← Chapters

အခန်း (၃၉၄-၃၉၅)

Vol. 16 Ch. 394-395

အခန်း (၃၉၄-၃၉၅)

Vol. 16 Ch. 394-395

အခန်း(၃၉၄) တူချောလေးအတွက် လက်ဆောင်

စားသောက်ဆိုင်တံခါးဝမှ ချင်းယုကျီးနဲ့ ချင်းယုချဲတို့နှစ်ယောက် မျက်လုံးပြူးနေကြသည်။

ခပ်လှမ်းလှမ်းတွင် အရုပ်ကားလေးတစ်စီးက စားသောက်ဆိုင်ရှိရာထံသို့ တလိမ့်လိမ့်ရွေ့လာပါသည်။

ထိုကားလေးက စူစူလေးရဲ့ ကားဖြစ်မှန်း ချင်းယုကျီးနဲ့ ချင်းယုချဲတို့ သိကြပါသည်။

ဒီလိုကားမျိုးက ကလေးလေးတွေစီးဖို့ ကားအစစ်နဲ့တူအောင် ဖန်တီးထားသော ကားအသေးစားလေးဖြစ်သည်။

ထို့အပြင် ကားက အတော်လေး အားကောင်းပြီး ပစ္စည်းတွေဘာတွေတောင် တင်သယ်လာလို့ ရပါသည်။

အိမ်နားက ကောင်လေးတစ်ယောက် ထိုကားအသေးစားလေး မောင်းနေတာကို မြင်ပြီး စူစူလေး သဘောကျကာ လိုချင်သည်ဟု ပြောခဲ့သည်။

ချင်းရှင်းကျစ်က လုံးဝ မတွန့်ဆုတ်ဘဲ စူစူလေးအတွက် ကား ၃ စီးလောက် ဝယ်ပေးလိုက်ပါသည်။

ထို ၃ စီးထဲမှာ ဒီ ၁ စီးက ပစ္စည်းသယ်လို့ အကောင်းဆုံးကားဖြစ်သည်။

အရွယ်အစားလည်း ပိုကြီးပြီး ပစ္စည်းသယ်နိုင်စွမ်းလည်းရှိသဖြင့် ကား ၃ စီးထဲမှာ ဒီကားကို စူစူလေး သဘောအကျဆုံး ဖြစ်ပါသည်။

ဒီလူသွားလမ်းလေးမှာ သာမန် ကားတွေ မောင်းနှင်ခွင့်မရှိသော်လည်း အရုပ်ကားတွေတော့ မပါဝင်ပေ။

ယခု စူစူလေးက ထိုလမ်းတစ်လျှောက် သူမ ကားလေးကို မောင်းလာပါသည်။ နေကာမျက်မှန်လေးတောင် တပ်ထားပြီး စတီယာရင်ကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်လျက် အလွန်ကြည့်ကောင်းကာ မိုက်နေပါသည်။

သို့သော်လည်း လူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားရတာက စူစူလေး ကားမောင်းလာတာကို မြင်ရတာကြောင့် မဟုတ်ဘဲ သူမ သယ်လာသည့် ပစ္စည်းကို မြင်သွားတာကြောင့် ဖြစ်သည်။

ဧရာမ ငါးကြီး…။

ကားထဲမှာတောင် မဆံ့သဖြင့် ကားနောက်မှ လှည်းလေးတစ်လုံးဖြင့် ချိတ်ကာ ထိုလှည်းလေးပေါ် ငါးကြီးကိုတင်လာခဲ့ပါသည်။

သူစိမ်းတွေကို မဆိုဦးနဲ့၊ ချင်းယုကျီးနဲ့ ချင်းယုချဲတို့တောင် ကြက်သေသေသွားကြသည်။

စူစူလေး ဒီလောက်ကြီးတဲ့ ငါးကြီး ဘယ်ကရှာလာတာလဲ။

အရမ်းကြီးလွန်းမနေဘူးလား။

အရွယ်ရောက်ပြီးသား လူတစ်ယောက်ထက်တောင် ပိုကြီးနေသေးတယ်! အနည်းဆုံး ၃ မီတာလောက် ရှိမယ်!

