အခန်း (၃၉၈-၄၀၀)
Vol. 16 Ch. 398-400
အခန်း(၃၉၈) စူစူလေးရဲ့ သူငယ်ချင်း (၁)
စားသောက်ဆိုင်မှာ လာစားဖို့ ကြံရွယ်ထားသည့်လူတွေပါ ရန်ပွဲကို ရပ်ကြည့်ကုန်ကြသည်။
ထိုစဉ် ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့လည်း အေးအေးလူလူ ရောက်လာကြပါသည်။
ချင်းမိသားစု အကျပ်ရိုက်နေတာကို မြင်ပြီး နှစ်ယောက်စလုံး ပြုံးရွှင်လျက် ရှိသည်။
ရှုထျန်းဖေးက ရန်စလိုက်၏။ “သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ ဘာတွေဖြစ်နေကြတာလဲ။ မိသားစု ပြဿနာကို သေချာ မဖြေရှင်းဘဲ ကိုယ့်မြေးရဲ့ စားသောက်ဆိုင်ဖွင့်ပွဲအထိပါ သယ်လာကြတာလား”
ကျန်းကျန့်မင်ကလည်း သံယောင်လိုက်ကာ ပြောလိုက်သည်။ “စားသောက်ဆိုင်အသစ်တောင် ဖွင့်တာဆိုတော့ ပိုက်ဆံတွေ အရမ်းပေါနေမှာပေါ့။ ဒါပေမယ့် ကိုယ့်ညီအရင်းကိုတောင် လှည့်မကြည့်နိုင်ဘူးလား”
ထို့နောက် သူတို့စကားနဲ့သူ ရယ်မောလိုက်ကြလေသည်။
ထိုနှစ်ယောက်ရဲ့ လှောင်ပြောင်သရော်မှုတွေကိုကြားပြီး မျက်ခွက်တွေကို ချင်းယုကျီး လက်သီးဖြင့် ဆွဲထိုးချင်သွားသည်။
“ဒါခင်ဗျားတို့ လက်ချက်လား”။ ချင်းယုကျီး မေးလိုက်၏။
ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်လို လုပ်ငန်းရှင်ကြီးနှစ်ယောက်က နေ့ခင်းကြောင်တောင် ဒီလိုနေရာကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာလိမ့်မည်ဟု ချင်းယုကျီး မယုံကြည်ပါ။
ကျန်းကျန့်မင်က ရယ်မောရင်း ပြောလိုက်၏။ “ကောင်လေး ပေါက်ကရတွေ မစွပ်စွဲနဲ့။ ချင်းကျင်းဖန်က မင်းအဘိုးရဲ့ညီလေ။ မင်းတို့ မိသားစုအချင်းချင်း ကွိုင်တက်တာ ငါတို့ အပြင်လူတွေကို ဘာလို့ ဆွဲထည့်နေတာလဲ။ ဒီတစ်ခါ ကိုယ့်မိသားစုပြဿနာကို သေချာ ဖြေရှင်းကြနော်”
ရှုထျန်းဖေးကလည်း ဝင်ပြောလိုက်သည်။ “ဘော့စ်ကျန်း ပြောတာ မှန်ပါတယ်။ သခင်ကြီးချင်းက ကိုယ့်မိသားစုကိုယ် ဒီ့ထက် စေတနာ ထားသင့်တယ်”
ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက် အဓိပ္ပာယ်ပါစွာ ကြည့်လိုက်ကြသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ မျက်နှာ ပိုအကျည်းတန်သွားကြပါသည်။
အထူးသဖြင့် အဘိုးချင်းက ချင်းကျင်းဖန်ကို အငြှိုးကြီးစွာ ကြည့်လိုက်သည်။
ဒီသောက်ရူးကောင်! ရှုထျန်းဖေးလို လူမျိုးနဲ့ ပူးပေါင်းပြီး သူတို့ကို ဒုက္ခလာပေးတယ်ပေါ့!
ရှုထျန်းဖေးဆိုတာ ဘယ်လိုလူလဲ ဒီကောင် မသိဘူးလား!
