အခန်း (၃၉၂-၃၉၃)
Vol. 16 Ch. 392-393
အခန်း(၃၉၂) လျစ်လျူရှုခံရသော ဝမ်ချင်း (၁)
ဝမ်ချင်း အပေါ်ထပ်မှာ ရှိနေစဉ် ဧည့်ခန်းထဲမှ သူမရဲ့ မတ်လေးနဲ့ ယောက်မဖြစ်သူတို့ရဲ့ ရယ်သံတွေကို ကြားမိပါသည်။
သူတို့ စူစူလေးကို စနောက်နေကြတာဖြစ်မှန်း ဝမ်ချင်းသိသည်။ သူမ ခိုးနားထောင်ဖို့ မရည်ရွယ်သော်လည်း သူတို့စကားဝိုင်းကို ကြားသောအခါ သူတို့ဆီမှ အပျော်တချို့ ကူးစက်လာသည်။
ထို့ကြောင့် သူမလည်း ဝင်ပါချင်သဖြင့် စိတ်မထိန်းနိုင်တော့ဘဲ အောက်ထပ်သို့ ဆင်းလာခဲ့ခြင်းဖြစ်သည်။
“အမေ၊ မတ်လေးနဲ့ ယောက်မတို့၊ စူစူလေး”။ ဝမ်ချင်းက တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်သည်။
“ယောက်မ ဘာလို့ဆင်းလာတာလဲ။ လာလာ ဒီမှာလာထိုင်”။ ရှောင်းပေပေက ဝမ်ချင်းကို အမြန်သွားတွဲပေးလိုက်သည်။
ဝမ်ချင်းက ကျန်းမာရေးသိပ်မကောင်းဘဲ ကိုယ်ဝန်လည်းရှိနေသဖြင့် ရှောင်းပေပေ အလွန်ဂရုစိုက်ပါသည်။
ဝမ်ချင်းကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်ပြီး သူမဘေးမှာ ဝင်ထိုင်လိုက်သည်။
ထို့နောက် ဝမ်ချင်းရဲ့ ဗိုက်ကို ငေးရင်း စိတ်ထဲမှ တစ်ခုခုကို မျှော်လင့်မိပါသည်။
ဝမ်ချင်း ဆိုဖာပေါ် ထိုင်ပြီးနောက် စူစူလေးထံ အကြည့်ရောက်သွားသည်။
စူစူလေးက ဝမ်ချင်းကို မကြည့်ပါ။ ထိုနေ့က ပြဿနာဖြစ်ပြီးကတည်းက ဝမ်ချင်းကို စူစူလေး အေးတိအေးစက်သာ ဆက်ဆံခဲ့ပါသည်။
တမင်သက်သက် မခေါ်တာမဟုတ်ဘဲ စိတ်ထဲ တကယ်မရှိသဖြင့် လျစ်လျူရှုထားတာမျိုး ဖြစ်သည်။
ယောက်ျားဖြစ်သူရဲ့ တွန်းအားပေးမှုကြောင့် စူစူလေးကို ဝမ်ချင်း တောင်းပန်ခဲ့ပြီး စူစူလေးကလည်း ဝမ်ချင်းပေးသည့် လက်ဆောင်တွေကို လက်ခံခဲ့သော်လည်း သူမအပေါ် စူစူလေးရဲ့ သဘောထားက သိပ်ပြီး မပြောင်းလဲသေးပါ။
စူစူလေးက သူမ သဘောမကျသည့် လူတွေကို လျစ်လျူရှုသည်။ သူမ လျစ်လျူရှုထားသည့်လူတွေကို မုန်းတီးလို့ မဟုတ်ပါ။ သူမ စကားပြောချင် ပြန်ပြောနိုင်သည်။ သို့သော် စိတ်ပိုင်းဆိုင်ရာအရ သိပ်အရေးမကြီးသလို ပယ်ကျဉ်ထားခြင်းဖြစ်သည်။
စူစူလေးက သူမကို လျစ်လျူရှုထားပြီး ဒီနေ့လည်း အရင်လို အေးတိအေးစက် ဖြစ်နေတာကို သတိထားမိကာ ဝမ်ချင်း ရင်ထဲ တင်းကြပ်သွားပါသည်။
အထူးသဖြင့် သူမရဲ့ မတ်လေးတို့လင်မယားကို စူစူလေး ဆက်ဆံပုံကို မြင်လိုက်ရပြီးနောက် ဝမ်ချင်း စိတ်တွေ ပိုပူလာခဲ့ပါသည်။
