်သည်။
စူစူလေး မျက်လုံး အရောင်လက်သွား၏။
၁၀၃ နှစ်ခွဲအရွယ် သက်တမ်းရှိသော နတ်သားရဲတစ်ကောင်အနေဖြင့် သူမ ဒီလောက် စိတ်မပျော့သင့်ပါ။
သို့သော်လည်း စူစူလေး မတတ်နိုင်ပေ။ သူမ ယောက်မ ထိုးပေးထားသော ချစ်စရာ အဝတ်အထည်လေးများကို မြင်ပြီး မျက်လုံးများ အရောင်တောက်သွားခဲ့ပါသည်။
မျက်လုံးပေါ်မှာ ‘သဘောကျသည်’ဟူသည့် စာလုံးများကိုတောင် မြင်နေရပါသည်။
“ဒုတိယယောက်မ အရမ်းတော်တာပဲ!’။ စူစူလေးက ရှောင်းပေပေကို အားရဝမ်းသာ ချီးကျူးလိုက်သည်။
“ဟားဟားဟားဟား။ ယောက်မပေးတဲ့ လက်ဆောင် သဘောကျလား စူစူလေး”
“သဘောကျတယ် အရမ်းသဘောကျတယ်! ယောက်မ အရမ်းတော်တယ်!”။ စူစူလေး ထပ်ပြီး ချီးမွန်းလိုက်ပြန်သည်။
ဒီအဝတ်လှလှလေးတွေ ဝတ်လိုက်ရင် သူမ အရမ်းလှနေတော့မှာပဲ~
ပြောပြောဆိုဆိုနဲ့ စူစူလေး ရှောင်းပေပေဆီသွားကာ အာဘွားကြီးကြီး ပေးလိုက်သည်။
ရှောင်းပေပေ၏ ပါးအပေါ် နူးနူးညံ့ညံ့နှုတ်ခမ်းလေးတစ်စုံ ပထမဆုံးအကြိမ်အဖြင့် ကျရောက်လာပါသည်။
ရှောင်းပေပေ ခုန်ဆွခုန်ဆွ ဖြစ်သွားလေသည်။ “အောင်မယ်လေး! စူစူလေး ငါ့ကိုနမ်းတယ်တော့!”
အဘွားချင်းကလည်း ပြောလိုက်သည်။ “ငါ့သမီးလေးက သူများတွေကို နမ်းတာ ရှားတယ်နော်”
စူစူလေးက သူများတွေကို နမ်းတာထက် အနမ်းခံရတာက ပိုများပါသည်။
ချင်းယန်ကျစ်လည်း စူစူလေးနား ကပ်ကာ မနာလိုဖြစ်စွာ ပြောလိုက်၏။ “ညီမလေး။ အစ်ကိုလတ်ကိုလည်း နမ်းပါဦး”
စူစူလေး တွန့်ဆုတ်သွားသည်။ သူမ မနမ်းချင်ပါ။ သို့သော်လည်း အစ်ကိုလတ်က စူပုပ်နေသဖြင့် သနားစရာ ကောင်းလွန်းနေပါသည်။
အင်းလေ အစ်ကိုလတ်က သနားစရာကောင်းလွန်းတော့ ဆုနည်းနည်းပေးပြီး နှစ်သိမ့်ရမှာပေါ့…။
တစ်ပါးသူကောင်းဖို့ အနစ်နာခံလိုသောစိတ်ဖြင့် ချင်းယန်ကျစ်အား စူစူလေး နမ်းလိုက်ပါသည်။
“မွ~”
ညီမလေးရဲ့ အနမ်းကို ပါးပြင်ပေါ်မှာ ခံစားလိုက်ရပြီးနောက် ချင်းယန်ကျစ် ကျေနပ်အားရပြီး အကျယ်ကြီး အော်ရယ်လိုက်ပါသည်။
ဝမ်ချင်းတစ်ယောက် အပေါ်ထပ်မှ ဆင်းလာရင်း ရယ်မောပျော်ရွှင်နေကြသော ထိုမြင်ကွင်းကို မြင်သွားလေသည်။
… … …