သူ့ဘဝတစ်လျှောက်လုံး ပြဿနာများစွာနဲ့ ရင်ဆိုင်ရဖူးသည်။ သူစိမ်းတွေ သူ့ကို ဘယ်လောက်ပဲ အကွက်ချ ကြံစည်ပါစေ၊ အဘိုးချင်း စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပါ။ သို့သော်လည်း ချင်းကျင်းဖန်က သူ့ညီအရင်းဖြစ်သည်။ ထို့ကြောင့် စိတ်မထိခိုက်ဘဲ မနေနိုင်ပေ။
ချင်းကျင်းဖန်ကတော့ ဒါတွေ ဘာမှဂရုစိုက်ပုံမပေါ်ပါ။
“ကျုပ်တို့ ဒုက္ခရောက်တာကို သိပ်ဝမ်းသာမနေပါနဲ့။ ကျုပ်တို့ကို လာလှောင်မယ့်အစား ကိုယ့်သားသမီးကိုယ် ပြန်ဂရုစိုက်လိုက်ကြဦး”။ ချင်းယုကျီးက ခက်ထန်စွာ ပြန်ချေပလိုက်သည်။
ဘေးနားမှာ လူတွေသာရှိမနေပါက ဒီအမျိုးယုတ်နှစ်ယောက် မျက်နှာတွေ စုတ်ပြတ်သပ်သွားလောက်ပြီ။ ဒီနေ့ည ယုဝမ်ရှုကို ဆက်သွယ်ပြီး ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့အား သင်ခန်းစာပေးဖို့ စီစဉ်ရမည်။
ရှုထျန်းဖေးက ရန်စလိုက်သည်။ “သခင်လေးချင်းက တော်တော် ဒေါသထွက်နေတဲ့ပုံပဲ။ ဘာလို့လဲ။ တစ်ယောက်ယောက်ကို ထိုးကြိတ်ချင်နေပြီလား”
သူ့ကို တကယ် လာမထိုးရဲမှန်းသိသဖြင့် ရှုထျန်းဖေးက ရန်စဝံ့ပါသည်။
“ရှုထျန်းဖေး။ နင်တို့ရဲ့ လုပ်ရပ်တွေကို ကောင်းကင်ဘုံက စောင့်ကြည့်နေတယ်နော်။ မဟုတ်တာ ဆက်လုပ်နေရင် နင်တို့ ပျက်စီးရလိမ့်မယ်!”။ အဘွားချင်းက တည်ငြိမ်သော်လည်း ဒေါသအရိပ်အယောင်ပါသည့် လေသံဖြင့် ပြောလိုက်သည်။
“ဪ ဟုတ်လား။ ကောင်းကင်ဘုံက စောင့်ကြည့်နေတယ်ပေါ့။ ကောင်းကင်ဘုံဆိုတာ ဘယ်လိုပုံစံမျိုးလဲ သိချင်လိုက်တာ။ ဘယ်လိုစောင့်ကြည့်နေသလဲဆိုတာလည်း သိချင်လိုက်တာ”။ ရှုထျန်းဖေးက ဒါတွေကို မယုံကြည်ပါ။
ကောင်းကင်ဘုံမှာ မျက်လုံးပါလျှင် သူအခုလိုအခြေအနေထိ ရောက်မှာ မဟုတ်ပါ။
“ကောင်းကင်ဘုံက ဘယ်လိုပုံစံရှိလဲဆိုတာတော့ ငါမသိဘူး ရှုထျန်းဖေး။ ဒါပေမယ့် မကောင်းတာလုပ်ရင် မကောင်းတာ ခံစားရမယ်ဆိုတာတော့ သိတယ်။ နင့်သားတွေကိုပဲ ကြည့်စမ်းပါဦး။ နင်က ဦးဆောင်လမ်းပြမှုကောင်းတော့ နှစ်ယောက်စလုံး ထောင်ကျသွားပြီ။ အဲ့တာ နင်တို့ထိုက်နဲ့ နင်တို့ကံဖြစ်တာပဲ မဟုတ်လား”။ အဘွားချင်းက ပြန်ပြောလိုက်ပါသည်။