ဒီလောက်ကြီးမားသည့် ငါးမျိုး အပြင်မှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ဒီ့ထက် ကြီးသည့် ငါးမျိုးကိုတော့ Animal Plane ရုပ်သံချန်နယ်မှာပဲ မြင်ရလိမ့်မည်။

စူစူလေးက ချင်းယုချဲရဲ့ စားသောက်ဆိုင်သစ်လေးရှေ့မှာ ကားကို ရပ်လိုက်သည်။

ကားကို ခပ်လန်းလန်း ပါကင်ထိုးလိုက်ပြီး တံခါးလေးဖွင့်ကာ ဆင်းလာခဲ့သည်။

ချင်းယုချဲဆီ လျှောက်လာပြီး နေကာမျက်မှန်လေးကို ပင့်တင်လျက် စူစူလေး ပြောလိုက်သည်။

“တူချောလေး ဒေါ်လေး ရောက်လာပြီ~”

စူစူလေးက သူမရောက်လာကြောင်းကို ချစ်ဖို့ကောင်းပြီး အရှိန်အဝါကြီးသော အသံလေးဖြင့် ကြေညာလိုက်သည်။

ချင်းယုကျီးက စူစူလေးကို ချက်ချင်း ကောက်ချီကာ မေးလိုက်သည်။ “စူစူလေး အဲ့လောက်ကြီးတဲ့ ငါးကြီး ဘယ်က ရလာတာလဲ။ နည်းတာကြီး မဟုတ်ဘူး!”

“ဖမ်းလာတာလေ!” စူစူလေး ပြန်ဖြေလိုက်ပါသည်။

“ဖမ်းလာတာ ဟုတ်လား။ ဘယ်က ဖမ်းလာတာတုန်း”။ ချင်းယုကျီး မယုံကြည်နိုင်စွာ မေးလိုက်သည်။

ထိုစဉ် အဘိုးချင်းက ဝင်ဖြေပေးလိုက်ပါသည်။ “မနေ့က ငါတို့ ငါးမျှားထွက်ကြတယ်”

စူစူလေးက တူချောလေးကို လက်ဆောင်ပေးဖို့ နေ့တိုင်း တဖွဖွ ပြောနေခဲ့တာဖြစ်သည်။

တူချောလေး ချက်ပြုတ်ဖို့အတွက် ငါးအကြီးကြီးတစ်ကောင် ဖမ်းပေးချင်သည်။

စူစူလေး စိတ်အားထက်သန်နေတာကိုမြင်ပြီး အဘိုးချင်းနဲ့ အဘွားချင်းတို့က သူမကို ဟွာချန့်မြို့ရှိ အကြီးမားဆုံး ရေကန်ကြီးထံ လိုက်ပို့ပေးခဲ့သည်။

ထို့အပြင် ငါးဖမ်းလှေတစ်စီးကိုလည်း ငှားခဲ့ပြီး ရေကန်ဗဟိုတည့်တည့်သို့ သွားကာ ငါးမျှားခဲ့ပါသည်။

အစကတော့ ၁၀ ပေါင်လောက်ရှိသည့် ငါးကို ဖမ်းမိလျှင် လုံလောက်ပြီဟု အားလုံး သဘောတူထားခဲ့ကြသည်။

သို့သော်လည်း စူစူလေးကတော့ လှေတောင် မှောက်လုနီးပါး ဖြစ်အောင် လုပ်ခဲ့သည့် ဧရာမငါးကြီးအား ဖမ်းမိသွားသည်။

ကံကောင်းစွာဖြင့် သူတို့ ငှားထားသည့် လှေက ကြီးမားပြီး ခိုင်မာပါသည်။ သာမန် လှေမျိုးသာဆို ကျိန်းသေပေါက် မှောက်သွားလောက်သည်။

ထိုငါးကြီးကို မြင်သောအခါ လှေမောင်းကော တံငါသည်တွေကော မှင်သက်ကုန်ကြသည်။

သူတို့တွေ ဒီကန်နားမှာ ကျင်လည်နေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ဒီလောက်ကြီးသည့် ငါးမျိုး ဖမ်းမိတာကို တစ်ခါမှ မတွေ့ဖူးပါ။

အလွန်ဆုံး မိုးသည်းသည့်နေ့တွေဆို ရေထဲမှ ငါးအကြီးကြီးတွေ ခုန်ထွက်နေတာကို မြင်ဖူးကြသည်။ သို့သော် ဖမ်းမိတာမျိုးတော့ မကြားဖူးကြချေ။

“အဲ့တာဆို နင်ဒီတိုင်း ငါးသွားမျှားပြီး ဖမ်းမိလာတာပေါ့”။ ချင်းယုကျီးက မေးလိုက်သည်။

အဲ့လောက် လွယ်တာလား။

ဝါရင့်တံငါသည်တွေသာ ကြားသွားရင် ထိုင်ငိုသွားလောက်တယ်မလား။

“ဟုတ်တယ်။ ငါတို့ သမီးလေးက အရမ်းချစ်ဖို့ကောင်းလို့ သူ့ကို မြင်တော့ ငါးကြီးလည်း မနေနိုင်ဘဲ ချိတ်ကို လာဟပ်တာနေမှာ!’။ အဘိုးချင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