စူစူလေးရဲ့ သဘောထားကြောင့် ဆရာကြီးရှုယီ ဆေးဆက်ကုမပေးတော့မှာကို ကြောက်မိတာလား။ ဒါမှမဟုတ် သူမ အမှားကို သူမ နားလည်တာကြောင့် အပြစ်ရှိသလို ခံစားနေရတာလား ဝမ်ချင်းဝေခွဲမရပါ။
ရှောင်းပေပေက ဝမ်ချင်း၏ မျက်နှာထားကို မရိပ်စားမိဘဲ စိတ်ပူစွာ မေးလိုက်သည်။ “ယောက်မ ဘယ်လိုနေလဲ သက်သာလား”။
ရီဝေနေသော ဝမ်ချင်းလည်း ရှောင်းပေပေ၏ အသံကြောင့် အသိစိတ်ပြန်ကပ်လာပြီး ပြန်ဖြေလိုက်ပါသည်။
“သက်သာလာပါပြီ။ ဆရာကြီးရှုယီကတော့ တကယ့် နတ်ဆေးသမားတော်ကြီးလို့ ပြောရမယ်။ ဆေးရုံမှာ ဆေးသွားစစ်တာ ဗိုက်ထဲကအကျိတ် သိသိသာသာ ကျုံ့သွားပြီတဲ့လေ။ ကလေးကလည်း ကျန်းမာပါတယ်”
ဆရာကြီးရှုယီရဲ့ ဂုဏ်သတင်းတွေအကြောင်း ဝမ်ချင်း ကြားဖူးပါသည်။ သို့သော်လည်း ကိုယ်တိုင် ကြုံတွေ့ရမှ ဒီလို နတ်ဆေးသမားတော်မျိုး တကယ်ရှိနေတာကို ယုံနိုင်သည်။
“ကောင်းလိုက်တာ! ကောင်းကောင်းအနားယူနော် ယောက်မ။ ပြီးတော့ ကျွန်မကို တူမလေး မွေးပေးနိုင်အောင် ကြိုးစားဦး!”။ ရှောင်းပေပေက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်ပါသည်။
ထိုသို့ပြောပြီးနောက် တစ်ခုခုကို သတိရကာ စူစူလေးအား လှည့်ပြောလိုက်ပါသည်။ “ယောက်မက တူမလေးလိုချင်တယ်လို့ ပြောပေမယ့် စူစူလေးက ယောက်မရင်ထဲမှာ အမြဲ နံပါတ် ၁ ပဲနော်!”
“ရပါတယ်”။ စူစူလေးက စိတ်မရှိပါ။ “ဘာပဲဖြစ်ဖြစ် တူလေးမွေးမှာပဲဥစ္စာ”
“အောင်မယ်လေး။ ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ကံစီမံရာဆိုပေမယ့် ဘာမှမသိရသေးခင်တော့ မိန်းကလေးပဲ မျှော်လင့်ကြရအောင်။ ယောက်ျားလေးတွေ မြင်ရတာ စိတ်ကုန်နေပြီ”
ချင်းမိသားစုမှာ ယောက်ျားလေးတွေ အလွန်များပါသည်။ ရှောင်းပေပေ အလွန်စိတ်ကုန်မိသည်။
“အင်းပါ”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ သို့သော်လည်း သူမရဲ့ တူသေးသေးလေးက ယောက်ျားလေးဖြစ်မှာကိုတော့ ပြောင်းလဲလို့ မရပါ။
ဝမ်ချင်းက မထိန်းနိုင်ဘဲ စူစူလေးကို မေးလိုက်သည်။ “စူစူလေး ယောက်မဗိုက်ထဲက ကလေးကို ယောက်ျားလေး ဖြစ်စေချင်လား မိန်းကလေး ဖြစ်စေချင်လား”
… … …
အခန်း(၃၉၃) လျစ်လျူရှုခံရသော ဝမ်ချင်း (၂)
“ဘာဖြစ်ဖြစ်ရပါတယ်”။ စူစူလေးက ပြန်ဖြေလိုက်သည်။
သူမက အဖြေကို သိပြီးသားဖြစ်သဖြင့် ဘာမှမျှော်လင့်မထားပါ။