“ဟား။ သခင်မကြီးချင်း။ သိပ်ပြီး မြင့်မြတ်နေသလို လာမပြောစမ်းပါနဲ့။ ခင်ဗျားတို့ ဝင်ရှုပ်လို့သာ မဟုတ်ရင် ကျုပ်သားတွေ ထောင်ကျမှာ မဟုတ်ဘူး”။ ရှုထျန်းဖေးက သူ့အပြစ်ဟု မထင်ပါ။
ရှုထျန်းဖေး စကားအဆုံးတွင် သူ့ပခုံးကို လက်တစ်ဖက်က ရုတ်တရက် လာကိုင်လေသည်။
“ဥက္ကဌရှု”။ နက်ရှိုင်းပြီး အားကောင်းသည့် အသံတစ်သံက သူ့နာမည်ကို ခေါ်လိုက်ပါသည်။
ရှုထျန်းဖေး နောက်လှည့်ကြည့်လိုက်ရာ လက်ပိုင်ရှင်ကို မြင်လိုက်ရပြီး မျက်နှာအကြီးအကျယ် ပျက်သွားလေသည်။
… … …
အခန်း(၃၉၉) စူစူလေးရဲ့ သူငယ်ချင်း (၂)
ရှုထျန်းဖေး မျက်လုံးများ ပြူးကျယ်သွားသည်။
“မင်း… မင်းက…”
“ဥက္ကဌရှုက ကျွန်တော့်ကို မမှတ်မိဘူးလား”။ ရှောက်ကျင်းယန် မေးလိုက်ပါသည်။
လူကောင်ထွားထွား၊ အရှိန်အဝါကြီးကြီး၊ အသံနက်နက်နဲ့…။
ဒေါသထွက်မနေရင်တောင် ကြောက်ဖို့ကောင်းတဲ့လူ…
ရှုထျန်းဖေး ကျိန်းသေ မှတ်မိပါသည်။
ရှောက်ကျင်းယန်!
တစ်ချိန်တုန်းက ရှုထျန်းဖေးရဲ့ ညီအစ်ကိုတစ်ယောက်ကို ရှောက်ကျင်းယန် ထောင်ထဲ ထည့်ဖူးသည်။
“မဟုတ်တာ မဟုတ်တာ။ မမှတ်မိဘဲ နေပါ့မလား။ မှတ်မိတာပေါ့…”။ ရှုထျန်းဖေး၏ မျက်နှာက အလွန်အနေခက်နေပြီး အပြုံးကလည်း တောင့်တင်းနေသည်။
ခဏကြာတော့ ရှုထျန်းဖေး ထပ်မေးလိုက်ပါသည်။ “အရာရှိရှောက်က ဘာလို့ ဒီကိုရောက်လာတာလဲ”
“ရုံးပိတ်ရက်ဆိုတော့ အလုပ်မရှိလို့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုင်မှာ လာစားတာ။ ဥက္ကဌရှုက ဘာကန့်ကွက်ချင်လို့လဲ”။
“သူငယ်ချင်းဟုတ်လား”။ ရှုထျန်းဖေး အံ့အားသင့်သွားသည်။ “ဧကန္တ… ချင်းမိသားစုဝင်တစ်ယောက်ယောက်ကို ပြောတာလား”
“ဟုတ်တယ်”။ ရှောက်ကျင်းယန်က အတည်ပြုပေးလိုက်သည်။
ရှောက်ကျင်းယန်၏ အဖြေကို ကြားပြီး ရှုထျန်းဖေး တုန်လှုပ်ကာ ဒေါသလည်း ထွက်သွားသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ချင်းမိသားစုက ရှောက်ကျင်းယန်လို လူမျိုးနဲ့ ဘာလို့ သိနေတာလဲ။
ဒါဆို ချင်းမိသားစုမှာ အကာအကွယ်ရှိနေတဲ့ သဘောလား။ ဒီအဆက်အသွယ်ကို ဘယ်သူ ဖန်တီးထားတာလဲ။ ချင်းရှင်းကျစ်လား ချင်းယုဟွိုင်းလား။
ရှုထျန်းဖေး၏ အံ့အားသင့်မှုက ဘေးနားရှိ ကျန်းကျန့်မင်ကိုပါ ကူးစက်သွားပါသည်။