… … …

အခန်း(၃၉၅) မဟာဖွင့်ပွဲကြီး

ချင်းယုကျီး နှုတ်ခမ်းတွန့်သွားသည်။ “ချစ်ဖို့ကောင်းလို့တဲ့လား။ အဘိုးရဲ့ အကြောင်းပြချက်ကြီးက နည်းနည်း တစ်ဖတ်သက် မဆန်လွန်းဘူးလား”

“ဒါပေါ့!”။ စူစူလေးက နေကာမျက်မှန်လေးနဲ့ ခပ်မိုက်မိုက် ခေါင်းမော့ကာ ပြောလိုက်သည်။

ချင်းယုကျီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ အချိန်အတော်ကြာမှ သူ ရေရွတ်လိုက်သည်။ “စူစူလေးရဲ့ အရုပ်ကား ကုမ္ပဏီက သူ့ကို ကြော်ငြာခတောင် ပေးသင့်တယ်…”

စူစူလေးက ယုံကြည်ချက်အပြည့်ဖြင့် ချင်းယုချဲအားမေးလိုက်သည်။ “တူချောလေး။ ဒီငါးအကြီးကြီးကို ချက်လို့ရလား”

ချင်းယုချဲက သိမ်မွေ့စွာ ပြုံးရင်း မေးလိုက်သည်။ “စူစူလေးက ဘယ်လိုစားချင်လို့လဲ”

“အာ့က…”။ စူစူလေး လေးလေးနက်နက် တွေးလိုက်သည်။ “မသိတော့ဘူး အရသာရှိအောင်ပဲ ချက်ပေး!”

“ဒါဆို ငါးဟင်းတွေ အစုံချက်ပေးမယ်။ စူစူလေး ဘယ်ဟာကို ကြိုက်လဲ ရွေးလိုက်”။ ချင်းယုချဲ ဆုံးဖြတ်လိုက်ပါသည်။

“အွန်းအွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။

“မြောင်~ မြောင်~” အဘွားချင်း လက်ထဲမှ ဟူကျစ်လည်း ခေါင်းထောင်လာပြီး မျှော်လင့်တကြီး အော်လိုက်ပါသည်။

ထိုစဉ် စူစူလေးကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားသော လူအုပ်ကြီးက ဆိုင်ဝင်ပေါက်မှာ စုပြုံလာကြသည်။

“ဒီနေ့ အဲ့ဒီငါးကို ရောင်းမှာလား ဘော့စ်”

“ဘော့စ် ဒီငါးကြီးကို ဘယ်လိုချက်ပြုတ်ဖို့ စီစဉ်ထားလဲ”

“အထဲမှာ ထိုင်ခုံနေရာရှိသေးလား”

“…”

လူတွေအများကြီး ချင်းယုချဲကို ဝန်းရံကာ မေးခွန်းတွေ ဝိုင်းမေးကြသည်။ ထို့ကြောင့် ချင်းယုချဲ မျက်နှာ ဖြူဖပ်သွားပါသည်။

သူ ဘာလုပ်ရမလလဲ မသိဖြစ်နေချိန် စူစူလေးက ဝင်ပြောလိုက်၏။ “အားလုံး ဝေစုရမယ်! အားလုံး ဝေစုရမယ်! ဒီနေ့ ဒီငါးဟင်းကို ရောင်းမှာ ဒါပေမယ့် ဈေးကြီးတယ်နော်! ပိုက်ဆံတွေ အများကြီး ပေးရမှာ!”

စူစူလေးက ချင်းယုချဲကို ကူညီပြီး ဈေးရောင်းပေးလိုက်ပါသည်။

စူစူလေးအတွက် ဈေးကြီးတယ်ဆိုတာ ရေရေရာရာ နားမလည်သော အကြောင်းအရာဖြစ်သည်။ သူမ တူချောလေးရဲ့ စားသောက်ဆိုင်က ‘အဆင့်မြင့်’စားသောက်ဆိုင် ဖြစ်သည်ဆိုတာကို သိထားသည်။ အဆင့်မြင့်တယ်ဆိုတာ ဘာလဲဟု တူလေးယုကျီးကို မေးကြည့်သောအခါ အဆင့်မြင့်တယ်ဆိုတာ ဈေးကြီးတာကိုဆိုလိုသည်ဟု ရှင်းပြခဲ့သည်။

စူစူလေး၏ စကားကြောင့် အားလုံး ရယ်မောသွားကြသည်။

“ဈေးကြီးလိုက်တာ! ဒါဆို မမတို့ ဒီစားသောက်ဆိုင်မှာစားရင် ညီမလေးက ဘေးကနေ လိုက်ဖက်ပေးမှာလား”

အမျိုးသမီးတစ်ယောက်က စူစူလေးကို ကျီစယ်လိုက်သည်။

“မဖက်ပါဘူး။ သမီးက ပိုဈေးကြီးတယ်!”