ဝမ်ချင်း၏ မေးခွန်းကို ဖြေသည့်အခါ စူစူလေးရဲ့ မျက်နှာက တည်တံ့နေပါသည်။ စာသင်ခန်းထဲမှာ ဆရာမ မေးသည့် မေးခွန်းကို ဖြေနေသလို ဖြစ်သည်။
ရှောင်းပေပေကို စကားပြောသည့် သူမ မျက်နှာလေးနဲ့ ဝမ်ချင်းကို စကားပြောသည့် သူမ မျက်နှာလေးတို့ ကွာခြားမှန်း သိသာပါသည်။
ဝမ်ချင်းက အနေခက်စွာ ထပ်မေးလိုက်သည်။ “စူစူလေးက တူမလေး မလိုချင်ဘူးလား”
“လိုချင်လည်း ဘာမှမထူးဘူးလေ။ ပြောင်းလဲလို့မှ မရတာ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
ဝမ်ချင်းမျက်နှာ ပိုမို တောင့်တင်းသွားသည်။
အဘွားချင်းက အနေခက်စရာ အခြေအနေကို ရိပ်စားမိပြီး စကားလမ်းကြောင်း လွှဲလိုက်ပါသည်။ “ယန်ကျစ်နဲ့ ပေပေတို့ ဒီတစ်ခေါက် ဘယ်လောက်ကြာကြာနေမှာလဲ”
“၅ ရက်လောက်နေမှာ။ အားလုံး စီစဉ်ထားပြီးပြီအမေ”။ ရှောင်းပေပေက ပြန်ပြောလိုက်သည်။
ထို ၅ ရက် နားခွင့်ရဖို့တောင် သူမတို့ အလုပ်မအားသည့်ကြားမှ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။
ဟွာချန့်မြို့မှာ ဒီ့ထက်ကြာကြာ ဆက်နေလိုက်လျှင် ပေကျင်းမြို့မှ ကုမ္ပဏီရှယ်ယာဝင်တွေ အိမ်အထိ လိုက်လာလိမ့်မည်။
“ဪ ကောင်းပါတယ်။ မိသားစုတွေ အချိန်ကြာကြာနေလို့ရတာပေါ့။ နင့် ညီလည်း ပြန်လာနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ”။ အဘွားချင်းက သက်ပြင်းချကာ ပြောလိုက်သည်။
“အမေ စိတ်မပူပါနဲ့။ အငယ်ကောင်တို့ မိသားစု မကြာခင် ပြန်လာမှာပါ။ အဲ့ကျရင် ကျွန်တော်တို့လည်း ထပ်လာခဲ့ဦးမှာ။ မိသာားစုတွေ စုံစုံလင်လင် ညစာစားကြတာပေါ့”။ ချင်းယန်ကျစ်က ကတိပေးလိုက်ပါသည်။
“အေးပါ”။ အဘွားချင်း ခေါင်းငြိမ့်လိုက်သည်။ “ဒါနဲ့ ယုချဲတို့ ဆိုင်ဖွင့်ပွဲရက်ကျရင် ငါရယ်၊ အဘိုးကြီးရယ်၊ စူစူလေးရယ် နင်တို့နဲ့ လိုက်ခဲ့မယ်နော်”။
“တူချောလေးကို အားပေးမယ်!”။ စူစူလေးကလည်း လက်မြှောက်ကာ ထောက်ခံလိုက်သည်။
“ဟုတ်ပြီ ကောင်းတာပေါ့။ အဖေရယ် အမေရယ် စူစူလေးရယ် အကုန်လိုက်နိုင်ရင် ယုချဲ အရမ်းဝမ်သာမှာ!”။ ချင်းယန်ကျစ် အလွန်ကျေနပ်သွားသည်။
“တူချောလေးအတွက် လက်ဆောင်အကြီးကြီး အကြီးကြီး အကြီးကြီး ပြင်ထားမှာ!”။ စူစူလေးက ထပ်ပြောလိုက်သည်။
ထိုစကားကြားသောအခါ ချင်းယန်ကျစ်က စိတ်ဝင်တစား စပ်စုလိုက်သည်။ “အဖိုးတန်လေးက တူချောလေးအတွက် ဘာလက်ဆောင်တွေများ ပြင်ထားလို့တုန်း”
“မပြောပြဘူး!”။ ဒါလျှို့ဝျက်ချက်!