ဒီလူကဘယ်သူမို့လို့လဲ။ ဘော့စ်ရှုက ဘာလို့ အရမ်းလန့်သွားတာလဲ။
ရှောက်ကျင်းယန်ကို ကျန်းကျန့်မင် အကဲခတ်ကြည့်လိုက်သည်။ ဒီလူ့မှာ ကြံ့ခိုင်သည့် အရှိန်အဝါမျိုး ရှိတာတော့ သေချာသည်။ သို့သော် တခြားထူးခြားချက် ဘာမှမတွေ့ရပါ။
ကျန်းကျန့်မင်လိုပဲ ချင်းယုကျီးလည်း မှင်သက်သွားရသည်။
သို့သော် ဘာမှမသိသည့် ကျန်းကျန့်မင်နဲ့မတူဘဲ ချင်းယုကျီးကတော့ ရှောက်ကျင်းယန်အကြောင်း ကောင်းကောင်း သိသဖြင့် အံ့အားသင့်သွားရခြင်းဖြစ်ပါသည်။
သူ့ကို ယုဝမ်ရှု သတိပေးထားဖူးသည်။ သူဘာပဲလုပ်လုပ် ဒီလူနဲ့ တွေ့လျှင် အမြန်ရှောင်ပြေးရမည်။ မပြေးနိုင်ပါက အသာတကြည် အဖမ်းခံရမည်။
ယုဝမ်ရှုလို မြေခွေးမျိုးကိုတောင် ကြောက်လန့်သွားအောင် လုပ်နိုင်သည့် ဒီရှောက်ကျင်းယန်ဆိုသည့်လူက သာမန်လူ မဖြစ်နိုင်ပါ။
သို့သော် အရေးကြီးသည့် အချက်က သူတို့မိသားစုဝင်တစ်ယောက်နဲ့ ရှောက်ကျင်းယန် သူငယ်ချင်းဖြစ်နေသည် ဆိုတာပင်။
ဘယ်သူများလဲ။ သူအ့စ်ကိုကြီးလား။ အစ်ကိုယုချဲလား။
အစ်ကိုယုချဲဖြစ်ဖို့ များသည်ဟု ချင်းယုကျီး ခန့်မှန်းမိသည်။ အစ်ကိုယုချဲက လူကြောက်တတ်သော်လည်း အစွမ်းအစ ရှိသူဖြစ်သည်။ စူစူလေးတောင် သူ့အစွမ်းအစအောက်မှာ ကျရှုံးသွားခဲ့ရတာပဲ မဟုတ်လား။
အားလုံး ကိုယ့်အတွေးနဲ့ကိုယ် အံ့အားသင့်နေစဉ် ရှောက်ကျင်းယန်က လမ်းပေါ်ထိုင်ပြီး ငိုကြွေးနေသည့် ဟုံပေါင်ကျူုးအား ငုံ့ကြည့်လိုက်သည်။ “ဒီအဒေါ်ကြီးက ဒီလောက် ဝမ်းနည်းပက်လက် ငိုနေတာ မတရားသဖြင့် အနိုင်ကျင့်ခံရလို့ ထင်တယ်။ အဒေါ်ကြီးကို ကူညီဖို့ ကျုပ်လုပ်ဖော်ကိုင်ဖက်တွေကို ခေါ်လိုက်ရမလား”
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့က ရှောက်ကျင်းယန်ကို မသိကြပါ။ သို့သော် ရှုထျန်းဖေး၏ တုန့်ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ပေါ့သေးသေးလူမဟုတ်မှန်း ခန့်မှန်းနိုင်ပါ။
ထို့ကြောင့် ဘယ်သူမှ စိတ်လိုက်မာန်ပါ မတုန့်ပြန်ရဲတော့ပေ။
သူတို့လင်မယားအကြည့်တွေ ရှုထျန်းဖေးဆီ ရောက်သွားသည်။
သို့သော် သူတို့ရှေ့က ရှောက်ကျင်းယန်မှာလည်း အလွန် မျက်စိလျှင်သူဖြစ်ပြီး အသေးအဖွဲလှုပ်ရှားမှုလေးကအစ သူမြင်နိုင်သည်။