သူမက အရှိန်အဝါကြီးမားပြီး ရဲရင့်သည့် ပိုင်ကျဲနတ်သားရဲဖြစ်သည်။ သာမန်လူသားတွေကို အလွယ်တကူ ထိတွေ့ခွင့် ပေးလို့ ဖြစ်ပါ့မလား။

မဖြစ်ပါဘူး။

“ဟားဟားဟားဟား”

လူအုပ်ကြီးထဲ ရယ်သံတွေ စီစီညံသွားပါသည်။

“ဒါဆို ညီမလေးကို ဖက်ရဖို့ ဘယ်လောက်ပေးရမှာလဲ”

လူတစ်ယောက်က ထပ်မေးလိုက်သည်။

“ဘယ်လောက်နဲ့မှ မရဘူး! သမီးက အရမ်းတန်ဖိုးကြီးတဲ့ ကောင်မလေး!” စူစူလေးက ပြန်ဖြေလိုက်သည်။

“ဘယ်လောက် ဈေးကြီးတာလဲ”

“အာ့က…” စူစူလေး လက်ချောင်းလေးများထောင်ကာ ရေတွက်လိုက်သည်။ “ယွမ် ၁၀၀ ဖိုးလောက် ဈေးကြီးတာ!”

စူစူလေးက ငွေတန်ဖိုးတွေအကြောင်း နားမလည်သဖြင့် ယွမ် ၁၀၀ လောက်ကို ဈေးကြီးသည်ဟု ထင်နေပါသည်။

“ဟားဟားဟားဟား”

ရယ်သံတွေ ထပ်မံ ထွက်ပေါ်လာပြန်သည်။

အားလုံး ရယ်မောပျော်ရွှင်ပြီးနောက် စားသောက်ဆိုင်ထဲ ဝင်ရောက်ခဲ့ကြသည်။

ချင်းယုချဲ နောက်လှည့်ကြည့်လိုက်ရာ ဆိုင်ထဲမှာ လူတွေ ပြည့်နေပြီဖြစ်မှန်း မြင်လိုက်ရပါသည်။

အစကတော့ ဈေးတန်းမြင့်မြင့် စားသောက်ဆိုင်တစ်ခုဖွင့်ကာ တစ်ရက်ကို စားပွဲ ၅ ခု ၈ ခု လောက်သာ လက်ခံဖို့ ချင်းယုချဲ ကြံရွယ်ထားခဲ့တာဖြစ်သည်။

သို့သော်လည်း စူစူလေးရဲ့ ‘အားထုတ်ကြိုးပမ်းမှု’ကြောင့် ဖွင့်ပွဲနေ့မှာတောင် စားသောက်ဆိုင်ထဲ လူတွေ ပြည့်ကြပ်နေပါပြီ။

တန်းစီဖို့အတွက် သူ့ကို တိုကင်နံပါတ်လာတောင်းသည့်လူတွေတောင် ရှိသည်ံ

ချင်းယုချဲက ဒီလိုအခြေအနေမျိုးအတွက် ပြင်ဆင်မထားခဲ့ပါ။ ထို့ကြောင့် အသစ်ငှားထားသည့် စားပွဲထိုးလေးများကိုသာ တာဝန်ပေးခဲ့ရသည်။

ချင်းယုကျီး ပါးစပ်အဟောင်းသားဖြင့် ဘေးက ကြည့်နေမိ၏။ အစ်ကိုယုချဲရဲ့ စားသောက်ဆိုင်က ဒီလောက်တောင် နာမည်ကြီးသွားတာလား။

တချို့ ပရော်ဖက်ရှင်နယ် Planner တွေ ကြိုးစားပမ်းစား စီစဉ်ရင်တောင် ဒီလောက်ထိ အာနိသင်ရှိမှာမဟုတ်ပါ။

သို့သော်လည်း သူတို့ရဲ့ ဒေါ်လေးကတော့ ငါးကြီးတစ်ကောင်ဖမ်းပြီး ရောက်လာရုံနဲ့ စားသောက်ဆိုင်ကို နာမည်တက်သွားစေခဲ့သည်။

ဘယ်လောက် မိုက်လိုက်သလဲ!

ထိုစဉ် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ရှိ စားသောက်ဆိုင်တွင် ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့ ပြူတင်းပေါက်နားက စားပွဲတစ်လုံးမှာ ထိုင်နေကြသည်။

နှစ်ယောက်စလုံး အသစ်ဖွင့်ထားသော စားသောက်ဆိုင်ဝင်ပေါက်ကို စူးစူးရှရှ စိုက်ကြည့်နေကြလေသည်။

… … …

All Chapters