“ဟားဟားဟား။ ငါ့ညီမလေးက Surprise တိုက်မလို့လား”။ ချင်းယန်ကျစ်က ရယ်မောလိုက်ပါသည်။
“ဒါပေါ့~”
စူစူလေးက ခေါင်းမော့လျက် ဝံ့ကြွားစွာ ပြောလိုက်သည်။
ဒါကိုမြင်တော့ အဘွားချင်းကော၊ ချင်းယန်ကျစ်တို့ လင်မယားကော ရယ်မောသွားကြသည်။
သူတို့ အဖိုးတန်လေး ပြင်ဆင်ထားတဲ့ လက်ဆောင်ဆိုတာ အရုပ်ကားလေးတွေ ဘာလေးတွေဖြစ်မှာပါ။
သို့သော်လည်း ဘာပဲဖြစ်ဖြစ် စူစူလေးပေးတာဖြစ်သရွေ့ ဘယ်သူမဆို အားရဝမ်းသာ လက်ခံကြမှာပဲဖြစ်သည်။
ဘေးမှ ဝမ်ချင်းတစ်ယောက် စကားဝိုင်းမှ ဖယ်ကျဉ်ခံထားရသလို ခံစားရကာ အနေခက်ပြီး တောင့်တင်းသော အပြုံးဖြင့်သာ လိုက်ပြုံးနေရပါသည်။
အဘွားချင်းက ပြောလိုက်သည်။ “အဲ့တာဆို ငါလည်း ရှုံးလို့မဖြစ်ဘူး။ ဒေါ်လေးဖြစ်တဲ့ ငါတို့အဖိုးတန်လေးက သူ့တူအတွက် လက်ဆောင်တွေ ပြင်နေတယ်ဆိုတော့ အဘွားဖြစ်တဲ့ ငါလည်း ဒီတိုင်းနေလို့ဖြစ်မလား။ ငါ့မြေးအတွက် ဘာလက်ဆောင်ပေးရမလဲ သေချာစဉ်းစားရမယ်”
“အမေကတော့ သမီးတို့ကို ဒုက္ခရောက်အောင်လုပ်နေပြီ။ အမေနဲ့ စူစူလေးတို့ နှစ်ယောက်စလုံး လက်ဆောင်ပေးရင် မိဘတွေဖြစ်တဲ့ သမီးတို့က ဘယ်လိုလုပ်ရမလဲ”။ ရှောင်းပေပေက ရယ်မောလျက် ပြောလိုက်သည်။
“အဲ့တာဆို နင်တို့ဖာသာ အရှက်ကွဲကြပေါ့။ ငါနဲ့ ငါ့အသဲလေးကတော့ လုပ်စရာရှိတာ လုပ်ရမှာပဲ”။ အဘွားချင်းက မညှာမတာ ပြောလိုက်ပြီး စူစူလေးကိုပါ စစ်ကူတောင်းလိုက်သည်။ “သမီးလေး မေမေပြောတာ ဟုတ်လား”
“ဟုတ်တယ်!”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
ဝမ်ချင်းတစ်ယောက် သူတို့ စကားဝိုင်းထဲ မဝင်နိုင်ဘဲ ချန်ထားခံရသလို ခံစားရကာ စိတ်အခြေအနေ တဖြည်းဖြည်း ကျဆင်းသွားခဲ့လေသည်။
--- --- ---
ရုံးပိတ်ရက်ရောက်သောအခါ ချင်းယုချဲ၏ စားသောက်ဆိုင်ဖွင့်ပွဲ ကျင်းပခဲ့ပါသည်။ လူအတော်များများလည်း တက်ရောက်လာခဲ့ကြသည်။
ချင်းမိသားစုဝင်တွေအပြင် ချင်းယုချဲနဲ့ နယ်ပယ်တူ မိတ်ဆွေတွေလည်း ရောက်လာကြသည်။
ထို့အပြင် မီဒီယာ မိတ်ဆွေများ၊ အစားအသောက် ဝေဖန်ရေးသမားများ၊ ဘလော့ဂါများ စသည်တို့လည်း တက်ရောက်ခဲ့ကြပါသည်။
စားသောက်ဆိုင်ဖွင့်ပွဲကြီး စည်ကားနေစဉ် တစ်စုံတစ်ခုကြောင့် လူအုပ်ကြားထဲ ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။
… … …