ချင်းကျင်းဖန်တို့ရဲ့ အကြည့်တွေကို ကြည့်ပြီး ရှောက်ကျင်းယန် နားလည်သွားပါသည်။
ဒါကို ရိပ်စားမိသည့် ရှုထျန်းဖေးက အမြန်ရှင်းပြဖို့ ကြိုးစားသည်။ “အရာရှိရှောက် အတွေးလွန်နေပြီထင်တယ်။ ဒီ ချင်းကျင်းဖန်က ချင်းဖေးဖန်ရဲ့ ညီအရင်းပါ။ သူတို့က မိသားစုတွေ။ သူတို့ မိသားစုအချင်းချင်း ပြဿနာဖြစ်နေတာ။ အဲ့လောက်ကြီး မလိုအပ်ဘူး။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ခေါ်စရာမလိုပါဘူး”
“ဟုတ်လား” ရှောက်ကျင်းယန်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
“ဟုတ်တယ်… ထင်တာပဲ”။ ရှုထျန်းဖေး ပြန်ပြောလိုက်သည်။
ဘာကြောင့်မှန်းမသိဘဲ ရှောက်ကျင်းယန် စကားပြောလိုက်တိုင်း ရှုထျန်းဖေး စိတ်တွေ ဖိစီးလာရသည်။
ရှောက်ကျင်းဖန်က သူ့ကို ဘာမှ မမေးရသေးသော်လည်း သူနဲ့ ချင်းကျင်းဖန်တို့လင်မယားရဲ့ အပေးအယူအကြောင်း သိနေသည်ဟု ခံစားနေရသည်။
ထိုအကြောက်တရားက သူ့အရိုးထဲထိ စိမ့်ဝင်လာခဲ့သည်။
… … …
အခန်း(၄၀၀) စူစူလေးရဲ့ သူငယ်ချင်း (၃)
“အဲ့တာတော့ ပြောရခက်တယ်။ တကယ့် ပြဿနာကြီးကြီးမားမားတွေကလည်း ဒီလို မိသားစုပြဿနာ သေးသေးလေးတွေကပဲ အစပြုကြတာ။”။ ရှောက်ကျင်းယန်က ပြုံးလိုက်သည်။ “အခု လမ်းမပေါ်မှာ အများပြည်သူကို အနှောင့်အယှက်ဖြစ်အောင် ဖန်တီးနေတာဆိုတော့ အရေးတယူကိုင်တွယ်ရမယ့် ကိစ္စလို့ ကျုပ်တော့မြင်တယ်”
ပြောပြောဆိုဆိုနဲ့ ရှောက်ကျင်းယန်က လူအုပ်ထဲမှာပျောက်နေသော စန်းကျစ်ကို လှမ်ခေါ်လိုက်ပါသည်။ “ရှောင်းကျစ်၊ နင့်အကူအညီလိုတယ်။ ဒီလူနှစ်ယောက်ရဲ့ မှတ်တမ်းတွေကို စစ်ဆေးပေးပါ။ ဒီမှာ ပြဿနာလာရှာဖို့ သူတို့ကို တစ်ယောက်ယောက်က ငွေပေး ငှားထားတယ်လို့ ငါသံသယရှိတယ်”
“အဲ… ဟုတ်ကဲ့ ဟုတ်ကဲ့!”။ စန်းကျစ် လူအုပ်ထဲမှ ထွက်လာပါသည်။
စန်းကျစ် မျက်နှာက ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ ထို့နောက် လက်ကိုင်အိတ်ကို ဖွင့်လျက် လက်ပ်တော့ကို ထုတ်ကာ ချက်ချင်း အလုပ်စခဲ့သည်။
စန်းကျစ်ကို ရှုထျန်းဖေး မသိသော်လည်း ရှောက်ကျင်းယန်ရဲ့ အစွမ်းအစကို ကောင်းကောင်းသိသည်။ ထို့ကြောင့် ရှောက်ကျင်းယန်ကို အကူအညီပေးနိုင်သူတွေကလည်း ပေါ့သေးသေး မဟုတ်လောက်ပါ။
“ရှောက်ကျင်းယန်။ ဒီလိုလုပ်ဖို့ မလိုဘူးထင်တယ်နော်။ ပြဿနာက အဲ့လောက်လည်း မကြီးသေးပါဘူး။ ဒါတောင် မင်းက မင်းနည်းပညာသမားကို သူများမှတ်တမ်းတွေထဲ ဝင်စစ်ဆေးခိုင်းနေတယ်။ မသိရင် သူတို့ မဟုတ်တာ လုပ်ထားတဲ့ ပုံစံနဲ့”။ ရှုထျန်းဖေးက အမြန်ပြောလိုက်သည်။
ထိုသို့ပြောရင်း ရှုထျန်းဖေးက ချင်းကျင်းဖန်ကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်ပါသည်။
ချင်းကျင်းဖန်ကလည်း အမြန်ပြောလိုက်ပါသည်။ “ဟုတ်တယ်။ မင်းကဘယ်သူလဲ။ အခုမှ ရောက်လာပြီး ငါတို့ကို ဘာလို့ မေးခွန်းထုတ်နေတာလဲ။ ငါတို့က တရားဥပဒေနဲ့အညီ နေထိုင်တဲ့ ပြည်သူတွေကွ!”
“တရားဥပဒေနဲ့အညီနေတဲ့ ပြည်သူတွေက သူများဆိုင်ရှေ့လာပြီး ငိုယိုသောင်းကျန်းနေတာလား”။ ရှောက်ကျင်းယန် မေးလိုက်သည်။
“ငါတို့မှ ရွေးချယ်စရာမှ မရှိတာ! ငါတို့ အနိုင်ကျင့်ခံရပြီး ဘယ်သူ့ကို သွားတိုင်ရမှန်းလဲ မသိဘူး။ အဲ့တာကြောင့် ငါတို့ ဒီတိုင်းလာငိုရတာ ဘာဖြစ်လဲ!”။ ချင်းကျင်းဖန်က ရှင်းပြသည်။
“ခင်ဗျားကို အနိုင်ကျင့်တယ်ဟုတ်လား။ ဒီမိသားစုက ခင်ဗျားရဲ့ ရပိုင်ခွင့်တွေကို ထိပါးနေတယ်လို့ ပြောချင်တာလား”။ ရှောက်ကျင်းယန်က ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကို အကဲခတ်ရင်း မေးလိုက်ပါသည်။
“ဟုတ်တယ် ဟုတ်တယ်! သူတို့ပဲ။ ကျုပ်တို့ပိုင်တဲ့ အိမ်ဟောင်းကြီးကို အပိုင်သိမ်းပြီး လျော်ကြေးလည်း ပြန်မပေးဘူး!”။ ချင်းကျင်းဖန်က စွပ်စွဲလိုက်ပါသည်။
ထိုစကားပြောလိုက်တာနဲ့ ရှောက်ကျင်းယန်ရဲ့ မေးခွန်းထောင်ချောက်ထဲ သူမိသွားပြီဖြစ်မှန်း ချင်းကျင်းဖန် မသိခဲ့ပါ။
“ဟုတ်ပြီ… ခင်ဗျားရဲ့ ရပိုင်ခွင့်ကို နှောင့်ယှက်ခံရတယ်လို့ ကျုပ်လည်းထင်တယ်။ ခင်ဗျားအတွက် တရားမျှတမှု ရဖို့နဲ့ ရပိုင်ခွင့်တွေကိုလည်း ပြန်ယူဖို့ ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ခေါ်ပြီး ဒီကိစ္စအတွက် သေသေချာချာ စုံစမ်းစစ်ဆေးခိုင်းလိုက်ပါ့မယ်”
“စုံစမ်းစစ်ဆေးမယ် ဟုတ်လား”။ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ကြက်သေသေသွားကြသည်။
“ဘာဖြစ်လို့လဲ။ ခင်ဗျားတို့ပဲ တရားမျှတမှုလိုချင်တယ်ဆို။ ရပိုင်ခွင့်တွေ ဆုံးရှုုံးသွားမှာ မကြောက်ကြဘူးလား။ ကျုပ်က နည်းလမ်းတစ်ခု ကမ်းလှမ်းနေတာ။ ခင်ဗျားတို့အတွက် တရားမျှတမှုယူပေးဖို့ဆို သက်သေခိုင်ခိုင်လုံလုံရဖို့လိုတယ်။ အဲ့ဒီအတွက် စုံစမ်းစစ်ဆေးရမှာပဲလေ”။ ရှောက်ကျင်းယန်က ပြောလိုက်ပါသည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ဆွံ့အကုန်ကြပါပြီ။ သူတို့ကို စုံစမ်းစစ်ဆေးဖို့ လက်ခံခိုင်းနေမှန်း နားလည်သွားကြသည်။
“ဒါမှမဟုတ် ခင်ဗျားတို့ ကြောက်နေကြတာလား။ ဟမ်?”။ ရှောက်ကျင်းယန်က မေးလိုက်ပါသည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ တစ်ခွန်းမှ မပြောရဲတော့ချေ။
အခုလောက်ဆို လူအုပ်ကြီးလည်း နားလည်သွားကြလောက်ပါပြီ။
ဒီ လူရမ်းကား ၂ ယောက်က အနိုင်ကျင့်ခံရတာကို တိုင်စရာနေရာမရှိဘူးဟု ဆိုကာ လမ်းမပေါ်မှာ လာငိုပြီး အများပြည်သူ အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့သည်။ သို့သော် နည်းလမ်းတစ်ခု ကမ်းလှမ်းပြန်တော့လည်း တွန့်ဆုတ်နေကြသည်။
သူတို့ တစ်ခုခုဖုံးကွယ်ထားမှန်း သိသာပါသည်။
အခြေအနေမဟန်တော့တာကို မြင်ပြီး ရှုထျန်းဖေး အမြန် ဝင်ပြောလိုက်သည်။ “ဒီကိစ္စက သေးသေးလေးပါ။ မင်းဝင်ပါရလောက်တဲ့အထိ မကြီးပါဘူး”
ရှောက်ကျင်းယန် ပြန်ပြောလိုက်သည်။ “မဟုတ်တာ။ ကျွန်တော်ဝင်ပါဖို့ စိတ်ကူးမရှိပါဘူး။ ဒီအလုပ်တွေ မလုပ်တော့တာ နှစ်တော်တော်ကြာခဲ့ပြီ။ ကျုပ်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ခေါ်ပေးမယ်လို့ပဲ ပြောတာလေ။ ပြီးတော့ ဒီက ကျုပ်မိတ်ဆွေကလည်း နည်းပညာပိုင်း အကူအညီပေးဖို့ အသင့်ရှိနေပါတယ်”
“ဟုတ်တယ်”။ စန်းကျစ်က ထောက်ခံသည်။
ရှောက်ကျင်းယန်၏ စကားလုံးများကြောင့် ရှုထျန်းဖေး ချောင်ပိတ်မိသွားသည်။
ရှောက်ကျင်းယန်က ရှုထျန်းဖေးနားသို့ ကပ်ကာ တိုးညှင်းစွာ မေးလိုက်သည်။ “ဒီနေ့ဘာတွေဖြစ်နေတာလဲ။ ဥက္ကဌရှု။ ဒီလို အရေးမပါတဲ့ လူနှစ်ယောက်ကို ဘာလို့အဲ့လောက် စိတ်ပူပေးနေတာလဲ။ ဧကန္တ ခင်ဗျားကော ဒီကိစ္စနဲ့ တစ်ခုခု ပတ်သတ်နေလို့လား”
… … …